ရုရှားက ရေနံနဲ့ဓာတ်ငွေ့ မရဘဲ ကမ္ဘာကြီး ဘယ်လိုဆက်ရှင်သန်မလဲ

ဘူဂေးရီးယားက ဓာတ်ငွေ့ပိုက်လိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဂျိတ်ဟော်တန်၊ ဒန်နီလီ ပါလန်ဘို
    • ရာထူးတာဝန်, ဘီဘီစီ Reality Check

ရုရှားကနေ ဥရောပကို ဓာတ်ငွေ့တင်ပို့တဲ့ အဓိက ပိုက်လိုင်းကြီးကို ပိတ်လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေမှာ လောင်စာရရှိမှု နောက်ထပ်လျော့နည်းသွားပြီး စျေးနှုန်းမြင့်တက်မှုတွေနဲ့ ရုန်းကန်နေကြရပါတယ်။

ရုရှားအစိုးရပိုင် ဂက်စ်ပရွမ် ကုမ္ပဏီကြီးက နော့စ်ထရင်းမ် ၁ ဓာတ်ငွေ့ပိုက်လိုင်းကို ပြင်ဖို့ သုံးရက်ပိတ်ထားရမယ်လို့ ပြောထားတာပါ။

ယူကရိန်းကို ရုရှားကျူးကျော်ပြီးတဲ့နောက် အနောက်တိုင်းနိုင်ငံတွေကလည်း ရုရှားရဲ့ ရေနံနဲ့ဓာတ်ငွေ့ကို မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေကြပါတယ်။

ရုရှားဓာတ်ငွေ့ ကို ဥရောပက ဘယ်လောက်အသုံးပြုနေတာလဲ

ဥရောပသမဂ္ဂအတွက် သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ရုရှားက မနှစ်က တင်ပို့ခဲ့ပါတယ်။

ရုရှားဓာတ်ငွေ့တင်ပို့မှု

ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံ ဂျာမနီက ၂၀၂၂ ခုနှစ်မှာ ရုရှားဓာတ်ငွေ့ အများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး အီတလီနိုင်ငံက ဒုတိယ အများဆုံးလိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ ယူကေနိုင်ငံက သူတို့နိုင်ငံရဲ့ ဓာတ်ငွေ့လိုအပ်ချက် ၄ % ကို ရုရှားနိုင်ငံကနေ တင်သွင်းခဲ့ပြီး အခုနှစ် ဇွန်လ တတိယသုံးလပတ်မှာတော့ ရုရှားဓာတ်ငွေ့တင်သွင်းမှုကို ရပ်တန့်လိုက်ပါတယ်။

အမေရိကန်က ရုရှားဆီကနေ ဘာဓာတ်ငွေ့မှ မဝယ်ပါဘူး။

ဒါပေမယ့် ဥရောပကို ရုရှားဓာတ်ငွေ့တွေ တင်ပို့နေတာကို ကန့်သတ်လိုက်တဲ့အချိန်မှာတော့ ကမ္ဘာ လုံးဆိုင်ရာ ဓာတ်ငွေ့စျေးနှုန်းတွေမြင့်တက်လာပြီး သက်ဆိုင်ရာနိုင်ငံတွေ ထိခိုက်နစ်နာမှုတွေ ဖြစ် လာနေပါတယ်။

ရုရှားစွမ်းအင်ကုမ္ပဏီ Gazpromက ဂျာမနီကို ဓာတ်ငွေ့ပို့နေတဲ့ Nord Stream 1 ပိုက်လိုင်းကို ပြုပြင်ဖို့ ဩဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ ပိတ်ထားမယ်လို့ ပြောခဲ့တာကြောင့် နောက်ထပ် အကျိုးသက်ရောက်မှုတွေပါ ထပ်ဖြစ်လာဖို့ ရှိပါတယ်။

ပိုင်းလိုင်းအစပိုင်းနားက စက်ရုံတစ်ရုံမှာ ပုံမှန်မဟုတ်တဲ့ ဓာတ်ငွေ့ပမာဏ အများအပြားကို မီးရှို့နေပြီး မီးရှို့နေတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရုရှားဓာတ်ငွေ့ကို ပိတ်ပင်ပြီး ဘာနဲ့ အစားထိုးမလဲ

ရုရှားက သဘာဝဓာတ်ငွေ့ တင်ပို့မှုကို တစ်နှစ်အတွင်း သုံးပုံနှစ်ပုံ ဖြတ် တောက်မယ်လို့ ဥရော ပသမဂ္ဂက ပြောထားပေမယ့် ရည်မှန်းထားတဲ့ အဲ့ဒီပမာဏရောက်ဖို့ကတော့ မလွယ်သေးပါဘူး။

အဲ့ဒီ စုပေါင်း ပိတ်ဆို့မှု ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အကူအညီပေးတဲ့အနေနဲ့ အဖွဲ့ဝင် နိုင်ငံတွေက လာမယ့်ခုနစ်လအတွင်းမှာ သူတို့နိုင်ငံတွေရဲ့ ဓာတ်ငွေ့အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချသွားဖို့ သဘောတူထားကြပါတယ်။

ဒါပေမယ့် ဥရောပသမဂ္ဂနိုင်ငံတွေအနေဲ့ ရုရှားဓာတ်ငွေ့အစား အစားထိုးအသုံးပြုဖို့ ဓာတ်ငွေ့တွေ ဘယ်နေရာကရမလဲဆိုတာ ရှာဖွေနေရဆဲဖြစ်ပြီး အဲ့ဒီ့အတွက် အမေရိကန်နဲ့ ကာတာတို့လို ဓာတ်‌ငွေ့ ထွက်တဲ့နိုင်ငံတွေက ရေနံတင်သင်္ဘောတွေနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG)တွေ တင်ပို့နိုင်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် စွမ်းအင်အကြံပေး ကိတ်ဒိုရိန်းကတော့ "ဥရောပမှာ LNG အလုံအလောက်မရှိသေးဘူး။ အထူး သဖြင့် ဂျာမနီနိုင်ငံအတွက် ပြဿနာဖြစ်လိမ့်မယ်" လို့ ပြောထားပါတယ်။

ရုရှားက ဓာတ်ငွေ့တွေကို ဥရောပ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတစ်လျှောက်ကို ပိုက်လိုင်းကြီးတွေနဲ့ ပို့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားက ဓာတ်ငွေ့တွေကို ဥရောပ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတစ်လျှောက်ကို ပိုက်လိုင်းကြီးတွေနဲ့ ပို့ပါတယ်။

ရုရှားက ဘယ်လိုတုံ့ပြန်ခဲ့တာလဲ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဥရောပက "သူတို့နဲ့အဆင်မပြေတဲ့ " နိုင်ငံတွေကို ဓာတ်ငွေ့ဖိုး ရုရှားရူဘယ်ငွေနဲ့ ပေးဆောင်ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ အဲဒါက ရုရှားငွေကြေးတန်ဖိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

သူ့ရဲ့တောင်းဆိုမှုကို ပိုလန်၊ ဘူလ်ဂေးရီးယားနှင့် ဖင်လန်တို့က ငြင်းဆိုခဲ့တဲ့အတွက် အဲ့ဒီနိုင်ငံတွေကို ဓာတ်ငွေ့တင်ပို့တာတွေ ရုရှားက ဖြတ်တောက်ခဲ့ပါတယ်။

ဒါပေမယ့် ဥရောပ စွမ်းအင်ကုမ္ပဏီ အများစုကတော့ ယူရိုငွေကို ရူဘယ်ငွေအဖြစ်ပြောင်းပြီး ရုရှားဘဏ်အကောင့်တွေက တစ်ဆင့် သဘာဝဓာတ်ငွေ့ဖိုးတွေ ပေးနေပါတယ်။

အဲဒီငွေပေးချေမှုပုံစံကလည်း ပိတ်ဆို့အရေးယူမှုဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ သူတို့က အခိုင်အမာလက်ခံထားပါတယ်။

ဥရောပမှာ လောင်စာဆီ ပြတ်ကုန်မှာလား

ရုရှားဆီက ဓာတ်ငွေ့တင်သွင်းတဲ့နိုင်ငံများ

ဥရောပသမဂ္ဂဟာ ယခုနှစ်ကုန်ကျရင် ပင်လယ်ရေကြောင်းက ဝင်လာတဲ့ ရုရှားရဲ့ ရေနံ တင်သွင်း မှုအားလုံးကို တားမြစ်ပိတ်ပင်ဖို့ သဘောတူထားပါတယ်။

ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့လို နိုင်ငံတွေက ရုရှားရဲ့ ရေနံတင်သွင်းမှုကို မှီခိုနေရတာကြောင့် ပိုက်လိုင်းကတဆင့် ရေနံဆက်လက်တင်သွင်းခွင့်ကိုတော့ ယာယီ ဆက်ခွင့်ပြု ထားဦးမှာဖြစ် ပါတယ်။

ရုရှားနိုင်ငံက ရေနံတင်သွင်းမှုကို လုံးဝပိတ်ပင်လိုက်ကြောင်း အမေရိကန်က ကြေညာခဲ့ပြီး ယူကေရဲ့ ရေနံတင်သွင်းမှု ပမာဏကလည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ သိသိသာသာ ကျဆင်းသွားပါတယ်။

ဥရောပနိုင်ငံအချို့ကတော့ ရေနံတင်သွင်းမှု ပိတ်ပင်ထားတာကြောင့် အခက်ကြုံရနိုင်ပါတယ်။

လစ်သူယေးနီးယားနှင့် ဖင်လန်တို့ဟာ သူတို့နိုင်ငံမှာ အသုံးပြုတဲ့ ရေနံ ၈၀% ကို ရုရှားနိုင်ငံက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တင်သွင်းခဲ့ကြတယ်ဆိုတာ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမယ့် ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားမဟုတ်တဲ့ တခြားနိုင်ငံတွေကနေ ရေနံ ဝယ်လို့ရတဲ့ အခြေအနေတော့ ရှိပါတယ်။

ရေနံတွေ တင်ပို့ ရောင်းချနေတဲ့ နိုင်ငံတွေ စုဖွဲ့ထားတဲ့ IEA အဖွဲ့က သူတို့ရဲ့ ရေနံစည် သန်း ၁၂၀ ပမာဏရှိတဲ့ ရေနံစိမ်းတွေကို စတော့ရှယ်ယာစျေးကွက် တင်‌ရောင်းခဲ့ပြီး အမေရိကန် သမ္မတဘိုင်ဒင်ကလည်း အမေရိကန်မှာ အရန်သိမ်းထားတဲ့ ရေနံတွေကို ထုတ်ရောင်းဖို့ အမိန့် ထုတ်ခဲ့ပါတယ်။

"ဆော်ဒီအာရေးဗီးယားလို နိုင်ငံတွေက ဒီနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့ဈေးကွက်ထဲကို ရေနံတွေ ပိုတင်ပို့ လာဖို့ရှိပြီး အမေရိကန်ဘက်ကလဲ တင်ပို့မှုတွေ ပိုလုပ်လာနိုင်တယ် " လို့ ကိတ်ဒိုရိန်းက ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုတွေက အလုပ်ဖြစ်မှာလား

စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ရုရှားက ဥရောပကို ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုကနေ ပြီးခဲ့တဲ့နှစ်က ခန့်မှန်းခြေ ယူရို ၄၀၀ ဘီလျံ (ဒေါ်လာ ၄၃၀ ဘီလျံ၊ ပေါင် ၃၄၁ ဘီလျံ) ရရှိခဲ့ပါတယ်။

သူတို့ရဲ့ နောက်ဆုံး ပိတ်ဆို့အရေးယူမှုတွေကနေ ရုရှားထံက ဝယ်ယူမယ့် ရေနံပမာဏကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဥရောပသမဂ္ဂက ပြောနေပါတယ်။ ဒါပေမယ့် ဒီပိတ်ဆို့မှု အပြည့်အဝအသက်ဝင်လာဖို့ လနှင့်ချီကြာမှာဖြစ်ပြီး ပိတ်ဆို့မှုအသက်ဝင်လာပြီဆိုရင်တောင် ရုရှားက ကမ္ဘာ့တခြားနေရာက နိုင်ငံတွေကို သူတို့ ရေနံတွေကို ရောင်းချမှာဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ စလုံးကလည်း မကြာသေးမီလတွေအတွင်းက ရုရှားက ရေနံစိမ်းတွေ စျေးကျလာတာကြောင့် ပိုဝယ်ယူတာတွေ လုပ်ခဲ့ကြတာကို တွေ့ရပါတယ်။

လောင်စာဆီစက်ရုံစက်ပစ္စည်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

အနွေးဓာတ်နဲ့ လောင်စာဆီ‌စရိတ်တွေ ဘယ်လိုပြောင်းလဲနိုင်လဲ

ရုရှားနိုင်ငံက တင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပိတ်ဆို့ အရေးယူမှုတွေ စတင်လိုက်တာနဲ့ တပြိုင်နက် သုံးစွဲတဲ့သူတွေအတွက် စွမ်းအင်နဲ့ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်တာလာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဥရောပကို ရုရှားဓာတ်ငွေ့ တင်ပို့မှုကို ကန့်သတ်လိုက်ရင် အနွေးဓာတ်ပေးဖို့သုံးရတဲ့စရိတ်တွေ ပိုမို မြင့်တက်လာဖွယ်ရှိပါတယ်။

ယူကေက အိမ်တွေမှာ သုံးစွဲနေတဲ့ စွမ်းအင်ခစျေးနှုန်းတွေကို စျေးနှုန်းတစ်ခုသတ်မှတ်ပြီး ပေး ဆောင်ရပါတယ်။ဒါပေမယ့် ဧပြီလမှာ စွမ်းအင်စျေးနှုန်းတွေ တက်လာတော့ ဆောင်ရတဲ့စရိတ်က ပေါင်ခုနှစ်ရာက နှစ်ထောင်အထိ တက်လာပါတယ်။

အောက်တိုဘာလ ၁ရက်နေ့ မှာ စျေးထပ်တက်လာပြန်တော့ ပုံမှန်အိမ်ထောင်စု တစ်ခုအတွက် ပေါင် ၃,၅၀၀ ကျော်အထိ ရေမီးဓာတ်ငွေ့သုံးတဲ့ စရိတ်တွေ တက်လာပါတယ်။

ယူကေမှာ ဓာတ်ဆီနှင့် ဒီဇယ်ဈေးတွေ မြင့်တက်လာပြီး ကားမောင်းတဲ့သူတွေ အခက်အခဲဖြစ် နေတာကြောင့် အစိုးရက လောင်စာဆီခွန်နှုန်းထားတွေ လျှော့ချပေးဖို့ ကြေညာခဲ့ရပါတယ်။