မြောက်ကိုရီးယား ဖျက်သင်္ဘောသစ် ဖွင့်ပွဲ မတော်တဆမှု ကင်ဂျုံအွန်း အကြီးအကျယ် စိတ်ဆိုး ပြစ်တင်

၂၀၂၅ ခုနှစ် ဧပြီလက ဘက်စုံသုံး ဖျက်သင်္ဘောသစ် ဖွင့်ပွဲအခမ်းအနားပွဲ တစ်ခုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်ခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖျက်သင်္ဘောဖွင့်ပွဲ မအောင်မမြင် ဖြစ်ခဲ့ရမှုဟာ နိုင်ငံတော် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားစေတယ် လို့ ကင်ဂျုံအွန်း ပြော
    • ရေးသားသူ, ကယ်လီ ငါ့
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

မြောက်ကိုရီးယားနိုင်ငံမှာ ဖျက်သင်္ဘောသစ် တစ်စင်း ဖွင့်ပွဲ အခမ်းအနားအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုံအွန်းက ပြစ်တင် ပြောဆိုလိုက်ပြီး ဒီမတော်တဆမှုဟာ ရာဇဝတ်မှုမြောက်ကြောင်းနဲ့ သည်းခံခွင့်လွှတ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

တန် ၅၀၀၀ အလေးချိန် ရှိတဲ့ အဲဒီ ဖျက်သင်္ဘောရဲ့ အောက်ခြေ အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့ပြီး သင်္ဘော ယိမ်းယိုင်သွားခဲ့တယ်လို့ အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဇွန်လမှာ ကျင်းပမယ့် အရေးပါတဲ့ ပါတီအစည်းအဝေး မတိုင်ခင် ဒီသင်္ဘောကို ပြန်ပြင်တည်ဆောက်ဖို့ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကင်ဂျုံအွန်းက အမိန့်ပေးခဲ့ပြီး သင်္ဘော ဒီဇိုင်းဆွဲတဲ့အထဲမှာ ပါတဲ့သူတွေ ဒီဖြစ်ရပ်အတွက် တာဝန်ယူရမယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားစေတယ်လို့ ဆိုပါတယ်။

ဒီမတော်တဆမှုကြောင့် သေဆုံးသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူ ရှိမရှိ ဆိုတာကိုတော့ အစိုးရသတင်းမီဒီယာတွေမှာ ထည့်သွင်း ပြောဆိုတာမျိုး မရှိပါဘူး။

နိုင်ငံအရှေ့ပိုင်း ချုန်ဂျင်း ဆိပ်ကမ်းမြို့က သင်္ဘောကျင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုဟာ နမော်နမဲ့နိုင်မှု၊ တာဝန်ပျက်ကွက်မှု၊ အတွေ့အကြုံ ဆင်ခြင်တုံတရား နည်းပါးမှုတွေကြောင့် ဖြစ်ခဲ့ရတာလို့ ကင်ဂျုံအွန်းက ပြစ်တသ် ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ သက်ဆိုင်သူတွေရဲ့ တာဝန်ပျက်ကွက်မှု အမှားတွေကို နောက်လမှာ ကျင်းပမယ့် ပါတီအစည်းအဝေးကျရင် ကိုင်တွယ်အရေးယူမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလူတွေ ဘယ်လို အပြစ်ပေး အရေးယူတာမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အာဏာရှင်အုပ်ချုပ်တဲ့ မြောက်ကိုရီးယား နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ပြီး ဆိုးဝါးတဲ့ အပြစ်ပေး အရေးယူလေ့ရှိတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယား ရုပ်ရှင်ကား ဒီဗီဒီ တစ်ခွေ ကြည့်တာမျိုးကအစ နိုင်ငံဘက်ပြောင်း ခိုလှုံဖို့ ကြိုးစားတာမျိုးအထိ ဘယ်လိုပြစ်မှုမျိုးပဲ ကျူးလွန်၊ ကျူးလွန် ထောင်သွင်း အကျဉ်းကျခံရနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြောက်ကိုရီးယားနိုင်ငံမှာ ဒီလို မတော်တဆ ဖြစ်ရပ်မျိုးတွေ အရင်က အနည်းအပါး ဖြစ်ခဲ့ဖူးပေမဲ့ လူသိရှင်ကြား ထုတ်ပြောတာမျိုး သိပ်မရှိလှပါဘူး။

လွန်ခဲ့တဲ့ ခြောက်လလောက်က စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်စင်း လေထဲမှာ ပေါက်ကွဲခဲ့တာဟာ ဆိုးဝါးတဲ့ ရှုံးနိမ့်မှုကြီး တစ်ခု ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာလတုန်းက ဖော်ညွှန်းပြောဆိုခဲ့ပြီး ဒီဂြိုဟ်တု လွှတ်တင်ရေး ပြင်ဆင်ဆောင်ရွက်ရာမှာ နမော်နမဲ့နိုင်တဲ့ တာဝန်ရှီသူတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ် သြဂုတ်လတုန်းကလည်း မအောင်မမြင်ဖြစ်ခဲ့တဲ့ နောက်ဂြိုဟ်တု လွှတ်တင်မှုတစ်ခုမှာလည်း အရေးပေါ် လွှတ်တင်တဲ့ စနစ်မှာ အမှားအယွင်း ဖြစ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရက ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းပေါ်မှာ တန် ၅၀၀၀ အလေးချိန်ရှိတဲ့ ဖျက်သင်္ဘောသစ် တစ်စင်းကို ဖွင့်လှစ်ခဲ့အပြီး သီတင်းပတ်ပိုင်းအကြာမှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖျက်သင်္ဘောဟာ မစ်ဆိုင်းဒုံး ၇၀ တင်ဆောင်နိုင်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ဒီဖျက်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ ရေတပ်အင်အားကို ခေတ်မီအောင် လုပ်ရာမှာ ထိုးဖောက်အောင်မြင်မှုကြီး ဖြစ်တယ်လို့ ကင်ဂျုံအွန်းက ပြောခဲ့ပြီး လာမယ့်နှစ်အစပိုင်းမှာ စတင်အသုံးပြုမယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။