ငြိမ်းချမ်းရေးယူဖို့ ထရမ့်ပြောပေမဲ့ သူ သမ္မတဖြစ်ချိန်ကစလို့ ယူကရိန်းကို ရုရှားတိုက်ခိုက်မှု ၂ ဆတိုး

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, မက်ထ် မာဖီ နဲ့ နက် ဒေဗီး
- ရာထူးတာဝန်, BBC Verify
ရုရှားနဲ့ ယူကရိန်းကြား အပစ်ရပ်ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်တိုက်တွန်းနေပေမဲ့ အိမ်ဖြူတော်ကို သူပြန်လည်ရောက်လာခဲ့တဲ့ ဇန်နဝါရီလ ကတည်းကဆိုရင် ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေတိုက်ခိုက်မှု အရင်ထက် ၂ ဆ ပိုပြီး ပြုလုပ်နေတယ်လို့ BBC Verify ရဲ့ သုတေသနအရ တွေ့ရှိထားပါတယ်။
သမ္မတဟောင်း ဂျိုး ဘိုင်ဒန်လက်ထက် ၂၀၂၄ ခုနှစ်ကတည်းက ရုရှားရဲ့တိုက်ခိုက်မှုတွေက မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ရွေးကောက်ပွဲ အနိုင်ရတဲ့နိုဝင်ဘာအတွင်းမှာ တကယ့်သိသိသာသာ ပိုများပြားလာခဲ့တာပါ။ ထရမ့် အိမ်ဖြူတော်မှာ တာဝန်စယူတဲ့ အချိန်ကစလို့ မှတ်တမ်းတင်ထားခဲ့တဲ့ မော်စကိုကနေ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ပွဲရဲ့ အမြင့်ဆုံးအဆင့်တွေအထိ ရောက်ခဲ့ပါတယ်။
ထရမ့်က သူ သမ္မတ စဖြစ်ဖြစ်ချင်း နေ့မှာတင် စစ်ပွဲရပ်အောင်လုပ်မယ်လို့ မဲဆွယ်စည်းရုံးမှု တစ်လျှောက်လုံးမှာ ကတိပေးခဲ့တာပါ။ ကရင်မလင်နန်းတော်က လေးစားတဲ့သမ္မတတစ်ယောက်သာရှိရင် ယူကရိန်းအပေါ် ရုရှားရဲ့အလုံးစုံကျူးကျော်မှုကို တားဆီးကောင်း တားဆီးနိုင်ခဲ့မှာလို့ ထရမ့်က ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့မဲဆွယ်ပွဲတွေမှာ ပြောဆိုခဲ့ပါတယ်။
အပစ်ခတ်ရပ်စဲမှုဖြစ်အောင် သူ့ ကြိုးပမ်းမှုတွေဟာ တစ်ခါတစ်လေမှာ ရုရှားအပေါ်မျက်နှာသာပေးတဲ့အခါမျိုးရှိတယ်လို့ အကဲခတ်တွေ ဝေဖန် စွပ်စွဲတာခံရပါတယ်။ ပြီးတော့ ထရမ့် အစိုးရဟာ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးလက်နက်ပစ္စည်းတွေနဲ့ အခြား စစ်ဘက်ဆိုင်ရာ အထောက်အပံ့ ပေးတာတွေကို ၂ ကြိမ်တိတိ ဆိုင်းခဲ့ဖူးပါတယ်။
အထောက်အပံ့တွေ ဆိုင်းထားမယ်လို့ မတ်လနဲ့ ဇူလိုင်လမှာ ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ သမ္မတက ဒါကို ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ရုရှားဘက်က ဒုံးကျည်နဲ့ ဒရုန်းတွေကို တိုးပြီး ထုတ်လုပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပဲ့ထိန်း ဒုံးကျည်ထုတ်တာကို ၆၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးအပြောအရ သိရပါတယ်။
ယူကရိန်းလေတပ်က ထုတ်ပြန်တဲ့ နေ့စဥ်တိုက်ခိုက်ခံရမှုဖြစ်စဥ်ပေါ် အခြေခံပြီး အဲဒီအချက်အလက်တွေကို BBC Verify က လေ့လာသုံးသပ်ခဲ့ပါတယ်။ အဲဒီအချက်အလက်အရဆိုရင် ရုရှားဟာ ထရမ့် သမ္မတ တာဝန်စတင်ရယူတဲ့ ဇန်နဝါရီလ ၂၀ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အတွင်း ပစ်ခတ်မှုအကြိမ်ပေါင်း ၂၇,၁၅၈ အထိပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ သမ္မတဘိုင်ဒန်လက်ထက် နောက်ဆုံး ၆ လအတွင်းမှာတော့ ပစ်ခတ်မှုပေါင်းက ၁၁,၆၁၄ သာရှိတာပါ။
"ဂျိုးဘိုင်ဒန်ရဲ့ မပြည့်ဝမှုကြောင့် ဒီရက်စက်(လူမဆန်)တဲ့ စစ်ပွဲပေါက်ပေါက်လာခဲ့တာ။ ပြီးတော့ စစ်ပွဲကလည်း ဖြစ်တာအချိန်ကြာလာနေပြီ" လို့ အိမ်ဖြူတော်လက်ထောက်သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး အန်နာ ကယ်လီက BBC Verify ကို စာနဲ့ ဖြေကြားပါတယ်။
"သမ္မတထရမ့်က သတ်ဖြတ်မှုတွေကို ရပ်တန့်ချင်နေပါတယ်။ ဒါကြောင့် အမေရိကန်လုပ် လက်နက်တွေကို နေတိုးအဖွဲ့ ဝင်တွေကို ရောင်းချပေးနေတာပါ။ တကယ်လို့ ပူတင်က အပစ်ရပ်စဲမှုတစ်ခု သဘောမတူခဲ့ရင် ပြင်းထန်တဲ့သွင်းကုန်ခွန် တင်းကျပ်တာနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်တာတွေ လုပ်နေတာပေါ့"
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်အစိုးရအဖွဲ့သစ်ဟာ ရာထူးစယူတဲ့ ပထမဆုံးသီတင်းပတ်မှာပဲ ဖြေရှင်းချက် တစ်စုံတစ်ခု ရရှိရေးအတွက် သမ္မတ ပူတင်ကို ဆွဲခေါ် သယောင် ရည်ရွယ်တဲ့ ထုတ်ပြန်ချက်တသီကြီးကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
အခုကာလတွေအတွင်း ရုရှားရဲ့တိုက်ခိုက်မှုကို ဘိုင်ဒင်အစိုးရရဲ့နောက်ဆုံးသီတင်းပတ် ကာလနဲ့ နှိုင်းယှဥ်ရင်တော့ ကျဆင်းခဲ့တယ်လို့ ဆိုရပါမယ်။
ဒါပေမဲ့လည်း ဖေဖော်ဝါရီမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဦးဆောင်တဲ့ သံတမန်တွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ရဲ့အဖွဲ့နဲ့ ရီယက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေဟာလည်း ပြန်လည် မြင့်တက်ခဲ့သယောင်ပါ။
ဆွေးနွေးမှုတွေဟာ စစ်ပွဲ အဆုံးသတ်ဖို့ အစပျိုးမှုတစ်ခုဖြစ်ပြီလို့ မာကို ရူဘီယိုက ပြောဆိုခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ကြားဝင်ညှိနှိုင်းမှုတွေနဲ့အတူ တူရကီမှာ ရုရှားနဲ့ ယူကရိန်းတာဝန်ရှိသူတွေအကြား ဆွေးနွေးတာတွေ ထွက်ပေါ်လာပါတယ်။
ယူကရိန်းအပေါ် ဒရုန်းနဲ့ ဒုံးကျည်ပေါင်း ၇၄၉ ခုနဲ့ တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့လ အစောပိုင်းကာလဟာ တိုက်ခိုက်မှုတွေ အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ရဲ့အချက်အလက်အရ သိရပါတယ်။ ဆက်တိုက်တိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့သလို ၂ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှု ကြိမ်ဖန်များများ ထွက်လာတဲ့အခါ ထရမ့်တစ်ယောက် ဒေါသထွက်စ ပြုလာပါတယ်။ ဒါပေမဲ့ ယူကရိန်း- ရုရှားအရေး သူ စိတ်မရှည်တော့တဲ့အခြေအနေဟာ မော်စကိုရဲ့ဗျူဟာအပေါ်ကို သက်ရောက်မှုရှိတဲ့ပုံ မပေါ်ပါဘူး။
မေလ ၂၅ ရက်နေ့မှာတော့ မှတ်တမ်းတင်မိခဲ့သမျှ တိုက်ခိုက်မှုတွေထဲ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုလို့ မှတ်ယူနိုင်တဲ့ ပစ်ခတ်မှုတွေကို ရုရှား ပြုလုပ်ခဲ့ပါတယ်။ ထရမ့်ဟာ စိတ်ဆိုးပြီး "(ပူတင်က)ဘာတွေဖြစ်နေတာလဲ" လို့ဆိုပြီး မေးခွန်းထုတ် ပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရုရှားဟာ သတင်းတွေအရ တိုက်ခိုက်မှု အကြိမ် ၁၄ ခါထက် ကျော်လွန်ခဲ့ပါတယ်။ ထရမ့်ကတော့ ကရင်မလင်နန်းတော်အနေနဲ့ သြဂုတ်လ ၈ ရက် နောက်ဆုံးထားပြီး ယူကရိန်းနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရဖို့ လိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေထဲကို ထိုးဖောက်နေတဲ့ ရုရှားရဲ့ ကျည်လက်နက် အရေအတွက်ဟာလည်း တိုးလာနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ မြို့တော် ကိယက်ပတ်ဝန်းကျင်က ပေါက်ကွဲမှုတွေဟာ မြို့ခံတွေအတွက် နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်လာပါတယ်။
"အိပ်တော့မယ်ဆိုတဲ့အချိန်တိုင်း နောက်နေ့မနက်မှာ အသက်ရှင်လျက်နိုးထ နိုင်ပါ့ဦးမလားဆိုတာ မသိနိုင်ကြပါဘူး။ ဒါက ပုံမှန်ဘဝ ရှင်သန် နေထိုင်မှု ပုံစံ မဟုတ်တော့ဘူး" လို့ မြို့အတွင်းမှာ နေထိုင်သူ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဒါရှ ဘော့က ဇွန်လထဲမှာ ဘီဘီစီက တင်ဆက်ခဲ့တဲ့ ယူကရိန်းအကြောင်း အစီအစဥ်မှာ ပြောဖူးပါတယ်။
"အချိန်တိုင်းမှာ ပေါက်ကွဲသံတွေ ဒါမှမဟုတ် ဒုံးကျည်တွေ ခေါင်းပေါ်ကနေ ဖြတ်ပျံသွားတိုင်း ခေါင်းထဲ အတွေးပေါင်းများစွာပဲ၊ အခု ငါသေတော့မှာလား။ အဲဒီလိုမျိုးတွေပေါ့"
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အထိနာနေတဲ့ယူကရိန်း
လက်နက်ထောက်ပံ့မှု ၂ ကြိမ်အထိ ရပ်ဆိုင်းတဲ့ ထရမ့်ရဲ့ဆုံးဖြတ်ချက်၊ နောက်ပြီး ရုရှားနဲ့ ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ သူ့ရဲ့ ချဥ်းကပ်မှုတွေဟာ တိုက်ခိုက်မှုတွေ တိုးလုပ်နိုင်မယ့် လှုပ်သာရှားသာ အခြေဆိုတာမျိုး ကရင်မလင်ဘက်က မှတ်ယူသွားတာဖြစ်နိုင်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ခရစ် ကွန်းစ်က BBC Verify ကို ပြောပါတယ်။ သူက အမေရိကန် အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ဒီမိုကရက်ပါတီက ဝါရင့် အထက် လွှတ်တော်အမတ်လည်းဖြစ်ပါတယ်။
"ထရမ့်ရဲ့အားနက်ချက်က ပူတင်ကို ရဲဆေးတင်ပေးသလို ခံစားရစေတယ်ဆိုတာ ရှင်းပါတယ်။ ပူတင်ဟာ ယူကရိန်း လူထုအပေါ် ရက်စက်တဲ့တိုက်ခိုက်မှု တိုးလုပ်တယ်။ ဆေးရုံတွေနဲ့ သွားဖွားဆောင်တွေကို အကြိမ်ကြိမ် တိုက်ခိုက်တယ်။ ယူကရိန်းရဲ့မဟာဓာတ်အားလိုင်းနဲ့ တခြားအရပ်သား နေရာတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့တယ်" လို့ သူက ပြောပါတယ်။
တိုက်ခိုက်မှုတွေတိုးလာတာကြောင့်ပဲ ယူကရိန်းကို ဒုံးပစ်လောင်ချာနဲ့ ဒုံးကျည်တွေပါဝင်တဲ့ ပတ်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် အကူအညီသစ်တွေ ထပ်ပေးဖို့ အမေရိကန်ဆီကို တောင်းဆိုသံတွေ ညံလာပါတယ်။
ဒီစနစ်ဟာ ယူကရိန်းမှာရှိတဲ့ စွမ်းရည်မြင့်မားပြီး စျေးကြီးတဲ့ လေကြောင်းကာကွယ်ရေးစနစ်ဖြစ်ပါတယ်။ ဒုံးပစ်စင် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံဖြစ်ပြီး ဒုံးကျည် တစ်စင်းကို ၄ သန်းနီးပါး တန်ဖိုး ရှိပါတယ်။
ထရမ့်ကတော့ အရင်က ဆိုင်းငံ့ခဲ့တဲ့ ထောက်ပံ့မှုပေးတာတွေကို ပြန်ပေးခဲ့ပြီး နေတိုးအဖွဲ့ဝင် နိုင်ငံတွေကိုလည်း လက်နက်ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အဲဒီအဖွဲ့ဝင်တွေက ကိယက်ဗ်ကို ပြန်လည်ထောက်ပံ့မှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ ထရမ့်အနေနဲ့ ပက်ထရီယော့ ဒုံးကျည်အသစ်တွေကို တစ်ဖက်လှည့်နဲ့ ရောင်းချတဲ့အသွင်ဆောင်ပါတယ်။
အိမ်ဖြူတော်က ယူကရိန်းကို စစ်ပစ္စည်းထောက်ပံ့မှု အကန်အသတ်တွေ ပြုလုပ်လိုက်တာဟာ ယူကရိန်းအတွက် ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံရဖို့ အကြောင်းဖန်သွားစေတယ်လို့ Royal United Services Institute (RUSI)၊ ရုရှားစစ်တပ်ကိုအထူးပြုလေ့လာသူဖြစ်တဲ့ ဂျက်စတင် ဘရွန့်က ပြောပါတယ်။
ဒါပေမဲ့ ရုရှားဟာ ဒုံးကျည်တွေနဲ့ အီရန်ရဲ့ ရှဟတ် ဒရုန်းပုံစံကို ပြည်တွင်းမှာထုတ်တဲ့ Geran-2 လို "ကာမီကာဇေ" ဒရုန်းတွေ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
ရုရှားရဲ့ လက်နက်ခဲယမ်း သိုလှောင်မှု တိုးလုပ်နေပြီး တဖက်မှာလည်း အမေရိကန်ဘက်က ယူကရိန်းကို ကြားဖြတ်ဒုံးကျည်တွေ ထောက်ပံ့မှု သိသိသာသာလျော့ကျတာဟာ မော်စကို အတွက် သူ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာဖို့ ဦးတည်စေတာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ တစ်လကို ပဲ့ထိန်း ဒုံးကျည် ၄၄ စင်း ထုတ်လုပ်ရာကနေ အခုဆို ၈၅ စင်းနဲ့အထက် ထုတ်လုပ်နေတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအေဂျင်စီ(HUR) က ပြည်တွင်းမီဒီယာတစ်ခုကို မကြာသေးခင်တုန်းက ပြောထားပါတယ်။
တစ်နေ့ကို ဂျီရမ်ဒရုန်း အစင်းရေ ၁၇၀ အထိ ရုရှားက ထုတ်လုပ်နေပြီး နိုင်ငံတောင်ပိုင်း အလာဘူကာအရပ်မှာ ထုတ်လုပ်ရေးစက်ရုံကြီးလည်း တည်ထားပြီလို့ဆိုပါတယ်။
အဲဒီစက်ရုံရဲ့ ညွှန်ကြားရေးမှူး တီမွာ ရှဂျီဘယ်လီယက်က သူ့စက်ရုံဟာ "ကမ္ဘာပေါ်မှာ စစ်ပွဲသုံး ဒရုန်း ထုတ်လုပ်ရေး အကြီးမားဆုံးစက်ရုံ" ဖြစ်တယ်လို့ ရုရှားစစ်တပ်ရုပ်သံနဲ့ မကြာသေးခင်က အင်တာဗျူးမှာ ပြောပါတယ်။ စက်ရုံအလုပ်သမားတွေဟာ အရင်က မျှော်မှန်းထားတဲ့နှုန်းထက် ၉ ဆအထိ ပိုပြီး ထုတ်လုပ်နေတယ်လို့လည်း သူကပြောခဲ့ပါတယ်။
ဆိုက်အတွင်းမှာ သိုလှောင်ရုံသစ်တွေ တိုးပွားလာမှုနဲ့အတူ စက်ရုံဟာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း ကတည်းက သိသိသာသာချဲ့ထွင်ခဲ့တာကို ဂြိုဟ်တုဓါတ်ပုံတွေအရ မြင်နိုင်ပါတယ်။
အလုပ်သမားအဆောင်တွေ တိုးချဲ့မှုအပါအဝင် အခြားအဆောက်အဦ တိုးချဲ့မှုတွေကလည်း ဆောက်လုပ်ဆဲအနေအထားမှာ ရှိနေပါတယ်။
သမ္မတ ထရမ့်လက်ထက်မှာ ဝါရှင်တန်ဟာ ယူကရိန်း- ရုရှား ပဋိပက္ခကနေ ရှောင်ထွက်သွားနိုင်တယ်လို့ အမေရိကန်အစိုးရအရာရှိတချို့ပြောနေလို ဝါရှင်တန်ဘက်က လုပ်မှာမဟုတ်ဘူးဆိုတာကို ရုရှားရဲ့အခုလို လက်နက် တိုးထုတ်နေတာတွေက ပြသနေတယ်လို့ အမေရိကန်အထက် လွှတ်တော်အမတ် ကွန်းစ်က ပြောပါတယ်။ ''လုံခြုံရေးအကူအညီ တိုးမြှင့်'' တာကပဲ ငြိမ်းချမ်းရေးရဖို့ တစ်ခုတည်းသော နည်းလမ်းလို့လည်း သူက ပြောပါတယ်။
ရုရှားဟာ "အနောက်ကို ကျော်ဖို့ ကြိုးစားလို့ မရဘူး" ဆိုတာကို ထရမ့်အနေနဲ့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။
"သူ အဲဒီလို လုပ်မယ်ဆိုရင် ယူကရိန်း -ရုရှားစစ်ပွဲနဲ့ ပတ်သက်ပြီး အဆက်မပြတ် ဆက်တိုက်ရပ်တည်ချက်ကို ထိန်းသိမ်း ပြသဖို့ လိုအပ်တယ်''
မစ် ဗော့ကတော့ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှု နေ့စဉ်လိုလို ရှိလာသလို ယူကရိန်းရဲ့ ကြားဖြတ် ဟန့်တားနိုင်စွမ်း အခွင့်မသာမှုကလည်း လူထုယုံကြည်ချက် ပျက်ပြားလာတယ်လို့လည်း ဆိုပါတယ်။
"အဲဒီတိုက်ခိုက်မှုတွေကြောင့် လူတွေက ပင်ပန်းလာနေပြီ။ ဒီတိုက်ခိုက်မှုတွေက ကျွန်မတို့ရဲ့ဘဝတွေအပေါ် တကယ့်ကို သက်ရောက်မှုကြီးပါတယ်" လို့ သူက ပြောပါတယ်။
"ဘာအတွက် တိုက်ပွဲဝင်နေလဲဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့လည်း တစ်နှစ်ပြီးတစ်နှစ်ကြာလာတော့ ပိုခက်ခဲလာတယ်။ အားလုံးလည်း ခြေကုန်လက်ပန်း ကျနေကြပါပြီ။ ဒါ တကယ့်မြေပြင်အခြေအနေပဲ "












