မြောက်ကိုရီးယားကနယ်စပ် ’တံတိုင်း’ ဆောက်နေတာကို ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေ

Satellite images showing sections of border 'wall'

ဂျိတ်ခ် ဟော်တန်၊ ယီမ၊ ဒနီးလ် ပဲလမ်ဘို

BBC Verify

တံတိုင်းလို့ ယူဆရတဲ့ တည်ဆောက်မှုတွေကို တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်နေရာအများအပြားမှာ မြောက်ကိုရီးယားက ပြုလုပ်နေကြောင်း ဂြိုဟ်တု ဓာတ်ပုံအသစ်တွေက ဖော်ပြနေပါတယ်။

စစ်မဲ့ဇုန် (Demilitarised Zone - DMZ) အတွင်းမှာ မြေတွေ ရှင်းလင်းထားတာကို ဘီဘီစီ Verify ဌာနက ဆန်းစစ်ထားတဲ့ ပုံတွေမှာလည်း ဖော်ပြနေသလို၊ ဒီလို ရှင်းလင်းထားတဲ့လုပ်ရပ်က တောင်ကိုရီးယားနဲ့ ရေရှည်သဘောတူညီချက်တွေကို ချိုးဖောက်တဲ့အထိ သက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

စစ်မဲ့ဇုန် (DMZ)ဟာ မြောက်နဲ့ တောင်ကိုရီးယားကြားက ၂ မိုင်ခွဲ ကျယ်တဲ့ ကြားခံဇုန်ဖြစ်ပြီး သူတို့ ၂ နိုင်ငံဟာ ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆို မထားသေးတာမို့ တကယ်ပြောရရင် စစ်က ပြီးသေးတာလို့ သတ်မှတ်လို့ မရသေးပါဘူး။ စစ်မဲ့ဇုန်ကို ၂ပိုင်း ပိုင်းထားပြီး သက်ဆိုင်ရာ ၂ နိုင်ငံက သူ့သက်ဆိုင်ရာ အပိုင်းကို ထိန်းချုပ်ထားပါတယ်။

ကျွမ်းကျင်သူတွေအဆိုအရ အခုလောလောလတ်လတ်ဖြစ်လာတဲ့ လှုပ်ရှားမှုတွေက “ဖြစ်လေ့ဖြစ်ထ ရှိတာမျိုးမဟုတ်ဘူး" လို့ သိရသလို ဒါတွေက ၂ နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ ထွက်ပေါ်လာတာပါ။

“အခုအချိန်မှာတော့ မြောက်ကိုရီးယားဟာ နယ်စပ်တလျောက် သူ့ရဲ့ စစ်တပ်နေရာချထားမှုနဲ့ အားဖြည့်မှုတွေကို တိုးမြှင့်ထားတယ်လို့ပဲ ကျွန်တော်တို့ မှန်းဆနိုင်ပါသေးတယ်" လို့ ဆိုးလ်မြို့အခြေစိုက် အန်ကေ သတင်းဌာနက သတင်းထောက် ရှရီရတ်စ် ရက်ဒီက ပြောပါတယ်။

Two satellite images showing the construction of what appears to be a wall

မြောက်ကိုရီးယားက အဲဒီဧရိယာအတွင်း လုပ်ဆောင်နေတဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွေရဲ့ တစိတ်တပိုင်းကို ကြည့်နိုင်ဖို့အတွက် နယ်စပ်တလျောက် ၇ ကီလိုမီတာ အရှည်ကို ရိုက်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေရဖို့အရေး BBC Verify က သက်ဆိုင်တဲ့ဌာနလုပ်ငန်းအဖွဲ့ တွေကို အလုပ်အပ်ခဲ့ပါတယ်။

အဲဒီပုံတွေကို ကြည့်ရင် နယ်စပ်ရဲ့ အရှေ့ဘက်အစွန်းဆုံးနဲ့ နီးတဲ့နေရာက စစ်မဲ့ဇုန် အနားမှာ တည်ဆောက်ထားတဲ့ တံတိုင်းတွေဟာ အနည်းဆုံး ၃ ပိုင်းရှိပြီး အရှည်စုစုပေါင်းက ၁ ကီလိုမီတာလောက်ရှိတာကို တွေ့ရပါတယ်။

နောက်ထပ် နယ်စပ်တစ်လျှောက်မှာလည်း အလားတူ စည်းရိုးတံတိုင်း ဆောက်လုပ်မှုတွေ လုပ်ဆောင်နေတာက ဖြစ်နိုင်ခြေရှိပါတယ်။

အဲဒီဧရိယာကို ရိုက်ထားတဲ့ ပုံရိပ်ပြတ်သားမှုကောင်းကောင်း အရင်ဓာတ်ပုံဟောင်းတွေမရှိတာကြောင့် ဒီဆောက်လုပ်မှုတွေ ဘယ်နေ့ကအတိအကျစတင်ခဲ့သလဲဆိုတာကို မသိနိုင်ပါဘူး။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက ရိုက်ထားတဲ့ ပုံတွေထဲမှာတော့ ဒီဆောက်လုပ်မှုတွေကို မတွေ့ရပါဘူး။

“ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဆန်းစစ်သုံးသပ်ချက်အရတော့ တဖက်နဲ့တဖက် ခြားထားဖို့ ရည်ရွယ်ချက်နဲ့ သူတို့ တံတိုင်းဆောက်လုပ်တာက ဒါပထမဆုံးအကြိမ်ပါပဲ" လို့ ဆိုးလ်က Asan Institute for Policy Studies က စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အုခ် ယန်းက ပြောပါတယ်။

Two satellite images showing before and after construction of sections of what appears to be a wall near North Korean border

“၁၉၉၀ နှစ်တွေ အတွင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ တကယ်လို့ စစ်ဖြစ်လာရင် တင့်ကားတွေနဲ့ တက်မလာနိုင်အောင် မြောက်ကိုရီးယားက တင့်ကား အတား အဆီးတွေကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က လုပ်ခဲ့တာတွေကတော့ မြောက်ကိုရီးယားဟာ ၂ မီတာ - ၃ မီတာ အမြင့်လောက်ရှိတဲ့ တံတိုင်းတွေကို တည်ဆောက် နေတာပါ။ အဲဒီ တံတိုင်းတွေက တင့်ကားအတားအဆီးတွေ မဟုတ်ပါဘူး" လို့ ဒေါက်တာ ယန်းက ပြောပါတယ်။

“တံတိုင်းရဲ့ ပုံပန်းသဏ္ဌာာန် တင့်ကားကို တားဖို့ အဟန့်အတားတွေနဲ့ မတူပါဘူး၊ ဒီ ဧရိယာကို ၂ ပိုင်းပိုင်းဖို့ ရည်ရွယ်တာပါ" လို့ ဂြိုဟ်တုက ရိုက်ထားတဲ့ ပုံရိပ်တွေကို ဆန်းစစ်ထားတဲ့ ဒေါက်တာ ယန်းက ထပ်ဖြည့်ပြောပါတယ်။

မြောက်ကိုရီးယားဘက်က စစ်မဲ့ဇုန်အတွင်းမှာ မြေတွေကို ရှင်းထားတဲ့ အထောက်အထားတွေကိုလည်း တွေ့ရပါတယ်။

Two satellite images showing the clearing of land near the North Korean border
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နယ်စပ်မျဉ်းရဲ့ အရှေ့ဘက်အကျဆုံး အစွန်းက နောက်ဆုံးရ ဂြိုဟ်တုပုံရိပ်တွေက လမ်းတခုဖောက်ထားတဲ့ပုံကို မြင်ရပါတယ်။

အပေါ်မှာပြထားတဲ့ စစ်မဲ့ဇုန် မြောက်ဘက်နယ်စပ် မြေပုံကို အသေးစိတ်ရေးဆွဲရာမှာ ဘီဘီစီက သုတေသနလုပ်ထားတဲ့ နယ်စပ်တကြောက ပုံတွေကို သုံးထား ပါတယ်။ ရနိုင်သမျှ နယ်စပ်ပုံတွေမှာ အနည်းငယ် ကွာခြားမှုလေးတွေကို တွေ့ရ ပါတယ်။

ဒါပေမဲ့ ဘယ်ပုံမှာမဆို စစ်မဲ့ဇုန်အတွင်း မြေတွေရှင်းထားတာကို ကျွန်တော်တို့ တွေ့ရ ပါတယ်။

မကြာသေးခင်က လုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးအရာရှိချုပ်ရုံးက အရာရှိတယောက်က “အဲဒီမှာ ဗျူဟာမြောက် လမ်းတွေ ထပ်တိုးဖောက်နေတာ၊ မိုင်းတွေ ခင်းနေတာ၊ မြေရိုင်းတွေကို ရှင်းလင်းနေတာ စတာတွေကို “ သူတို့ စစ်တပ်အနေနဲ့ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

“မြေရှင်းလင်းတာက စစ်ရေးအရရော စစ်ရေးနဲ့ မဆိုင်တာရော ၂ မျိုး လုံးအတွက် ရည်ရွယ်ပုံရတယ်“ လို့ ကိုရီးယား တက္ကသိုလ်က နိုင်ငံတကာ လုံခြုံရေး ဘာသာရပ် ပါမောက္ခ ကေ ဂျိုဘန်က ပြောပါတယ်။

“အဲဒီမှာ စောင့်ကြည့်ရေး ဂိတ်တွေ အလွယ်တကူဆောက်နိုင်မယ်“ လို့ သူက ပြောပြီး “တောင်ကိုရီးယားထဲက စစ်ရေးလှုပ်ရှားမှုတွေကို မြောက်ကိုရီးယားက စောင့်ကြည့်နိုင်မယ်"၊ “နယ်စပ်ကို ဖြတ်ပြီး တောင်ကိုရီးယားကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားသူတွေကို ကြည့်နိုင်မယ်" လို့ ဆိုပါတယ်။

North Korean leader Kim Jong Un, left, and South Korean President Moon Jae-in, right, raise hands together

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, မြောက်နဲ့တောင်ကိုရီးယား ခေါင်းဆောင် ၂ ယောက် ၂၀၁၈ ခုနှစ်မှာ နောက်ဆုံး တွေ့ဆုံခဲ့ကြ

“စစ်မဲ့ဇုန်အတွင်း တည်ဆောက်မှုတွေက ပုံမှန်မဟုတ်ပါဘူး၊ ဒါက ကြိုတင် ညှိနှိုင်းတာမျိုး မရှိတဲ့အတွက် စစ်ပြေငြိမ်းထားတာကို ဖောက်ဖျက်တဲ့ သဘော ဖြစ်သွားနိုင်ပါတယ် လို့ သေနင်္ဂဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေး စင်တာက အာရှနဲ့ ကိုရီးယားဆိုင်ရာ ဒုဥက္ကဋ္ဌ ပါမောက္ခ ဗစ်တာ ချာက ဆိုပါတယ်။

ကိုရီးယားစစ်ပွဲကို ၁၉၅၃ ခုနှစ်မှာ စစ်ပြေငြိမ်းရေး သဘောတူချက်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပြီး "စစ်မဲ့ဇုန်ရဲ့ အတွင်းမှာ ဖြစ်စေ၊ အတွင်းက ဖြစ်စေ တဖက်ကို ရန်လိုတဲ့ ပြုမူလုပ်ဆောင်ချက်တွေ ဘာတခုမှ မလုပ်ဖို့"နှစ်ဖက်လုံးက အဲဒီအချိန်က သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူစာချုပ် အထိ ခရီးမရောက်ခဲ့ကြပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင်တွေက အမြဲတမ်းပြောလာပြီး နှစ်ပေါင်းများစွာ မဖြစ်လာတဲ့ ရည်ရွယ်ချက်က ပြန်လည်ပေါင်းစည်းရေးပါ။ ၂၀၂၄ နှစ်စပိုင်းမှာတော့ ကင်မ်ဂျုံအွန်းကအဲဒီရည်ရွယ်ချက်ကို နိုင်ငံ အနေနဲ့ဆက်ပြီး မဆုပ်ကိုင်ထားတော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ဒီမှတ်ချက်စကားကို ကျွမ်းကျင်သူတွေက "မမျှော်လင့်ထားပဲကြားလိုက်ရတဲ့စကား" လို့ဆိုကြပြီး မစ္စတာကင်မ်က ဒီနှစ်စမှာ တောင်ကိုရီးယားကို "အဓိက ရန်သူ" ဆိုတဲ့ တံဆိပ် ကပ်ခဲ့တဲ့နောက်မှာတော့ အရေးကြီးတဲ့ မူဝါဒ ပြောင်းလဲမှုလို့ ခံယူကြပါတယ်။

အဲဒီနောက်ပိုင်းမြောက်ကိုရီးယားဟာ ၂ နိုင်ငံ ညီညွတ်ရေးကို ကိုယ်စားပြုတဲ့သင်္ကေတတွေ ဥပမာ - အထိမ်းအမှတ် အဆောက်အအုံ၊ မော်ကွန်းတိုင် စတာတွေကိုဖျက်ဆီးတာ၊ အစိုးရဝက်ဆိုဒ်မှာ ပြန်လည်ပေါင်းစည်းရေး အတွက် ရည်ညွှန်းထားချက်တွေကို ဖျက်လိုက်တာ စသဖြင့် လုပ်ဆောင်ခဲ့ပါတယ်။

"တောင်ကိုရီးယားက တိုက်ခိုက်လာတာကို ကာကွယ်ဖို့အတွက် အတားအဆီးတွေ၊ တံတိုင်းတွေ မြောက်ကိုရီးယားက ထပ်ပြီးလုပ်စရာမလိုပါဘူး။ သူတို့ ပြန်လည်ပေါင်းစည်းရေး မလုပ်တော့ဘူးဆိုတာကိုသာ အချက်ပြလိုက်တာပါ" လို့ ကင်းကောလိပ် လန်ဒန်က ဥရောပနဲ့ နိုင်ငံတကာ လေ့လာရေးဌာန အကြီးအကဲ ဒေါက်တာရေမွန် ပါချီကို ပါဒိုက ပြောပါတယ်။

ကျွမ်းကျင်သူတချို့ကလည်း အခုလို မစ္စတာကင်မ်ရဲ့ လှုပ်ရှားမှု သဘောသဘာဝကို ဒေါက်တာ ပါဒိုလိုပဲ မြင်ကြပါတယ်။

"အမေရိကန်နဲ့ ဖြစ်ဖြစ်၊ တောင်ကိုရီးယားနဲ့ ဖြစ်ဖြစ် သူတို့ဆွေးနွေးမယ်ဆိုပြီး မြောက်ကိုရီးယားကဟန်ဆောင်ပန်ဆောင်တွေလုပ်မနေတော့ပါဘူး၊ တလောက စကားပြောဖို့ကြိုးစားနေတဲ့ ဂျပန်ရဲ့ ကြိုးစားမှုတွေကိုလည်း ပုတ်ထုတ်လိုက်တဲ့ သဘောပါ" လို့ အောက်စဖို့ဒ်က ကိုရီးယားကျွန်းဆွယ် သုတေသီ ဒေါက်တာ အက်ဒ်ဝပ် ဟောင်လ် က ပြောပါတယ်။

"မြောက်ကိုရီးယားက ရုရှားနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိနေတော့ ဒီနှစ်ထဲမှာ ကျွန်ဆွယ်အတွင်း ရန်စတာတွေ တိုးလာတာက ကျွန်တော်အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။"