''အလုပ်လုပ်ရတာက ကျွန်လို လုပ်နေရတယ်'' - ရုရှားရောက် မြောက်ကိုရီးယားအလုပ်သမား

- ရေးသားသူ, ဂျင်းန်မက်ကင်းဇီး
- ရာထူးတာဝန်, ဘီဘီစီ ဆိုးလ်
ရုရှားက ယူကရိန်းကျူးကျော်စစ်ပွဲ ကို ဆက်ဆင်နွှဲနေတာနဲ့ အတူ သူ့ နိုင်ငံတွင်းမှာဖြစ်လာတဲ့ အလုပ် သမား ရှားပါးမှု ကို ပြန်ဖြည့်တင်းနိုင်ဖို့အတွက် ထောင်သောင်းချီတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ ရုရှားကို ပို့ဆောင်တာခံနေရပါတယ်။
အဲဒီအလုပ်သမားတွေဟာ ''ကျွန်'' လို လုပ်ကိုင်နေရတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဘီဘီစီက သိရှိခဲ့ပါတယ်။
မော်စကိုဟာ သူ့ရဲ့ စစ်ကို ဆက်ပြီး ဆင်နွှဲနိုင်ဖို့အတွက် ပြုံယမ်းဆီက မစ်ဇိုင်းတွေ၊ အမြောက်ဆံတွေ၊ စစ်သားတွေ ကို ထပ်ခါ ထပ်ခါ အကူအညီတောင်းခဲ့ပါတယ်။
ရုရှား အမျိုးသား အများအပြား စစ်ပွဲမှာ သေကြေခဲ့တာ ဒါမှမဟုတ် စစ်ပွဲထဲ သွားပြီး တိုက်နေရတာ ဒါမှမဟုတ် နိုင်ငံကနေ ထွက်ပြေးသွားတာ စတာတွေကြောင့် နိုင်ငံတွင်းလုပ်သား အင်အား ကျဆင်းလာပါတယ်။
ဒါကြောင့်ပဲ မြောက်ကိုရီးယား အလုပ်သမားတွေ ကို ပိုပိုပြီး မှီခိုလာရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ပွဲ စဖြစ်ပြီးနောက်ပိုင်း ရုရှားကနေ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အလုပ်သမား ၆ ယောက်နဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် အစိုးရ အရာရှိတွေ၊ သုတေသီတွေ၊ အလုပ်သမားတွေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးခဲ့သူတွေကိုလည်း မေးမြန်းခဲ့ပါတယ်။
သူတို့ဟာ လုပ်ငန်းခွင်မှာ "အလွန်ဆိုးရွားတဲ့" အခြေအနေတွေကို ဘယ်လောက်တောင်ကြုံခဲ့ရတယ် ဆိုတာကို အသေးစိတ်ပြောပြကြပြီး သူတို့ ထွက်ပြေးလို့ မရအောင် မြောက်ကိုရီးယား အာဏာပိုင်တွေက တင်းကျပ်စွာ ထိန်းချုပ်ထားပုံတွေကိုလည်း ပြောပြကြပါတယ်။
အဲဒီထဲက အလုပ်သမားတယောက်ဖြစ်တဲ့ ဂျင်က သူ ရုရှား အရှေ့ဖျားအရပ်ကို လေယာဉ်ခရီးစဉ်နဲ့ သွားခဲ့ရတယ်ဆိုတာ ပြောပြပါတယ်။
လေဆိပ်ကနေ ဆောက်လုပ်ရေး လုပ်ငန်းနေရာကို သွားရာမှာ မြောက်ကိုရီးယားထောက်လှမ်းရေး အေးဂျင့် တယောက်က သူ့ကို အစောင့်အဖြစ်လိုက်လာပြီး သူ့ကို ဘယ်သူနဲ့မှစကားမပြောဖို့၊ ဘာကိုမှမကြည့်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"အပြင်ကမ္ဘာဟာ ငါတို့ရဲ့ ရန်သူတွေပဲ"လို့ အဲဒီ ထောက်လှမ်းရေး အေးဂျင့်က သူ့ကို ပြောခဲ့ပါတယ်။ အလုပ်ထဲကို ချက်ချင်း ခေါ်သွားတာခံရပြီး အထပ်မြင့် လူနေအိမ်ရာအဆောက်အအုံ ဆောက်လုပ်တဲ့ လုပ်ငန်းမှာ တနေ့ ၁၈ နာရီကြာ သူ အလုပ်လုပ်ရပါတယ်။
မနက် ၆ နာရီ အိပ်ရာက ထရပြီး အထပ်မြင့်တိုက်ခန်း ဆောက်လုပ်ရေးမှာ နောက်တနေ့ မနက် ၂ နာရီထိ အလုပ်လုပ်ကြရပါတယ်။ တစ်နှစ်ကို အားလပ်ရက် ၂ ရက်သာ ရတယ်လို့ အဲဒီ အလုပ်သမား ၆ ဦး စလုံးက ပြောပြပါတယ်။
အသိပေးချက် - ဖြေဆိုသူတွေရဲ့ လုံခြုံရေးအတွက် သူတို့ရဲ့ အမည်တွေကို ပြောင်းလဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အိပ်ရာကနိုးတာနဲ့ မနေ့ကလိုပဲ ဆိုးရွားတဲ့နေ့ကို ကြုံရတော့မယ်လို့ တွေးမိတယ်၊ ကြောက်လန့်စွာနဲ့ နိုးထရတာပါ" လို့ နောက်ထပ် ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက်ဖြစ်တဲ့ တေ က ပြောပါတယ်။
သူက မနှစ်တုန်းက ရုရှားကနေ ထွက်ပြေးလာနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ မနက်ဘက်ဆိုရင် သူ့ လက်တွေဟာ မနေ့က လုပ်ခဲ့ရတဲ့ အလုပ်ဒဏ်ကြောင့် လှုပ်လို့ မရတော့ဘူးလို့ သူက ပြန်ပြောပြပါတယ်။
"တချို့က နေ့လယ်ဘက်မှာ သူတို့အလုပ် နေရာကနေ ခိုးထွက်ပြီး သွားအိပ်ကြတယ်၊ ဒါမှမဟုတ် အလုပ်ထဲမှာ မတ်တပ်ရပ်လျက်နဲ့ အိပ်ပျော်သွားကြတယ်၊ သူတို့ကို အထက်အရာရှိတွေက တွေ့သွားရင် သူတို့ကို ရိုက်နှက်ကြတယ်၊ ကျွန်တော်တို့ဟာ သေတော့မယ့် လူတွေလို ဖြစ်ခဲ့ကြတာပါ" လို့ နောက်အလုပ်သမား တယောက်ဖြစ်တဲ့ ချန် ကလည်း ပြောပါတယ်။
ရုရှားကို မကြာခဏသွားပြီး မြောက်ကိုရီးယား အလုပ်သမားတွေနဲ့ မေးမြန်းလေ့ရှိတဲ့ တောင်ကိုရီးယား ဒွန် အေ တက္ကသိုလ်က ပါမောက္ခ ကန်ဒေါင် ဝန်က "အခြေအနေတွေက တကယ့်ကို ဆိုးရွားပါတယ်" လို့ ဆိုပါတယ်။
"သိပ်အန္တရာယ်များတဲ့ အခြေအနေတွေ အောက်မှာ အလုပ်သမားတွေက အလုပ်လုပ်ကြရတယ်၊ ညဘက်ဆို မီးတွေက ဖြတ်လိုက်ပြီ၊ သူတို့က အမှောင်ထဲမှာ ဘေးကင်းတဲ့ ပစ္စည်း ကိရိယာတွေ မပါဘဲ အလုပ် ဆက်လုပ်ကြရတယ်။"
အလုပ်သမားတွေဟာ နေ့ရော၊ ညရော အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းဝင်းတွေထဲမှာ နေကြရပါတယ်။
အဲဒီ ဝင်းတွေထဲကို မြောက်ကိုရီးယား နိုင်ငံလုံခြုံရေး ဌာနက အေးဂျင့်တွေက စောင့်ကြပ်ကြည့်ရှုနေတာလို့ အဲဒီ လွတ်မြောက်လာသူ အားလုံးက ဘီဘီစီကို ပြောပြပါတယ်။
သူတို့ဟာ ကြမ်းပိုးတွေရှိနေတဲ့ ညစ်ညစ်ပတ်ပတ် ကွန်တိန်နာတွေထဲမှာ လူတွေ ပြွတ်ကျပ်ပြီး အိပ်ရတယ် ဒါမှမဟုတ် အပြင်ဖက်က ရာသီဥတုက အေးခဲ နေတာကို အကာအကွယ်ပေးမထားတဲ့ ဆောက်လုပ်လက်စ တိုက်ခန်းတွေမှာ အိပ်ရပါတယ်။
အလုပ်သမား တယောက်ဖြစ်တဲ့ နမ် က တခါမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ၄ မီတာ အမြင့်နေရာကနေ သူ ပြုတ်ကျသွားခဲ့တယ်၊ သူ့ မျက်နှာတခုလုံး "စုတ်ပြတ်သတ်သွားလို့" အလုပ်မလုပ်နိုင် တော့ဘူး၊ ဒါပေမဲ့ အဲဒီလို ဖြစ်နေတာတောင် သူ့ အထက်က အရာရှိတွေက သူ့ကို ဆေးရုံကို သွားဖို့ ခွင့်မပြုခဲ့ဘူးလို့ ပြောပြပါတယ်။

သောင်းနဲ့ချီ တဲ့ မြောက်ကိုရီးယားတွေဟာ ရုရှားမှာ အလုပ်လုပ်ကာ ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ငွေလိုအပ်ချက်ကြီးနေတဲ့ သူ့အစိုးရအတွက် တစ်နှစ်ကို ပေါင်စတာလင် သန်းနဲ့ ချီ ရှာပေးကြရပါတယ်။
ဒီလိုဖြစ်နေတာလည်း ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။
ကင်မ် ဆီ ကို စီးဆင်းနေတဲ့ ရန်ပုံငွေတွေ ဖြတ်တောက်နိုင်အောင်နဲ့ သူ နျူကလီးယား လက်နက်တွေ လုပ်နေတာကို တားဆီးနိုင်ဖို့အတွက် မြောက်ကိုရီးယား အလုပ်သမားတွေကို အသုံးမပြုကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ကုလသမဂ္ဂ က ၂၀၁၉ ခုနှစ်မှာ တားဆီးခဲ့ပါတယ်။
အဲဒီတုန်းကတော့ အဲဒီအလုပ်သမားတွေ အများစု အိမ်ကို ပြန်ပို့နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မနှစ်ကတော့ မြောက်ကိုရီးယား အလုပ်သမား ၁၀,၀၀၀ ကျော် ရုရှားကို အပို့ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။
ပြုံယမ်းဟာ ဒီနှစ်ထဲမှာ အလုပ်သမား ၅၀,၀၀၀ ကျော် ထပ်မံ စေလွှတ်မှာလို့ မှန်းနေကြပြီး ဒီနှစ်ထဲမှာ ရုရှားကို အလုပ်သမားတွေ ထပ်ရောက်လာဦးမှာလို့လည်း သူက ဆိုပါတယ်။
မြောက်ကိုရီးယား အလုပ်သမားတွေ ရုတ်တရက် ဝင်လာတာကြောင့် အခုဆိုရင် "ရုရှားနေရာအနှံ့မှာ" သူတို့ကို တွေ့နေရတယ်လို့ အဲဒီ အရာရှိက ထပ်ဖြည့်ပြောပါတယ်။
အများစုက ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေမှာ လုပ်နေကြပြီး တချို့က အထည်စက်ရုံတွေနဲ့ အိုင်တီ လုပ်ငန်းတွေမှာ တွေ့နေရကြောင်း သူက ဆိုသလို ဒါက မြောက်ကိုရီးယား အလုပ်သမားတွေကို အသုံးမချရ ဆိုတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။
ရုရှား အစိုးရရဲ့ စာရင်းဇယားတွေအရ ၂၀၂၄ ခုနှစ်တွင်း နိုင်ငံထဲကို မြောက်ကိုရီးယား ၁၃,၀၀၀ ကျော်ဝင်လာခဲ့တာကို သိရပါတယ်။ ဒီပမာဏဟာ အဲဒီ အရင်နှစ်က အရေအတွက်ထက် ၁၂ ဆ များလာတာပါ။
အဲဒီထဲက ၈,၀၀၀ က ကျောင်းသားဗီဇာတွေနဲ့ ဝင်လာတာဖြစ်ပြီး ဒါက ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ကျော်ခွသွားနိုင်အောင် လုပ်တဲ့ နည်းနာပဲလို့ ထောက်လှမ်းရေး အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဇွန်လထဲမှာ ရုရှား ထိပ်တန်းအရာရှိ ဆာဂေရှိုဂု က ကာ့စ်နယ်မြေကို ပြန်လည်တည်ဆောက်ဖို့ မြောက်ကိုရီးယား ၅,၀၀၀ ကို စေလွှတ်မယ်လို့ ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
အဲဒီ ရုရှား အရပ်ဒေသကို ယူကရိန်းတွေက အရင်နှစ်က သိမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ ရုရှားက ပြန်ယူနိုင်ခဲ့ကာ ဆောက်လုပ်ရေး လုပ်ငန်းတွေ လိုအပ်နေတာပါ။
ရုရှားက သိမ်းထားတဲ့ ယူကရိန်းနယ်မြေတွေထဲမှာလည်း ဆောက်လုပ်ရေး စီမံချက်တွေရှိပြီး မြောက်ကိုရီးယား တချို့ကို အဲဒီ အရပ်တွေမှာ မကြာခင် တာဝန်ချဖို့ "အများကြီး ဖြစ်နိုင်ခြေရှိကြောင်း" တောင်ကိုရီးယား အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။
"ရုရှားမှာ လုပ်သားအင်အား အကြီးအကျယ် ရှားပါးနေတယ်။ ဒီအတွက် မြောက်ကိုရီးယားက ကောင်းကောင်း အဖြေရှာပေးတာပါပဲ။ အဲဒီအလုပ်သမားတွေက စျေးသက်သာတယ်၊ အလုပ်ကြိုးစားတယ်၊ ဘာပြဿနာမှ မပေးဘူး" လို့ မြောက်ကိုရီးယား - ရုရှား ဆက်ဆံရေး ဆိုင်ရာ ကျွမ်းကျင်သူ နာမည်ကျော်တယောက်လည်းဖြစ်တဲ့ အန်ဒရေ လန်ကော့ဗ်က ပြောပါတယ်။
သူက ဆိုးလ်မှာရှိတဲ့ ကွတ်ခ်မင်း တက္ကသိုလ်က ပါမောက္ခ တယောက်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KCNA
အဲဒီလို နိုင်ငံခြားမှာ ဆောက်လုပ်ရေး အလုပ်သမားအဖြစ် သွားလုပ်ရမယ့် အခွင့်အလမ်းကို မြောက်ကိုရီးယားမှာ အငမ်းမရ လိုချင်ကြတာပါ။ ပြည်တွင်းမှာ လုပ်ရင်ရတဲ့ လခထက် အများကြီးပိုရတဲ့အတွက်ပါ။
အလုပ်သမားအများစုက ဆင်းရဲတွင်းက လွတ်အောင် အဲဒီမှာ သွားအလုပ်လုပ်မယ်၊ အိမ်ပြန်လာရင် မိသားစုအတွက် အိမ်တလုံး ဝယ်မယ် ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းတခု ထူထောင်မယ် စသဖြင့် မျှော်မှန်းကြပါတယ်။
အဲဒီကို စေလွှတ်ဖို့ အသေအချာ စိစစ်ပြီး အယုံကြည်ဆုံးလူတွေကိုပဲ မြောက်ကိုရီးယား အစိုးရက ရွေးချယ်စေလွှတ်တာပါ။ အဲဒီလူတွေဟာ သူတို့မိသားစုတွေကို မြောက်ကိုရီးယားမှာ ချန်ထားခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့ရှာဖွေတဲ့ ဝင်ငွေအများစုက မြောက်ကိုရီးယား အစိုးရဆီကို "သစ္စာစောင့်သိတဲ့ ရန်ပုံငွေ" အဖြစ် ရောက်ရှိသွားတာပါ။
ဝင်ငွေရဲ့ အစိတ်အပိုင်းလေးပိုင်းရှိပါတယ်။ ဥပမာ တစ်လကို ဒေါ်လာ ၁၀၀ ၊ ၂၀၀ လောက်သာ သူတို့ ရပါတယ်။ ဒီငွေကို အလုပ်သမားတွေက သူတို့ အိမ်ပြန်လာချိန်ကျမှသာ ရတာပါ။
ဒီနည်းက အလုပ်သမားတွေ တခြားကို ထွက်မပြေးအောင် တားဆီးတဲ့နည်းလမ်း အသစ်ပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ အလုပ်က ကြမ်းတမ်းပြီး ရတဲ့ လခက အရင်မှန်းသလို မဟုတ်တဲ့အခါ အလုပ်သမားတွေ စိတ်ပျက်ကြရပါတယ်။
''တေ'' က အာရှအလယ်ပိုင်း နိုင်ငံတွေမှာ သူတို့ လုပ်သလောက်ရဲ့ သုံးပုံ တပုံလောက်သာ လုပ်ရပြီး လုပ်ခက ၅ ဆ သာတယ်ဆိုတာကို သိရတဲ့နောက် သူ့ကိုယ်သူ "သိပ်နောင်တ ရမိတယ်" လို့ ပြောပါတယ်။
"သူ့ကိုယ်သူ အလုပ်ကြမ်းစခန်းကို ရောက်နေရသူ၊ သံတိုင်တွေမကာထားတဲ့ အကျဉ်းစခန်းထဲ ကျနေရသူလို ခံစားရတယ်။"
အလုပ်သမား ဂျင် က အလုပ်သမားတချို့ဟာ သူတို့ရဲ့ ဘဝက ကျွန်နဲ့ အတူတူပဲလို့ အချင်းချင်း ပြောနေကြကြောင်း ပြန်ပြောပြပါတယ်။
"မင်းတို့က လူမဟုတ်ဘူး၊ စကားပြောနိုင်တဲ့ စက်တွေသာပဲ" လို့ အချင်းချင်း ပြောလေ့ရှိကြောင်း သူက ပြောပါတယ်။ သူ မြောက်ကိုရီးယားကို ပြန်တဲ့ အချိန်မှာ ငွေတပြားမှ ရမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ နိုင်ငံက ဒီငွေတွေ လိုအပ်နေလို့ပဲလို့ သူ့ကို သူ့ရဲ့ မန်နေဂျာက ပြောတဲ့အကြောင်း ဂျင်က ဆိုပါတယ်။
တောင်ကိုရီးယားမှာ အလုပ်သမားတွေဘယ်လောက် ဝင်ငွေရတဲ့ အကြောင်း ယူကျု ဗီဒီယို ထဲမှာ ကြည့်ရပြီးတဲ့နောက် အလုပ်သမား တေဟာ ဘက်ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတော့တယ်။
တစ်ညမှာ သူ့ပိုင်ဆိုင်မှုတွေ အားလုံးကို အမှိုက်အိတ်ထဲထည့်၊ သူ့အိပ်ရာမှာ သူ အိပ်နေသယောင် ပြင်ထားခဲ့ပြီး ဆောက်လုပ်ရေးဝင်းကနေ ခိုးထွက်ခဲ့ပါတယ်။ သူက တက်ဆီ တစ်စီငှားစီးပြီး ကီလိုမီတာ ထောင်နဲ့ချီ ခရီးသွားခဲ့ကာ သူ့ကို ဆိုးလ်ကို သွားနိုင်ဖို့ အကူအညီပေးမယ့် ရှေ့နေတယောက်ဆီကို သွားခဲ့ပါတယ်။
သူတို့ထဲက တချို့ဟာ ဆေးလိပ်ဖိုး၊ အရက်ဖိုး အသေးသုံးပေးတဲ့ ငွေလေးတွေကို စုထားပြီး တပတ်ရစ် စမတ်ဖုန်းလေးတွေ ဝယ်သုံးကာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သူတို့ လွတ်မြောက်ရာလမ်းကို ရှာနိုင်ခဲ့ကြပါတယ်။

နဂိုကတည်းက တင်းကျပ်မှုတွေအောက်မှာ ရှိနေတဲ့ အလုပ်သမားတွေ ထွက်ပြေးဖို့ ကြိုးစားတဲ့အပေါ် အခုအခါမှာ မြောက်ကိုရီးယား အာဏာပိုင်တွေက နှိပ်ကွပ်မှုတွေနဲ့ တားဆီးနေကြပြီလို့ ရင်းမြစ် အများအပြားက ပြောပါတယ်။
အရင်နှစ်က အလုပ်သမားတွေကို ထိန်းချုပ်ဖို့ မြောက်ကိုရီးယား အာဏာရှင်အစိုးရက ကြိုးစားရမှာ သူတို့ကို အတွေးအခေါ်သင်တန်းတွေ တက်ခိုင်းတာ၊ မိမိကိုယ် မိမိ ဝေဖန်ရေး လုပ်ခိုင်းတာ စတာတွေ ပါဝင်ပြီး အဲဒီမှာ ကင်မ်ဂျုံအွန်းကို သစ္စာ အပြည့်ရှိကြောင်း အလုပ်သမားတွေက တိုင်တည် ကြေညာရပါတယ်။
သူတို့ရဲ့ မအောင်မြင်မှုတွေကို ဝန်ခံပြောကြားရကြောင်း ဒွန်အေ တက္ကသိုလ်က ပါမောက္ခကန် က ပြောပါတယ်။
ဆောက်လုပ်ရေးဝင်းတွေထဲက ထွက်နိုင်တဲ့ ရှားရှားပါးပါး အခွင့်အလမ်းတွေကိုလည်း ထပ်ပြီး ပိတ်ဆို့ခံလိုက်ကြပါတယ်။
"အရင်က တလ တခါလောက် အလုပ်သမားတွေက အုပ်စုလိုက် အပြင်ထွက်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ အခု အဲဒါမျိုး လုံးဝမရတော့ပါဘူး" လို့ ပါမောက္ခကန် က ထပ်ဖြည့် ပြောပါတယ်။
ရုရှားကနေ မြောက်ကိုရီးယား အလုပ်သမားတွေ ကယ်တင်ရေးမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆိုးလ် အခြေစိုက် လှုပ်ရှားတက်ကြွသူ ကင်မ် ဆောင်ချောက အဲဒီ ဝင်းအပြင်ထွက်မှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာတယ်လို့ ပြောပါတယ်။
"အရင်က လူတွေကို အတွဲလိုက် စနစ်နဲ့ ထွက်ခွင့်ပြုတယ်၊ ဒါပေမဲ့ ၂၀၂၃ က စပြီး ၅ ယောက် အုပ်စုလိုက်ဖွဲ့ပြီး သွားစေတယ်၊ ပိုပြီးတော့လည်း စောင့်ကြည့်လာတယ်။"
ဒီလိုအခြေအနေအောက်မှာ ထွက်ပြေးလွတ်မြောက်လာနိုင်တဲ့ အလုပ်သမားတွေ အရေအတွက်က ပိုနည်းလာပါတယ်။
ရုရှားကနေ ဆိုးလ်ကို ထွက်ပြေးလာနိုင်တဲ့ မြောက်ကိုရီးယား အရေအတွက်က တစ်နှစ်ကို အယောက် ၂၀ လောက် ရှိရာကနေ ၂၀၂၂ ကစပြီး ၁၀ ယောက် အထိ ကျဆင်းသွားတယ်လို့ တောင်ကိုရီးယား အစိုးရက ဘီဘီစီကို ပြောပါတယ်။
မြောက်ကိုရီးယား - ရုရှား ဆက်ဆံရေး ကျွမ်းကျင်သူ မစ္စတာ လန်ကော့ဗ် က ရောက်လာတော့မယ့် နောက်ထပ် အလုပ်သမားတွေ အတွက် နှိပ်ကွပ်မယ့် နည်းတွေကို ပြင်ဆင်ထားပြီးပုံ ရတယ်လို့ ပြောပါတယ်။
"ဒီအလုပ်သမားတွေက ကင်မ်နဲ့ ပူတင်တို့ရဲ့ စစ်ပွဲကာလ မိတ်ဆွေဖြစ်မှုကို ဆက်ပြီး ထိန်းသိမ်းပေးထားမှာပါ" လို့ သူကဆိုရင်း စစ်ပွဲ အဆုံးသတ်နိုင်တဲ့နောက် စစ်သားတွေ လက်နက်တွေ ပို့တာ ရပ်သွားတာတောင် အလုပ်သမားတွေကတော့ ဆက်ပြီးပို့နေကြဦး မှာပါလို့ ပြောပါတယ်။
ဒီဆောင်းပါး ကို ဂျိတ် ကဝန်နဲ့ ဟိုဆူ လီးတို့က ဖြည့်စွက် ရေးသားထားပါတယ်။












