ယူကရိန်းငြိမ်းချမ်းရေးအတွက် ဥရောပတပ်တွေ စေလွှတ်တာက အလုပ်ဖြစ်နိုင်လား

    • ရေးသားသူ, လန်ဒန်က ဂရစ်ဂါ အက်တာနီရှင်းနဲ့ ပဲရစ်က လီဇာ ဖို့ခ်တ်
    • ရာထူးတာဝန်, ဘီဘီစီရုရှားဌာန
ကိုဆိုဗိုက ဗြိတိသျှတပ်သားများ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ ခွင့်ပြုချက်နဲ့ ၁၉၉၉ တုန်းက ကိုဆိုဗိုကို စေလွှတ်ခဲ့တဲ့ ဗြိတိန်သျှတပ်သားများ

ရုရှားနဲ့ အမေရိကန်တို့က ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေ စလုပ်နေချိန်မှာ ဥရောပ ခေါင်းဆောင်တွေဘက်ကလည်း ကြာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ဦးတည်မယ့် အပစ်အခတ်ရပ်စဲရေး နည်းလမ်းတွေအကြောင်း ဆွေးနွေးနေကြပါတယ်။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးတပ်စေလွှတ်ရေးက ပြီးခဲ့တဲ့အနှစ် ၃၀ အတွင်း ဥရောပစစ်တပ်တွေ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေအားလုံးထက် အခုက ပိုပြီးစိန်ခေါ်မှုတွေ ကြီးနိုင်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မိနစ် ၉၀ ကြာအောင် ပြီးခဲ့တဲ့သီးတင်းပတ်အတွင်း ဖုန်းနဲ့ ပြောဆိုဆွေးနွေးပြီးနောက် ဒေါ်နယ်ထရမ့်က သူနဲ့ပူတင် တွေ့ဆုံဖို့ရည်ရွယ်ထားလို့ ကြေညာခဲ့ပါတယ်။ နေရာကတော့ ဆော်ဒီအာရေဗျမှာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။​ ဒီအခြေအနေကြောင့် ကိယက်နဲ့ သူရဲ့ ဥရောပ မဟာမိတ်တွေအတွက် သူတို့မပါဘဲ သဘောတူညီမှုယူမယ်ဆိုရင် တိုက်ခိုက်မှုတွေ ထပ်မံပေါ်ပေါက်အောင် တံခါးဖွင့်ပေးသလို ဖြစ်သွားမှာ စိုးရိမ်နေကြသလို ဥရောပတစ်လွှား အနာဂတ်ပဋိပက္ခတွေ ဖြစ်လာမှာ စိုးရိမ်လာကြပါတယ်။​

ဗြိတိန်အနေနဲ့တော့ ငြိမ်းချမ်းရေးသဘောတူညီချက်အစိတ်အပိုင်းအဖြစ် ယူကရိန်းလုံခြုံရေး စိတ်ချရအောင် အကူအညီပေးနိုင်ဖို့ ဗြိတိသျှစစ်သားတွေ စေလွှတ်ဖို့ "အဆင့်သင့်ရှိသလို ဆန္ဒလည်းရှိနေ" တယ်လို့ ဝန်ကြီးချုပ် ဆာ ကီယာ စတာမာက တနင်္ဂနွေနေ့က ကြေညာပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့နှစ်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်း ပြောခဲ့တဲ့စိတ်ကူးအပေါ် ထပ်လောင်းပြောဆိုတာ ဖြစ်ပါတယ်။​

ဒါပေမဲ့ တနင်္လာနေ့က ပြင်သစ်နိုင်ငံပါရီမြို့မှာ အလောတကြီးလုပ်ခဲ့တဲ့ ဥရောပခေါင်းဆောင် တွေရဲ့ အစည်းအဝေးမှာတော့ ဒီလိုတပ်ချထားရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဆာ ကီယာ စတာမာကတော့ ဘယ်လို ယူကရိန်းသဘောတူညီချက်မှာမဆို ရုရှားက သူ့အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်မှု ထပ်မလုပ်နိုင်အောင် တားဆီးနိုင်ဖို့ အတွက် ''အမေရိကန်ရဲ့ ထောက်ခံမှု'' လိုအပ်လိမ့်မယ်လို့ အလေးထားပြောခဲ့ပါတယ်။

အမေရိကန်ကတော့ သူ့တပ်တွေ စေလွှတ်မယ့်နည်းလမ်းကို ပယ်ချထားပြီး ဖြစ်ပါတယ်။ ယူကရိန်းလုံခြုံရေး အာမခံချက်ရှိစေဖို့ တာဝန်က ဥရောပအပေါ်မှာ ရှိတယ်လို့ အလေးပေး ပြောထားပါတယ်။ ဒီလို ပြောလိုက်တဲ့အတွက် အမေရိကန်မပါဘဲ ငြိမ်းချမ်းရေးတပ် စေလွှတ်တာက ရေရှည်တည်တံ့နိုင်ပါ့မလားဆိုတဲ့ သံသယကို တိုးလာစေပါတယ်။

အက်စတိုးနီးယားမှာ ဗြိတိသျှတပ်ဖွဲ့ဝင်တွေနဲ့အတူ တွေ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် စတာမာ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဗြိတိန်အနေနဲ့ ယူကရိန်းကို အကူအညီပေးရာမှာ မဟာမိတ်တွေကို ဦးဆောင်နိုင်ပေမဲ့ အမေရိကန်ရဲ့ အာမခံချက် မပါဘဲ လုပ်ဖို့မဖြစ်နိုင်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ်ကပြောပါတယ်။

"စစ်သားအရေအတွက် ဘယ်လောက်က ဘယ်နိုင်ငံကနေ လာမှာလဲဆိုတာ စဥ်းစားရခက်တယ်။ ဗြိတိန်က တပ်သားတွေ စေလွှတ်နိုင်ပါတယ်။ တပ်မတစ်ခုစာ စစ်သား ၅,၀၀၀ လောက် လွှတ်ပေးနိုင်လောက်တယ်" လို့ ဗြိတိသျှစစ်ထောက်လှမ်းရေးအရာရှိဟောင်းဖြစ်သလို ဘော့စနီးယားနဲ့ ကိုဆိုဗို တို့က နေတိုး ငြိမ်းချမ်းရေး တပ်တွေထဲ ပါဝင်ခဲ့သူ ဒေါက်တာ ဖရန့် လက်ဒဝှစ်က ပြောပါတယ်။​

"ယူကရိန်းရဲ့ ဆယ်ပုံတစ်ပုံစာအရွယ်အစားလောက်ရှိတဲ့ ဘော့စနီးယားမှာတုန်းက ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့ တပ်သား ၆၀,၀၀၀ ပါတယ်။ အမေရိကန်ကိုယ်စားပြုတပ်ဖွဲ့ကြီးနဲ့ လက်နက်ကိရိယာအပြည့်တပ်ဆင်ထားတဲ့ ဗြိတိန်သျှတပ်ဖွဲ့တွေ ပါတယ်။ ဗြိတိသျှစစ်တပ်က အခုတော့ အဲဒီတုန်းက အရွယ်အစားရဲ့ တစ်ဝက်ပဲရှိတော့တယ်။ အဲဒီတုန်းကလောက်လည်း လက်နက်ကိရိယာမပြည့်စုံဘူး" လို့ ဒေါက်တာ လက်ဒဝှစ်က ပြောပြပါတယ်။

ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်ဖွဲ့ဝင်တွေရဲ့အင်အားအတိုင်းအတာနဲ့ နောက်ပြီး အလွန်အရေးကြီးတဲ့အချက်ဖြစ်တဲ့ အမေရိကန်ရဲ့အကာအကွယ်ပေးမှုတွေက အဲဒီတုန်းက စေလွှတ်တဲ့အစီအစဥ်တွေ အောင်မြင်ဖို့ သေချာစေခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးတပ်စေလွှတ်မှုတွေ အားလုံးထဲမှာ သူတို့က ကျွန်တော်တို့ကိုကြောက်ခဲ့ကြရတာ၊ ကျွန်တော်တို့မှာကျ ဘာမှ ကြောက်စရာ မရှိဘူး။ အမေရိကန်က ကျွန်တော်တို့အနောက်မှာ ရပ်တည်ပေးနေတယ်ဆိုတာ ကျွန်တော်တို့ကို အာမခံပေးခဲ့တယ်"လို့ ယူဂိုဆလားဗီးယားမှာ တာဝန်ထမ်းဆောင်စဥ်ခဲ့စဥ်က အခြေအနေကို ဒေါက်တာ လက်ဒဝှစ်က ပြန်ပြောင်းပြောပြပါတယ်။

"အခုအခြေအနေက ဘော့စနီးယား၊ ကိုဆိုဗိုတို့မှာ ကြုံခဲ့ရတာထက်ကို အန္တရာယ်ပိုများပြီး ပိုရန်လိုနေတဲ့ပတ်ဝန်းကျင်မျိုး ဖြစ်လိမ့်မယ်။ ပြီးတော့ အီရတ် ဒါမှမဟုတ် အာဖဂန်နစ္စတန်တို့ကိုတောင် ပိုဆိုးတယ်လို့ ထင်တယ်" လို့ သူက သတိပေးပါတယ်။ "ဒရုန်းတွေကို တန်ပြန်ကာကွယ်နိုင်ဖို့ ခိုင်မာတဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဥ်းတွေ မရှိရင်၊ နောက်ပြီး ကိုယ့်တပ်ဖွဲ့တွေလုံခြုံဘေးကင်းနိုင်စေဖို့ တပ်သားအရေအတွက် မလုံလောက်ဘူးဆိုရင်လည်း တပ်တွေ မစေလွှတ်သင့်ပါဘူး။"

အဲဒီလိုစိုးရိမ်ပူပန်ရမှုတွေရှိပေမဲ့ ဗြိတိန်ဘက်က ရှေ့ကနေ အစပျိုးလုပ်ဖို့ စိတ်ဆန္ဒရှိနေမှုဟာ ဥရောပအတွင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရေးအတွက် အထောက်အကူဖြစ်တယ်လို့ အချို့ကမြင်ကြပါတယ်။ မော်စကိုက ဗြိတိသျှသံရုံးမှာ စစ်သံမှူးလုပ်ခဲ့တဲ့ ဂျွန်ဖိုးမန်းကတော့ ဗြိတိန်ရဲ့ ခေါင်းဆောင်နိုင်စွမ်းရည်ဟာ အခြားသူတွေပါ လိုက်ပါလာနိုင်ဖို့အတွက် တွန်းအားဖြစ်စေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

"ဗြိတိန်က စစ်သား ၁၀,၀၀၀ နဲ့အထက် ယူကရိန်းကို စေလွှတ်နိုင်ခြေရှိတယ်။ အဲဒီလိုလုပ်ဆောင် ဖို့ ကတိကဝတ်ပြုဖို့ လိုတယ်။ အဲဒါမှလည်း အားနည်းတဲ့ဥရောပနိုင်ငံတွေကလည်း ပါဝင်လာ နိုင်ကြမှာ" လို့ သူက ပြောပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်အပြင် ဥရောပက နေတိုးအဖွဲ့ဝင် တခြားဘယ်နိုင်ငံက ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေ စေလွှတ်လာနိုင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပဲရစ်အစည်းအဝေးအပြီး ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့လ်ဇ်ပြောတာက ဒီအကြောင်း "အခုဆွေးနွေးကြတာက လုံးဝကိုအချိန်စောလွန်းပြီး လုံးဝမှားယွင်းတဲ့အချိန်" ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး ရှို့လ်ဇ်ဘက်က တွန့်ဆုတ်နေမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရဲ့ မရေရာသေးတဲ့ အခြေအနေကြောင့် ဖြစ်နိုင်သလို သူ့နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ကျင်းပမယ့် ရွေးကောက်ပွဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုဆိုဗိုက ရုန်းရင်းဆန်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုဆိုဗိုက ငြိမ်းချမ်းရေးတပ် KFOR ဟာ ရဲအလုပ်ပါ လုပ်ရပါတယ်

အမေရိကန်ပြီးနောက် နေတိုးထဲမှာ ဒုတိယအကြီးဆုံးစစ်တပ်ရှိတဲ့ တူရကီကလည်း တပ်သားစေလွှတ်ဖို့ကိစ္စကို သူ့ရဲ့သဘောထားရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ ယူကရိန်းရဲ့ အိမ်နီးချင်းလည်းဖြစ် နေတိုးထဲမှာ တတိယအကြီးဆုံး စစ်တပ်လည်းရှိတဲ့ ပိုလန်ကတော့ သူရဲ့တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အဲဒီလိုအဓိကကျတဲ့သူတွေ မပါဘူးဆိုရင် တခြားနေတိုးအဖွဲ့ဝင်နေတိုးနိုင်ငံတွေဘက်က စုစုပေါင်း အများဆုံးအနေနဲ့ တပ်သား ၃၀,၀၀၀ လောက်ကိုသာ စေလွှတ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဘက်က ပြောထားတဲ့ လိုအပ်မယ့်ပမာဏ သိန်းနဲ့ချီတဲ့အရေအတွက် အများကြီး လျော့နည်းနေပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေကို အဓိကကျတဲ့နေရာကနေ လုပ်ဆောင်စေပြီး ငြိမ်းချမ်းရေးတပ်တွေကိုတော့ ရှေ့တန်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေလောက်မှာပဲ​ ထားမယ်ဆိုရင် လိုအပ်မယ်တပ်သားအရေအတွက်ကို လျှော့ချနိုင်လောက်တယ်လို့ တချို့က ထောက်ပြပါတယ်။

ဝါရှင်တန်ကိုသွားရောက်ပြီး ထရမ့်နဲ့ နောက်သီတင်းပတ်မှာ တွေ့ဆုံဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် စတာမာက စီစဥ်ထားပါတယ်။ သူရဲ့အစီအစဥ်အပေါ် အမေရိကန်က ထောက်ခံမှုရဖို့ မျှော်လင့် ထားတာပါ။ အမေရိကန်သမ္မတနဲ့ နီးစပ်တဲ့ နိုင်ငံခြားရေးရာမူဝါဒအကြံပေး ဖရက် ဖလိတ်ဇ်ကတော့ "ခင်ဗျားတို့ ယူကေဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းမှုက မယုံနိုင်လောက်အောင် များပြားပြီး " နဲ့ "ကြီးမားတဲ့ ထည့်ဝင်မှု" ဖြစ်လိမ့်မယ်လို့ ဘီဘီစီရဲ့ ရေဒီယို (၄) အစီအစဥ်ကို ပြောပါတယ်။

ရုရှားဘက်က ဒီလိုငြိမ်းချမ်းရေးတပ်တွေချထားမှာကို လက်ခံမလားဆိုတာကတော့ နောက်တစ်ပိုင်းဖြစ်ပါတယ်။​ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကတော့ ယူကရိန်းကိုနိုင်ငံခြားတပ်ဖွဲ့တွေ စေလွှတ်တာ၊ တကယ်လို့ (ယူကရိန်းအလံမဟုတ်ဘဲ) တခြားအလံတွေအောက်မှာ ချထားရင်တောင်၊ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။ အဲဒီလိုလုပ်လာရင် မော်စကိုဘက်ကတော့ ဒါဟာ ယူကရိန်းမှာ မဟာမိတ်တပ်တွေ ချဲ့ထွင်နေတာလို့ ယူဆမှာ ဖြစ်တယ်လို့ သူက သတိပေးထားပါတယ်။​ ဒီအချက်ကိုပဲ​ ပူတင်က ယူကရိန်းကိုအလုံးစုံကျူးကျော်စစ်ပြုဖို့ အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။​

တစ်ချိန်တည်းမှာပဲ ဥရောပနိုင်ငံတွေဟာ လက်ရှိငြိမ်းချမ်းဆွေးနွေးမှုကနေ ချန်လှပ်ထားရပြီး အမေရိကန်နဲ့ ရုရှားအရာရှိတွေပဲ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေတာပါ။

လက်ရှိအချိန်မှာ အဓိက မေးခွန်းကတော့ တကယ်လို့ ဆော်ဒီအာရေဗျမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုယူနိုင်မယ်ဆိုရင် ယူကရိန်းကို ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို အမေရိကန်ယုံကြည်အောင် ပြောနိုင်ဖို့ လုံလောက်တဲ့ သြဇာအာဏာ ဥရောပမှာ ရှိသလားဆိုတဲ့အချက် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနည်းဆုံးအနေနဲ့ ရုရှားဘက်ကတော့ ဥရောပရဲ့အခန်းကဏ္ဍဟာ စစ်ပွဲကိုဖြေရှင်းတာထက် ပိုမိုရှည်ကြာစေတယ်လို့ ရှုမြင်နေပါတယ်။

---

ဒီသတင်းကို ပဲရစ်မြို့က ဘီဘီစီသတင်းထောက် ဒန်နီယယ် ဝှစ်တင်ဘာ့ဂ်က ဖြည့်စွက်ရေးသားထားပါတယ်။​