ယူကရိန်းအရေးမှာ နေတိုးဘာလဲ၊ ဘယ်လဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက ယူကရိန်းကို ကျူးကျော်လာခဲ့ရင် ဘယ်လောက် အထိ ကူညီနိုင်မလဲဆိုတာ နေတိုး အဖွဲ့ဝင် နိုင်ငံတွေ ချိန်ဆ နေကြပါတယ်။
ဒီနေတိုး မဟာမိတ်အဖွဲ့ထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ ပါဝင်နေပြီး သူတို့က စစ်ရေးအရေ အသင့်ဖြစ်အောင် ပြင်ဆင်နေပြီး ယူကရိန်းကို ကူညီကြမှာ ဖြစ်ပါတယ်။
ဒီတော့ နေတိုးအဖွဲ့ဆိုတာက ဘာလဲ၊ ဒီအဖွဲ့နဲ့ ရုရှား ယူကရိန်းတို့ အကြား ဆက်နွယ်မှုတွေ ဘယ်လို ရှိနေသလဲဆိုတာ ကြည့်ရအောင်ပါ။
နေတိုးအဖွဲ့ဆိုတာက ဘာလဲ။
နေတိုးဆိုတာ မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ကို အတိုကောက် အနေနဲ့ ခေါ်တာ ဖြစ်ပါတယ်။
ဒီအဖွဲ့က စစ်ရေး မဟာမိတ် အဖွဲ့ ဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ ဖွဲ့စည်းထား တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် တနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ခဲ့မယ်ဆိုရင် တခြားနိုင်ငံတွေက ကူညီဖို့ ဒီနေတိုးအဖွဲ့ဝင်တွေက သဘောတူထားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းရတဲ့ မူလ ရည်ရွယ်ချက်က ဥရောပကို ကျူးကျော်လာတဲ့ စစ်ပြီးခေတ် ရုရှားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကလည်း ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ ကွန်မြူနစ် နိုင်ငံတွေနဲ့ စစ်ရေးမဟာမိတ် အဖြစ် ဝါဆောစာချုပ်ကို ချုပ်ဆိုပြီး နေတိုးအဖွဲ့ကို ရင်ဘောင်တန်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကျခဲ့ပြီးခဲ့ချိန်မှာတော့ ဝါဆော စာချုပ်မှာ ပါဝင်တဲ့ နိုင်ငံတချို့က နေတိုး အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ နေတိုးမှာ အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိပါတယ်။
လက်ရှိ ရုရှားနဲ့ နေတိုး၊ ရုရှားနဲ့ ယူကရိန်း အခြေအနေက ဘယ်လိုရှိလဲ။
ယူကရိန်းက အရင်က ဆိုဗီယက်ပြည်ထောင်စုထဲက ဖြစ်ပြီး ရုရှား၊ ဥရောပနဲ့ နယ်စပ်ခြင်း ထိစပ်နေပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင် နိုင်ငံမဟုတ်ပေမဲ့ လက်တွဲဖော် နိုင်ငံတခု အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်တွဲဖော် နိုင်ငံဆိုတာက အနာဂတ်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။
ဒါပေမဲ့ ယူကရိန်းကို နေတိုးက အဖွဲ့ဝင် ဖြစ်ခွင့်မပြုဘူးဆိုတဲ့ အာမခံချက် ကို အနောက်အုပ်စုထံကနေ ရုရှားက လိုချင်နေတာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ ရုရှားမျိုးနွယ်စုတွေလည်း လူဦးရေ အတော်များများ နေထိုင်နေပါတယ်။ ဒါကြောင့် ရုရှားနဲ့ လူမှုရေး ယဥ်ကျေးမှုတွေက နီးစပ် ဆက်နွယ်နေပါတယ်။ မဟာဗျူဟာ အရဆိုရင် ရုရှားက ယူကရိန်းကို သူ့ရဲ့ မဟာမိတ် နောက်လိုက် ဖြစ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ရုရှားက ဘာတွေကို စိုးရိမ်နေလဲ။
မဟာမိတ်အဖွဲ့ကို သုံးပြီး အနောက်အုပ်စုက ရုရှားကို ဝိုင်းထားတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ဒါ့အပြင် ဥရောပအရှေ့ပိုင်းမှာ နေတိုးက သူရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို သူက ရပ်တန့်ချင်နေတာ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာ နေတိုးက အရှေ့ပိုင်းကို ထပ်ပြီး မချဲ့ထွင်ဘူးဆိုတဲ့ ပေးထားတဲ့ အာမခံချက်ကို အမေရိကန်က ချိုးဖောက်ခဲ့တယ်လို့ မစ္စတာ ပူတင်က ပြောပါတယ်။
နေတိုးက ရုရှားရဲ့ ပြောဆိုချက်ကို ငြင်းထားပြီး အဖွဲ့ဝင်နိုင်ငံတချို့ကပဲ ရုရှားနဲ့ နယ်မြေချင်း ထိစပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ယူကရိန်းနယ်စပ်မှာ ရုရှား တပ်ဖွဲ့တွေ တိုးချဲ့ချနေတာကလည်း ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်ကို လေးလေး နက်နက် စဥ်းစားဖို့ အနောက်အုပ်စုကို အတင်းအကျပ် လုပ်ဆောင်တဲ့ ကြိုးပမ်းချက် ဖြစ်တယ်လို့ အများစုက ယုံကြည်နေကြပါတယ်။

ရုရှားနဲ့ ယူကရိန်းနဲ့ ပတ်သက်ပြီး အတိတ်က နေတိုးဘာတွေ လုပ်ခဲ့လဲ။
၂၀၁၄ ခုနှစ်မှာ ယူကရိန်းတွေက ရုရှားလိုလားတဲ့ သမ္မတကို ဖြုတ်ချခဲ့တဲ့ အချိန်မှာ ယူကရိန်းတောင်ပိုင်းက ခရိုင်းမီးယားကျွန်းကို ရုရှားက သိမ်းယူ လိုက်ပါတယ်။
ဒါ့အပြင် ယူကရိန်း အရှေ့ပိုင်းတခွင်ကို သိမ်းထားတဲ့ ရုရှားကို လိုလားတဲ့ ခွဲထွက်ရေးသမားတွေကိုလည်း ထောက်ခံပေးခဲ့ပါတယ်။
ဒီအချိန်ထိ နေတိုးက တစုံတရာ မစွက်ဖက်ခဲ့ပါဘူး။ ဒါပေမဲ့ အရှေ့ ဥရောပ နိုင်ငံအတော်များများမှာ ပထမဆုံးအကြိမ်အဖြစ် တပ်ဖွဲ့တွေကို ချထားပြီး နေတိုးက တုံ့ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အက်စ်တိုးနီးယား၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ ပိုလန်တွေမှာ နိုင်ငံတကာ တပ်ဖွဲ့တွေပါတဲ့ တပ်ရင်း ၄ ခု အရွယ်အစားရှိတဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို ချထားပါတယ်။ ရိုမေးနီးယားမှာ တပ်မဟာတခုကိုလည်း ချထားပါတယ်။
ဒါ့အပြင် ဘော်တစ်ပြည်နယ်နဲ့ အရှေ့ဥရောပမှာ လေကြောင်း စောင့်ကြည့် ရေး တွေတိုးချဲ့ခဲ့ပါတယ်။
ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လေပိုင်နက်ထဲကို ချိုးဖောက်ဝင်လာတဲ့ ရုရှား လေယာဥ်တွေကို ကြားဖြတ် စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေကို ထွက်သွားဖို့ ရုရှားက ပြောဆိုထားပါတယ်။
နေတိုးက ယူကရိန်းကို ဘာအာမခံချက်တွေ ပေးထားလဲ။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ကျူးကျော်ရင် ရုရှား အနေနဲ့ အများကြီး ပေးဆပ်ရမယ်လို့ ပြောပါတယ်။
အမေရိကန်က တိုက်ပွဲဝင်ဖို့ အသင့်အနေအထားရှိတဲ့ တပ်ဖွဲ့ ၈၅၀၀ကို အသင့်ပြင်ထားပေမဲ့ နေတိုးက အရေးပေါ်တန်ပြန်ရေး တပ်ဖွဲ့တွေ လှုပ်ရှားဖို့ ဆုံးဖြတ်မှသာ ဒီတပ်ဖွဲ့တွေကို ချသွားမယ်လို့ ပင်တဂွန်က ပြောပါတယ်။
ဒါပေမဲ့ ဒီတပ်ဖွဲ့တွေကို ယူကရိန်းမှာ သူတို့ရဲ့အစီစဥ်နဲ့ ချသွားဖို့ အစီအစဥ်မရှိဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbockက စစ်ရေးဆိုင်ရာ နောက်ထပ် တင်းမာမှုတွေအတွက် ရုရှားက စီးပွားရေး နိုင်ငံရေးနဲ့ ဗျူဟာပိုင်းဆိုင်ရာတွေမှာ အကြီးအကျယ်ပေးဆပ်ရမယ်လို့ ပြောပါတယ်။
ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် မဟာမိတ်တွေက အမြန်ဆုံး တုံပြန်ဖို့လိုတယ်လို့ ပြောပါတယ်။
ယူကရိန်းအရေး နေတိုးအဖွဲ့ဝင်တွေအကြား သဘောထားတခုထဲလား။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဥရောပ ခေါင်းဆောင်တွေအကြားမှာ သဘောထား တခုတည်းရှိတယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတွေက ကမ်းလှမ်းတဲ့ ထောက်ပံ့မှုကသာ ကွဲပြားတယ်လို့ ဆိုပါတယ်။
ရှေ့တန်းမှာ ခုခံနေတဲ့သူတွေအတွက် လက်နက်ခဲယမ်းတွေ အပါအဝင် အကူအညီ တန် ၉၀ ကို ပေးပို့ထားတယ့်လို့ အမေရိကန်က ပြောပါတယ်။
ဗြိတိန်ကလည်း တာတိုပစ် တင့်ကားဖျက် ဒုံးတွေကို ထောက်ပံ့ပေးထား တယ်လို့ ဆိုပါတယ်။
ဒီဒေသအတွင်းမှာ ခုခံမှုကို ပိုမိုအားကောင်းလာစေဖို့ ဒိန်းမတ် စပိန် ပြင်သစ်နဲ့ နယ်သာလန် နိုင်ငံတွေက တိုက်လေယာဥ်တွေ စစ်သင်္ဘော တွေကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပဋိပက္ခဒေ'သတွေကို သေစေနိုင်တဲ့ လက်နက်တွေ မပေးပို့ရဘူး ဆိုတဲ့ မူဝါဒကြောင့် ကာကွယ်ရေး လက်နက်တွေကို ပေးပို့ဖို့ ယူကရိန်းရဲ့ တောင်းဆိုချက်ကို ဂျာမနီက ငြင်းထားပါတယ်။
ဆေးဝါး အကူအညီကိုတော့ ပေးထားပါတယ်။ တပြိုင်တည်းမှာပဲတင်းမာမှုကို လျော့ချနိုင်ဖို့ ရုရှားနဲ့ ဆွေးနွေးဖို့ ပြင်သစ် သမ္မတ မက်ခရွန်က တောင်းဆိုနေပါတယ်။








