စျေးချိုချို ရုရှားရေနံက အိန္ဒိယစီးပွားရေးအတွက် ဘယ်လောက်အရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
- ရေးသားသူ, ဆူတစ် ဘစ်ဆွာ
- ရာထူးတာဝန်, အိန္ဒိယနိုင်ငံဆိုင်ရာသတင်းထောက်
အရင်တစ်ခေါက်ကတော့ သြဂုတ်လက ဖြစ်ပါတယ်။ ရုရှားရေနံတွေ ဝယ်လို့ ဒဏ်ခတ်တဲ့အနေတဲ့ အိန္ဒိယကို အမေရိကန်က ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးကောက်တာပါ။
အဲဒီနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ရုရှားဆီကနေ ရေနံဝယ်တာကို ''များမကြာခင် ကာလအတွင်းမှာ'' ရပ်တော့မယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက သီးခြားသဘောတူလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
နောက်တစ်နေ့မှာတော့ သမ္မထရမ့်ရဲ့ ဒီအပြောကို အိန္ဒိယက ခပ်မဆိပ်နေခဲ့ပေမဲ့ ရုရှားဘက်ကတော့ သတိကြီးကြီးထားကြီး တုံ့ပြန်ခဲ့ပါတယ်။
ဒေလီမြို့မှာရှိတဲ့ ရုရှားသံအမတ် ဒနစ် အလီပေါ့ဗ်က ရုရှားရေနံဟာ ''အိန္ဒိယစီးပွားရေးနဲ့ အိန္ဒိယ လူထုအတွက် သိပ်ကို အကျိုးရှိစေတယ်'' လို့ ပြောပါတယ်။ အိန္ဒိယအစိုးရကတော့ နိုင်ငံ့သွင်းကုန် မူဝါဒဟာ ''အတိမ်းအစောင်းမခံတဲ့စွမ်းအင်ကဏ္ဍအခြေအနေကြောင့် အိန္ဒိယလူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ချမှတ်ပါတယ်'' လို့ဆိုပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယ အစိုးရ ပြောခွင့်ရသူက သမ္မတ ထရမ့်နဲ့ မိုဒီကြား ''စကားပြောခဲ့တယ်ဆိုတာကို သူ သတိမထားမိ'' အကြောင်းပြောပါတယ်။
ကာလရှည်မဟာမိတ် မော်စကိုနဲ့ ဝါရှင်တန်ကလာတဲ့ ဖိအားတွေကြားမှာ အိန္ဒိယရဲ့ စွမ်းအင် မူဝါဒဟာ ကြိုးတန်းပေါ် လျှောက်ရသလို သိမ်မွေ့ရပါတယ်။ ဒါပေမဲ့ ရုရှားရေနံဟာ အိန္ဒိယစီးပွားရေးကို ဘယ်လောက် ကျားကန်နိုင်လဲဆိုတဲ့မေးခွန်းကလည်း အရေးပါတဲ့မေးခွန်းဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကမ္ဘာမှာ ရေနံတင်သွင်းမှု အများဆုံး ၃ နိုင်ငံမြောက်ဖြစ်တဲ့အိန္ဒိယဟာ ရုရှားရေနံစိမ်းကို အမေရိကန်ဒေါ်လာ ၅၂.၇ ဘီလျံဖိုး ဝယ်ခဲ့ပါတယ်။ ဒါဟာ ပြည်ပကနေ အိန္ဒိယ ရေနံဝယ်တဲ့ စုစုပေါင်း ပမာဏရဲ့ ၃၇ ရာခိုင်နှုန်းဖြစ်ပါတယ်။
အဲဒီနောက်မှာမှ အီရတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ နိုင်ဂျီးရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဆီကနေ အသီးသီး ဝယ်ယူပါတယ်။
ဒါပေမဲ့ အိန္ဒိယဟာ သူ့ရဲ့ စွမ်းအင်ကဏ္ဍအတွက် ဒီိလို နိုင်ငံစုံကနေ ဝယ်ရတာ ဘယ်လိုအခြေအနေတွေကြောင့် ပေါ်လာရတာပါလဲ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယကို ရုရှားရဲ့ရေနံတင်ပို့မှု မတက်လာခင်တုန်း ၂၀၂၁ - ၂၂ ခုနှစ်တုန်းက ဆိုရင် အိန္ဒိယကို ရေနံတင်ပို့ကြတဲ့နိုင်ငံတွေဟာ ရုရှား၊ အီရတ်၊ ဆော်ဒီ၊ ယူအေအီး၊ အမေရိကန်၊ ဘရာဇီး၊ ကူဝိတ်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ အိုမန်နိုင်ငံတို့ဖြစ်ပါတယ်။ နောက်ထပ် ၃၁ နိုင်ငံအထိ ရှိသေးပေမဲ့ ဒီနိုင်ငံတွေကနေ အိန္ဒိယ ရေနံဝယ်တာဟာ ကမ္ဘာ့ရေနံစျေးကို ချိန်ထိုးပြီး ဝယ်တူတဲ့အဆင့်ပဲ ရှိပါတယ်။
အိန္ဒိယဟာ ရုရှားရေနံကို မှီခိုနေရတယ်လို့ဆိုတဲ့ အများအမြင်ရှိကြပေမဲ့ အမေရိကန်ဆီကနေ တင်သွင်းတဲ့ ရေနံပမာဏကလည်း မနည်းလှပါဘူး။ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဆီကနေ ရေနံစိမ်း ဒေါ်လာ ၄.၈ ဘီလျံအပါအဝင် ရေနံထွက်ကုန် ဒေါ်လာ ၇.၇ ဘီလျံဖိုး အိန္ဒိယက ဝယ်ယူခဲ့တယ်လို့ ဒေလီအခြေစိုက် တတ်သိပညာရှင်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်သုတေသနရှေ့ဆောင်အဖွဲ့(GTRI) က ပြောပါတယ်။ ဒါတောင် အိန္ဒိယနဲ့ ဝါရှင်တန်ကြား ရေနံ ကုန်သွယ်မှု လိုငွေက ဒေါ်လာ ၃.၂ ဘီလျံအထိရှိနေပါတယ်။
၂၀၁၈ - ၁၉ နဲ့ ၂၀၂၁ - ၂၂ ကြားမှာ အိန္ဒိယရဲ့ ရေနံဝယ်ယူမှုဟာ ပထမဆုံးအကြိမ် ကြီးမားတဲ့ အရွေ့ဖြစ်ခဲ့ပါတယ်။
တစ်ချိန်တုန်းက အိန္ဒိယက အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဆီကနေ ရေနံဝယ်ယူတာဟာ တန်ပေါင်း ၄၁ ရှိပြီး လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီနောက်မှာ အဲဒီနိုင်ငံတွေအစား နေရာ တဖြည်းဖြည်းနေရာယူလာတာက ပုံမှန် ဖောက်သည်တွေဖြစ်တဲ့ အီရတ်၊ ဆော်ဒီအာရေးဗျနဲ့ ယူအေအီးတို့ဖြစ်တယ်လို့ ဒေလီအခြေစိုက် နောက်ထပ် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပါသာ မူခိုပါယေသုတေသန စင်တာရဲ့ လေ့လာချက်က ဖော်ပြပါတယ်။
ဒီနှစ်နိုင်ငံစလုံးဟာ ကြီးမားတဲ့စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြုံရတဲ့အခါမှာ အိန္ဒိယအတွက်လည်း ဒီနှစ်နိုင်ငံစလုံးဆီကနေ ရေနံတွေ ဝယ်ဖို့ ခက်သွားစေပါတယ်။
အိန္ဒိယရေနံတင်သွင်းမှု ဒုတိယအရွေ့က ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ပါတယ်။
အိန္ဒိယက ရုရှားဆီကနေ ရေနံတင်သွင်းတဲ့နှုန်းဟာ ၂၀၂၁- ၂၀၂၂ မှာ တန် ၄ သန်းရှိရာကေန ၂၀၂၄- ၂၅ ခုနှစ်မှာတော့ တန်ချိန် ၈၇ သန်းကျော်အထိ မြောက်သွားပါတယ်။ ဒါဟာ အနောက် ဒဏ်ခတ်မှုတွေကြောင့် ရုရှားက လျှော့စျေးနဲ့ပေးတဲ့ ရေနံတွေကြောင့်ဖြစ်ပြီး စျေးပေါတဲ့ရုရှား ရေနံစိမ်းဟာ အိန္ဒိယ ရေနံချက်စက်ရုံတွေအတွက်် မျက်စိကျဖို့ဖြစ်စေခဲ့ပါတယ်။
၂၀၂၁ - ၂၂ ခုနှစ်အပြီး ရုရှားဟာ ရေနံစိမ်းစျေးကို ခန့်မှန်းခြေ ၁၄.၁ ရာခိုင်နှုန်း၊ ၂၀၂၃ - ၂၀၂၄ မှာ ၁၀.၄ ရာခိုင်နှုန်းအထိ စျေးလျှော့ခဲ့တာကြောင့် အိန္ဒိယအတွက် ပြည်ပကနေ ရေနံစိမ်း တင်သွင်းရလို့ ကုန်ကျငွေ ဒေါ်လာ သန်း ၅ ထောင်ခန့် လျှော့ချနိုင်ခဲ့ပါတယ်။
ပင်လယ်ကွေ့ ၃ နိုင်ငံဖြစ်တဲ့ အီရတ်၊ ဆော်ဒီအာရေးဗျနဲ့ ယူအေအီးတို့ကတော့ အိန္ဒိယကို သူတို့ တင်ပို့တဲ့ ရေနံစိမ်းပမာဏဟာ ၁၁ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရပါတယ်။ ဒါပေမဲ့ အိန္ဒိယကို သူတို့ ၃ နိုင်ငံက စုစုပေါင်း ရေနံစိမ်းတင်ပို့ ပမာဏကတော့ တန်ချိန် ၁၉၆ သန်းကနေ ၂၄၄ သန်းအထိ ရှိနေဆဲပါ။
ဒီနိုင်ငံတွေတင် မဟုတ်ပါဘူး။ အိန္ဒိယက အမေရိကန်၊ ဘရာဇီး၊ ကူဝိတ်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ အိုမန်တို့ကနေ တင်သွင်းတဲ့ရေနံစိမ်းပမာဏလည်း ကျသွားပါတယ်။ နောက်ပြီး နောက်ထပ် ၃၁ နိုင်ငံက အသေးစားတင်သွင်းမှုလည်း ကျဆင်းပါတယ်။
''ဒါကြောင့် ရုရှားဆီကနေ ရေနံတင်သွင်းမှု တိုးလာတာဟာ တခြားနိုင်ငံတွေဆီကနေ တင်သွင်းမှု လျော့သွားလည်း ကပ်ပါလာတယ်။ တချို့နိုင်ငံတွေဆိုရင် အိန္ဒိယကို သူတို့ရဲ့ရေနံတင်ပို့မှုဟာ သိသိသာသာကို လျော့ကျသွားတာတွေ့ရတယ်'' လို့ မစ္စတာ မူခိုပါယေက ပြောပါတယ်။
တဖက်ကကြည့်ရင် အိန္ဒိယက ရုရှားရေနံကို တိုးသုံးမှုဟာ တခြားနိုင်ငံတွေအတွက် ရေနံပို့နှုန်းကို မျှပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Abhishek Chinnappa/Getty Images
အိန္ဒိယအတွက်တော့ စျေးလျှော့ပေးတဲ့ရုရှားရေနံဟာ ဒေါ်လာ ဘီလျံ ၉၀၀ ရှိတဲ့ အိန္ဒိယရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုစုစုပေါင်း ပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမဲ့လည်း တဖက်က ကြည့်ရင် ဒါဟာ ဒေါ်လာ ၉ ဘီလျံအထိ ရှိနေပါတယ်။
''အိန္ဒိယသာ ရုရှားဆီကနေ အဝယ်ရပ်လိုက်တယ်ဆိုရင် ရေနံစျေးက တက်လာနိုင်တယ်။ အဲဒီအခါ အိန္ဒိယအနေနဲ့လည်း သူ လျှော့စျေးနဲ့ရလို့ စုဆောင်းနိုင်ခဲ့တဲ့ငွေပမာဏ လျော့သွားမယ်။ ဒါ အိန္ဒိယ တစ်နိုင်ငံတည်းတင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံး ကြုံရမှာ။ တဖက်မှာတော့ လျှော့စျေးနဲ့ ရုရှားရေနံကို ရလိုက်တာဟာ ဒေလီရဲ့စီးပွားရေးကို ထောက်ကူပေးသလို ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးနှုန်းကိုလည်း ငြိမ်အောင် တိတ်တိတ်လေး လုပ်ပေးနိုင်တယ်'' လို့ မစ္စတာ မူခိုပါယေ က ပြောပါတယ်။
ဒါကြောင့် အခုနှစ်မှာ ရေနံစိမ်းစျေးဟာ ၂၇ ရာခိုင်နှုန်းအထိ ကျခဲ့ပြီး ရေနံစိမ်း တစ်စည်ကို အမေရိကန် ဒေါ်လာ ၇၈ ဒေါ်လာကနေ ၅၉ ဒေါ်လာအထိ ကျသွားပါတယ်။ တဖက်မှာလည်း ဒါဟာ ရုရှားဆီကနေ အိန္ဒိယ ရေနံ အဝယ်ရပ်လိုက်မယ်ဆိုရင် ဖြစ်သွားနိုင်ခြေရှိတဲ့ စျေးနှုန်းအလှုပ်နဲ့ စာရင် များတဲ့ရာခိုင်နှုန်းပါ။
စျေးကွက်မှာလိုအပ်ချက် နည်းသွားမယ်ဆိုရင်လည်း အဲဒီတင်ပို့မှုကြောင့်ဖြစ်လာမယ့် ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှုကို ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တခြားနိုင်ငံတွေအတွက် ကာမိစေမယ်လို့ သူက ပြောပါတယ်။
GTRI ရဲ့ အမှုဆောင်လည်းဖြစ်၊ အိန္ဒိယကုန်သွယ်အရာရှိဟောင်းလည်းဖြစ်တဲ့ အေဂျေ သီရိဝါသရာဝါကတော့ ရုရှားရေနံဟာ အိန္ဒိယအတွက်တော့ ''စျေးနှုန်းတည်ငြိမ်မှုအပြင် သန့်စင်နိုင်မှုအ ပိုင်း'' ကိုပါ ပေးစွမ်းနိုင်တယ်လို့ ပြောပါတယ်။
''အိန္ဒိယ ရေနံချက်စက်ရုံ အများစုဟာ ရုရှားရဲ့ Ural ရောစပ်အဆင့် ရေနံစိမ်းအပြစ်တွေအတွက် သန့်စင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီရေနံစိမ်းအဆင့်နေရာမှာ အမေရိကန်ရဲ့ ရေနံစိမ်းကို အစားထိုးမယ်ဆိုရင် စက်မှုပိုင်းမှာ ချိန်ရ ညှိရလို့ ကုန်ကျစရိတ် တိုးမှာဖြစ်သလို ဒီဇယ်နဲ့ လေယာဉ်ဆီလို ထုတ်လုပ်နိုင်တဲ့ပမာဏလည်း လျော့ကျသွားလိမ့်မယ်'' လို့ သူက ပြောပါတယ်။
ရုရှားရေနံစိမ်း Ural ဟာ အိန္ဒိယ ရေနံချက်စက်ရုံတွေအတွက် ကြီးကြီးမားမား ချိန်ရ ညှိရတာ လုပ်ဖို့မလိုဘဲ သန့်စင် ထုတ်လုပ်ဖို့ ကိုက်ညီတဲ့အခြေအနေပါ။
ဒေလီအတွက်တော့ ကုန်သွယ်အပေးအယူ ကိစ္စက မြင်သာတဲ့အခြေနေပါ။ လျှော့စျေးနဲ့ရတဲ့ ရုရှားရေနံကို ဆက်သုံးမလား၊ အမေရိကန်ရဲ့ တန်ပြန်အခွန်ကောက်မှု ခံမလား၊ ဒါမှမဟုတ်လည်း စျေးပိုပေးရမယ့် အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ထွက် ရေနံစျေးတွေကို ဝယ်သုံးပြီး ပြည်တွင်းမှာ လောင်စာစျေးတက်တာကို ခံမလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတယ်လို့ မစ္စတာ သီရိဝါသရာဝ က ပြောပါတယ်။
ဝါရှင်တန်ဘက်ကတော့ ဝက်အူကို တစ်ရစ်ချင်း ကျပ်နေတာကြောင့် အိန္ဒိယမှာလည်း ဒိဟတွေနဲ့ ပြည့်နေပါတယ်။ ဆိုင်းငံ့ထားတဲ့ အိန္ဒိယ- အမေရိကန် ကုန်သွယ်သဘောတူညီချက်၊ ရေတို အမြတ်ထွက်မှာနဲ့ ရေရှည်ပေးဆပ်ရမယ့်အရာတို့ကြား ဘယ်လို ထိန်းညှိမလဲဆိုတာက အိန္ဒိယ - အမေရိကန် ဆက်ဆံရေး နောက် တစ်ဆင့်ကို ပုံဖော်မှာဖြစ်ပါတယ်။












