ဆွီဒင်နဲ့ဖင်လန် နေတိုးအဖွဲ့ဝင်ရေး တူရကီကန့်ကွက်မှု ဘာဆက်ဖြစ်နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆွီဒင်နဲ့ ဖင်လန် နိုင်ငံတွေက မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုးကို ဝင်လိုကြောင်း တရားဝင်လျှောက်ထားလိုက်ကြပြီ ဖြစ်ပါတယ်။
တချိန်က ကြားနေအဖြစ်နဲ့ ဘယ်မဟာမိတ်အဖွဲ့မှာမှ မပါဝင်ဘဲ နေခဲ့ကြတဲ့ ဒီနှစ်နိုင်ငံအတွက် ဒါဟာ ကြီးမားတဲ့ မူဝါဒ အလှည့်အပြောင်း တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ နောက်မှာ ရုရှားနဲ့ နယ်နိမိတ်ထိစပ်နေကြတဲ့ ဒီနောဒစ် နိုင်ငံတွေက အခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို လျှောက်ထားကြောင်း ကြေညာလိုက်အပြီး မကြာခင်မှာဘဲ တူရကီက ကန့်ကွက်လိုက်ပါတယ်။ တူရကီနဲ့ အနီးဒေသတွင်းမှာ ရှိတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ ပီကေကေ အဖွဲ့လို ကာ့ဒ်သူပုန် အဖွဲ့တွေ အရေးမှာ ဒီနှစ်နိုင်ငံရဲ့ ရပ်တည်ချက်ကြောင့် ကန့်ကွက်တာလို့ အကြောင်းပြပါတယ်။
နေတိုးအဖွဲ့မှာ ဝင်ခွင့်ရဖို့အတွက် အဖွဲ့ဝင် နိုင်ငံ ၃၀ စလုံးရဲ့ သဘောတူညီချက် ရဖို့ လိုပါတယ်။ ဒါဆို တူရကီရဲ့ ကန့်ကွက်မှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်သေးသလဲ။ သံတမန်ရေးနဲ့ ဖြေရှင်းလို့ ရနိုင်မလား။
ဆွီဒင်နဲ့ ဖင်လန် နေတိုးအဖွဲ့ထဲ ဝင်မှာကို တူရကီက ဘာကြောင့် ကန့်ကွက်နေသလဲ။
တူရကီဟာ ၁၉၅၂ ခုနှစ်ကတည်းက နေတိုး အဖွဲ့ဝင် ဖြစ်လာတာပါ။ နေတိုးအဖွဲ့ နယ်နိမိတ်ကို ၁၉၉၉ နဲ့ ၂၀၀၄ ခုနှစ်က ရုရှား နယ်စပ်အနားအထိ ချဲ့ထွင်လာခဲ့တာလိုမျိုး အဖွဲ့ဝင်သစ်တွေအတွက် တံခါးဖွင့်ပေးထားတဲ့ နေတိုးရဲ့ မူဝါဒကိုလည်း အမြဲ ထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် တူရကီ သမ္မတ ရေဆက်ပ် တာရစ် အာဒိုဝန်က အန်ကာရာက အကြမ်းဖက် အဖွဲ့လို သတ်မှတ်ထားတဲ့ ပီကေကေ အဖွဲ့နဲ့ ဆီးရီးယား ကာ့ဒ်ပြည်သူ ကာကွယ်ရေး ယူနီ ဝိုင်ပီဂျီလို အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ဖင်လန်နဲ့ နေတိုးက မထောက်ခံခဲ့ဘူးဆိုပြီး အပြစ်ဆိုထားပါတယ်။
ပီကေကေကို ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ကလည်း အကြမ်းဖက် အဖွဲ့တွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ ဆက်စပ်မှု ရှိတဲ့ ဝိုင်ပီဂျီ အဖွဲ့ကတော့ ဆီးရီးယားထဲမှာ အမေရိကန် ဦးဆောင်ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို ချေမှုန်းရာမှာ အဓိက လက်တွဲဖက် အဖွဲ့တခုလည်း ဖြစ်ပါတယ်။
အန်ကာရာက ဆွီဒင်ရော ဖန်လန်ကပါ ပီကေကေ အဖွဲ့ဝင်တွေကို လက်ခံပေးထားတယ်လို့ ဆိုပါတယ်။ တူရကီက ၂၀၁၉ အတွင်း ဆီးရီးယားထဲက ဝိုင်ပီဂျီ အဖွဲ့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက်မှာ နှစ်နိုင်ငံစလုံးက လက်နက်တင်ပို့မှုကိုပါ ပိတ်ပင်ထားပါတယ်။
ဘရပ်ဆဲလ်မြို့က Carnegie Europe ရဲ့ ဧည့်ပညာရှင် တူရကီ သံတမန်ဟောင်း တဦး ဖြစ်တဲ့ Sinan Ülgen က အန်ကာရာအနေနဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို အရင် ဖြေရှင်းချင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
တူရကီမှာ အထူးသဖြင့် ဆွီဒင်နဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ ရှိနေတယ်လို့ Sinan Ülgen က ဘီဘီစီကို ပြောပါတယ်။
ပီကေကေနဲ့ ပီကေကေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့တွေ ရဲ့ လုပ်ဆောင်ချက်တွေအပေါ် စတော့ခ်ဟုမ်းရဲ့ သဘောထား၊ နောက်ပြီး ပီကေကေရဲ့ အခက်အလက်လို့ တူရကီက ယူဆတဲ့ ဆီးရီးယား ကာ့ဒ် ဒီမိုကရက်တစ် ယူနီယံ ပါတီ ပီဝိုင်ဒီ ကို ထောက်ခံတာမျိုးတွေ ပါတယ်လို့ သူက ဆိုပါတယ်။
နောက်ပြီး တူရကီက အကြမ်းဖက်မှုနဲ့ မသင်္ကာတာကြောင့် လိုအပ်နေတဲ့ လူ ၂၁ ဦးကို ဆွီဒင်က တူရကီကို့ ပို့ပေးဖို့ ငြင်းဆိုထားတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ဖင်လန်ကတော့ ၁၂ ယောက်ကို မပို့ပေးဘူးလို့ ပြောပါတယ်။
တူရကီဘက်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။ ဒါကြောင့်လည်း အခု တူရကီက ဆွီဒင်ကို နေတိုးအဖွဲ့ကို ဝင်ဖို့ စိတ်ဝင်စားမှုပြလာချိန်မှာ ဒါကိုပြန်ကိုင်ပြီး ကစားနိုင်ပြီလို့ ယူဆထားကြောင်း Sinan Ülgen က ပြောပါတယ်။
တူရကီက ဂရိ ကိစ္စတွေပါ ဘာကြောင့် ပြောနေသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ကိစ္စနဲ့ အတူ ပြန်ပြီး ပေါ်လာတာက ပြီးခဲ့တဲ့ ၁၉၇၄ ခုနှစ်က ဆိုက်ပရပ်စ် မြောက်ပိုင်းကို တူရကီ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်က ဂရိက တူရကီ ကျူးကျော်မှုလို့ သူတို့နဲ့ တခြား နိုင်ငံတော်တော်များများက ယူဆကြတဲ့ ဒီကိစ္စမှာ နေတိုးအဖွဲ့ ကဘာမှ မဆောင်ရွက်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်မှာတော့ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကတော့ တူရကီက ကန့်ကွက်မှု မရှိခဲ့ပါဘူး။
လန်ဒန်မြို့မှာ ရှိတဲ့ London School of Economics (LSE) က ခေတ်သစ် တူရကီ လေ့လာရေး ဌာနရဲ့ အကြီးအကဲ ဖြစ်တဲ့ ပါမောက္ခ Yaprak Gürsoy ကတော့ အန်ကာရာက အဲဒီတုန်းက အမှားမျိုး ထပ်မမှားချင်တဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက တူရကီက တခုခု တောင်းဆိုခဲ့ရင် အခု တူရကီနဲ့ ဂရိကြားမှာ ရှိနေတဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်ခဲ့လောက်တယ်လို့ တူရကီမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ အကြောင်း ပါမောက္ခ Yaprak Gürsoy က ဘီဘီစီကို ပြောပါတယ်။
အခုတော့ ဂရိရော ဆိုက်ပရပ်စ်ပါ အီးယူ အဖွဲ့ဝင်တွေ ဖြစ်ပြီး တူရကီအပေါ်မှာ သံတမန်ရေး ဖိအားတွေ ပိုပေးလာနိုင်တာနဲ့ တူရကီဟာ သူတို့နဲ့ တန်းတူရည်တူ ပြောနိုင်တဲ့ အနေအထားကို ဆုံးရှုံးခဲ့ရတာတွေ ကြုံနေရကြောင်း၊ ဒါကြောင့် တူရကီဟာ ဒီအဖြစ်တွေက သင်ခန်းစာယူပြီး နောက်ထပ် ထပ်မမှားချင်တော့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တူရကီက ဘာလိုချင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတ အာဒိုဝန်ဟာ ဆွီဒင်နဲ့ ဖင်လန် နေတိုး အဖွဲ့ထဲဝင်မှာကို ကန့်ကွက်နေပေမယ့် နေတိုး မဟာမိတ်အဖွဲ့ ချဲ့ထွင်ရေးအတွက် နောက်ဆုံးမှာ သဘောတူညီမှု ရသည်အထိ ညှိနှိုင်းဆွေးနွေးဖို့ အတွက်တော့ လိုလားမှာပါလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တူရကီက ဆွီဒင်ကို ဖိအားပေးချင်တာပါ၊ အထူးသဖြင့် ပီကေကေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရဲ့ ဆွီဒင်ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်စေချင်တာပါလို့ မစ္စတာ Ülgen က ပြောပါတယ်။
ပါမောက္ခ Gürsoy ကတော့ တူရကီက အရေးပါတဲ့ အားသာချက်တခု ရသွားပြီ။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး တခုခု ပြန်တောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
တူရကီက သူရဲ့ ပြည်တွင်း ပြည်ပ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို မဟာမိတ်နိုင်ငံတွေက သတိပြုမိလာစေဖို့ ဒီအခွင့်အရေးကို အသုံးချနေတာလို့ သူက ပြောပါတယ်။
တူရကီ နိုင်ငံခြားရေး ဝန်ကြီး Cavusoglu ဟာလည်း မေလ ၁၈ ရက်နေ့မှာ အမေရိကန် နိုင်ငံကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး အန်သနီ ဘလင်ကင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ ဒီခရီးစဥ်က သွားပြီး တိုက်ဆိုင်နေပါတယ်။
အန်ကာရာက အမေရိကန်ဆီက F-35 ကိုယ်ပျောက် တိုက်လေယာဥ် စီမံကိန်းမှာ သူတို့ ရင်းနှီး မြှုပ်နှံထားတာတွေ အတွက် F-16 တိုက်လေယာဥ်သစ် အစင်း ၄၀ နဲ့ လက်ရှိ စစ်လေယာဥ်တွေကို ခေတ်မီအောင် အဆင့်မြှင်ပေးမယ့် ပစ္စည်း အစုံ ၈၀ နဲ့ လဲလှယ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ တူရကီက ရုရှားဆီက S-400 ဒုံးကျည် ကာကွယ်ရေးစနစ် ဝယ်ယူခဲ့တဲ့နောက်မှာ F-35 စီမံကိန်းမှာ ချန်ထားခံခဲ့ရတာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲ မကျင်းပမီမှာ မစ္စတာ ဘလင်ကက တူရကီနဲ့ ဆွီဒင်၊ ဖင်လန်တို့အကြား ဆွေးနွေးမှုတွေကို ရည်ညွှန်းပြီး ဒီ တူရကီရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်လို့ သဘောတူညီမှု တခု ရမယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
Chatham House က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ရေးရာ အစီအစဥ်ရဲ့ တွဲဖက် ပညာရှင် တယောက်ဖြစ်တဲ့ Galip Dalay က သမ္မတ အာဒိုဝန်က မကျေနပ်မှုတွေကို ထုတ်ပြနေတာ ဖြစ်ပြီး ဖြေရှင်းဖို့ သံတမန်ရေး နည်းလမ်းတွေ ရှိနေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
လာမယ့် ဇွန်လကုန်ပိုင်းမှာ စပိန်နိုင်ငံက မဒရစ်မြို့တော်မှာ ကျင်းပမယ့် နေတိုး ထိပ်သီး ညီလာခံမှာ တူရကီ၊ နေတိုး၊ ဆွီဒင်နဲ့ ဖင်လန် နိုင်ငံတွေကြားမှာ တက်တက်ကြွကြွ သံရေး တမန်ရေးတွေနဲ့ ဆွေးနွေးကြဖို့ မြင်လာရလိမ့်မယ်လို့ သူက ဆိုပါတယ်။
တကယ်လို့ ဇွန် ၃၀ ရက်အထိ ဘာအဖြေမှ မရရင်တော့ ပြဿနာ ရှိနေပြီ၊ တူရကီဟာ ဆွီဒင်နဲ့ ဖင်လန်တို့သာ မကဘဲ နေတိုးနဲ့ပါ ပြဿနာ ရှိနေပြီလို့ ဆိုရမှာ ဖြစ်တယ်လို့ မစ္စတာ Dalay က ပြောပါတယ်။
အရင်ကရော မကျေလည်မှုတွေ ကြုံခဲ့ဖူးသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေတိုးအဖွဲ့ရဲ့ သက်တမ်း ၇၃ နှစ်အတွင်း အကြောင်းကိစ္စမျိုးစုံအပေါ် မကျေလည်မှုတွေ ရှိခဲ့ဖူးပါတယ်။ အနီးစပ်ဆုံး သာဓက အနေနဲ့ ဂရိက မက်ဆီဒိုးနီးယားကို တိုင်းပြည်နာမည်ကိစ္စနဲ့ ၁၀ နှစ်တာ ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့ ကိစ္စပါ။ ဒီဘောလ်ကန် နိုင်ငံဟာ ဂရိရဲ့ သမိုင်းကို ခိုးယူဖို့ ကြိုးစားတာလို့ ဆိုခဲ့ပါတယ်။
နောက်ဆုံးမှာ နိုင်ငံရဲ့ အမည်ကို မြောက်မက်ဆီဒိုးနီးယားဆိုပြီး ဖွဲ့စည်းပုံထဲမှာ ပြောင်းလဲ မှည့်ခေါ်ခဲ့အပြီးမှာ အဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
၂၀၀၉ ခုနှစ်အတွင်းကလည်း တူရကီက ဒိန်းမတ် ဝန်ကြီးချုပ်ဟောင်း Anders Fogh Rasmussen ကို နေတိုး အကြီးအကဲအဖြစ် ခန့်အပ်တာကို ကန့်ကွက်ခဲ့ဖူးပါတယ်။ အန်ကာရာက ၂၀၀၆ ခုနှစ်အတွင်းက တမန်တော် မိုဟာမက်ကာတွန်းကိစ္စနဲ့ ကြုံခဲ့ရတဲ့ ပြဿနာတွေအတွင်း မစ္စတာ Rasmussen ဟာ ခေါင်းဆောင်မှု ညံ့ဖျင်းခဲ့တယ်ဆို စွပ်စွဲခဲ့ပါတယ်။
အဲဒီတုန်းက ဒိန်းမတ် ပန်းချီဆရာ Kurt Westergaard က တမန်တော် မိုဟာမက်ကို ရုပ်ပြောင်ဆွဲ သရုပ်ဖော်ခဲ့တာကြောင့် မူဆလင် ကမ္ဘာမှာ မကျေနပ်မှုတွေ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
ကာလရှည် ညှိနှိုင်းမှုတွေ လုပ်ခဲ့အပြီး တူရကီက မဟာမိတ်အဖွဲ့အတွင်း နိုင်ငံရေးနဲ့ စစ်ရေး တည်ဆောက်မှုအပိုင်းမှာ အရေးပါတဲ့ နေရာတခုကို ကိုင်ဆွဲနိုင်ခဲ့တာကြောင့် မစ္စတာ Rasmussen ကို ခန့်အပ်မယ့် ကိစ္စကို သဘောတူခဲ့ပါတယ်။
ဘာတွေဆက်ဖြစ်လာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
နောဒစ် နှစ်နိုင်ငံရဲ့ လျှောက်ထားမှုတွေကို အဖွဲ့ဝင်လက်ခံရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ နေတိုး မဟာမိတ်နိုင်ငံတွေကို တင်ပြမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် နေတိုး အဖွဲ့ဝင်ဖြစ်ဖို့က အချိန်တော်တော်ကြာကြာ ညှိနှိုင်းမှုတွေ လုပ်ရပါတယ်။
ဒါပေမယ့် လတ်တလော ပထဝီနိုင်ငံရေး အခြေအနေတွေအရ ဆွီဒင်နဲ့ ဖင်လန်တို့အတွက် ခပ်မြန်မြန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် မဒရစ် ထိပ်သီး ညီလာခံ မတိုင်ခင်မှာကို လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာတွေ ပြီးဆုံးအောင် လုပ်မယ်လို့ မျှော်လင့်ရပါတယ်။
နေတိုး ခေါင်းဆောင်တွေက ဆွီဒင်နဲ့ ဖင်လန်ရဲ့ လျှောက်ထားမှုတွေကို အဲဒီ ညီလာခံမှာ လက်ခံ အတည်ပြုပေးကြမယ်လို့ မျှော်လင့်ရပေမယ့် ဒီလို ဖြစ်လာဖို့ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံ ၃၀ စလုံးက လက်ခံအတည်ပြုချက်ရဖို့ လိုပါတယ်။
ဖင်လန်နဲ့ ဆွီဒင်ဘက်ကလည်း အားသာချက်တွေ ရှိပါတယ်။ သူတို့ဟာ ကာလရှည် နေတိုးအဖွဲ့ရဲ့ လက်တွဲဖက် နိုင်ငံတွေဖြစ်ပါတယ်။ အဆင့်မြင့် ဒီမိုကရေစီ ထွန်းကားပြီး စစ်ရေး စွမ်းရည် အဆင့်မြင့်မားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် ယန်းစတိုလ်တန်ဘာ့ဂ် က ဒီနိုင်ငံတွေရဲ့ လျှောက်လွှာတွေကို လက်ခံပြီးနောက်မှာ ဆွီဒင်နဲ့ ဖင်လန်ဟာ နေတိုးရဲ့ အနီးစပ်ဆုံး လက်တွဲဖော်တွေ ဖြစ်ကြတာကြောင့် နေတိုးရဲ့ လုံခြုံရေး အဆင့် ပိုမိုမြင့်မားလာဖို့ပဲ ရှိပါတယ်လို့ ဆိုပါတယ်။
အရင် အမေရိကန် သံအမတ်ဟောင်း တယောက်ဖြစ်ပြီး Woodrow International Centre for Scholars ရဲ့ အကြီးအကဲ ဖြစ်တဲ့ Mark Green က ဆွီဒင်နဲ့ ဖင်လန် ပူးတွဲ ပါဝင်လာမှုကြောင့် နေတိုးရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာကို တိုးတက်မြင့်မားလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
နေတိုးအဖွဲ့က ကာကွယ်ရေး မဟာမိတ် အဖွဲ့ ဖြစ်ပြီး ရုရှားက နေတိုးရဲ့ နယ်နိမိတ်တွေကို ကျူးကျော်လာမှသာ တုံ့ပြန်ရင်ဆိုင်သွားမှာ ဖြစ်တယ်ဆိုတာကို မေ့မထားဖို့ တော့ လိုကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် အင်အားတောင့်တင်းအောင် တည်ဆောက်ထားဖို့ က အရေးကြီးတယ်၊ ဖြစ်ပြီးမှ ဘာမှ လုပ်လို့ မရဘူးလို့ သူက ဆိုပါတယ်။








