ယူကရိန်းစစ်ပွဲ- မမျှော်လင့်တဲ့ အကျိုးဆက်တွေ ကြုံရမယ်လို့ အနောက်နိုင်ငံတွေကို ရုရှား တရားဝင် သတိပေး

ဓာတ်ပုံ ရင်းမြစ်, PA Media
အမေရိကန်နဲ့ တခြား မဟာမိတ်နိုင်ငံတွေ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ရုရှားက တရားဝင် သတိပေးပြောကြားလိုက်ပါတယ်။
ဒီသတိပေးချက်ကို ရုရှားဘက်က တရားဝင် သံတမန်ပေးစာနဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီစာနှစ်မျက်နှာပါ သံတမန်လမ်းကြောင်းက ပေးစာကို အမေရိကန် ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးကနေတစ်ဆင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးခဲ့တာပါ။
အဲဒီသတိပေးစာမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့က လက်နက်တွေ ပေးပို့နေတာဟာ ယူကရိန်း ပဋိပက္ခကို မီးထိုးပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီသစ်တွေ ပေးပို့တယ်ဆိုတဲ့ သတင်းထွက်လာတဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အဲဒီသတိပေးစာကို ပေးခဲ့တာပါ။
ဒါဟာ အမေရိကန်နဲ့နေတိုးအဖွဲ့ရဲ့ စစ်ရေးအကူအညီတွေ ထိရောက်မှုကြောင့် ရုရှားဘက်က ရှုံးနိမ့်နေတာပြတဲ့ သဘောပဲလို့ အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးက ပြောပါတယ်။
စစ်ပွဲစကတည်းက အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၃ ဘီလျံ ကျော် ဖိုး ပေးပို့ခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရုရှားပြည်ဝင်ခွင့်ပိတ်
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ယူကေရဲ့ ရန်လိုတဲ့ ရပ်တည်ချက်ကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရုရှားနိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ယူကေ နိုင်ငံခြားရေးဝန်ကြီး လစ္စ ထရပ်စ်၊ ကာကွယ်ရေး ဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ အစိုးရ အဖွဲ့ဝင် ၁၀ ဦးတို့နဲ့အတူ နိုင်ငံရေးသမားတွေကို ရုရှားနိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကေဘက်ကလည်း ရုရှား အဆင်မြင့်အရာရှိကြီးတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားသလို ရုရှားကလည်း အခု ပိတ်ပင်အရေးယူတဲ့စာရင်းကို ထပ်တိုးဦးမယ်လို့ဆိုပါတယ်။
ရုရှားက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အမေရိကန် အရာရှိတွေကိုလည်း ပြည်ဝင်ခွင့် ပိတ်ထားပြီး ဖြစ်ပါတယ်။
ဗြိတိန် အထူးတပ်ဖွဲ့တွေ ယူကရိန်းမှာ လေ့ကျင့်ပေးနေတယ်လို့ သတင်းထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန် လေကြောင်းအထူးတပ်ဖွဲ့ဝင်တွေ ယူကရိန်း ကိယက်ဗ် စစ်မြေပြင်မှာ ယူကရိန်းစစ်သားတွေကို လေ့ကျင့်ပေးနေတယ်လို့ ယူကရိန်း စစ်ဘက် သတင်းရင်းမြစ်တွေက The Times of London သတင်းစာကို ပြောပါတယ်။
ယူကရိန်း တပ်ဖွဲ့နှစ်ခုက အရာရှိတွေက သောကြာနေ့မှာ အဲဒီသတင်းစာကို ပြောခဲ့တာ ဖြစ်ပြီး အဲဒီ အထူးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ အဲဒီသီတင်းပတ်မတိုင်ခင်တို့မှာ လေ့ကျင့်ရေးတွေကို ဦးဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆရာတွေက ဗြိတန်ထုတ် တင့်ဖျက်ဒုံး NLAW တွေကို ဘယ်လို သုံးရသလဲဆိုတာ ပြခဲ့ကြတယ်လို့ တပ်မှူးတစ်ယောက်က ပြောပါတယ်။
အဲဒီလို ဗြိတိန်စစ်သားတွေ ယူကရိန်းမြေထဲမှာ တာဝန်ထမ်းဆောင်နေကြတယ်ဆိုတဲ့ သတင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုတာ မရှိသေးပါဘူး။
ကိယက်ဗ်က စစ်ဘက်စက်ရုံတစ်ခုကို ရုရှားတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်က စစ်ဘက်စက်ရုံတစ်ရုံကို ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှား TASS သတင်းဌာနက ဖော်ပြပါတယ်။
စစ်လက်နက်ပစ္စည်းတွေ၊ သိုလှောင်ရုံတွေနဲ့ လက်နက်ခဲယမ်းအခြေချ စခန်းတွေအပါအဝင် ရန်သူပစ်မှတ် ၁၆ ခုကို ပစ်မှတ်ကို တိတိကျကျ တိုက်နိုင်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းတောင်ပိုင်းက မိုင်ကိုလာယိဗ်မြို့က စစ်လက်နက် ပြုပြင်ထိန်းသိမ်းရေး စက်ရုံတစ်ရုံကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာတွေအပြင် ယူကရိန်းက တခြားမြို့တွေမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
ယူကရိန်းစစ်သား ၃၀၀၀ သေဆုံးခဲ့တယ်လို့ သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Handout
ရုရှားတို့ စတင်ကျူးကျော်ချိန်ကစပြီး ယူကရိန်း စစ်သား ၃၀၀၀ အထိသေဆုံးခဲ့ပြီး ၁၀၀၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက ပြောပါတယ်။
ဒါပေမဲ့ ရုရှားဘက်က ဒီထက်အတော်များများ အကျအဆုံးရှိခဲ့တယ်လို့ သူက ပြောထားပါတယ်။
ဘီဘီစီကတော့ အဲဒီကိန်းဂဏန်းတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။








