ရုရှားက ဆွီဒင်လုံခြုံရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေ

နေတိုး ပေါင်းစည်းမှုကို နှောင့်ယှက်ဖို့ ရုရှား အဓိက ပစ်မှတ်ထားကြောင်း ဆွီဒင် ထောက်လှမ်းရေးက ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေတိုး ပေါင်းစည်းမှုကို နှောင့်ယှက်ဖို့ ရုရှား အဓိက ပစ်မှတ်ထားကြောင်း ဆွီဒင် ထောက်လှမ်းရေးက ပြော
    • ရေးသားသူ, သြလက်စ် ဖိလစ်နဲ့ ပေါလင်း ကိုလာ
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ရုရှားရဲ့ အနောက်အုပ်စုအပေါ် ရန်လိုတဲ့ သဘောထားကြောင့် ဆွီဒင်ကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဆွီဒင် လုံခြုံရေး အဖွဲ့ ဆဲပိုက ပြောပါတယ်။

ဆွီဒင် လုံခြုံရေး အားကောင်းဖို့အတွက် နေတိုး စစ်စာချုပ်အဖွဲ့ကို ၀င်ပြီးချိန်ကစပြီး ရုရှားဘက်ကထောက်လှမ်းရေး ပိုလုပ်လာကြောင်း လုံခြုံရေးအဖွဲ့ရဲ့ နှစ်လည် အစီရင်ခံစာမှာ ပါရှိပါတယ်။ ရုရှားဘက်ကတော့ ဘာအမှားအယွင်းမှ မလုပ်ဘူးလို့ ပြောပါတယ်။

ဆွီဒင်ရဲ့ လုံခြုံရေး အခြေအနေက အရေးကြီးနေပြီး ပြည်ပနိုင်ငံတွေဆီက ပြင်းထန်တဲ့ အစွန်းရောက်ဝါဒအပြင် ပေါင်းစပ် စစ်ရေးနည်းတွေနဲ့ ပိုခြိမ်းခြောက်လာကြောင်းလည်း ဆဲပိုက ပြောပါတယ်။

ခန့်မှန်းဖို့ ခက်ခဲပေမယ့် လုံခြုံရေး အခြေအနေ ပိုယိုယွင်းလာနိုင်တဲ့ အန္တရာယ်က မြင်သာ ထင်သာ ရှိနေကြောင်း ဆဲပို အကြီးအကဲ ရှားလက်ဗွန်အပ်ဆင်က ပြောပါတယ်။

၂၀၂၂ ဖေဖော်၀ါရီက ယူကရိန်းကို ရုရှားက အလုံးအရင်းနဲ့ ၀င်ကျူးကျော်ပြီးနောက်ပိုင်း အာမခံမှု အကောင်းဆုံး ပေးနိုင်မယ်လို့ ယူဆမှုနဲ့ မနှစ်ကစပြီး ဆွီဒင် နေတိုးအဖွဲ့၀င် ဖြစ်လာခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်ရန်စမှုကြောင့် မကြာခင်အနာဂတ်ကာလ ဆွီဒင်မှာ စစ်ဖြစ်နိုင်ကြောင်း ဒီနှစ် ဇန်နဝါရီမှာ ဆွီဒင် အရပ်ဘက် ကာကွယ်ရေး ဝန်ကြီးက သတိပေးခဲ့ပါတယ်။

ဆဲပို အကြီးအကဲ ရှားလက်ဗွန်အပ်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆဲပို အကြီးအကဲ ရှားလက်ဗွန်အပ်ဆင်

နေတိုးအဖွဲ့ဝင် နိုင်ငံတွေအကြား ပေါင်းစည်းမှုကို နှောင့်ယှက်ဖို့ ရုရှား ထောက်လှမ်းရေးက အဓိက ရည်ရွယ်ကြောင်း ဆဲပိုက အင်္ဂါနေ့မှာ ပြောကြားပါတယ်။ ယူကရိန်းကို အနောက်အုပ်စုရဲ့ ထောက်ခံမှုကို တန်ပြန်ထိုးနှက်တာ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်တိမ်းဖို့လည်း ဖြစ်ပါတယ်။

ဆွီဒင်နဲ့ ဥရောပတလွှား ကာကွယ်ရေး တည်ဆောက်နေချိန်မှာ ရုရှားဟာ ပိုပြီး အနှောင့်အယှက်ပြု စိန်ခေါ်လာကြောင်း ဒီလုပ်ရပ်တွေက ပြနေတယ်လို့ ဆဲပိုက ထုတ်ပြန်ပါတယ်။

ရုရှားရဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့တွေက နည်းလမ်းမျိုးစုံသုံးပြီး ထောက်လှမ်းကြောင်း ဆဲပိုက ဆိုပါတယ်။ ဒီထောက်လှမ်းမှုတွေကို ကန့်သတ်ဖို့ ရုရှား ထောက်လှမ်းရေးတွေကို နှင်ထုတ်ခဲ့ကြောင်း ပြောပါတယ်။

တည်ငြိမ်မှုကို နှောင့်ယှက်ဖို့ ကြံစည်တဲ့ လုပ်ရပ်တွေအပေါ် ဆွီဒင်အနေနဲ့ နိုးနိုးကြားကြား ရှိဖို့လိုကြောင်း မစ္စဗွန်အပ်ဆင်က ပြောပါတယ်။ ဆွီဒင်မှာ အခြေအနေသစ်နဲ့ အကျွမ်းတ၀င် မရှိသေးတာက အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

အခြေခံအဆောက်အအုံတွေကို ထိခိုက်စေတဲ့ မသင်္ကာဖွယ် တိုက်ခိုက်မှုတွေ အကြောင်း ဆဲပိုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီဖြစ်ရပ်တချို့မှာ နိုင်ငံခြားပယောဂ ပါနေနိုင်တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်စစ် စပြီးနောက်ပိုင်း ပင်လယ်ရေအောက်က ကေဘယ်ကြိုးတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဆက်တိုက် ထိခိုက် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါကြောင့် နေတိုးဘက်က ပင်လယ်အောက်ကို စောင့်ကြည့်မှုတွေ လုပ်လာခဲ့ရပါတယ်။

ဆွီဒင်ရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ဂေါ့တလန်ကျွန်းနားမှာ အရင်လက ဒီလို ဖျက်ဆီးမှု ရှိခဲ့ကြောင်း သိရပါတယ်။

ဆွီဒင် ကမ်းတက်ယာဉ်နဲ့ စစ်ရေးပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆွီဒင် ကမ်းတက်ယာဉ်နဲ့ စစ်ရေးပြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တခြားနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီစနစ်ကို နှောင့်ယှက်တာတွေ မလုပ်ကြောင်း ရုရှားက ပယ်ချပါတယ်။

အီရန်နဲ့ တရုတ်ဆီကလည်း ဆွီဒင်အပေါ် သိသာတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေရှိကြောင်း ဆွီဒင်အစိုးရက ပြောပါတယ်။

ကုရ်အာန်ကျမ်း မီးရှို့မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲပြီးနောက် အီရန်ထောက်လှမ်းရေးက ဆွီဒင်မှာရှိတဲ့ ဖုန်းကနေ သတင်းစကားပို့တဲ့ လုပ်ငန်းတခုကို ဖုန်းသတင်းစကား တသောင်းခွဲပို့ဖို့ အတွက် ဖောက်ထွင်းခဲ့ကြောင်း ဆဲပိုက မနှစ်က စွပ်စွဲခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူးလို့ပဲ အီရန်က ငြင်းဆိုပါတယ်။

ပြည်ပ ထောက်လှမ်းရေး ခြိမ်းခြောက်မှုတွေထဲ ဆိုင်ဘာတိုက်ခိုက်မှု၊ နည်းပညာခိုးမှုနဲ့ ဆွီဒင်မှာရှိတဲ့ နိုင်ငံခြားက တက်ကြွလှုပ်ရှားသူတွေကို နောက်ယောင်ခံတာတွေ ပါ၀င်ကြောင်း ဆဲပိုရဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီထဲက နောက်ဆုံးနှစ်နည်းကို တရုတ်ဘက်က လုပ်ကြောင်းလည်း စွပ်စွဲထားပြီး တရုတ်ဘက်က ငြင်းဆိုပါတယ်။

အကြမ်းဖက်မှု အန္တရာယ်က မြင့်နေဆဲလို့လည်း ဆဲပိုက ဆိုပါတယ်။

ရုရှားနဲ့ အီရန်လို နိုင်ငံတွေနဲ့ လူတယောက်ချင်းဆီကနေ တိုက်ခိုက်မှုတွေ လုပ်တာကို ဆဲပိုက တွေ့ခဲ့ကြောင်း မစ္စ ဗွန်အပ်ဆန်က ပြောပါတယ်။ လူငယ်တွေ လုပ်တာမျိုးလည်း မကြာခဏ ရှိတတ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ သြစတြီးယားမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဆဲပို အကြီးအကဲက ပြောပါတယ်။

အရင်လက ဖြစ်ခဲ့တဲ့ ဆွီဒင်ရဲ့ အဆိုးဆုံး လူအစုအပြုံလိုက် ပစ်ခတ်မှု "အိုရေဘရူးက ကြောက်မက်ဖွယ် ဖြစ်ရပ်"အပြီး နောက်ဆက်တွဲတွေနဲ့ ဆွီဒင်ကိုယ်တိုင် ရင်ဆိုင်နေရကြောင်းလည်း သူက မှတ်ချက်ချပါတယ်။ ဆွီဒင်အလယ်ပိုင်းက ကျောင်းတကျောင်းမှာ သေနတ်သမားတယောက် ၀င်ပစ်လို့ လူ ကိုးယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်မှုနဲ့ လက်ယာ အကြမ်းဖက် တိုက်ခိုက်မှုတွေက ထင်ရှားတဲ့ ခြိမ်းခြောက်မှုတွေအဖြစ် ရှိနေဆဲလို့လည်း ဆဲပိုက ပြောပါတယ်။

ဆွီဒင်မှာ အကြမ်းဖက်မှုအတွက် တပ်လှန့်မှုကို မြှင့်ထားဆဲ ဖြစ်ပြီး အဆင့်ငါးဆင့်မှာ လေးဆင့်မြောက် ခြိမ်းခြောက်မှု အဆင့်ဖြစ်ပါတယ်။