ကျောင်းမှသည် ရှေ့တန်းသို့- ယူကရိန်း တိုက်ပွဲမှာ သေဆုံးရတဲ့ အသက် ၁၈ နှစ် ရုရှားလူငယ်တွေ

လူငယ်တွေပုံ

ဓာတ်ပုံ ရင်းမြစ်, VK/BBC

    • ရေးသားသူ, အန်နာစတာစီယာ ပလာတိုနိုဗာ၊ အိုလ်ဂါ အီဗက်ရှီနာ

ယူကရိန်းမှာ တိုက်ပွဲဝင်ကြတဲ့ ၁၈ နှစ်သား ရုရှားလူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အနည်းဆုံး ၂၄၅ ဦး သေဆုံးခဲ့တယ်ဆိုတာကို ဘီဘီစီ ရုရှားဘာသာဌာနရဲ့ စုံစမ်းလေ့လာမှုတွေအရ သိခဲ့ရပါတယ်။

သူတို့ထဲက အများအပြားဟာ အချိန်ပိုင်း ထမ်းဆောင်ရတဲ့ စစ်မှုထမ်းစုဆောင်းခံရတာ မဟုတ်ပါဘူး။ ရုရှားက အမြဲတမ်း စစ်တပ်ထဲ စာချုပ်ချုပ်ပြီး တိုက်ရိုက်ဝင်ခွင့်ပေးတဲ့ စည်းမျဉ်းအသစ်တွေကို သုံးပြီး ကျောင်းကနေ တိုက်ရိုက် စစ်ထဲ ဝင်ခဲ့ကြတာ ဖြစ်ပါယ်။

ဘီဘီစီ စာရင်းပြုစုထားတဲ့ထဲက တချို့ဆိုရင် သီတင်းပတ်တွေအတွင်းမှာပဲ သေဆုံးခဲ့ကြပါတယ်။

ကျောင်းကထွက်လာတဲ့ ဘဝတစ်ခု စခါစလူငယ်တွေ ဘာကြောင့် ပူတင်ရဲ့ ရက်စက်တဲ့ စစ်ပွဲမှာ အသေခံဖို့ စာရင်းသွင်းနေကြလဲဆိုတာကို သိရဖို့ ဆုံးပါးသွားသူတွေရဲ့ မိသားစုတွေနဲ့ ဘီဘီစီ ရုရှားဌာနက စကားပြောကြည့်ခဲ့ပါတယ်။

၂၀၂၅ မေလ ၇ ရက်နေ့မှာ ချယ်ယာဘင့်စ်ဒေသ အမှတ် ၁၁၀ ကျောင်းက ကျောင်းသားတွေဟာ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့် အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ကျောင်းခန်းမထဲမှာ ရုရှားနဲ့ ဆိုဗီယက်အလံတွေကို ဝှေ့ယမ်းပြီး သူတို့ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။ ကလေးတွေဟာ ယူကရိန်းမှာ စစ်ပွဲမှာ ဝင်တိုက်ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ ဓာတ်ပုံတွေကိုလည်း ကိုင်ထားကြပါတယ်။

အဲဒီထဲက ဓာတ်ပုံတစ်ပုံကတော့ အသက် ၁၈ နှစ်ပြည့်ပြီး နှစ်ပတ်အကြာမှာ စစ်ထဲဝင်ခဲ့ပြီး ရက် ၂၀ အကြာမှာ သေဆုံးသွားတဲ့ အလက်ဇန္ဒား ပက်လင်စကီးရဲ့ ပုံပါ။

သူ့အမေ အယ်လီနာနဲ့ သူ့ရဲ့အဒေါ် အီကာတီရီနာတို့က ခန်းမထဲမှာ အတူတူရပ်နေပြီး မျက်ရည်လည်ရွဲ နဲ့ သူ့သားရဲ့ အခမ်းအနားကို ကြည့်နေကြပါတယ်။

သေဆုံးသူတွေကို ဂုဏ်ပြုဖို့ တစ်မိနစ် ငြိမ်သက်ပြီးနောက်မှာတော့ အီကာတီရီနာက သူ့တူအကြောင်း ပြောဖို့ စင်ပေါ်တက်လာပါတယ်။

သူက ဆာရှာလို့ ခေါ်တဲ့ သူ့တူဟာ ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ စိတ်အားထက်သန်တဲ့ ကောင်လေးတစ်ယောက်ပါ၊ ဆေးပညာသင်ဖို့ ချယ်ယာဘင့်စ်ဆေးကောလိပ်မှာ ဝင်ခွင့်ရထားသူလို့ ဆိုပါတယ်။

"ဒါပေမဲ့ ဆာရှာမှာ နောက်ထပ်အိပ်မက်တစ်ခု ရှိသေးတယ်" လို့ အီကာတီရီနာက ခဏနားပြီး ဆက်ပြောပါတယ်။

"အထူးစစ်ဆင်ရေး စတော့ ဆာရှာက အသက် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူက ရှေ့တန်းကို သွားဖို့ အိပ်မက်မက်ခဲ့တယ်။"

ရုရှားက ၂၀၂၂ ဖေဖော်ဝါရီမှာ စခဲ့တဲ့ ယူကရိန်းအပေါ် အလုံးစုံ ကျူးကျော်ရေးစစ်ပွဲကို သူက ဆိုလိုတာပါ။

ဘီဘီစီ ရုရှားဘာသာဌာနကက စုစည်းပြီး အတည်ပြုထားတဲ့၊ အများပြည်သူကြည့်နိုင်တဲ့ သတင်းရင်းမြစ်အချက်အလက်တွေအရ ဆာရှာ ပက်လင်စကီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ယူကရိန်းမှာ သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်သား လူငယ် ၂၄၀ ထဲက တစ်ယောက် ဖြစ်ပါတယ်။

အလက်ဇန္ဒား ပက်လင်စကီး တက်ခဲ့တဲ့ ကျောင်းက ရုရှား စစ်အောင်ပွဲနေ့ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Ekaterina Orekhova/VK

ဓာတ်ပုံ ပုံစာ, အလက်ဇန္ဒား ပက်လင်စကီးတက်ခဲ့တဲ့ ကျောင်းက ရုရှား စစ်အောင်ပွဲနေ့ အခမ်းအနား

နောက်ဆုံးစည်းတွေနဲ့ စည်းမျဥ်းပြောင်းလဲမှုတွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းစစ်ပွဲရဲ့ ပထမဆုံးလတွေကတည်းက တော်တော်ငယ်ကြသေးတဲ့ လူငယ်လေးတွေ စစ်ထဲပါနေတဲ့ကိစ္စက ရုရှားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။

အစပိုင်းမှာ အာရုံစိုက်ကြတာက ဥပဒေအရ စစ်မှုထမ်းရသူတွေ အကြောင်းပါ။

အသက် ၁၈ နှစ် လူငယ်တွေ စစ်မှုထမ်းဖို့ အခေါ်ခံရတဲ့အခါ သူတို့ကို ယူကရိန်းကို လွှတ်ပြီး စစ်တိုက်ခိုင်းမှာမဟုတ်ဘူးလို့ ဗလာဒီမီယာပူတင်က အထပ်ထပ်အခါအခါ ကတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေအရစစ်မှုထမ်းရသူတွေ အထူးစစ်ဆင်ရေးမှာ မပါဝင်စေရဘူးလို့ ကတိပေးပြီး ၄ ရက်အကြာ ၂၀၂၂ မတ်လမှာပဲ အဲဒီလိုလူတွေထဲက တချို့ကို စစ်ပွဲဖြစ်နေတဲ့နေရာတွေထဲကို လွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံခဲ့ပါတယ်။

အလုံးစုံကျူးကျော်စစ်ရဲ့ ပထမနှစ်အတွင်း ယူကရိန်းထဲမှာ သေဆုံးခဲ့တဲ့ ဥပဒေအရ စစ်မှုထမ်းရသူ အနည်းဆုံး ၈၁ ဦးရဲ့ နာမည်တွေကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

ရာချီတဲ့ စစ်သားတွေကိုလည်း ယူကရိန်းဘက်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ထုတ်ပြောပါတယ်။

စစ်တပ်ကတော့ ဥပဒေအရ စစ်မှုထမ်းရသူတွေကို ယူကရိန်းမှာ တိုက်ဖို့ မပို့တော့ဘူးလို့ ဆိုပေမဲ့ အတော်ငယ်တဲ့လူငယ်တွေ ပဋိပက္ခထဲမှာ ပါဝင်လာစေဖို့ တခြားနည်းလမ်းတွေ ရှိနေပါသေးတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ ကာဒ့်ဒေသကို သိမ်းပိုက်ခဲ့တဲ့ ၂၀၂၄ သြဂုတ်လအတွင်း ဥပဒေအရ စစ်မှုထမ်းတဲ့ လုံခြုံရေးတပ်သားတွေက နယ်စပ်တစ်လျှောက်မှာရှိနေခဲ့ပြီး ပထမဆုံး အပစ်ခံရသူတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘီဘီစီက စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၁၈ နှစ်သား လူငယ်အများစု ရှေ့တန်းကို ရောက်သွားတဲ့ နည်းကတော့ အမြဲတမ်းစစ်တပ်မှာ စာချုပ်ချုပ်ပြီး စစ်သားအဖြစ် ရောက်သွားတာ ဖြစ်ပါတယ်။

၂၀၂၂ နွေဦးရာသီမှာ ရုရှားအာဏာပိုင်တွေက စစ်မှုထမ်းအရွယ် အမျိုးသားတွေကို တက်တက်ကြွကြွ စုစည်းနိုင်ဖို့ ဥပဒေကို ပြောင်းခဲ့ပါတယ်။ ၂၀၂၃ ကစပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက စစ်သားသစ်တွေကို ငွေအများအပြား ချီးမြှင့်ပေးတာတွေ ရှိခဲ့ပါတယ်။

အစပိုင်းမှာ အဲဒီစည်းမျဉ်းအသစ်တွေနဲ့ စစ်ထဲဝင်ချင်တဲ့ လူငယ်တွေဟာ အနည်းဆုံး သုံးလ စစ်မှုထမ်းအတွေ့အကြုံ ရှိထားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ဧပြီလမှာ ဒီကန့်သတ်ချက်ကို လွှတ်တော်အမတ်တချို့ ကန့်ကွက်နေတဲ့ ကြားကနေ တိတ်တဆိတ် ပယ်ဖျက်ခဲ့ပါတယ်။ အခုဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ကျောင်းပြီးသွားတဲ့ ဘယ်လူငယ်မဆို စစ်တပ်ထဲဝင်ဖို့ လက်မှတ်ထိုးနိုင်ပါပြီ။

ဒီအပြောင်းအလဲက ထိခိုက်လွယ်တဲ့၊ ကျောင်းပြီးခါစ လူငယ်တွေအတွက် ဆိုးကျိုးတွေ ရှိလာမယ်လို့ မိသားစု၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ဒူးမား လွှတ်တော်ကော်မတီဥက္ကဋ္ဌ နီနာ အိုစတာနီနာက သတိပေးခဲ့ပါတယ်။

"ကျောင်းကထွက်ပြီး ချက်ချင်း ပိုက်ဆံရှာချင်လို့ စာချုပ်လက်မှတ်ထိုးတဲ့ကလေးတွေကို လုံးဝ မကာကွယ်နိုင်တဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်" လို့ သူက ပြောပါတယ်။

စာချုပ်နဲ့ စစ်သား ခေါ်ယူတဲ့ ပန်းဒေသက ကြော်ငြာ

ဓာတ်ပုံ ရင်းမြစ်, PERM 36/6, TVK, CHP NIZHNEVARTOVSK

ဓာတ်ပုံ ပုံစာ, စာချုပ်နဲ့ စစ်သား ခေါ်ယူတဲ့ ပန်းဒေသက ကြော်ငြာ

စာချုပ်စစ်သား- ထိုက်တန်တဲ့ အနာဂတ်

အလုံးစုံစစ် စချိန်ကတည်းက ရုရှားဆရာ၊ ဆရာမတွေဟာ 'အထူးစစ်ဆင်ရေး' ကို ရည်ရွယ်တဲ့ သင်ခန်းစာတွေကို သင်ပေးဖို့ ဥပဒေအရ လိုအပ်ပါတယ်။

စစ်ပွဲက ဆက်ဖြစ်နေတဲ့အတွက် ရှေ့တန်းပြန် စစ်သားတွေက ကျောင်းတွေကို သွားပြီး သူတို့ အတွေ့အကြုံတွေကို ပြောပြတာကလည်း ပုံမှန်လို ဖြစ်လာခဲ့ပါတယ်။

ကလေးတွေကို ပြောက်ကျားပိုက်ကွန်တွေ၊ ကတုတ်ကျင်းသုံး ဖယောင်းတိုင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ သင်ပေးပါတယ်။ မူကြိုကျောင်းသူ ကျောင်းသားလေးတွေကိုတောင် ရှေ့တန်းက စစ်သားတွေဆီကို စာတွေ၊ ပုံတွေ ပေးပို့ဖို့ အားပေးခဲ့ကြပါတယ်။

အသက် ၁၈ နှစ် လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ စာချုပ်ချုပ်ခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာ ကျောင်းတွေဟာ စာချုပ်စစ်သားတွေ စုဆောင်းဖို့ ပိုအားထုတ်နေတယ်လို့ ရုရှားလွတ်လပ်တဲ့ မီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။

ပန်းဒေသမှာတော့ "စာချုပ်စစ်သား-ထိုက်တန်တဲ့အနာဂတ်" ဆိုတဲ့ဆောင်ပုဒ် စာသားပါတဲ့၊ သက်လတ်ပိုင်းအရွယ် စစ်သားက သူ့အမျိုးသမီးနဲ့ သားငယ်ကိုဖက်ထားတဲ့ပုံပါတဲ့ လက်ကမ်းစာစောင်တွေကို ကျောင်းသားကလေးငယ်တွေကို လိုက်ဝေခဲ့ပါတယ်။

ခန်တီ-မန်စစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း ကြော်ငြာစာရွက်တွေဟာ ကျောင်းတွေကကြော်ငြာသင်ပုန်းတွေဆီ ရောက်လာခဲ့ပြီး "မိခင်နိုင်ငံတော်အတွက် ပူးပေါင်းပါဝင်ကြပါ" ဆိုတဲ့ ပိုစတာတွေ တွေ့လာရပါတယ်။

ခရက်နိုယှက်စ်မှာလည်း ကျောင်းစာသင်ခန်းထဲက သင်ပုန်းမှာ "အခုပဲ ဆက်သွယ်လိုက်ပါ" ဆိုတဲ့ ကြော်ငြာကို ကပ်ထားပါတယ်။

၂၀၂၄ စက်တင်ဘာ ၁ ရက်နေ့၊ နှစ်စ ကျောင်းပထမဆုံးရက်မှာစပြီး ဘာသာရပ်အသစ်တစ်ခုကို သင်ရိုးညွှန်းတမ်းထဲ ထည့်ခဲ့ပါတယ်။

ကလက်စ်နီကော့မှာတော့ ဆိုဗီယက်ခတ်တုန်းကလို "အမိမြေကာကွယ်ရေးနဲ့ ဘေးကင်းလုံခြုံရေး အခြေခံ"လို့ ဆိုပြီး ကလရှနီကော့ရိုင်ဖယ်တွေနဲ့ လက်လုပ်ဗုံးအစိတ်အပိုင်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတာကို အထက်တန်းကျောင်းသားတွေကို ပြန်သင်ပေးနေပါတယ်။

ဒေသအများအပြားမှာတော့ စစ်သားစုဆောင်းရေးလုပ်သူတွေဟာ အခုဆိုရင် ကျောင်းတွေနဲ့ နည်းပညာကောလိပ်တွေမှာ အလုပ်အကိုင်ဆိုင်ရာ သင်ခန်းစာတွေကို တက်ရောက်ပြီး လူငယ်တွေကို ကျောင်းပြီးတဲ့အခါ စာချုပ်အရ စစ်သားဘယ်လိုဝင်ရမယ်ဆိုတာ ပြောပြနေပါတယ်။

၂၀၂၄ ဧပြီမှာတော့ ခရာစ်နိုယပ်စ်ဒေသ၊ တက်စီယဗ်စကီးခရိုင် အကြီးအကဲ ကွန်တစန်တင်း ဒီဇန်‌ဒေါ့ဖ်က ဒေသနည်းပညာကောလိပ်ကို လာရောက်ပြီး ကလေးတွေရဲ့အနာဂတ်အကြောင်း ပြောဆိုခဲ့ပါတယ်။ သူက ကျောင်းသားတစ်ဦးကို အထူးပဲချီးကျူးသွားပါတယ်။

အသက် ၁၈ နှစ်အရွယ် အလက်ဇန္ဒား ဗင်ရှုက စစ်တပ်ထဲဝင်ချင်တယ်လို့ ကြိုတင်ကြေညာထားသူ ဖြစ်ပါတယ်။ ဗင်ရှုကို ဒေသရဲ့ သူရဲကောင်းအဖြစ် ချီးကျူးခဲ့ပြီး တတ်နိုင်သမျှ အမြန်ဆုံး စစ်မှုထမ်းနိုင်ဖို့ သူ့ရဲ့နောက်ဆုံးစာမေးပွဲတွေကို စောစော ဖြေဆိုခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ၇ လအကြာ၊ ၂၀၂၄ နိုဝင်ဘာလမှာတော့ ဗင်ရှုသေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အလက်ဇန္ဒား ဗင်ရှု

ဓာတ်ပုံ ရင်းမြစ်, VK

ဓာတ်ပုံ ပုံစာ, အလက်ဇန္ဒား ဗင်ရှု

စစ်ပွဲမှာသေဆုံးတဲ့ လူငယ်ဦးရေ

၂၀၂၃ ဧပြီလ ကနေ ၂၀၂၅ မေလ အထိ ယူကရိန်းမှာ သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် စာချုပ်စစ်သားစုစုပေါင်း ၂၄၅ ဦးကို ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါတယ်။

အားလုံးဟာ စာချုပ်ချုပ်ပြီး စစ်မှုထမ်းခဲ့တာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ သေဆုံးမှုမှတ်တမ်းတွေအရတော့ အများစုက စစ်တပ်ထဲကို ဆန္ဒအလျောက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၁ ဦးကတော့ စစ်မှုထမ်းဆောင်နေရင်း စာချုပ်ချုပ်ခဲ့တဲ့ ကျောင်းပြီးလာတဲ့ လူငယ်တွေ ဖြစ်ပါတယ်။

အကြီးတန်းအရာရှိတွေက ဒီလူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ ဖိအားပေးခဲ့တယ်လို့ လူငယ်တချို့ရဲ့ မိသားစုတွေက စွပ်စွဲထားပါတယ်။

အချက်အလက်တွေအရ အသက် ၁၈ နှစ်အရွယ် သေဆုံးသူတွေထဲမှာ သေဆုံးမှုအများဆုံးဖြစ်တဲ့နေရာတွေက ဆိုက်ဘေးရီးယားနဲ့ ရုရှားအရှေ့ဖျားဒေသတွေကပါ။

နိုဗိုစီဘီရ်စ်ခရိုင်မှာ ၁၁ ဦး၊ ဇာဘိုင်ကယ်လ်စကီခရိုင်မှာ ၁၁ ဦး၊ အာလ်တိုင်းနဲ့ ပရီမော်စကီးခရိုင်တွေမှာ တစ်ခရိုင်ချင်းစီ ၁၀ ဦးစီ သေဆုံးခဲ့တာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

ဘီဘီစီရဲ့အချက်အလက်တွေက အများပြည်သူကြည့်နိုင်တဲ့ သတင်းရင်းမြစ်တွေကို အခြေခံထားတာပါ။ ဒါပေမဲ့ သေဆုံးသမျှအားလုံးကိုတော့ အများသိအောင် ထုတ်ပြန်ကြေညာတာမဟုတ်လို့ အသက် ၁၈ နှစ်အရွယ်သေဆုံးတဲ့ စာချုပ်စစ်သားတွေရဲ့ အမှန်တကယ် အရေအတွက်က ပိုများနိုင်ပါတယ်။

ဒါပေမဲ့ ဒီသေဆုံးမှုတွေက အသက်ပိုကြီးတဲ့ စာချုပ်စစ်သားတွေ သေဆုံးမှုနဲ့ ယှဉ်လိုက်ရင်တော့ နည်းနေပါသေးတယ်။

အလုံးစုံစစ် စချိန်ကတည်းက ဘီဘီစီက စုဆောင်းခဲ့တဲ့ အချက်အလက်တွေအရ ယူကရိန်းမှာ သေဆုံးခဲ့တဲ့ အသက် ၁၈ က ၂၀ နှစ် အကြား လူငယ် ၂,၈၁၂ ဦးရဲ့ နာမည်တွေကို သိထားပါတယ်။

ဒါဟာ အသက် ၄၅ က ၄၇ နှစ် ကြား လူ ၈,၂၆၇ ဦး သေဆုံးမှုနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါတယ်။

အသက်ကြီးသူတွေဟာ ခန္ဓာကိုယ်ကျန်းမာရေး အားနည်းတာကြောင့် သေဆုံးနှုန်းမြင့်နိုင်ပေမဲ့ ဒီလောက်အထိ ခြားနားမှုကြီးနေတာကတော့ လူငယ်တွေဟာ ငွေကြေးအကျိုးခံစားခွင့်တွေပေးထားရုံနဲ့ စစ်တပ်ထဲဝင်ဖို့ သိပ်စိတ်မဝင်စားတာကို ပြနေတာ ဖြစ်ပါတယ်။

ဒါက ၂၀၂၅ မေလမှာ လွတ်လပ်တဲ့ လိဗာဒါစင်တာက လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုနဲ့ ကိုက်ညီနေပါတယ်။

အဲဒီစစ်တမ်းမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူ ၃၅ ရာခိုင်နှုန်းက ယူကရိန်းစစ်ပွဲကို ထောက်ခံတယ်လို့ ဖော်ပြပါတယ်။ အသက် ၄၀ ကနေ ၅၄ နှစ်ကြား လူ ၄၂ ရာခိုင်နှုန်းနဲ့ အသက် ၅၅ နှစ်အထက် လူ ၅၄ ရာခိုင်နှုန်းက ထောက်ခံတယ်လို့လည်း ဆိုထားပါတယ်။

တောက်ပနေတဲ့မျက်ဝန်းများ

သူ့ သူငယ်ချင်းအဆိုအရ အလက်ဇန္ဒား ပက်လင်စကီးဟာ သိမ်မွေ့တဲ့လူငယ်တစ်ယောက်ပါ။ တခြားသူတွေကို ကူညီတတ်သူလို့ ဆိုပါတယ်။ ပန်းချီဆွဲတာကိုကြိုက်ပြီး သူ့သူငယ်ချင်းတွေကြိုက်တဲ့ ကာတွန်းပုံတွေကို ဆွဲပေးဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်သူပါ။

ဒေသလူငယ်အဖွဲ့အစည်းရဲ့ တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေသခံစာကြည့်တိုက်အတွက်လည်း စာအုပ်တွေ စုဆောင်းပေးသလို ပြတိုက်တွေကိုသွားတာ၊ ပြီးတော့ ယူကရိန်းရှေ့တန်းက သူနာပြုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့တွေကိုလည်း စည်းရုံးပေးသူ ဖြစ်ပါတယ်။

အလက်ဇန္ဒားက ဆရာဝန်ဖြစ်လာဖို့ ရည်မှန်းထားပေမဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့နဲ့ စစ်တပ်ထဲကိုဝင်ဖို့အိပ်မက်ကိုလည်း ဘာကြောင့်မက်ခဲ့တယ်ဆိုတာကို ဘယ်သူမှ သိခဲ့ပုံ မရပါဘူး။

အလက်ဇန္ဒား ပက်လင်စကီး အလယ်တန်းအောင်လက်မှတ်ပေး အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, VK

ဓာတ်ပုံ ပုံစာ, အလက်ဇန္ဒား ပက်လင်စကီး အလယ်တန်းအောင်လက်မှတ်ပေး အခမ်းအနား

၂၀၂၅ ဇန်နဝါရီ ၃၁ ရက်မှာ အလက်ဇန္ဒား အသက် ၁၈ နှစ် ပြည့်ပါတယ်။ သူ ပထမဆုံး လုပ်ခဲ့တာကတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်နိုင်ဖို့အတွက် ကောလိပ်ကို တစ်နှစ်နားဖို့ ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

"သူ အဲဒီလို နားတဲ့အခါ သူ့အမေ ဘာပြောမယ်ထင်လဲလို့ ကျောင်းက မေးခဲ့ပါတယ်" လို့ ကောလိပ်အတွင်းရေးမှူးက နောက်ပိုင်းမှာ ဒေသတွင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

"သူက 'အမေနဲ့ ဘာဆိုင်လဲ။ ဒါ ကျွန်တော့် ရွေးချယ်မှုပဲ' လို့ ပြောပါတယ်။ သူ့မျက်လုံးတွေ တောက်ပနေခဲ့တယ်" လို့ ပြောပြပါတယ်။

သုံးပတ်အကြာမှာ အလက်ဇန္ဒားဟာ စာချုပ်ချုပ်ပြီး လေ့ကျင့်ရေးတပ်ဖွဲ့ထဲကို ရောက်နေပါပြီ။ သူ ထွက်မသွားခင်မှာ သူ့သူငယ်ချင်း အန်နက်စတာစီးယားနဲ့ တွေ့ခဲ့ပါတယ်။

ကျောင်းနေဖက်ဟောင်း သူငယ်ချင်း နှစ်ယောက်ဟာ ပန်းချီအကြောင်း ပြောရင်း ခုံတန်းလျားတစ်ခုပေါ်မှာ ထိုင်နေကြပါတယ်။ အလက်ဇန္ဒားဟာ အမှတ်တရ လက်ဆောင်အဖြစ် အန်နက်စတာစီးယားရဲ့ လက်ကောက်ဝတ်ပေါ်မှာ မီးတောက်နဲ့ မီးရှူးတိုင်တစ်ခုပုံကို ဆွဲပေးပါတယ်။

အဲဒါက အန်နက်စတာစီးယား သူ့ကို နောက်ဆုံး တွေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ထိတ်ခတ်ခံရပြီး ရိုက်နှက်ခံရ

ဆိုက်ဘေးရီးယား၊ အစ်ကွတ်ခ်ဒေသက အသက် ၁၈ နှစ်အရွယ် ဗီတာလီ အိုင်ဗန်နော့ဗ် စစ်တပ်ထဲ ရောက်သွားတာကတော့ လုံးဝ မတူတဲ့ တခြားအကြောင်းကြောင့်ပါ။

သူဟာ လူဦးရေ ၅,၀၀၀ ပဲရှိတဲ့ အစ်ကွတ်ခ်ကနေ နှစ်နာရီအကွာမှာရှိတဲ့၊ အလုပ်သမားလူတန်းစား ရပ်ကွက်လေးဖြစ်တဲ့ တေးတာကာမှာ မွေးဖွားကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းမှာ သူနဲ့ သူ့သူငယ်ချင်း မီရှာတို့ဟာ ဘွိုင်လာစက်မှာ အချိန်ပိုင်းအလုပ်လုပ်တာ၊ ခြံတွေထဲမှာ အာလူးလိုက်တူးတာတွေ လုပ်ခဲ့ပါတယ်။ နွေရာသီမှာတော့ သူက အနားရွာတွေကို ကစားစရာ လေမှုတ် ရဲတိုက်တွေ ယူသွားပြီး ငွေရှာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အလီနာလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ သူတွေ့ခဲ့ပါတယ်။ သူတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ဗီတာလီဟာ သူ့ဆီကို မကြာခဏ သွားလည်ခဲ့ပါတယ်။ အလီနာတို့ရဲ့ အားလပ်ရက်အိမ်မှာ အာလူးတူးပေးတာနဲ့ အိမ်ထဲမှာ ပစ္စည်းတွေ ပြင်ပေးတာတွေကို ကူညီပေးခဲ့ပါတယ်။

အားကစားဆုတွေနဲ့ ဗီတာလီ

ဓာတ်ပုံ ရင်းမြစ်, Vitaly Ivanov/VK

ဓာတ်ပုံ ပုံစာ, ဗီတာလီ ငယ်ဘဝ

"ကျွန်မအတွက် သူရှိတယ်၊ ကာကွယ်ပေးမယ်လို့ အမြဲပြောပါတယ်" လို့ အလီနာက ပြောပါတယ်။

ဒါပေမဲ့ တချို့အချိန်တွေမှာတော့ သူတို့ ရန်ဖြစ်တဲ့အခါ ဗီတာလီက ထွက်သွားပြီး စစ်တပ်ထဲကို ဝင်တော့မယ်လို့ ခြိမ်းခြောက်တတ်ပါတယ်။

"ငါထွက်သွားလိုက်ရင် အဆင်ပြေသွားမှာပါဆိုတဲ့ ပုံစံမျိုးပေါ့" လို့ အလီနာက ပြန်ပြောပြပါတယ်။

ဗီတာလီအသက် ၁၆ နှစ် ပြည့်တဲ့အခါ ကျောင်းကထွက်ပြီး ဒေသတွင်း ကောလိပ်တစ်ခုမှာ အလုပ်သင်စက်ပြင်ဆရာ နေရာ ရခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ ကျောင်းထွက်သွားခဲ့ပါတယ်။

ဗီတာလီဟာ အသက် ၁၈ နှစ် ပြည့်ရင် စစ်မှုမထမ်းမနေရ စနစ်နဲ့ ထမ်းဆောင်ဖို့ စီစဉ်ပြီးထားပါတယ်။ ပြီးရင် လမ်းဖောက်လုပ်ရေး အလုပ်တွေအတွက် ကာဇန်ကို သွားဖို့ ရည်ရွယ်ထားတယ်လို့ သူ့သူငယ်ချင်း မီရှာက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၄ နိုဝင်ဘာမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။

သူတို့ဒေသက ဆိုင်တစ်ဆိုင်မှာ လုယက်မှု ဖြစ်ပြီး ရဲတွေက စီစီတီဗီမှတ်တမ်းကို ပြန်ကြည့်တဲ့အခါ ကျူးလွန်သူတစ်ယောက်ဟာဗီတာလီနဲ့ ဆင်တူတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗီတာလီရဲ့ အမေ အန်နာက မနှစ်ကတုန်းက ဗီတာလီဟာ ဒေသတွင်းက မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးနဲ့ ရန်ဖြစ်ပြီး အဖမ်းခံရတဲ့အတွက် ဗီတာလီကို ရဲက သိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ သူ အဖမ်းခံခဲ့ရပြီးနောက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ဖို့အတွက် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗီတာလီကို ရဲစခန်းကို ခေါ်ပြီး နာရီတော်တော်ကြာ ဖမ်းထားခဲ့ပါတယ်။ နောက်ဆုံး သူ လွတ်မြောက်လာတဲ့အခါ သူ့ရဲ့ ချစ်သူဆီကို တယ်လီဂရမ် ဗီဒီယို မက်ဆေ့ခ်ျတစ်ခု ပို့ခဲ့ပါတယ်။ အဲ့ဒီ မက်ဆေ့ခ်ျကို သူ့ချစ်သူက ဘီဘီစီကို ပြန်ပြခဲ့ပါတယ်။

အဲ့ဒီထဲမှာ ဗီတာလီက ငိုပြီး ရဲတွေက သူ့ကို လက်ထိတ်ခတ်ပြီး ရိုက်တယ်လို့ သူ့ချစ်သူကို ပြောပြနေပါတယ်။

"အဲ့ဒီ မကောင်းဆိုးရွားတွေက အရမ်း ကြောက်စရာကောင်းတယ်" လို့ သူက ရှိုက်ကြီးတငင် ငိုရင်း ပြောပါတယ်။

"အရမ်း ကြောက်တယ်" လို့လည်း ပြောပါတယ်။

ရဲတွေက သူ့ကို လုယက်မှုအတွက် ဝန်ခံစေချင်တယ်လို့ ဗီတာလီက သူ့အမေနဲ့ ချစ်သူကို ပြောပါတယ်။ စစ်တပ်ထဲကို ဝင်ဖို့ စာချုပ်ချုပ်ဖို့အတွက် သူ့ကို ရဲတွေက ပြောခဲ့တာလို့ သူ့အမေက ယူဆထားပါတယ်။

" သူ ကြောက်နေတာကို နားလည်ပါတယ်။ သူက ၁၈ နှစ်ပဲ ရှိသေးတယ်" လို့ သူ့ အမေက ပြောပါတယ်။

"သူ့ကို လက်ထိတ်ခတ်ပြီး နှစ်နာရီလောက် ရိုက်တာ" လို့လည်း ပြောပြပါတယ်။

ဗီတာလီ

ဓာတ်ပုံ ရင်းမြစ်, Vitaly Ivanov/VK

ဓာတ်ပုံ ပုံစာ, ခိုးမှုအတွက် ဝန်ခံအောင် ရဲတွေက သူ့ကို ရိုက်ကြတယ်လို့ ဗီတာလီက ပြောပါတယ်။

ရဲစခန်းကနေ ထွက်လာလာချင်းပဲ ဗီတာလီဟာ သူ့သူငယ်ချင်း မီရှာနဲ့ တွေ့ပြီး စစ်တပ်ထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

မီရှာက အံ့အားသင့်ပြီး "ဘာလို့ အဲဒီလို လုပ်မှာလဲ" လို့ ပြောပါတယ်။

"ငါနဲ့အတူ လမ်းဖောက်တဲ့အလုပ် လုပ်ဖို့ ကာဇန်ကို လိုက်ခဲ့ပါ၊ အဲဒါ ပိုကောင်းတာပေါ့" လို့ ပြောပါတယ်။

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကလည်း သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဗီတာလီဟာ သူတို့ရဲ့ မက်ဆေ့ခ်ျအားလုံးကို ဖျက်ပစ်ပြီး အဆက်အသွယ် ဖြတ်သွားတယ်လို့ မီရှာက ပြောပါတယ်။

အိမ်ကနေ ထွက်မသွားခင် တစ်ရက်အလိုမှာ ဗီတာလီဟာ အလုပ်သွားနေတဲ့ သူ့အမေဆီကို ဖုန်းဆက်ခဲ့ပါတယ်။

"အမေ၊ သား ခဏနေ သွားတော့မယ်" လို့ သူက ပြောပါတယ်။

"ကာဇန်ကိုလား။ အေးလေ၊ သွားတော့" လို့ သူ့အမေက ပြန်ဖြေခဲ့ပါတယ်။

"မဟုတ်ဘူး အမေ။ သား အထူးစစ်ဆင်ရေးဆီကို သွားတော့မှာ" လို့ သူက ပြောပါတယ်။

အန်နာက "တစ်ညလုံး ငိုခဲ့တယ်" လို့ ပြောပါတယ်။

"သူက ဒီကိစ္စအားလုံးကို လျှို့ဝှက်ထားခဲ့တာပဲ။ သူ ဘာမှ မပြောခဲ့ဘူး။ ဘယ်တုန်းကမှ မညည်းညူခဲ့ဘူး။ ကျွန်မ မသိအောင် အားလုံးကို လုပ်ခဲ့တာ" လို့ အန်နာက ပြောပါတယ်။

သူတို့ နောက်ဆုံး တွေ့ဆုံချိန်မှာ ဗီတာလီက လုံးဝ ငြိမ်သက်နေခဲ့တယ်လို့ အလီနာက မှတ်မိနေပါတယ်။ သူက အေးအေးဆေးဆေး နှုတ်ဆက်နေပြီး အလီနာကို မငိုဖို့ ပြောပါတယ်။ ပြီးတော့ သူက အေးအေးဆေးဆေး အိမ်ကိုပြန်၊ သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ရထားဘူတာကို ထွက်သွားပါတယ်။

ရှေ့တန်းကိုရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်အရ သူဟာ အစ်ကွတ်ခ်အစား ဆာမာရာဒေသမှာ စစ်မှုထမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၄ ဆောင်းဦးရာသီမှာ ဆာမာရာ ဒေသဟာ စစ်မှုထမ်းဖို့ စာရင်းပေးရင် အများဆုံး ဆုကြေးငွေ ပေးနေတဲ့နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဗီတာလီဟာ ဆာမာရာက ဆုငွေနဲ့ ရုရှားအစိုးရဆုကြေးငွေတွေအဖြစ် ရူဘယ် လေးသန်းလောက် ရမှာပါ။ ဒါဟာ အမေရိကန်ဒေါ်လာ ငါးသောင်းလောက်နဲ့ ညီမျှပါတယ်။

ပညာအများကြီးမသင်ရသေးတဲ့၊ အလားအလာ သိပ်မရှိတဲ့ ၁၈ နှစ် သား ရွာသားလေး တစ်ယောက်အတွက်တော့ စိတ်ကူးလို့တောင် မရနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

ပထမဆုံးနဲ့ နောက်ဆုံး တာဝန်

သူတို့ရဲ့ စစ်ထဲဝင်လာပုံတွေက အတော် မတူကြပေမဲ့ အသက် ၁၈ နှစ် ပြည့်ခဲ့ကြတဲ့ ဗီတာလီနဲ့ အလက်ဇန္ဒားတို့ဟာ ၂၀၂၅ ဖေဖော်ဝါရီလလောက်မှာ တစ်ချိန်တည်းလောက်ပဲ ရှေ့တန်းကို ရောက်လာခဲ့ကြပါတယ်။

ဗီတာလီ လေ့ကျင့်ရေးဆင်းနေတုန်းမှာတောင် သူတို့ အဆက်အသွယ် မပြတ်ရှိခဲ့တယ်လို့ အလီနာက သူမှတ်မိနေတာတွေကို ပြောပြပါတယ်။

"ဗီတာလီက သူ နောင်တရနေတယ်၊ အိပ်ရေးပျက်နေတယ်လို့ စာရေးလာပါတယ်" လို့ အလီနာက ပြောပြပါတယ်။

"အမေ၊ ဒါက တကယ်မလွယ်ဘူးဆိုတာ သားသိပြီ" လို့ ဗီတာလီက သူ့ကို ပြောပြခဲ့တာကို သူ့အမေ အန်နာက မှတ်မိနေပါတယ်။

လေ့ကျင့်ရေး နှစ်ပတ်အကြာမှာပဲ ဗီတာလီကို စစ်ထောက်လှမ်းရေးမှာ တာဝန်ပေးခဲ့ပါတယ်။

"လေ့ကျင့်ရေးမှာ ဘာတွေ သင်ခဲ့ရလဲ" လို့ သူ့ကို မေးခဲ့ပါတယ်။

အဖြေက စိတ်ချလောက်စရာ မဟုတ်ပါဘူး။

ရှေ့တန်းမှာ တွေ့ရတဲ့ ဗီတာလီ

ဓာတ်ပုံ ရင်းမြစ်, Anna Gromova/OK

ဓာတ်ပုံ ပုံစာ, ရှေ့တန်းမှာ တွေ့ရတဲ့ ဗီတာလီ

"အမေ၊ တကယ့် ထောက်လှမ်းရေးတစ်ယောက် ဖြစ်ဖို့ဆိုရင် သုံးနှစ်လောက် သင်ရတယ်။ သားက နည်းနည်းပဲ သင်ခဲ့ရသေးတာ" လို့လည်း ပြောပါတယ်။

ဗီတာလီဆီကနေ အန်နာ နောက်ဆုံး အဆက်အသွယ်ရခဲ့တာက ဖေဖော်ဝါရီ ၅ ရက်နေ့မှာပါ။ သူ စစ်ဆင်ရေးတာဝန်တစ်ခု သွားရတော့မယ်လို့ သူက ရေးခဲ့ပါတယ်။

"အဲ့ဒါက သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး တာဝန်ပါပဲ" လို့ အန်နာက ပြောပါတယ်။

မတ်လ ၄ ရက်နေ့မှာတော့ စစ်မှုထမ်း စုဆောင်းရေးရုံးက အရာရှိတွေက အန်နာ့ဆီကို ဖုန်းခေါ်ပြီး သူ့သား ၂၀၂၅ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တိုက်ပွဲမှာ သေဆုံးခဲ့ပြီလို့ ပြောပါတယ်။

သူဟာ ရှေ့တန်းမှာ တစ်ပတ်ပဲ တာဝန်ထမ်းဆောင်ရပါသေးတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဇင့်အခေါင်းသေတ္တာထဲ ထည့်ပြီး တေးတာကာကို ပြန်သယ်လာခဲ့ပါတယ်။ လူဆယ်ဂဏန်းလောက်က သူ့ကို လာဂါရဝပြုခဲ့ကြပြီးနောက် သူ့ရဲ့ အခေါင်းကို သူတို့ဒေသက သုသာန်ကိုသယ်သွားခဲ့ပါတယ်။

မြို့အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေဟာ ဈာပနမှာ မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။

"သူတို့က - ဗီတာလီဟာ သူ့ရဲ့ အသက်ကို အမိမြေအတွက် ပေးဆပ်ခဲ့တယ်။ သူဟာ ရဲရဲရင်ရင့်နဲ့ စစ်တိုက်ထွက်သွားသူဖြစ်တယ်လို့ ပြောပါတယ်။ လုပ်ရိုးလုပ်စဥ်တွေပါပဲ" လို့ မီရှာ က ပြောပါတယ်။

"ဒါပေမဲ့ သူ ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲဆိုတာကို လူတိုင်းက မေးခဲ့ကြပါတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ထဲ ဝင်တာ အဓိပ္ပာယ်မရှိဘူးလို့ ပြောကြတယ်။ လူအများစုက ဒါကို ယုံတောင် မယုံနိုင်သေးပါဘူး" လို့ ပြောပါတယ်။

ဗီတာလီစစ်ထဲမှာ ပါဝင်ပတ်သက်တာကြောင့် ယူကရိန်း စစ်သားတွေ၊ အရပ်သားတွေ သေဆုံးစေနိုင်တယ်ဆိုတဲ့ အချက်ကို ဗီတာလီရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက မှတ်ချက်ပေးတာ မရှိပါဘူး။

ကြီးစွာသော ပူဆွေးသောက

ဗီတာလီသေဆုံးပြီး တစ်လအကြာ မတ်လ ၉ ရက်နေ့မှာ အလက်ဇန္ဒား ပက်လင်စကီးလည်း သေဆုံးခဲ့ပါတယ်။

သူ့ဒေသ လူငယ်အဖွဲ့က သူ့သူငယ်ချင်းတွေကတော့ သူဟာ "အထူးစစ်ဆင်ရေးမှာ စစ်ရေး တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တယ်" လို့ အွန်လိုင်းမှာ အမှတ်တရ စာသား တင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့လကမှ အသက် ၁၈ နှစ်ပြည့်တာဆိုရင် အဲ့ဒီကို သူ ဘယ်လို ရောက်နေတာလဲ" လို့ တစ်ယောက်က အောက်က မှတ်ချက်မှာ ရေးခဲ့ပါတယ်။

အလက်ဇန္ဒား ပက်လင်စကီးရဲ့ စျာပနက သူ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, VK

ဓာတ်ပုံ ပုံစာ, အလက်ဇန္ဒား ပက်လင်စကီးရဲ့ စျာပနက သူ့ဓာတ်ပုံ

"ရုရှားနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်မ သားအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အမေတစ်ယောက်အနေနဲ့ကတော့ ဒီဆုံးရှုံးမှုကို ကျွန်မ မခံစားနိုင်ပါဘူး" လို့ အလက်ဇန္ဒား ရဲ့ အမေ အယ်လီနာက ဘီဘီစီကို ပြောပါတယ်။ အဲဒီထက် ပိုပြောဖို့တော့ သူက ငြင်းပါတယ်။

ဗီတာလီရဲ့ အမေ အန်နာကိုလည်း နှစ်ခါ၊ သုံးခါလောက် ဆက်သွယ်မှ ဘီဘီစီနဲ့ အဆက်အသွယ်ရခဲ့တာပါ။ ဖုန်းခေါ်တော့ ပထမဆုံး မိနစ်တွေမှာ သူ ရှိုက်ကြီးတငင် ငိုပြီး စကားမပြောနိုင်ပါဘူး။ သူက သူ့သားကို နောက်ဆုံးနှုတ်ဆက်ခဲ့တာကို စိတ်ထဲမှာ အခါခါ ပြန်တွေးနေမိတယ်လို့ ပြောပါတယ်။

"မနေ့တုန်းကလို့ပဲ ခံစားနေရတုန်းပါပဲ။"

အလက်ဇန္ဒား ရဲ့ သူငယ်ချင်း အန်နက်စတာစီးယားကတော့ အသက် ၁၈ နှစ် လူငယ်တွေ စစ်ထဲဝင်ဖို့ စာချုပ်တွေ ချုပ်နေကြတာဟာ သူ့အတွက်တော့ "နာကျင်စရာ ကိစ္စ" တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့တွေက အဖြူခံ လူငယ်လေးတွေပါ။ သူတို့ မသိတာတွေ အများကြီးပါ" လို့ သူက ပြောပါတယ်။

"သူတို့ လုပ်နေတဲ့တာဝန်တွေကို သူတို့ ကောင်းကောင်းလည်း နားမလည်ပါဘူး" လို့လည်း ပြောပါတယ်။

အန်နက်စတာစီးယားကတော့ အလက်ဇန္ဒားရဲ့ စစ်ပွဲထဲမှာ ပါဝင်မှုဟာ ယူကရိန်းက ထွက်သွားရသူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာကို မှတ်ချက် မပေးပါဘူး။

စိတ်ဝင်တစား ဂရုစိုက်သူ မရှိ

အလက်ဇန္ဒားနဲ့ ဗီတာလီတို့ သေဆုံးသွားတာဟာ သူတို့သူငယ်ချင်းတွေနဲ့ မိသားစုတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၁၈ နှစ် လူငယ်တွေ စစ်မှုထမ်းပြီး သေဆုံးနေကြတဲ့အကြောင်းကိုတော့ ရုရှားကလူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပုံ မရပါဘူး။

ကျောင်းကနေ စစ်ထဲ ဝင်ပြီး မကြာခင်မှာပဲ သေဆုံးခဲ့တဲ့ တခြား လူငယ်လေးတစ်ယောက်ရဲ့ မိသားစုကတော့ အထက်တန်းကျောင်းသားတွေကို ရှေ့တန်း ပို့တာကို ရပ်ဖို့ စည်းရုံးလှုံ့ဆော်ဖို့ ကြိုးစားခဲ့ပါတယ်။

စမော့လန့်စ်ခ်က ဒန်နီရယ် ခရစ်တီယာကော့ဗ်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးလို့ နှစ်လတောင် မပြည့်သေးခင်မှာပဲ သေဆုံးခဲ့ပါတယ်။ အလက်ဇန္ဒား နဲ့ ဗီတာလီတို့လိုပဲ သူလည်း ရှေ့တန်းကို ရောက်စပဲ ရှိပါသေးတယ်။ သူ စစ်တပ်ထဲကို ဝင်တဲ့နေ့မှာမှ သူ့မိသားစုက အဲဒါကို သိခဲ့ရတာပါ။

"၁၈ နှစ်သားတွေကို စာချုပ်နဲ့ စစ်ထဲထည့်ပေးတဲ့ ဥပဒေကို ရုပ်သိမ်းဖို့ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရအောင် အဖွဲ့အစည်းပေါင်းများစွာကို စာရေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ စိတ်မဝင်စားသလို ဂရုမစိုက်ပါဘူး " လို့ သူ့ဆွေမျိုးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗီတာလီရဲ့ အမေ အန်နာကတော့ သူ့သားကို ထိန်းသိမ်းခဲ့တဲ့ ရဲအရာရှိတွေကို စုံစမ်းစစ်ဆေးပေးဖို့ အာဏာပိုင်တွေဆီမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူ့သား ရုတ်တရက် စစ်မှုထမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် အဲ့ဒီရဲတွေမှာ တာဝန်ရှိတယ်လို့ သူက ယုံကြည်ထားပါတယ်။

"တရားမျှတမှုရရှိရေး" သူကြိုးစားတာတွေထဲမှာ သူ့သားကိစ္စနဲ့ ပတ်သက်တဲ့ စာရှည်ကြီးတစ်စောင်ကို မော်စကိုက နိုင်ငံပိုင်ရုပ်သံလိုင်း One က 'အမျိုးသားနဲ့အမျိုးသမီး' ဆွေးနွေးပွဲအစီအစဉ်ဆီကိုလည်း ပို့ခဲ့ပါသေးတယ်။ စာကို မှတ်ပုံတင်ပြီး ပို့ခဲ့ပေမဲ့ အဲ့ဒီအစီအစဉ်က ဘယ်သူကမှ စာတိုက်ကနေ လာမယူကြပါဘူး။