ယူကရိန်း အကျပ်အတည်း - ယူကရိန်းကို နေတိုးထဲ ပေးမဝင်ဖို့ ရုရှားတောင်းဆိုချက် ကန်ပယ်ချ

အမေရိကန်က ဘယ်လမ်းရွေးရွေး အသင့်ပါပဲလို့ မစ္စတာ ဘလင်ကင်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်က ဘယ်လမ်းရွေးရွေး အသင့်ပါပဲလို့ မစ္စတာ ဘလင်ကင်ပြော

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို နေတိုးထဲ ပေးမဝင်ဖို့ ရုရှားရဲ့ တောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။ အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ရှိနေတဲ့ ကြားမှာပဲ အခုလို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ယူကရိန်း အကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် ရုရှားရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် ဘက်က တရားဝင် အကြောင်းပြန်ချက်ကို ပေးပို့ခဲ့ပါတယ်။

မစ္စတာ ဘလင်ကင်က ဘာမှ အလျှော့ပေးထားတာ မရှိပေမယ့် ရုရှားကို သူတို့ ဘက်က ရွေးချယ်လိုတယ်ဆိုရင် အင်မတန်မှ အရေးကြီးတဲ့ သံတမန်ရေး လမ်းကြောင်း တခုကို ချပေးထားတယ်လို့ ပြောပါတယ်။

ရုရှားဝန်ကြီးကတော့ မစ္စတာ ဘလင်ကင်ရဲ့ နေတိုးနဲ့ အတူ ညှိနှိုင်း ဆောင်ရွက်ပြီး ပေးပို့ခဲ့တဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ သူတို့ဘက်ကလည်း လေ့လာစဥ်းစားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားက နေတိုး စစ်မဟာမိတ် အဖွဲ့ ကျယ်ပြန့်လာတာနဲ့ တခြား ဆက်စပ် လုံခြုံရေး ကိစ္စတွေအပါအဝင် သူတို့ ဘက်က စိုးရိမ်မှုတွေကို ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အထဲမှာ ယူကရိန်းနဲ့ တခြား နိုင်ငံတွေ နေတိုးအဖွဲ့ထဲ ဝင်ရောက်လာနိုင်တာကို လုံးဝ လက်မခံဖို့ အတွက် တောင်းဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာလည်း ရုရှားဟာ ယူကရိန်းနဲ့ နယ်စပ်အနီးမှာ သူတို့ တပ်ဖွဲ့ဝင် အင်အား အများအပြားကို စုရုံးလာခဲ့ပါတယ်၊ အနောက်နိုင်ငံတွေဘက်က ဒါဟာ ယူကရိန်းကို ကျူးကျော်ဖို့ စစ်ပြင်နေတာ ဖြစ်တယ်လို့ ယူဆကြပြီး ရုရှားကတော့ ငြင်းပါတယ်။

မစ္စတာ ဘလင်ကင်က အမေရိကန်ရဲ့ တုံ့ပြန်ချက်ထဲမှာ သူတို့ရဲ့ အဓိက အခြေခံ သဘောတရား မူဝါဒတွေကို ရှင်းရှင်းလင်းလင်း ပြောထားတယ်၊ အဲဒီအထဲမှာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ နေတိုးအဖွဲ့လို့ လုံခြုံရေးဆိုင်ရာ မဟာမိတ် အဖွဲ့တွေထဲ ဝင်ဖို့ ကိုလည်း ကိုယ်ပိုင် ရွေးချယ်နိုင်ခွင့် ရှိတယ်ဆိုတာ လည်း ပါတယ်လို့ ဆိုပါတယ်။

သံတမန်ရေးနဲ့ ပတ်သက်လို့လည်း အလေးထားပြီး ဆောင်ရွက်နေတာ သံသယ ဖြစ်စရာ မလိုကြောင်း၊ တစ်ဖက်မှာလည်း ရုရှားဘက်က ရန်လိုမှုတွေ ပိုပြီး ပြသလာရင် ညီညီညွတ်ညွတ်နဲ့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ဖို့အတွက် ယူကရိန်းရဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကို အဆင့်မြှင့်ပေးဖို့ အာရုံစိုက်ပြီး အင်နဲ့ အားနဲ့ ဆောင်ရွက်နေကြောင်း မစ္စတာ ဘလင်ကင်က ပြောပါတယ်။

ဆက်လက်ပြီး မစ္စတာ ဘလင်ကင်က အခုကိစ္စအတွက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရုရှားဘက်က ဆုံးဖြတ်ဖို့ပဲ လိုတယ်၊ သူတို့ ဘက်ကတော့ ဘယ်လမ်းရွေးရွေး အသင့်ပါပဲလို့ ပြောပါတယ်။

မစ္စတာ ဘလင်ကင်က အမေရိကန်ဘက်က ဒီသီတင်းပတ်ထဲမှာတင် ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ပစ္စည်းတွေ ၃ ကြိမ် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ အဲဒီထဲမှာ ဂျဗလင် ဒုံးကျည်တွေနဲ့ သံချပ်ကာ ဖျက် လက်နက်တွေအပါအဝင် စစ်လက်နက် ပစ္စည်းနဲ့ ခဲယမ်းမီးကျောက် တန်ချိန် ရာပေါင်းများစွာကို ပါဝင်ကြောင်း ဆိုပါတယ်။

လျို့ဝှက် ဆွေးနွေးမှုများ

အမေရိကန်နဲ့ သူတို့ရဲ့ နေတိုး မဟာမိတ် ဥရောပနိုင်ငံအတွေကြား သဘောကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ အပေါ်မှာလည်း မစ္စတာ ဘလင်ကင်က ငြင်းဆိုခဲ့ပါတယ်။ သူ့ဘက်က သီးသန့် အဆိုပြုချက်တွေကလည်း အဖွဲ့ရဲ့ အဆိုပြုချက်နဲ့ အပြန်အလှန် အကျိုးဖြစ်စေတဲ့ အကြောင်း ပြောပေမယ့် အဲဒီအမေရိကန်ဘက်က အဆိုပြုချက်တွေထဲ ဘာတွေ ပါလဲဆိုတာကိုတော့ အများသိအောင် ချပြမှာ မဟုတ်ပါဘူး။

လျို့ဝှက် ဆွေးနွေးပွဲတွေ လုပ်သွားဖို့ ကွက်လပ် ချန်ထားပေးမယ်ဆိုရင် သံတမန်ရေးနဲ့ အောင်မြင်ဖို့ အခွင့်အလမ်း အကောင်းဆုံး ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘဂ်က မဟာမိတ်အဖွဲ့ရဲ့ အဆိုပြုချက်ကိုလည်း မော်စကို ကိုပေးပို့ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။ သူ့ဘက်က ရုရှားရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ဖို့ လိုလားတယ်၊ တစ်ဖက်မှာလည်း နိုင်ငံတိုင်းဟာ သူတို့ လုံခြုံရေးနဲ့ ပတ်သက်လို့ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိတယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်ကတော့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ရုရှားနယ်စပ်အနီး နေတိုးက အင်အားတိုးလာနေတာနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ မစ္စတာ စတိုလ်တန်ဘဂ်ဟာ ပကတိအခြေအနေတွေနဲ့ ကင်းကွာနေတယ်လို့ ပြောပါတယ်။

သူထုတ်ပြန်ပြောကြားတာတွေကို လိုက်မစဥ်းစားတော့တာ တော်တော်ကြာနေပါပြီလို့ မစ္စတာ လက်ဗရော့ဗ်က လူမှုကွန်ရက်ပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်တဲ့ ရုရှားပါလီမန်ထဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တခြား သံတမန်ရေး တွေ့ဆုံမှု တခုလည်း ရှိခဲ့ပါတယ်။ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီက သံတမန်တွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အရှေ့ ဒေါန်ဘတ်စ် ဒေသထဲမှာ ရုရှား ထောက်ပံ့ထားတဲ့ သူပုန်တွေ နယ်မြေတချို့ ထိန်းချုပ်နိုင်ခဲ့စေတဲ့ ကာလရှည် အပစ်ရပ် သဘောတူညီချက်ကို ဆက်လက် ကိုင်စွဲထားဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၁၅ မင့်စ် သဘောတူညီချက်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ ၄ နိုင်ငံစလုံးက တခြားကိစ္စတွေမှာ အမြင်မတူညီမှုတွေ ဘယ်လောက်ရှိရှိ ဒီ အပစ်ရပ်စဲမှုကို ဆက်လက် တည်မြဲနေစေဖို့ လုပ်သွားမယ်လို့ ပြင်သစ် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကရင်မလင် သမ္မတရုံး ဒုတိယ အကြီးအကဲ ဒီမီထရီ ကိုဇတ်ခ်ကတော့ ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒီ ၈ နာရီကြာ အစည်းအဝေးက ထင်သလောက် မရိုးရှင်းပါဘူးလို့ ဆိုပါတယ်။ နောက် သီတင်း ၂ ပတ်အကြာမှာ ဘာလင်မြို့မှာ အဲဒီ နိုင်ငံတွေ ထပ်မံ ဆွေးနွေးကြဖို့ ရှိပါတယ်။