ဖင်လန်နဲ့ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖို့ ဘယ်လိုတွေ အကြောင်းဖန်လာခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖင်လန်နိုင်ငံက မြောက်အတ္တလန္တိတ် စစ်စာချုပ် နိုင်ငံများ အဖွဲ့ နေတိုးကို ဝင်ရောက်ဖို့ လျှောက်ထားရေးကိစ္စကို လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဖင်လန်ဝန်ကြီးချုပ် ဆန်နာ မာရင်က ပြောကြားထားပါတယ်။
နေတိုးအဖွဲ့ကိုအလားတူဝင်ဖို့ ပြင်ဆင်နေတဲ့ ဆွီဒင်နိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ အတူ ဆွီဒင်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားလိုက်တာဖြစ်ပြီး အခုလို လုပ်မယ့်ကိစ္စ နှောင့်နှေးသွားစရာလည်း အကြောင်းမမြင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဖင်လန်က ဘယ်တော့ နေတိုးအဖွဲ့ဝင်ဖို့ လျှောက်ထားမယ်ဆိုတာ အချိန်တိတိကျကျတော့ မပြောနိုင်သေးပေမယ့် မြန်မြန်ဆန်ဆန်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် မက်ဂ်ဒလေးနား အန်ဒါဆန်ကလည်း သူတို့ဟာ ဖင်လန်နိုင်ငံလိုပဲ နေတိုးအဖွဲ့ထဲဝင်ဖို့ လေးလေးနက်နက် လေ့လာ သုံးသပ်မှုတွေ လုပ်နေပြီး နှောင့်နှေးစေမယ့် အကြောင်းအချက်ကို ဖင်လန်အလားတူပဲ မတွေ့ရဘူးလို့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား တုံ့ပြန်ချက်
ရုရှားကတော့ ဖင်လန်နဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့ထဲမဝင်ဖို့ သတိပေးထားပြီး အခုလို ဝင်ရောက်တာက ဥရောပဒေသတွင်း တည်ငြိမ်မှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ကိုယ်တိုင်ကလည်း ထိပ်တိုက်ရင်ဆိုင်ဖို့ အသားပေး ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု ဖြစ်နေလို့ ရုရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။
အခုလို နေတိုးအဖွဲ့ထဲကို ဒီနိုင်ငံတွေ ဝင်ဖြစ်သွားမယ်ဆိုရင် ရုရှားဘက်ကလည်း မျှခြေ အခြေအနေ ပြန်ဖြစ်အောင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ပြန်လုပ်ရတော့မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို မကျူးကျော်ခင်မှာလည်း နေတိုးအဖွဲ့ကို ထပ်မံ မတိုးချဲ့ဖို့ တောင်းဆိုထားခဲ့ပြီးသား ဖြစ်ပြီး ဆွီဒင်နဲ့ ဖင်လန်သာ နေတိုးအဖွဲ့ဝင်ဖြစ်လာရင် နေတိုးအဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၃၂ နိုင်ငံအထိ ရှိလာမှာ ဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေကတော့ ရုရှားဘက်က ယူကရိန်းကို ဝင်ကျူးကျော်မိတဲ့ နည်းဗျူဟာ အမှားကြောင့် နေတိုးတပ်ဖွဲ့ ပိုကြီးဖို့ ဖြစ်လာတယ်လို့ ပြောဆိုထားပါတယ်။
ရုရှားဟာ ရုရှား-ဖင်လန် နယ်စပ်ဒေသကို စစ်ရေး ကိရိယာ ပစ္စည်း ပြောင်းရွှေ့မှုတွေလုပ်လာတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပေမယ့် ဒီလို လုပ်နေကြောင်း အတည်ပြုနိုင်တဲ့ အထောက်အထားတော့ မတွေ့ထားဘူးလို့ အမေရိကန် အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

ဆွီဒင်၊ ဖင်လန်တို့နဲ့ ရုရှားဆက်စပ်မှု သမိုင်းကြောင်း
ဖင်လန်နိုင်ငံဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၄၀ (မိုင် ၈၃၀) အလျားရှည်တဲ့ နယ်စပ်ချင်း ထိစပ်မှု ရှိနေတာလည်း ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံကတော့ ရုရှားနဲ့ နယ်စပ် တိုက်ရိုက် ဆက်စပ်မှု မရှိပေမယ့် ပိုလန်၊ လစ်သူရေးနီးယား တို့နဲ့ ထိစပ်နေတဲ့ ကလင်နင်ဂရက် မြို့ရှိရာ ရုရှားဒေသငယ်နဲ့ တစ်ဖက်ကမ်း နီးစပ်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေက မြောက်ဥရောပမှာ ရုရှားအင်ပါယာရဲ့ အဓိက ပြိုင်ဘက်နိုင်ငံဖြစ်ခဲ့ပြီး ၁၉ ရာစု အစပိုင်းမှာ ဆွီဒင်ပိုင်တဲ့ ဖင်လန်နယ်ကို ရုရှားက တိုက်ခိုက်ရယူထားခဲ့တာ ဖြစ်ပါတယ်။
၁၉၁၇ ရုရှားတော်လှန်ရေး ဖြစ်ပွားချိန်မှာတော့ ဖင်လန်က ရုရှားအင်ပါယာလက်အောက်ကနေ လွတ်လပ်ရေး ရလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မစခင် ၁၉၃၉ မှာတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဖင်လန်နိုင်ငံတို့ စစ်ဖြစ်ခဲ့ကြပြီး ဖင်လန်ရဲ့ ကာရဲလီယာ ဒေသအများစု ဆိုဗီယက်လက်အောက် ပြန်ရောက်သွားခဲ့ပါတယ်။
ဖင်လန်နဲ့ ဆွီဒင်မှာ နေတိုးအဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လို ပြောင်းလဲလာသလဲ
ဖင်လန်နဲ့ ဆွီဒင်တို့ဟာ မူလအားဖြင့် စစ်ရေးအရ ဘက်မထားပဲ သီးခြားနေတဲ့ နိုင်ငံတွေ ဖြစ်ပေမယ့် ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုက အခုလို နေတိုးအဖွဲ့ဝင်ရေး လူထုထောက်ခံမှုကို ပိုများစေခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ထဲ ဝင်ဖြစ်သွားရင် ဖင်လန်နဲ့ ရုရှားနယ်စပ် တင်းမာမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ အစီအရင်ခံစာတခုလည်း ဖင်လန်ပါလီမန်မှာ တင်သွင်းထားမှု ရှိနေတာကို တွေ့ရပါတယ်။
ဖင်လန်အနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်သွားမယ်ဆိုရင် နေတိုးစာချုပ် အမှတ် ငါး အချက်အရ တစ်နိုင်ငံကို တိုက်ခိုက်မှုက တဖွဲ့လုံးကို တိုက်ခိုက်မှုလို့ ယူဆပြီး ပြန်လည် တုံ့ပြန် တိုက်ခိုက် ပေးကြမယ် ဆိုတဲ့ လုံခြုံရေး အာမခံချက်ကို ဖင်လန်က ရရှိမှာ ဖြစ်တယ်လို့ ဖင်လန်ဝန်ကြီးချုပ် မစ္စ မာရင် က ပြောပါတယ်။
ဆွီဒင်သတင်းစာ ဆဗန်စကာ ဒက်ဂ် ဘလာဒက် ကတော့ သူတို့ရဲ့ ဝန်ကြီးချုပ် မစ္စ အန်ဒါဆန်ဟာ လာမယ့် ဇွန်လကုန်ပိုင်းလောက်မှာ လုပ်မယ့် နေတိုးထိပ်သီး အစည်းအဝေးပွဲအမှီ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှု လုပ်ဖို့ မျှော်မှန်းထားပုံရတယ် ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
ဆွီဒင်ရဲ့ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်တစ် ပါတီဟာ ပုံမှန်အားဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး အားမပေးတဲ့ မူဝါဒ ရှိသူ ပါတီ ဖြစ်ပေမယ့်လည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကြောင့် အဲဒီ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်နေတယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။
အခုလို နေတိုးအဖွဲ့ဝင် လျှောက်ထားရေး သုံးသပ်ချက်ကို နောက်ထပ် လပိုင်း အနည်းငယ်အတွင်း အပြီးသတ်နိုင်တယ်လို့ ပါတီ အတွင်းရေးမှူး တိုဘိုင်းရက်စ် ဘောင်ဒင်က ဒေသခံ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းစစ် အကျိုးဆက်ကြောင့် ဆွီဒင်ရော ဖင်လန်ပါ ကာကွယ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖင်လန်ရဲ့ ထုတ်ပြန်ထားပြီး လုံခြုံရေး သုံးသပ်ချက်
ဖင်လန်နဲ့ ဆွီဒင်ခေါင်းဆောင်တွေ အခုလို တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ အချိန်အတွင်းမှာပဲ ဖင်လန်က နေတိုးဝင်ရေး ကိစ္စနဲ့ သီးခြား ခေါင်းစဉ် တပ်မထားတဲ့ လုံခြုံရေး သုံးသပ်ချက် အစီအရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းစစ်ပွဲကြောင့် ဥရောပရဲ့ လုံခြုံရေး ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ခဲ့ရတဲ့အတွက် ဖင်လန်ကာကွယ်ရေး မူဝါဒကို အခုလို သုံးသပ်ဖို့ ဖြစ်လာရတယ်လို့လည်း ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာ ဟာဗစ်စတို ဆိုပါတယ်။
အခုလို ဖင်လန် လုံခြုံရေး သုံးသပ်ချက် အစီအရင်ခံစာမှာ ဖင်လန်နဲ့တကွ ဥရောပရဲ့ လုံခြုံရေး အနေအထားဟာ စစ်အေးတိုက်ပွဲ နောက်ပိုင်း အလေးအပေးရဆုံးနဲ့ ခန့်မှန်းရ အခက်ဆုံး အချိန်ကို ရောက်လာတယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဖင်လန်ကို စစ်ရေးအင်အား တသီးတသန့် အသုံးပြုခံရမယ့် အနေအထားကိုပါ ဖင်လန်အစိုးရက ထည့်သွင်းစဉ်းစား ပြင်ဆင်နေတယ် ဆိုတဲ့ အချက်လည်း အဲဒီ သုံးသပ်ချက် အစီအရင်ခံစာထဲမှာ ပါဝင်ပါတယ်။
ဖင်လန်ဟာ ၂၀၂၆ မတိုင်ခင်မှာ ကာကွယ်ရေးအသုံးစရိတ် ၄၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ကြေညာထားပြီး ဖြစ်ပေမယ့် နေတိုးအဖွဲ့ဝင်ဖြစ်သွားမယ်ဆိုရင် နောက်ထပ် ၁.၅ ရာခိုင်နှုန်း ထပ်မံ တိုးချဲ့ရမှာဖြစ်ပြီး တိုင်းပြည်ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းပါ တက်လာမှာ ဖြစ်တယ်လို့ ဒီ အစီအရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။
ဖင်လန်နဲ့ နယ်စပ် ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားလာမယ်ဆိုရင်လည်း ကြိုဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖင်လန်နိုင်ငံမှာ အမြဲတမ်း စစ်သား အရေအတွက် ၂၁၅၀ဝ ထားရှိပြီး စစ်ဖြစ်လာရင် အရံတပ်သား အရေအတွက် နှစ်သိန်းအထိ ခေါ်ယူ နိုင်စွမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။
ဖင်လန်အစိုးရက ဒီအစီအရင်ခံစာနဲ့ ဆက်စပ်ပြီး ဘာတွေ ဆက်လုပ်မှာလဲ
အခုလို ထွက်ပေါ်လာတဲ့ အစီအရင်ခံစာဟာ လာမယ့် ဖြစ်လာနိုင်စရာ ဖင်လန်လုံခြုံရေးမူဝါဒ အတွက် အဆုံးအဖြတ်ပေးတာ မူဝါဒအသစ် ပေးတာမျိုး လုပ်ဖို့ မရည်ရွယ်ဘူးလို့ ဖင်လန်အစိုးရက ပြောဆိုထားပါတယ်။
ဒါ့အပြင် လုံခြုံရေး မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီ အစီအရင်ခံစာပါ တွေ့ရချက်တွေအပေါ် အခြေခံ ဆွေးနွေးမှုတွေ မလုပ်ဘဲ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဖင်လန်ဝန်ကြီးချုပ် မစ္စ မာရင်ကတော့ ဒီ လုံခြုံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ပါလီမန်အတွင်း အင်အားစုတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့တကွ သမ္မတ ကိုယ်တိုင်လည်း စုပေါင်း ဆွေးနွေးကြပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း အပြီးသတ်ဖို့ ရည်မှန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီကိုင်ကိုနန်ကလည်း ဖင်လန်စစ်တပ်အနေနဲ့ နေတိုးအဖွဲ့ထဲဝင်ရေး လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာလည်း ရုရှားတိုက်ခိုက်မှုအတွက် ဖင်လန်စစ်တပ်က အသင့်ဖြစ်နေဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖင်လန်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လူထုထောက်ခံမှု ရာခိုင်နှုန်းကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ၂၈ ရာခိုင်နှုန်းသာ ရှိရာကနေ ပြီးခဲ့တဲ့ ရုရှားက ယူကရိန်းက စတင်ကျူးကျော်အပြီး တလအတွင်းမှာ ၆၂ ရာခိုင်နှုန်းအထိ တက်သွားခဲ့တာကို တွေ့ရပါတယ်။









