နေတိုးအဖွဲ့က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်နေလဲ

Nato soldiers in Serbia, 2021

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်းကသာ သူ့ဘာသာသူ ကာကွယ်နေရတဲ့အပေါ် ဘယ်လို ဆက်ပြီး ကူညီသွားကြမလဲ ဆိုတာကို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေ ဆွေးနွေးနေပါတယ်။

ယူကရိန် နိုင်ငံခြားရေး ဝန်ကြီး သူတို့ကို တောင်းဆိုနေတာကတော့ "လက်နက်၊ လက်နက်၊ လက်နက်"ပါ။

နေတိုးမဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ချက်ဇ် ပြည်သူ့သမ္မတနိုင်ငံက တင့်ကားတွေ၊ ခြေလျင်တပ်သုံး ယာဉ်တွေ ယူကရိန်းကို ပို့တယ်လို့ သိရပါတယ်။

အမေရိကန်ကတော့ အဆင့်မြင့်နည်းပညာသုံး တင့်ကားဖျက် ဒရုမ်းတွေ ထောက်ပံ့ပါတယ်။

နေတိုး အဖွဲ့ဆိုတာ ဘာလဲ

မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ နေတိုး(Nato - the North Atlantic Treaty Organization) က အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံတွေအပါအဝင် နိုင်ငံ ၁၂ နိုင်ငံက ၁၉၄၉ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ စစ်ရေး မဟာမိတ် အဖွဲ့ပါ။

ဒုတိယကမ္ဘာစစ်ပြီးခေတ် ဥရောပမှာ ရုရှားက ချဲ့ထွင်လာမယ့် ခြိမ်းခြောက်မှုကို တန်ပြန်ဖို့အတွက် သူတို့ ကနဦးက ရည်ရွယ်ထားခဲ့ကြ ပါတယ်။

ဆိုဗီယက် ရုရှားကလည်း သူ့ရဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေ အကြားမှာ ဝါဆောစာချုပ်နဲ့ သူတို့ရဲ့ စစ်ရေးမဟာမိတ် အဖွဲ့ဖွဲ့ကာ တုံ့ပြန်ပါတယ်။

၁၉၉၁ ခုနှစ်က ဆိုဗီယက် ပြည်ထောင်စု ပြိုလဲသွားပြီးနောက်ပိုင်းမှာ ဝါဆော စာချုပ်အဖွဲ့ဝင်နိုင်ငံ တချို့က ဘက်ပြောင်းပြီး နေတိုး အဖွဲ့ကို ဝင်ကြပါတယ်။ နေတိုးဟာ အခုဆိုရင် အဖွဲ့ဝင် နိုင်ငံ ၃၀ ရှိနေပါပြီ။

သူတို့အဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံတခုခု စစ်ရေးအရ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေက ကူညီကြမယ်လို့ အဖွဲ့ဝင်တွေက ကတိပြုထားကြပါတယ်။

A graphic showing Nato's expansion since 1997

နေတိုးက ယူကရိန်းကို သူတို့ရဲ့ စစ်တပ်တွေ ဘာလို့ မလွှတ်တာလဲ

ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် အဲဒီနိုင်ငံ ကာကွယ်ရေးနဲ့ ပတ်သက်လို့ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့သူတို့တပ်တွေ သွားရောက်ပြီး ကူညီဖို့ တာဝန်မရှိပါဘူး။

နောက်ပြီး တကယ်လို့ သူတို့တပ်တွေက ယူကရိန်းမှာ ရုရှားတပ်တွေကို ရင်ဆိုင်ဖို့ စေလွှတ်မယ်ဆိုရင် ရုရှားနဲ့ အနောက်ကမ္ဘာအကြား စစ်ပွဲကြီး ဖြစ်သွားနိုင်တာကို နေတိုးက စိုးရိမ်ထိတ်လန့်ပါတယ်။

နေတိုးက သူ့အဖွဲ့ဝင်နိုင်ငံတွေဟာ "ယူကရိန်းကို သူတို့ တတ်နိုင်တာအားလုံးကို အကူအညီပေးဖို့ ပိုင်းဖြတ်ထားတယ်"လို့ ဆိုထားပေမယ့် ယူကရိန်း ပိုင်နက်နယ်မြေ ထက်ကျော်ပြီး စစ်ပွဲက ပိုကျယ်ပြန့်မလာအောင် အာမခံထားပါတယ်။

ဒါကြောင့်မို့ ယူကရိန်းအပေါ် လေယာဉ်မပျံသန်းရေးဇုန် သတ်မှတ်ပေးရေး တောင်းဆိုချက်ကို သူတို့က ငြင်းလိုက်တာပါ။

ဒါပေမဲ့ ယူကရိန်းနဲ့ နယ်စပ်ချင်းကပ်လျက်ရှိနေပြီး သူတို့ရဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားကို သူတို့ရဲ့ စစ်တပ်တွေ ပို့ထားပြီး ဒေသတွင်းမှာ နေတိုးရဲ့ တပ်အင်အားကို ၂ ဆ မြှင့်ထားပါတယ်။

ယူကရိန်းက နေတိုးရဲ့ အဖွဲ့ဝင် ဘာ့ကြောင့် မဖြစ်တာလဲ

အဖွဲ့ဝင်ဖြစ်နိုင်ရေးအတွက် ယူကရိန်းကို နေတိုးက ၂၀၀၈ ခုနှစ်မှာ ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို ဝင် သိမ်းပိုက်လိုက်တဲ့အခါ ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် ဦးစားပေး ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် သူတို့ နေတိုးအဖွဲ့ဝင် ဖြစ်မလာခဲ့ပါဘူး။ အဓိကအကြောင်းကတော့ ရုရှားက အဲဒီကိစ္စကို တောက်လျောက် ကန့်ကွက်လာ လို့ပါ။

ယူကရိန်းကို ဝင်မကျူးကျော်ခင် ရုရှားရဲ့တောင်းဆိုမှုတွေထဲက တခုက ယူကရိန်းကို နေတိုးထဲ ဘယ်တော့မှာ ဝင်ခွင့်မပြုနဲ့ ဆိုတာပါ။ အဲဒါကို နေတိုးမဟာမိတ်အဖွဲ့က လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

အရှေ့ဥရောပက အဖွဲ့ဝင်နိုင်ငံသစ်တွေကို ထည့်သွင်းရင်း နေတိုးဟာ သူတို့နယ်မြေဘက်ဆီကို တဖြည်းဖြည်းတိုးပြီးရောက်လာနေတာကို ရုရှားက စိုးရိမ်သလို သူတို့အိမ်နောက်ဖေးမှာ ယူကရိန်းက နေတိုးတပ်ဖွဲ့တွေ သွင်းယူလာမှာကို ပူပင်ထိတ်လန့်ပါတယ်။

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဒီအချိန်မှာ သူ့နိုင်ငံအနေနဲ့ နေတိုးကို ဝင်လို့မရတာ လက်ခံထားပြီး "ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် နိုင်ငံမဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ နားလည်ပါတယ်" လို့ ပြောပါတယ်။

ဗြိတိန်နဲ့ တခြားနိုင်ငံတွေက ယူကရိန်းကို ပို့ပေးနေတဲ့ လက်နက်တွေက ဘာတွေလဲ

ဘရပ်ဆဲလ်က နေတိုးအစည်းအဝေး မတိုင်ခင်မှာ မစ်ဇိုင်း လက်နက် ၆၀၀၀ နဲ့ ယူကရိန်း စစ်တပ်က တပ်ဖွဲ့ဝင်တွေကို လစာပေးနိုင်ဖို့ စတာလင် ပေါင် ၂၅ သန်း ယူကရိန်းကို ထောက်ပံ့မယ်လို့ ဗြိတိန်က ပြောပါတယ်။

ဗြိတိန်ဟာ အရင်က ယူကရိန်းကို ပုခုံးထမ်းပစ် တင့်ကားပစ် မစ်ဇိုင်းလက်နက် အရေအတွက် ၄၀၀၀ ကျော် ပေးထားပြီးဖြစ်ပါတယ်။

Ukrainian soldier with a Javelin

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ တုန်းက Javelin အမျိုးအစား တင့်ကားပစ် မစ်ဇိုင်းလက်နက်ကို ကိုင်ဆောင်ထားတဲ့ ယူကရိန်း စစ်သား တယောက်

နောက်ပြီး ကျည်ကာဝတ်စုံတွေ၊ ခေါင်းဆောင်းတွေ၊ စစ်ဖိနပ်တွေကိုလည်း ဗြိတိန်က ယူကရိန်းကို ပေးပါတယ်။

ပိုလန်ကိုလည်း လေကြောင်းကနေ အဝေးပစ်တိုက်ခိုက်မှုကို ကာကွယ်ပေးတဲ့ စနစ် Sky Sabre ကို တပ်ဆင်ပေးထားသလို အဲဒီ စနစ်ကို ကိုယ်တွယ်လုပ်ဆောင်ပေးဖို့ စစ်အင်အား ၁၀၀ ကို စေလွှတ်ထားပါတယ်။

အမေရိကန်က အစဦးပိုင်းမှာ ဒေါ်လာ သန်း ၂၀၀ ဖိုး လက်နက်တွေ ကူညီခဲ့ပြီး နောက်ပိုင်းမှာ ဒေါ်လာ သန်း ၃၅၀ ဖိုး လက်နက်တွေ ပို့ပေးခဲ့ပါတယ်။

အဲဒီထဲမှာ Javelin တင့်ကားဖျက် မစ်ဇိုင်းတွေ၊ Stinger လေယာဉ်ပစ် မစ်ဇိုင်းတွေ ပါဝင်ပါတယ်။

အမေရိကန်က ဒေါ်လာ ၁ ဘီလျံ ဖိုး လက်နက်တွေ ကူညီမယ်လို့လည်း ကြေညာထားပါတယ်။ အဲဒီထဲမှာ Swithchblade တင့်ကားဖျက် ဒရုမ်းတွေလိုမျိုး အဆင့်မြင့် တာဝေးသုံး လက်နက်တွေလည်း ပါဝင်ပါလိမ့်မယ်။

ချက်ဇ် ပြည်သူ့သမ္မတနိုင်ငံက သူတို့ ယူကရိန်းကို အမေရိကန် ဒေါ်လာ ၄၅ သန်း ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့ပြီး အဲဒီထဲမှာ တင့်ကားတွေ၊ ခြေလျင်တပ်သုံး ယာဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Turkish fighter jets on patrol for Nato over Poland

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥရောပ အရှေ့ပိုင်းမှာ နေတိုးက စစ်ရေး ကာကွယ်မှုတွေကို တိုးမြှင့်ထား

ဥရောပ သမဂ္ဂက သူတို့အနေနဲ့ ယူကရိန်းကာကွယ်ရေးအတွက် ယူရိုငွေ ၄၅၀ သန်း သုံးစွဲ ကူညီမယ်လို့ ပြောပါတယ်။ စစ်ပွဲဇုန်အတွက် လက်နက်တွေထောက်ပံ့တာဟာ ဥရောပ သမဂ္ဂ အဖို့ သူ့ သမိုင်းမှာ ဒါဟာ ပထမဆုံးပါ။

ဂျာမနီလည်း နှစ်ပေါင်းရှည်ကြာ ရပ်တည်ကိုင်စွဲလာခဲ့တဲ့ စစ်ပွဲနေရာတွေကို လက်နက်တွေ မထောက်ပံ့ဘူးလို့ ဆိုတဲ့ မူကို ပြောင်းလဲ လိုက်ပါပြီ။ သူလည်း ယူကရိန်းကို ခြေလျင်တပ်သုံး ယာဉ်တွေ အရေအတွက် ဒါဇင်ပေါင်းများစွာ ပို့နေပါတယ်။

နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ အက်စတိုးနီးယား၊ လက်ဗီးယား၊ စလိုဗက်ကီးယား စတဲ့နိုင်ငံတွေကလည်း ခဲယမ်းမီးကျောက်တွေ၊ လောင်စာဆီတွေ၊ ရိက္ခာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ယူကရိန်းကို ထောက်ပံ့ပါတယ်။

အရှေ့ဥရောပမှာ နေတိုးက စစ်တပ်အင်အား ဘယ်လောက်ချထားလဲ

အခုနောက်ဆုံး ဘယ်လောက်ချထားမလဲဆိုတာ သဘောတူချိန် မတိုင်ခင် လက်ရှိမှာတော့ နေတိုးဟာ မြောက်ဘက် ဘောလတစ် နိုင်ငံများကနေ တောင်ဘက် ရိုမေးနီးယားနိုင်ငံအထိ သူတို့ တပ်တွေ ချထားပါတယ်။

ရုရှားက ခရိုင်းမီးယားကို ဝင်သိမ်းတဲ့ ၂၀၁၄ ခုနှစ်က စတင်ပြီး အဲဒီလို ချထားတာဖြစ်ပြီး ရုရှားက တိုက်ခိုက်လာရင် အစပျိုး ခုခံနိုင် အောင် ချထားတာပါ။

ရုရှားနဲ့ ယူကရိန်းနယ်စပ်က အရှေ့ဥရောပ နိုင်ငံတွေမှာ ချထားတဲ့ နေတိုး တပ်အင်အားက ၄၀,၀၀၀ ခန့် ရှိပါတယ်။

နေတိုးဟာ တိုက်လေယာဉ် အစီး ၁၀၀ ကို အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ မြောက်ပိုင်းစွန်းကနေ အရှေ့မြေထဲပင်လယ် အထိလည်း စစ်သင်္ဘော ၁၂၀ နဲ့ ကင်းလှည့်နေပါတယ်။

အရှေ့ဥရောပဘက်ကို သူ့စစ်တပ်တွေ ပိုပြီး လွှတ်ပေးဖို့အတွက်လည်း အမေရိကန်က သဘောတူထားပါတယ်။