ယူကရိန်း တင်းမာမှု - အမေရိကန်နဲ့ ရုရှား အရေးပေါ်ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တက်လာနေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်တို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပါလို့ မစ္စတာဘလင်ကင်က သူ့ရဲ့ အဖွင့် စကားမှာ ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကွဲပြားချက်တွေကို ဒီကနေ့ ဆွေးနွေးပွဲက ဖြေရှင်းဖို့ မမျှော်လင့်ထားပေမဲ့ သံတမန်ရေးလမ်းကြောင်းနဲ့ ဆက်သွားနိုင်ဦးမလားဆိုတာ စမ်းသပ်ကြည့်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုအပြီးမှာ မစ္စတာ လက်ဗရော့ဗ်က ဒီဆွေးနွေးမှုဟာ ပွင့်ပွင့်လင်းလင်းနဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှု ဖြစ်တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့က မစ္စတာ ဘလင်ကင်က မော်စကိုအနေနဲ့ သူ့တပ်တွေကို ယူကရိန်းနယ်စပ်ကို ဖြတ်ခိုင်းလိုက်တာနဲ့ နောက်မှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ နယ်စပ်မှာ တပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ လောက်ကို ချထားပေမယ့် ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။
ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ယူကရိန်းကို နေတိုး အဖွဲ့ထဲ ပေးမဝင်ဖို့ တွေအပါအဝင် အနောက်အုပ်စုကို တောင်းဆိုချက်တွေ ထုတ်ပြန်ထားပါတယ်။
သူက မော်စကိုရဲ့ အိမ်နောက်ဖေးလို့ ဆိုနိုင်တဲ့ အနောက် ကာကွယ်ရေး မဟာမိတ် တွေကို အရှေ့ဥရောပမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာနဲ့ လက်နက် ထောက်ပံ့ပေးနေတာတွေကိုပါ ရပ်စေချင်နေတာ ဖြစ်ပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၁၄ အတွင်းကလည်း ယူကရိန်း တောင်ပိုင်းမှာ ရှိတဲ့ ခရိုင်းမီးယား ဒေသကို ဖဲ့ထုတ် ယူသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းက စပြီး ယူကရိန်းနဲ့ ရုရှား နယ်စပ်မှာလည်း ယူကရိန်း စစ်တပ်နဲ့ ရုရှားက ထောက်ပံ့ပေးထားတဲ့ ခွဲထွက်ရေး သမားတွေအကြား တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ လူပေါင်း ၁၄,၀၀၀ သေဆုံး ခဲ့ရပြီး ဖြစ်သလို ၂ သန်း ထက်မနည်း နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘလင်ကင်က ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ အတွက် မဟာမိတ်တွေနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့အပြီးမှာပဲ အခု အမေရိကန် နဲ့ ရုရှား အကြား ထိပ်သီးဆွေးနွေးပွဲ လုပ်တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗြိတိသျှ၊ ပြင်သစ်နဲ့ ဂျာမန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်မှာ မစ္စတာ ဘလင်ကင်က ရုရှားက ယူကရိန်းကို ကျူးကျော်လာတာကို လက်ပိုက်ကြည့်နေရင် အန္တရာယ်များပြီး မတည်ငြိမ်မှုတွေ ရှိခဲ့တဲ့ အတိတ်တချိန်ကို ပြန်ရောက်သွားမယ်၊ ဒီမြို့တော်အပါအဝင် ဥရောပတိုက် ၂ ခြမ်းကွဲနေခဲ့တဲ့ ဘယ်အချိန် ထတိုက်ကြမလဲ ဆိုတဲ့ စိုးရွံ့မှုတွေကို ပြန်ခံစား လာကြရမယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တချို့ကတော့ မစ္စတာ ဘလင်ကင်က မစ္စတာ လက်ဗရော့ဗ်ကို တင်းမာမှုတွေ လျှော့ချနိုင်ဖို့ သံတမန်ရေး နည်းလမ်းနဲ့ ကမ်းလှမ်းလိမ့်မယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားက ယူကရိန်းကို ကျူးကျော်လိမ့်မယ်၊ အဲဒီလို လုပ်ရင် ရုရှားဟာ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့အပြီး မစ္စတာ ဘလင်ကင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာ ဘိုင်ဒန်က တကယ်လို့ အနည်းငယ် ကျူးကျော်တာမျိုး လုပ်ရင် အမေရိကန်နဲ့ မဟာမိတ်တွေဘက်က တုံ့ပြန်မှုတချို့ လုပ်လာနိုင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။
အဲဒီလို ပြောခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇယ်လန်းစကီးက တွစ်တာပေါ်မှာ အနည်းငယ်ပဲ ကျူးကျော်တယ်ဆိုတာ မရှိဘူး၊ အသက်ဆုံးရှုံးမှု အနည်းငယ်ပဲရှိပြီး အနည်းငယ်ပဲ ပူဆွေးဝမ်းနည်းရတယ်ဆိုတာလည်း မရှိဘူးလို့ တွိလုပ်ခဲ့ပါတယ်။
မစ္စတာ ဘလင်ကင်နဲ့ အတူရှိ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးသစ် အန်နာလေနာ ဘဲဘော့ခ် ကလည်း ရုရှားက ကျူးကျော်မယ်ဆိုရင် ချက်ချင်း တုံ့ပြန်မှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့သလို သူတို့ကိုယ်တိုင် စီးပွားရေးအရ ထိခိုက်မှုတွေ ရှိနိုင်ရင်တောင် ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်သွားနိုင်ကြောင်း ပြောခဲ့ပါတယ်။
ယူကေရဲ့ နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရပ်စ် ကလည်း မစ္စတာ ပူတင်ကို လူ့အသက်တွေ ဆုံးရှုံးစေမယ့် မဟာဗျူဟာ အမှားကြီးတခု ဖြစ်လာနိုင်တဲ့ ဒီကိစ္စကို ဆက်မလုပ်ဖို့၊ ယူကရိန်းကနေ နောက်ပြန်လှည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ဆစ်ဒနီမြို့မှာ သောကြာနေ့က ပြောကြားခဲ့တာ ဖြစ်ပြီး အနောက်အုပ်စုက အင်အားကြီး နိုင်ငံတွေကိုလည်း စစ်အေး တိုက်ပွဲနောက်ပိုင်း မကြုံစဖူး အာဏာရှင် နိုင်ငံတွေ အတင့်ရဲလာနေတဲ့အပေါ် ပိုပြီး တုံ့ပြန်မှုတွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကလည်း ဗြိတိန်က ယူကရိန်းကို ကာကွယ်ရေး လက်နက်တွေ ထောက်ပံ့ပေးဖို့နဲ့ အဲ့ဒီလက်နက်တွေကို သုံးစွဲတတ်အောင် လေ့ကျင့်ပေးဖို့ အတွက်ပါ ဗြိတိသျှ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးသွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံရေး လောကထဲမှာလည်း သမ္မတ မစ္စတာ ဘိုင်ဒန်ကို ရုရှားအပေါ် အားနည်းသွားစေဖို့ ကြိုတင် လက်ဦးမှု ယူပြီး ကာကွယ်ဟန့်တားမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းနေကြပါတယ်။
ဝါရင့် ရီပတ်ပလစ်ကန် ဆီးနိတ်လွှတ်တော် အမတ် လင်းဆေး ဂရေဟမ်က ပူတင်အပေါ် ချက်ချင်း အရေးယူ ဆောင်ရွက်ပါလို့ ပြောခဲ့သလို ဒီမိုကရက်တစ် ဆီးနိတ်လွှတ်တော်အမတ် ရစ်ချတ် ဘလူးမန်တဲလ်ကလည်း ယူကရိန်း တပ်တွေအတွက် စွမ်းအားမြင့် လက်နက်တွေ အများအပြား လေကြောင်းနဲ့ စပြီး ပို့ပေးဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
ကြာသပတေးနေ့က အမေရိကန်က ရုရှား ထောက်လှမ်းရေးတွေဟာ အရင်နဲ့ လက်ရှိ ယူကရိန်း အစိုးရ အရာရှိတွေကို ကျူးကျော်စစ် ဖြစ်ခဲ့ရင် ကြားကာလ အစိုးရမှာ တာဝန်ထမ်းဆောင်ဖို့ နဲ့ ပြည်သိမ်း ရုရှား တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် စည်းရုံးတာတွေ လုပ်နေပြီလို့တောင် သတိပေးခဲ့ပါတယ်။
အဲဒီ အကြံအစည်ထဲမှာ ပါဝင် ပတ်သက်နေတယ်လို့ ယူဆခံရတဲ့ လက်ရှိ ယူကရိန်း ပါလီမန် အမတ် ၂ ယောက်နဲ့ အရင် အစိုးရ အရာရှိ ၂ ယောက်တို့ကိုလည်း အမေရိကန် ဘဏ္ဍာရေး ဌာနက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။
လက်ရှိ ယူကရိန်း အစိုးရ အရာရှိတွေနဲ့ အရာရှိဟောင်းတွေကို ရုရှား ကျူးကျော်တပ်တွေနဲ့ ပူးပေါင်းပြီး အစိုးရတာဝန်တွေ လွှဲပြောင်းယူဖို့နဲ့ ယူကရိန်းရဲ့ အရေးကြီး အခြေခံ အဆောက်အအုံ တွေကို ထိန်းချုပ်ဖို့အတွက် စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဖို့ ရုရှားက သူ့ ထောက်လှမ်းရေးဌာနကို အမိန့်ပေးထားပြီး ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။









