အနာဂတ် စစ်ပွဲတွေ ဘယ်လိုပုံစံဖြစ်လာမလဲ

B-52H Stratofortress လေယာဉ် ဟိုင်ပါဆောနစ် ဒုံးကျည် AGM-183A စမ်းသပ်ဖို့ ပြင်ဆင်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Giancarlo Casem/US Air Force

ဓာတ်ပုံ ပုံစာ, B-52H Stratofortress လေယာဉ် ဟိုင်ပါဆောနစ် ဒုံးကျည် AGM-183A စမ်းသပ်ဖို့ ပြင်ဆင်နေစဉ် - ကယ်လီဖိုးနီးယား၊ ၂၀၂၀
    • ရေးသားသူ, ဖရန့်ခ် ဂါ့ဒ်နာ
    • ရာထူးတာဝန်, ဘီဘီစီ လုံခြုံရေးသတင်းထောက်

၂၀၂၁ ခုနှစ်အတွင်း ဗြိတိသျှ ကာကွယ်ရေး နဲ့ လုံခြုံရေး မူဝါဒပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာ၊ အေအိုင် ဉာဏ်ရည်တုနဲ့ ဆိုင်ဘာ ကဏ္ဍတွေ အတွက် ဘတ်ဂျက် ပိုသုံးလာပေမဲ့ သမားရိုးကျ စစ်လက်နက်ပစ္စည်းတွေအတွက် သုံးငွေက နည်းသွားသလို တပ်ဖွဲ့ဝင် အင်အားဘက်မှာလည်း လျော့လာခဲ့ပါတယ်။

ဒီလို ပြောင်းလဲလာချိန်နဲ့ တိုက်ဆိုင်ပြီး ယူကရိန်း နယ်စပ်တလျှောက်မှာလည်း ရုရှားက သူ့တပ်အင်အားတွေကို တိုးမြှင့်ချထားလာတာကို တွေ့ရပါတယ်။ မော်စကိုက နေတိုးကို သူ့အဖွဲ့ဝင်နိုင်ငံတချို့မှာ ဖြန့်ချထားတဲ့ တပ်တွေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေလည်း ရှိလာသလို တရုတ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်နဲ့ ပြန်ပေါင်းဖို့နဲ့ လိုအပ်ရင် အင်အားသုံးဖို့ လေသံတွေ ပိုကျယ်လာခဲ့ပါတယ်။

ကမ္ဘာတလွှားမှာလည်း ဒေသအလိုက် စစ်ပွဲတွေ ရှိနေပါတယ်။ အီသီယိုးပီးယားမှာ ပြည်တွင်းစစ်ဖြစ်နေပါတယ်။ ယူကရိန်းမှာ ၂၀၁၄ က စခဲ့တဲ့ ခွဲထွက်ရေး စစ်ပွဲတွေ အတွင်းမှာ လူပေါင်း ၁၄၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဆီးရီးယား မှာလည်း ပြည်တွင်းစစ်အခြေအနေက အရင်ကလောက် မဆိုးပေမဲ့ တအုံနွေးနွေးနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ အိုင်အက်စ်ကလည်း အာဖရိကတိုက်အတွင်းက နေရာတချို့မှာ ထကြွနေကြဆဲ ဖြစ်ပါတယ်။

ဆိုတော့ အနာဂတ်မှာ စစ်ပွဲတွေရဲ့ အနေအထားက ဘယ်လို ဖြစ်လာနိုင်မလဲ။ အနောက်အုပ်စုရဲ့ အင်အားဟာ ကြုံလာရနိုင်တဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပြီလား။

တကယ်တော့ အနာဂတ် စစ်ပွဲဆိုတာက အခုကတည်းက ဖြစ်နေပြီလို့ပဲ ဆိုရမှာပါ။ အနောက်အုပ်စုနဲ့ ရုရှား၊ တရုတ်တို့ရဲ့ ထိပ်တိုက် ရင်ဆိုင်မှုဆိုတာတွေကို ကြည့်မယ်ဆိုရင် ကဏ္ဍ တော်တော်များများမှာ စနေပါပြီ။ အစမ်းလေ့ကျင့်တာနဲ့ တပ်ချတာတွေတောင် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကဆို ရုရှားက အာကာသထဲမှာ ဒုံးကျည် တစင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ သူတို့ လွှတ်တင်ထားတဲ့ ဂြိုဟ်တုဟောင်း တလုံးကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကလည်း တရုတ်က အဆင့်မြင့် အသံထက် အဆများစွာ မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ နောက်တခါ သမားရိုးကျ စစ်ရေးမဟုတ်တဲ့ ဆိုင်ဘာ ထိုးစစ်လို့ ဆိုနိုင်တဲ့ အနှောင့်အယှက်ပေးတာလို ချောင်းမြောင်းတိုက်ခိုက်မှုမျိုးတွေကလည်း ရှိပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်စနစ် ၂ မျိုး

အသံထက်မြန်တဲ့ဒုံးကျည်များ

အမေရိကန်ကို မီလာကြပြီလား

အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ကလင်တန်နဲ့ အိုဘားမားတို့လက်ထက်က ပင်တဂွန် စစ်ဌာနချုပ်ရဲ့ မူဝါဒရေးရာ အကြီးအကဲ ဖြစ်ခဲ့တဲ့ Michele Flournoy က အနောက်အုပ်စုက ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အရှေ့အလယ်ပိုင်း ဒေသကိုပဲ အာရုံစိုက်နေခဲ့ကြချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်တွေကို စစ်ရေးမှာ အမေရိကန်ကို လိုက်မီအောင် ကြိုးစားဖို့ အချိန်တွေအများကြီး ပေးလိုက်သလို ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်ဟာ မဟာဗျူဟာအရ အပြောင်းအလဲ လုပ်ရမယ့် အချိန်ဖြစ်နေပါပြီ။ အမေရိကန်၊ ယူကေနဲ့ တခြား မဟာမိတ်တွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သောင်းကျန်းမှု နှိမ်နင်းရေးတွေ၊ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေကို အနှစ် ၂၀ လောက် အာရုံစိုက်နေရာကနေ နိုးထလာခဲ့ကြပြီ ဖြစ်တယ်။ တချိန်တည်းမှာပဲ အင်မတန်မှ စိုးရိမ်စရာဖြစ်တဲ့ ကြီးမားတဲ့ အင်အား ပြိုင်ဆိုင်မှုကြီး ရှိနေပြီ ဆိုတာကိုလည်း သဘောပေါက် လာကြတယ်လို့ သူက ဆိုပါတယ်။

သူဆိုလိုချင်တာက ရုရှားနဲ့ တရုတ်တို့ ဖြစ်ပါတယ်။ ယူကေအစိုးရရဲ့ ခြုံငုံ သုံးသပ်လေ့လာမှု ထဲမှာ ရုရှားနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်စရာ ကောင်းတယ်။ အနောက်အုပ်စုအတွက် ရေရှည် မဟာဗျူဟာ ပြိုင်ဘက်တွေ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

အနောက်အုပ်စုကက အရှေ့အလယ်ပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ထားချိန်မှာ ဒီနိုင်ငံတွေက အနောက်အုပ်စုရဲ့ စစ်ရေးပြင်ဆင်မှုပိုင်းတွေကို လေ့လာခဲ့ပြီး နည်းပညာသစ်အပိုင်းမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်လာခဲ့ကြတယ်လို့ Michele Flournoy က ပြောပါတယ်။

Personnel with the 175th Cyberspace Operations Group conduct cyber operations at Warfield Air National Guard Base, Middle River, Maryland, US, 2017

ဓာတ်ပုံ ရင်းမြစ်, J.M. Eddins Jr/US Air Force

ဓာတ်ပုံ ပုံစာ, မေရီလန်းမှာ ရှိတဲ့ အမေရိကန် လေတပ်ရဲ့ Warfield Air National Guard Base က ဆိုင်ဘာ စစ်ဆင်ရေးဆိုင်ရာ ဌာန (၂၀၁၇)

ဆိုင်ဘာ နည်းနဲ့တိုက်ခိုက်ပြီး အနောက်နိုင်ငံတွေရဲ့ လူမှုအသိုက်အမြုံတွေ လှုပ်ခတ်သွားအောင်၊ ရွေးကောက်ပွဲရလဒ်တွေအပေါ် လွှမ်းမိုးမှုတွေရအောင်နဲ့ ထိရှလွယ်တဲ့ အရေးကြီး အချက်အလက်တွေကို ခိုးယူတာမျိုးတွေကို လုပ်လာကြပါတယ်။ ဒါတွေဟာ သမားရိုးကျ စစ်ရေးလို့ သတ်မှတ်ထားတဲ့ အထဲ မပါတဲ့ တိုက်ခိုက်မှုမျိုးတွေ ဖြစ်ပြီး တော်တော်များများက ဘူးခံ ငြင်းလို့ ရပါတယ်။

ဒါပေမယ့် လတ်တလော ယူကရိန်းအရေးအတွက် အနောက်အုပ်စုနဲ့ ရုရှားကြားက တင်းမာမှုတွေနဲ့ ထိုင်ဝမ်ကို အခြေပြုပြီး အမေရိကန်နဲ့ တရုတ်တို့ အကြားက တင်းမာမှုတွေကနေ တိုက်ကြ ခိုက်ကြရော ဖြစ်မလာနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ အဲဒီလို ဖြစ်လာကြရင် ဘာတွေ ကြုံလာရနိုင်မလဲ။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ International Institute for Strategic Studies (IISS) က တရုတ်ရဲ့ စစ်ရေး အားသာမှုအတွက် သတင်းအချက်အလက် အသုံးချမှုတွေကို လေ့လာနေတဲ့ အကြီးတန်း သုတေသီ တယောက် ဖြစ်တဲ့ Meia Nouwens ကတော့ သတင်းအချက်အလက် နယ်ပယ် အပေါ်မှာ အများကြီး မှီခိုနေတဲ့ ခပ်မြန်မြန် ဖြစ်ပျက်ပြောင်းလဲမှုတွေကို မြင်ရနိုင်တယ်လို့ ပြောပါတယ်။

တရုတ် ပြည်သူ့ လွတ်လပ်ရေး တပ်မတော်ဟာ သူတို့ရဲ့ အာကာသ၊ အီလက်ထရောနစ် စစ်ရေးနဲ့ ဆိုင်ဘာ စွမ်းရည်တွေအတွက် မဟာဗျူဟာ ထောက်ပံ့ရေး တပ်ဖွဲ့ဆိုပြီး ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီအဖွဲ့က ဘာလုပ်မလဲဆိုရင်တော့ ဒီလို စစ်ပွဲတွေစပြီဆိုတာနဲ့ နှစ်ဖက်စလုံး ဆိုင်ဘာ တိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်ကြမှာပါ။ တဖက်နဲ့ တဖက်အကြားမှာ ဂြိုဟ်တုတွေကအစ ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေလိုမျိုး အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို သယ်ဆောင်ပေးနိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖျက်ဆီးပစ်တာမျိုးတွေကို လုပ်လာကြမှာ ဖြစ်ပါတယ်။

IISS ရဲ့ အနာဂတ် စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူ Franz-Stefan Gady ကို ဒါတွေက ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ၊ လူတွေ သုံးနေတဲ့ ဖုန်းတွေ ရုတ်ချည်း ရပ်သွားတာ၊ ဓာတ်ဆီဆိုင်တွေမှာ ဆီတွေခမ်း၊ အစားအသောက်တွေ မဖြန့်ဖြူးနိုင်ဘဲ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်လာတာမျိုးတွေ ကြုံလာရနိုင်မလား လို့ မေးကြည့်တော့ ဖြစ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။

မဟာ အင်အားကြီး နိုင်ငံတွေဟာ ဆိုင်ဘာ တိုက်ခိုက်ရေး စွမ်းရည်ဘက်မှာသာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြတာ မဟုတ်ဘဲ ဂြိုဟ်တုတွေ အလုပ်မလုပ်နိုင်တော့ဘဲ ဆက်သွယ်ရေး စနစ်တွေ ကျသွားသည် အထိ ဖြစ်လာနိုင်တဲ့ အီလက်ထရောနစ် စစ်ရေး စွမ်းရည်ပိုင်းမှာပါ လုပ်နေကြတာပါ။ အဲဒီလိုဆိုရင် အနာဂတ် စစ်ပွဲတွေမှာ စစ်ဘက်တင်မကဘဲ အရပ်ဘက် လူမှုအသိုက်အမြုံတွေပါ အဓိက ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။

၂၀၁၉ အတွင်း ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းမှာ တွေ့ရသော အမေရိကန် လေတပ်အတွက် ဂြိုဟ်တုများကို ပစ်လွှတ်မယ့် SpaceX ဒုံးပျံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ အတွင်း ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းမှာ တွေ့ရသော အမေရိကန် လေတပ်အတွက် ဂြိုဟ်တုတွေကို ပစ်လွှတ်ပေးမယ့် SpaceX ဒုံးပျံ

အရေးပါတဲ့ AI

ဒီလို စစ်ရေးတွေမှာ စိုးရိမ်စရာ အကောင်းဆုံးက မစီစဥ်ထားဘဲ ပိုကျယ်ပြန့်လာတာမျိုးပါ။ ဂြိုလ်တုတွေကို ဆက်သွယ်လို့ မရတော့ရင် မြေအောက် ကတုတ်ကျင်း တွေထဲမှာရှိတဲ့ ကွပ်ကွဲသူတွေက အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိတဲ့ အတွက် တွက်ဆဖို့ ရာ အင်မတန် ခက်ခဲသွားနိုင်ပါတယ်။

Meia Nouwens ကတော့ အဲဒီလို အခြေအနေမျိုးမှာ အနည်းအကျဥ်းလောက်ပဲ တုံ့ပြန်မလား၊ အင်ပြည့်အားပြည့် တုံ့ပြန်မလား ဆိုတာကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပါလာနိုင်တာက တင်းမာမှုတွေ ပိုပြီး ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

အနာဂတ် စစ်ရေးတွေမှာ အဓိက အခန်းက ပါဝင်လာမယ့် အရာတခုကတော့ AI လို့ ခေါ်ကြတဲ့ ဥာဏ်ရည်တုပဲဖြစ်ပါတယ်။ ကွပ်ကဲသူတွေအတွက် လိုအပ်မယ့် သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပို့ပေးနိုင်မှာ ဖြစ်လို့ ဆုံးဖြတ်မှုပိုင်းနဲ့ တုံ့ပြန်မှု အပိုင်းတွေမှာ ပိုပြီး မြန်ဆန်လာမှာ ဖြစ်ပါတယ်။

အဲဒီကဏ္ဍမှာတော့ အမေရိကန်ဟာ သူ့ရန်ဘက် ဖြစ်လာနိုင်သူတွေထက် အရည်အသွေးဘက်မှာ အသာရနေပါတယ်။ ဒီအချက်နဲ့တင် တချို့ကဏ္ဍတွေမှာ တရုတ် ပြည့်သူ့ လွတ်မြောက်ရေး တပ်မတော်ဘက်က အနောက်အုပ်စုထက် အသာရနေတဲ့ အချက်တွေကို ထေမိပြီးသား ဖြစ်သွားစေတယ်လို့ Michele Flournoy က ယူဆပါတယ်။

ကိုယ့်ဘက်က အရေအတွက် အသာစီးရဖို့နဲ့ တဖက်ရန်သူရဲ့ ခုခံကာကွယ်ရေးအတွက် ပြင်ဆင်တာတွေနဲ့ ထိုးစစ်အတွက် ပြင်ဆင်မှုတွေကို ရှုပ်ထွေးကုန်အောင် လုပ်ဖို့ လူနဲ့ စက်ကို တွဲစပ်ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ လူထိန်းချုပ်တဲ့ ပလက်ဖောင်း တခုကနေ လူမပါတဲ့ ပလက်ဖောင်း ၁၀၀ လောက်ကို ထိန်းလိုက်နိုင်ပြီ ဆိုရင် အရေအတွက်ကို အရည်အသွေးနဲ့ ထေမိပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အနောက်အုပ်စုဟာ ရုရှားနဲ့ တရုတ်နောက်မှာ အကြီးအကျယ် နောက်ကျကျန်နေတဲ့ ကဏ္ဍတခုလည်း ရှိပါတယ်။ ဒါကတော့ အသံထက် ၅ ဆကနေ ၂၇ ဆအထိ မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တည်ဆောက်မှုမှာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေမှာ သမားရိုးကျထိပ်ဖူးရော နျူကလီးယား ထိပ်ဖူးတွေရော တပ်ဆင်နိုင်ပါတယ်။

ရုရှားကလည်း သူတို့ရဲ့ Zircon လို့ အမည်ပေးထားတဲ့ ဟိုက်ပါဆောနစ် ခရုဇ်ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်မှုတွေ အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။ အဲဒီ ဒုံးကျည်က ကမ္ဘာပေါ်က ဘယ်နေရာမှာ ရှိတဲ့ ဘယ်ကာကွယ်ရေး စနစ်ကိုမဆို ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၉က ဘေကျင်းတွေ တွေ့ရသော ဟိုက်ပါဆောနစ် စက်တပ် Dong Feng 17 ဒုံးကျည်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉က ဘေကျင်းမှာ တွေ့ရတဲ့ ဟိုက်ပါဆောနစ် စက်တပ် Dong Feng 17 ဒုံးကျည်များ

တရုတ်ရဲ့ Dong Feng 17 ဒုံးကျည်ဟာ ဆိုရင်လည်း HGV လို့ခေါ်တဲ့ ဟိုက်ပါဆောနစ် ပျံသန်းစက်ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ စက်နဲ့ လေထုထဲမှာ လိုသလို ပျံသန်းနိုင်တာကြောင့် သူ့ရဲ့ လားရာ အရပ်ကို မှန်းဖို့လည်း ခက်ခဲသလို ကြားက ဖြတ်ပြီး တားဆီးဖို့ လည်းခက်ခဲမှာ ဖြစ်ပါတယ်။

တဖက်မှာတော့ အမေရိကန်ဟာ မကြာသေးခင်ကလုပ်ခဲ့တဲ့ ဟိုက်ပါဆောနစ် စနစ် စမ်းသပ်မှုတွေဟာ ရလဒ်တွေ မကောင်းခဲ့ပါဘူး။ တကယ်လို့ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာရင် အမေရိကန်က ဝင်ရောက်ကာကွယ်ပေးမယ် ဆိုထားပေမဲ့ တရုတ်ရဲ့ လက်ထဲမှာ ဒီလို လက်နက်တွေ ရှိလာတာကြောင့် ဝါရှင်တန်အတွက်လည်း စဥ်းစားစရာတွေ ရှိလာပြီဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားမှာ ၂၀၂၀ က အမေရိကန် လေတပ်ရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် AGM-183A စမ်းသပ်စဥ်

ဓာတ်ပုံ ရင်းမြစ်, Giancarlo Casem/US Air Force

ဓာတ်ပုံ ပုံစာ, ကယ်လီဖိုးနီးယားမှာ ၂၀၂၀ က အမေရိကန် လေတပ်ရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် AGM-183A စမ်းသပ်စဥ်

ကာလတိုအတွက် စစ်ရေးချိန်ခွင်လျှာ ဘယ်မှာရှိသလဲ

၂၀၂၂ ၀င်ခါနီးလာချိန်မှာပဲ ယူကရိန်းနယ်စပ်မှာလည်း ရုရှားတပ်ဖွဲ့တွေ စုရုံး ရောက်ရှိလာနေပါတယ်။ ဆိုင်ဘာနဲ့ အီလက်ထရောနစ် စစ်ရေးသာမကဘဲ သမားရိုးကျ တင့်ကားတွေ၊ သံချပ်ကာကားတွေလို စစ်အင်အားတွေကိုပါ တိုးချဲ့လာတာ ဖြစ်ပါတယ်။ တကယ်လို့များ ရုရှားက ဘောလ်တစ် နိုင်ငံတွေကို ဝင်သိမ်းပြီဆိုရင် ဒီလို တပ်တွေနဲ့ပဲ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

ယူကေကတော့ သမားရိုးကျ တပ်ဖွဲ့တွေထက် နည်းပညာသစ်ဘက်မှာ ပိုမို ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်လာပါတယ်။ အနာဂတ် စစ်မက်ရေးရာ ကျွမ်းကျင်သူ ဖြစ်တဲ့ Franz-Stefan Gady ကတော့ ဒါရဲ့ အကျိုးအမြတ်တွေကို လာမယ့် နှစ်ပေါင်း ၂၀ လောက် အတွင်းမှာ မြင်လာရမှာပါလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် ကာလတွေကတော့ စိုးရိမ်စရာ ဖြစ်နေမှာပါ။

သူက လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ တပ်အင်အား လျှော့ချမှုတွေလုပ်ဖို့ ရှိသလို တဖက်မှာ နည်းပညာသစ်တွေကို သေချာအသုံးချနိုင်ဦးမှာ မဟုတ်တာကြောင့် အင်မတန် စိုးရိမ်စရာကောင်းမယ်လို့ ပြောပါတယ်။

အဲဒီ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်ဆိုတဲ့ ကာလအတွင်းမှာပဲ အနောက်အုပ်စုရဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အန္တရာယ်အကြီးဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

ဆိုတော့ သိပ်စိုးရိမ်စရာ ကောင်းနေပြီလား။ အမေရိကန်ရဲ့ ကာကွယ်ရေး မူဝါဒ ဆိုင်ရာပိုင်းမှာ နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့တဲ့ Michele Flournoy ကတော့ အဲဒီလို မယူဆပါဘူး။

သူက ဒီကိစ္စကို ကိုင်တွယ်ဖို့ က ၂ နည်းရှိတယ်၊ မဟာမိတ်နိုင်ငံတွေနဲ့ အနီးကပ် တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်း ဆောင်ရွက်တာနဲ့ တကယ် လိုအပ်မယ့် နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အားလုံး အာရုံစိုက်ပြီး တကယ်လိုအပ်မယ့် နည်းပညာပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြမယ်၊ မှန်မှန်ကန်ကန် တွေးတောကြံဆကြမယ်၊ ဒါတွေကို ကျွမ်းကျင်မှုကို အသုံးချပြီး မြန်မြန်ဆန်ဆန်နဲ့ ဖန်တီး အကောင်အထည်ဖော်ကြမယ်ဆိုရင် မဟာ အင်အား စစ်ပွဲ တွေကို တားဆီးနိုင်မှာပါလို့ ဆိုပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ကြမယ်ဆိုရင်၊ ဥပမာ အင်ဒို ပစိဖိတ် ဒေသကို ပွင့်လင်း လွတ်လပ်ပြီး စည်ပင်ကြီးပွားအောင် အနာဂတ် ကာလကို ခေါ်ဆောင်ပေးသွားနိုင်မှာပါလို့ သူက ဆိုပါတယ်။