ဖမ်းထားတဲ့မြောက်ကိုရီးယားစစ်သား နှစ်ဦးကို အလဲအလှယ်လုပ်ဖို့ ယူကရိန်းသမ္မတ ကမ်းလှမ်း

ဓာတ်ပုံ ရင်းမြစ်, @ZelenskyyUa/X
- ရေးသားသူ, လူစီ ကလာ့ခ်-ဘေလင်းစ်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
ယူကရိန်းက ဖမ်းမိတဲ့ မြောက်ကိုရီးယား စစ်သား ၂ ဦးကို မြောက်ကိုရီးယားကို လွှဲပေးပြီး ရုရှားနဲ့စစ်ပွဲမှာ အဖမ်းခံထားရတဲ့ယူကရိန်းအကျဥ်းသားတွေနဲ့ အလဲအလှယ် လုပ်လိုတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောလာပါတယ်။
''မပြန်ချင်တဲ့ မြောက်ကိုရီးယားစစ်သားတွေအနေနဲ့လည်း တခြားရွေးချယ်စရာတွေရှိလာမှာပါ'' လို့ သမ္မတ ဇလန်းစကီးက လူမှုကွန်ရက် X (အရင်က တွစ်တာ) ပေါ်မှာ ရေးပါတယ်။ ''ကိုရီးယားမှာ ဒီစစ်ပွဲအကြောင်း အမှန်တရားကို ဖြန့်ဝေချင်သူတွေအတွက် ဒီအခွင့်အလမ်းရှိပါမယ်'' လို့လည်း သူကပြောပါတယ်။
ဒဏ်ရာရ မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ရုရှားနိုင်ငံ ကာ့စ်ခ် အိုဘလာ့စ် ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့တယ်လို့ သမ္မတ ဇလန်းစကီးက စနေနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
အဲဒီလူနှစ်ဦးကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနေပြီး ကိယက်ဗ်မြို့မှာ ယူကရိန်း လုံခြုံရေးအဖွဲ့ (SBU) က ထိန်းသိမ်းထားတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
အဲဒီမြောက်ကိုရီးယား စစ်သားတွေကို ဖမ်းမိနိုင်ခဲ့တဲ့အတွက် ယူကရိန်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်မိကြောင်း သမ္မတ ဇလန်းစကီးက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
"ဒီဒဏ်ရာရ မြောက်ကိုရီးယား စစ်သားတွေကို ဖမ်းမိနိုင်ဖို့ဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး"လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။ "ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်ပစ်ဖို့အတွက်" ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ရုရှားနဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက လက်စဖျောက် သုတ်သင်ပစ်လေ့ ရှိတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, @ZelenskyyUa/X
တယ်လီဂရမ်နဲ့ X ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ တင်ခဲ့တဲ့ ကြေညာချက်ထဲမှာ သမ္မတ ဇလန်းစကီးက "ဒီစစ်သားတွေဟာ SBU ယူကရိန်းလုံခြုံရေးအဖွဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့ စကားပြောဆိုနေကြောင်း" နဲ့ သတင်းထောက်တွေကို အဲဒီစစ်သားတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ကို သူ ညွှန်ကြားထားကြောင်း ဖော်ပြထားပါတယ်။
"ဘာတွေ ဖြစ်နေသလဲဆိုတဲ့ အမှန်တရားကို ကမ္ဘာကသိဖို့ လိုအပ်တယ်" လို့ သမ္မတ ဇလန်းစကီးက ဖြည့်စွက် ဖော်ပြထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် ဒဏ်ရာရထားသူ နှစ်ဦးရဲ့ ပုံတွေကိုလည်း ပို့စ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ မြောက်ကိုရီးယားလူမျိုးတွေ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ ထည့်သွင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
ပုံတစ်ပုံထဲမှာတော့ မွန်ဂိုးလီးယားနဲ့ ကပ်ရက် ရုရှားနယ်စပ် တီဗာဒေသက အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထုတ်ပေးထားတဲ့ ရုရှားစစ်တပ် သက်သေခံကတ်ပြားတစ်ခုရဲ့ပုံကို ဖော်ပြထားပါတယ်။
သတင်းတချို့ကတော့ ရုရှားအစိုးရဟာ မြောက်ကိုရီးယားစစ်သားတွေကို သက်သေခံကတ်ပြားအတုတွေ ထုတ်ပေးထားပြီး မြောက်ကိုရီးယား စစ်သားမှန်းမသိအောင် ဖုံးကွယ်ထားတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ကူတိုက်ပေးနေတုန်း ယူကရိန်းစစ်သားတွေ အရှင် ဖမ်းမိခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတစ်ဦး သေဆုံးသွားတဲ့အကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ဒီဇင်ဘာလတုန်းက ဖော်ပြခဲ့ပါတယ်။ အဲဒီစစ်သားဟာ ယူကရိန်းတပ်ဖွဲ့ ပထမဆုံး ဖမ်းဆီးမိတဲ့ မြောက်ကိုရီးယားစစ်သားလို့ ယူဆရပါတယ်။
သီးခြားထုတ်ပြန်ချက်အနေနဲ့ အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုတွေနဲ့ ကြုံနေရတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
ဖမ်းမိ စစ်သားတွေ အကြောင်း ယူကရိန်း ဘာတွေပြောထားလဲ
ရုရှားဟာ ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို အသုံးပြုနေတာကိုတော့ မငြင်းထားပါဘူး။ ဒီလိုတပ်ဖွဲ့တွေကို ဖြန့်ကြက်အသုံးပြုတာ လုပ် မလုပ်ဆိုတာကလည်း နိုင်ငံရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် ကိုယ်တိုင် အောက်တိုဘာလတုန်းက ပြောထားပါတယ်။
ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ (SBU) လို့ ခေါ်တဲ့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ကတော့ ဖမ်းမိထားတဲ့ စစ်သားတစ်ဦးကို မှတ်ပုံတင် တစ်ခုနဲ့အတူ တွေ့ရှိခဲ့ရပြီး အဲဒီမှတ်ပုံတင်ဟာ ရုရှားu ၂၀၂၄ ခုနှစ် ဆောင်းဦးပေါက်မှာ ထုတ်ပေးထားတာလို့ စုံစမ်းစစ်ဆေးသူတွေကို စစ်သားက ပြောထားတယ်လို့ ပြောပါတယ်။
SBU အပြောအရဆိုရင် သူဟာ မြောက်ကိုရီးယား တိုက်ခိုက်ရေးယူနစ်အဖွဲ့ အချို့ ထဲက ဖြစ်ပြီး အဲဒီအချိန်တုန်းက တစ်ပတ်ကြာ သင်တန်းကို တက်ခဲ့သူလို့လည်း ဆိုပါတယ်။
ယူကရိန်းထောက်လှမ်းရေး SBU ကတော့ မှတ်ပုံတင် ကိုင်ထားတဲ့ စစ်သားက သူဟာ ၂၀၀၅ ခုနှစ်မှာ မွေးဖွားပြီး မြောက်ကိုရီးယားမှာ ရိုင်ဖယ်သေနတ်တပ်သားအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေသူလို့ ပြောထားတယ်လို့လည်း ဆိုပါတယ်။
အကျဥ်းသားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့ ပြောဆိုမှုတွေကို ဘီဘီစီနဲ့ တခြားနိုင်ငံတကာသတင်းဌာနတွေက သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
မြောက်ကိုရီးယားဟာ သူရဲ့ တပ်ဖွဲ့ဝင် တစ်သောင်းထက်မနည်းကို ရုရှားကို စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ သတင်းဖော်ပြခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ကတော့ ရုရှားအတွက် တိုက်ခိုက်ရင်းသေဆုံးတဲ့ မြောက်ကိုရီးယားစစ်သား ၃၀၀ ကျော်ပြီလို့ တနင်္လာနေ့တုန်းက ပြောထားပါတယ်။ နောက်ထပ် တပ်ဖွဲ့ဝင် ၂၇၀၀ နီးပါးလောက်လည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကတော့ ယူကရိန်းကို တိုက်တဲ့ရုရှားစစ်မှာ ပါဝင်ရင်း ပထမဆုံး အဖမ်းခံရသူလို့ ယူဆရတဲ့ မြောက်ကိုရီးယားစစ်သားဟာ ယူကရိန်းစစ်သားတွေရဲ့ အရှင်ဖမ်းဆီးမှုအပြီးမှာ သေဆုံးသွားတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ''ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယားဆီကနေ စစ်ရေးအကူအညီ မှီခိုနေရတယ်ဆိုတာ သံသယ ရှိစရာ မလိုဘူး'' လို့ တနင်္ဂနွေနေ့တုန်းက ပြောထားပါတယ်။








