မြန်မာစစ်တပ်သုံးနေတဲ့ တရုတ်ထုတ်နည်းပညာမြင့် ဒရုန်းကာကွယ်ရေးစနစ်

ဓာတ်ပုံ ရင်းမြစ်, SkyFend
မြန်မာစစ်တပ်ဟာ နည်းပညာမြင့်တဲ့ တရုတ်ထုတ်ဒရုန်းကာကွယ်ရေးစနစ်အသစ်ကို မြေပြင်စစ်ဆင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေပြီလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI နဲ့ တော်လှန်ရေးအဖွဲ့တချို့က ပြောပါတယ်။
ဒီစနစ်ကို အိန္ဒိယလေတပ် (IAF) ရဲ့ C-130J လေယာဉ်လည်း ကြုံခဲ့ရဖူးပြီး မတ်လ ၂၈ ငလျင်ကြီးအတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေလာပို့ရင်း ဖြစ်ခဲ့တာလို့ အိန္ဒိယသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်း တစ်ဝိုက်မှာ ပျံသန်းနေတုန်း လမ်းကြောင်းပြဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရလို့ အရန်စနစ်ကို သုံးခဲ့ရပါတယ်။
ဒီစနစ်ကို နေပြည်တော် ဒရုန်းတိုက်ခိုက်မှုကို ကြုံခဲ့ရပြီးနောက် နေပြည်တော်ကတပ်စခန်းတွေမှာ အသုံးပြုခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ လေတပ်နဲ့နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်က မြေပြင်စစ်ဆင်ရေးတွေမှာလည်း ဒီကာကွယ်ရေးစနစ်အသစ်ကို ဖြန့်ကြက်သုံးနေပြီလို့ MDSI ရဲ့ စစ်ဘက်ရေးရာ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက အတည်ပြုပြောပါတယ်။
စစ်တပ်အနေနဲ့ ဆုံးရှံးထားရတဲ့ နယ်မြေတွေပြန်ရဖို့ မြေပြင်စစ်ဆင်ရေးတွေကို လေကြောင်းတိုက်ခိုက်ရေးဗျူဟာတွေနဲ့ အားဖြည့်ထားသလို လေကြောင်းရန်အတွက် ဒရုန်းကာကွယ်ရေးစနစ်အသစ်တွေကိုပါ ဘက်ညီအောင် သုံးလာတာတွေ့ရပါတယ်။
MDSI ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာစစ်တပ်ရဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို သုတေသနပြုနေတဲ့အဖွဲ့ဖြစ်ပါတယ်။
၃ မျိုးစပ် နည်းပညာမြင့် ကာကွယ်ရေးစနစ်

ဓာတ်ပုံ ရင်းမြစ်, SkyFend
စစ်တပ်သုံးနေတဲ့ ဒရုန်းကာကွယ်ရေးစနစ်အသစ်ဟာ တရုတ်ကုမ္ပဏီ SkyFend က ထုတ်ထားတာဖြစ်ပြီး ဒီစနစ်မှာ Global Navigation Satellite System(GNSS) ကို သုံးထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
GNSS ဟာ တည်နေရာပြ နည်းပညာတစ်ခုဖြစ်တဲ့ Global Positioning System(GPS) နဲ့ အလား သဏ္ဍာန်တူပေမယ့် နည်းပညာအရ GNSS က ပိုပြီးမြင့်တယ်လို့ ကာကွယ်ရေးစနစ်တွေအကြောင်း တတ်ကျွမ်းသူတစ်ဦးက ပြောပါတယ်။
GPS ဟာ အမေရိကန်နိုင်ငံကနေ ဂြိုဟ်တုတွေနဲ့ တည်ဆောက်ထားတဲ့ တည်နေရာကို ပြတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ GPS ဟာ GNSS စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလောက်သာဖြစ်လို့ GNSS စနစ်က ပိုမြင့်ပါတယ်။
GNSS စနစ်ဟာ အခြေခံအားဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂ(အီးယူ)၊ တရုတ်နဲ့ ရုရှား စတဲ့နိုင်ငံတွေက ဂြိုဟ်တုစနစ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
GPS ထက် တည်နေရာရှာဖွေတာ ပိုပြီးမြန်ဆန်သလို တည်နေရာအပြောင်းအလဲတွေကိုလည်း အချိန်နဲ့ တပြေးညီ ပြောင်းလဲနိုင်တဲ့စနစ်ဖြစ်ပါတယ်။
ဒါ့အပြင် တည်နေရာကို ထောက်လှမ်းတဲ့နေရာမှာလည်း "GNSS Spoofer ပါဝင်တဲ့ စနစ်က ကွာရင် ၁ မီတာ၊ ၂ မီတာပဲ။ တိကျမှုက GPS ထက်အဆပေါင်းများစွာသာတယ်" လို့ သူက ပြောပါတယ်။
GPS Spoofer စနစ်က ဒရုန်းပျံသန်းတာတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
တစ်ဖက်အဖွဲ့ရဲ့ Signal (တည်နေရာအချက်ပြ)နဲ့ မောင်းတဲ့ ဒရုန်းတွေကို တည်နေရာတလွဲတွေ ပေးပြီး စစ်ဆင်ရေးတွေကို မအောင်မြင်ဖြစ်အောင် လုပ်နိုင်တဲ့စနစ်လို့ ဒရုန်းနဲ့ဆက်စပ်နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
"ဒရုန်းတွေနဲ့ GPS စနစ်ကို ဟန့်တားတာ၊ တည်နေရာအတုတွေ ထုတ်လွှင့်ပြီး ဝင်ရောက်ထိန်းချုပ်တာတွေ၊ အချက်အလက် အလွဲတွေပေးပို့ပြီး ခံစစ်စခန်း၊ တပ်စခန်းနေရာတစ်ခုကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ စနစ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒီဒရုန်းကာကွယ်ရေးစနစ်က တပ်ဆင်ထားတဲ့ နေရာရဲ့ အနည်းဆုံးမီတာ ၅၀၀ ကနေ မီတာ ၅,၀၀၀ (၃ မိုင်ဝန်းကျင်)အထိ သက်ရောက်မှုရှိတယ်လို့ သူက ထည့်ပြောပါတယ်။
လက်ရှိ စစ်တပ်သုံးနေတဲ့ SkyFed ရဲ့ ဒရုန်းကာကွယ်ရေးစနစ်အသစ်ဟာ နည်းပညာမြင့်တာကြောင့် အခြေခံလုပ်ဆောင်ချက် ၃ မျိုးပါဝင်နေတယ်လို့ MDSI အဖွဲ့က ဖော်ပြပါတယ်။
"တစ်ဖက်အဖွဲ့ရဲ့ ဒရုန်းတွေကို ထောက်လှမ်းတာ(Detector)၊ နှောင့်ယှက်ဟန့်တားပြီးထိန်းချုပ်မှုပျက်ပျယ်အောင်လုပ်တဲ့ဂျမ်မာ(Jammer)နဲ့ ဒရုန်းကို ပစ်ချတာ(Hunter) စတဲ့ လုပ်ဆောင်ချက် ၃ မျိုးပါဝင်တယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ရှင်းပြပါတယ်။
ဒီဒရုန်းကာကွယ်ရေးစနစ်အသစ်ဟာ အရင်က စစ်တပ်သုံးခဲ့တဲ့ Jammer စနစ်တွေထက် နည်းပညာပိုမြင့်ပြီး ပစ်ချနိုင်တဲ့ လုပ်ဆောင်ချက်လည်းပါတာကြောင့် တစ်ဖက်ရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ကာကွယ်တဲ့နေရာမှာ ပိုထိရောက်မှုရှိတယ်လို့ သူက ထောက်ပြပါတယ်။
တရုတ်ရဲ့ SkyFend ထုတ် GNSS Spoofer ဒရုန်းကာကွယ်ရေးစနစ်တစ်ခုရဲ့ တန်ဖိုးက လက်ရှိ ဈေးကွက်မှာ ပစ္စည်းအရည်အသွေးအလိုက် အမေရိကန် ဒေါ်လာ ၂၆,၀၀၀ ကျော် (ပြင်ပငွေလဲနှုန်းပေါက်ဈေး ကျပ်သိန်းနှစ်ထောင်) အထိ တန်ကြေးရှိတယ်လို့ ဒရုန်းနဲ့ဆက်စပ်နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဒရုန်းကာကွယ်ရေးစနစ်ကို ဘယ်နေရာတွေမှာ သုံးနေလဲ

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်တပ်က ဒရုန်းကာကွယ်ရေး စနစ်အသစ်ကို ရှေ့တန်းခံစစ်စခန်းတွေနဲ့ စစ်ကြောင်းအထိုင်ချတဲ့နေရာတွေမှာပါ ဖြန့်ခွဲပြီး သုံးနေတယ်လို့ MDSI ကပြောပါတယ်။
"စစ်ရုံးစိုက်တဲ့ နေပြည်တော်လို အရေးကြီးတဲ့တပ်စခန်းနေရာတွေမှာ ကောင်းကောင်းအလုပ်လုပ်မှ မြေပြင်အထိပါ ကျယ်ကျယ်ပြန့်ပြန့်သုံးလာတာ" လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
၂၀၂၅ နှစ်ဝက်မတိုင်ခင်လောက်ထိ စစ်တပ်ရဲ့ ရှေ့တန်းခံစစ်စခန်းတွေမှာ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်လို့ Jammer(ဂျမ်မာ)တစ်မျိုးတည်းကိုသာ တပ်ဆင်အသုံးပြုခဲ့တာလို့ CDM လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။
Jammer ဆိုတာက တစ်ဖက်အဖွဲ့ဆီကနေ ပျံသန်းလာတဲ့ ဒရုန်းကို နှောင့်ယှက်ဟန့်တားတဲ့ စနစ်(Jammer) ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်အမျိုးအသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၅၊ ဖာပွန်ခရိုင်နဲ့ ကယား(ကရင်နီ)ဒေသက စစ်တပ်ရဲ့ ရှေ့တန်းတပ်စခန်းတွေမှာ SkyFend ဒရုန်းကာကွယ်ရေးစနစ်ကို သုံးလာတာတွေ့ရတယ်လို့ MDSI နဲ့ ကရင်နီဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
လက်ရှိ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာလည်း စစ်တပ်ရဲ့ ဒရုန်းကာကွယ်ရေးစနစ်တွေကြောင့် ဒရုန်းစစ်ဆင်ရေးမအောင်မြင်ခဲ့တာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ဖာပွန်ခရိုင်အခြေစိုက် တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဒရုန်း ၂ ခုပစ်ချခံခဲ့ရတယ်"လို့ ၂၀၂၅ ခုနှစ်အတွင်း ရှုံးနိမ့်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးတစ်ခုအကြောင်းကို သူက ပြောပါတယ်။
MDSI ရဲ့ လေ့လာတွေ့ရှိချက်အရ ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့ထဲက စစ်တပ်ရဲ့ အမှတ် ၁၃၄ ခြေလျင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းခဲ့တဲ့အချိန် ဖမ်းမိတဲ့ လက်နက်နဲ့ ဆက်စပ်တဲ့ပစ္စည်းတွေထဲမှာ SkyFend ထုတ် ဒရုန်းကာကွယ်ရေးစနစ်တစ်ခု ပါခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲက ၂၀၂၅ ခုနှစ် ဇွန်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ခဲ့ပါတယ်။
"ထုတ်ပြန်တဲ့ လက်နက်ပုံတွေထဲမှာ အဲဒီစက်ကို တွေ့လိုက်ရတာဆိုတော့ ၂၀၂၅ နှစ်ဝက်လောက်ကတည်းက ရှေ့တန်းခံစစ်တပ်စခန်းတွေမှာ စစ်တပ်က သုံးနေတာ"လို့ CDM ဗိုလ်မှူးနောင်ရိုးက ရှင်းပြပါတယ်။
ဒီစနစ်တပ်ဆင်ထားတဲ့ ဒရုန်းကာကွယ်ရေးစက်ဟာ တစ်နေရာနဲ့ တစ်နေရာ သယ်ယူရ လွယ်ကူပြီး အသုံးပြုတဲ့အခါမှာလည်း တိုက်ခိုက်ရေးနဲ့ ကင်းထောက်ဒရုန်းတွေရဲ့ နည်းစနစ်တွေလို ရှုပ်ထွေးမှု မရှိဘူးလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်တပ်က ဒရုန်းတွေကို မြေပြင်စစ်ဆင်ရေးမှာ စနစ်တကျသုံးနိုင်အောင် ဒရုန်းတပ်ဖွဲ့ဝင်တွေအနေနဲ့ မြေပြင်က ရှေ့တန်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်တာရှိသလို ရှေ့တန်းတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်အသုံးပြုနိုင်အောင် သင်တန်းပို့ချတာတွေလည်းရှိတယ်လို့ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ ဒရုန်းကာကွယ်ရေးစနစ်အသစ် (GNSS Spoofer) ကိုတော့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဦးစီးပြီး မြေပြင်မှာ သင်တန်းပေးတာ၊ ဆက်သွယ်ရေးကွန်ရက်ကတဆင့် အသုံးပြုပုံ ညွှန်ကြားတာနဲ့ အသုံးပြုပုံလမ်းညွှန်လက်စွဲစာအုပ်တွေ ဖြန့်ဝေတာ စတဲ့ နည်းလမ်းတွေနဲ့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတာလို့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒရုန်းကာကွယ်ရေးစနစ်နဲ့ ပတ်သက်လို့ စစ်တပ်မြေပြင်တပ်စခန်းတွေအထိ ဖြန့်ဝေနေတဲ့လက်စွဲစာအုပ်ထဲမှာ Spoofer ကိုင်တွယ်အသုံးပြုနည်းနဲ့ ပတ်သက်လို့ ကိုင်တွယ်အသုံးပြုနည်းနဲ့ သတိထားရမယ့်အချက်တွေကို အခန်း ၄ ခန်းနဲ့ ရှင်းလင်းရေးသားထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
- Spoofer စနစ်ကို မြေပြင်မှာ နေရာချမှုနဲ့ သတိပြုရမယ့်အချက်တွေ
- စနစ်ပိုင်းဆိုင်ရာ နည်းပညာအချက်အလက်တွေနဲ့ တိုက်ပွဲအသင့် ပြင်ဆင်ပုံတွေ
- Spoofer ကို ကိုင်တွယ်အသုံးပြုပုံ အသေးစိတ်နဲ့
- စနစ်ကို ထိန်းသိမ်းနည်းတွေ စတဲ့အကြောင်းအရာတွေ ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။
မန္တလေးတိုင်းထဲက တိုက်ပွဲတွေမှာ စစ်တပ်က ဒရုန်းကာကွယ်ရေးစနစ်ကို ဖြန့်ကြက်သုံးနေပြီလို့ NUG လက်အောက်က မိတ္ထီလာခရိုင် အခြေစိုက်တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"မြို့သိမ်းတိုက်ပွဲလို စစ်ဆင်ရေးအကြီးတွေမှာ စသုံးခဲ့တာ၊ အခုကတော့ မြေပြင်ခံစစ်စခန်းတွေမှာလည်း ဖြန့်ထားပြီ" လို့ သူကဆိုပါတယ်။
စစ်တပ်သပိတ်ကျင်းမြို့ကို ပြန်သိမ်းတဲ့ တိုက်ပွဲမှာလည်း စစ်တပ်က ဒရုန်းကာကွယ်ရေးစနစ်(Spoofer) ကို သုံးခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ဟန့်တာနိုင်ခဲ့တယ်လို့ သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထပ်ပြောပါတယ်။
"တစ်ရက်တည်းနဲ့ ဒရုန်း ၆ စင်းလုံး ပစ်ချခံခဲ့ရတယ်" လို့ သူကဆိုပါတယ်။












