ယူကရိန်းကို အမေရိကန်ပေးပို့တဲ့ စစ်ရေးအကူအညီတွေ စရောက်

အထောက်အပံ့တွေ ဆက်ပို့သွားမယ်လို့ ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံးပြော

ဓာတ်ပုံ ရင်းမြစ်, US Embassy Kyiv

ဓာတ်ပုံ ပုံစာ, အထောက်အပံ့တွေ ဆက်ပို့သွားမယ်လို့ ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံးပြော

ယူကရိန်း နယ်စပ်မှာ ရုရှားဘက်က တပ်ဖွဲ့တွေချထားပြီး တင်းမာမှုတွေ ရှိနေချိန်မှာ ယူကရိန်းကို အမေရိကန်က ပေးပို့တဲ့ စစ်ရေးအကူအညီ တန်ချိန် ၉၀ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒါဟာ အမေရိကန်က ယူကရိန်းကို ပေးဖို့ လတ်တလော အတည်ပြုထားတဲ့ စစ်ရေးအကူအညီထဲက ပထမဆုံး ပေးပို့မှုဖြစ်ပြီး အဲဒီပေးပို့မှုထဲမှာ ရှေ့တန်း တပ်ဖွဲ့တွေအတွက် ခဲယမ်းတွေ ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ဒီသတင်းပတ်ထဲမှာ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို သွားရောက်ခဲ့ပြီးနောက် ဒီပေးပို့မှု ရောက်လာတာဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ သူက သတိပေးခဲ့ပါတယ်။

ရုရှားဘက်ကကတော့ ယူကရိန်းကို ကျူးကျော်၊ တိုက်ခိုက်တာတွေ လုပ်ဖို့ အစီအစဥ် မရှိဘူးလို့ ပြောထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို လုံခြုံရေးအကူအညီပေးရေးအစီအစဥ်အတွက် ဒေါ်လာ သန်း ၂၀၀ ကို ဒီဇင်ဘာလထဲမှာ ခွင့်ပြုထားခဲ့ပါတယ်။

ဒါဟာ ယူကရိန်းရဲ့ အချုပ်အခြာကို ခုခံကာကွယ်ပိုင်ခွင့်အတွက် အမေရိကန်က ခိုင်ခိုင်မာမာ ထောက်ခံတယ်ဆိုတာကို ပြသတဲ့ ပေးပို့မှုဖြစ်တယ်လို့ ကိဗက်ဗ်က အမေရိကန်သံရုံးက ပြောပါတယ်။

ဒီအကူအညီတွေအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စီး ရက်ဇ်နစ်ကော့ဗ်က ပြောပါတယ်။

ဒီပေးပို့မှုဟာ ရုရှားနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ ယူကရိန်းအရေး တင်းမာမှုလျှော့ချဖို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့တဲ့တယ်ဆိုတဲ့ ဆွေးနွေးမှုအပြီး နာရီပိုင်းအကြာမှာ ရောက်လာတာလည်း ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်း ပိုင်နက် ခရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက် လိမ့်မယ်လို့ သမ္မတဘိုင်ဒန် ယူဆ

အခုအခါမှာတော့ ယူကရိန်းနဲ့ ရုရှား နယ်စပ် ရုရှားဘက်မှာ ရုရှားစစ်အင်အား တစ်သိန်း ချထားတာနဲ့ ပတ်သက်ပြီး ပဋိပက္ခအသစ် ထပ်ဖြစ် လာနိုင်တယ်လို့ နေတိုးတပ်ဖွဲ့ အကြီးအကဲက သတိပေးထားပါတယ်။

ကျူးကျော်ဖို့ အစီအစဥ်မရှိဘူးလို့ ရုရှားဘက်က ငြင်းနေပေမဲ့ ရုရှားလုံခြုံရေးအတွက် ရုရှား သမ္မတ ပူတင်က အနောက်နိုင်ငံတွေကို တောင်းဆိုချက်တွေ ထုတ်ထားပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ ယူကရိန်းကို နေတိုးတပ်ဖွဲ့ထဲ ဝင်ခွင့်မပြုဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ရုရှားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တယ်လို့ ရှုမြင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ နေတိုးတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဥရောပ အရှေ့ပိုင်းကို လက်နက်တွေ ပေးပို့တာတွေ မလုပ်ဖို့လည်း မစ္စတာ ပူတင်က တောင်းဆိုထားပါတယ်။