ရုရှား ခရီးသည်တွေသာ တည်းနိုင်မယ့် မြောက်ကိုရီးယား ကမ်းခြေဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, Anastasia Samsonova, Getty Images
- ရေးသားသူ, ယာလိုဆလာဗာ ကာယူခီနာ
- ရာထူးတာဝန်, ဘီဘီစီသတင်း ရုရှား
မြောက်ကိုရီးယားတို့ ဖွင့်လှစ်လိုက်တဲ့ ကမ်းခြေဟိုတယ်သစ်က ရုရှားတွေကိုပဲ လက်ခံမှာပါ။ အဲဒီ ဝမ်ဆန် ကယ်မာ အပန်းဖြေဟိုတယ်ကို သွားလည်ပတ်ခဲ့တဲ့ ပထမဆုံးသော နိုင်ငံခြားသားတွေထဲက တယောက်ကို ဘီဘီစီက ဆက်သွယ် စကားပြောနိုင်ခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းကို မြှင့်တင်မယ်ဆိုတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ရည်ရွယ်ချက်ထဲက အစိတ်အပိုင်းတခုလို့ ပြောနေကြတဲ့ ဝမ်ဆန် ကယ်မာ ကမ်းခြေ ဟိုတယ်ကို ဇူလိုင် ၁ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
ဟိုတယ်ဖွင့်ပြီးရင် ဒေသခံတွေရော၊ နိုင်ငံခြားသားတွေကိုပါ လာလည်ကြဖို့ ဖိတ်ခေါ်တော့မှာလို့ အရင်က မှန်းထားကြပေမယ့် ဟိုတယ်ဖွင့်လို့ သိပ်မကြာခင်မှာပဲ ဒီဟိုတယ်ကို ရုရှားခရီးသွားတွေကလွဲလို့တခြား နိုင်ငံခြားသားတွေကို လာလည်ဖို့ကို "ယာယီအနေနဲ့" ပိတ်ထားပါတယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။
အခုထိ ရုရှား ခရီးသွားအဖွဲ့ ၃ ဖွဲ့ အဲဒီဟိုတယ်ကို သွားလည်ခဲ့ကြပါတယ်။
အဲဒီ ဝမ်ဆန် ကယ်မာ ဟိုတယ်ကို သွားလည်ခဲ့တဲ့ ရုရှား ခရီးသွားတယောက်ကို ဘီဘီစီ ရုရှားဘာသာဌာနက မေးမြန်းနိုင်ခဲ့ပါတယ်၊ သူက "လူတွေ မရှိပေမယ့်လည်း ဒီ အပန်းဖြေခရီးစဉ်ကို ကြိုက်နှစ်သက်တယ်" ပင်လယ်ကမ်းစပ် သဲဖြူကမ်းခြေက သဲတွေကို "ညီနေအောင်လည်း နေ့တိုင်း ပြန်ညှိပေးထားကြတယ်" လို့ ပြောပါတယ်။
"အရာရာက သန့်ရှင်း သပ်ရပ်နေတာ"

ဓာတ်ပုံ ရင်းမြစ်, KCNA
ဇူလိုင်လတုန်းက ဝန်ဆန် ကယ်မာကို သွားလည်ခဲ့တဲ့ ပထမဆုံး ရုရှား ခရီးသွား အုပ်စုထဲမှာ အသက် ၃၃ နှစ်အရွယ် လူသားအရင်းအမြစ် မန်နေဂျာ အန်နာစတာရှာ ဆမ်ဆိုနိုဗာ တယောက်လည်း အပါအဝင်ပါ။
"နေ့တိုင်း ကမ်းခြေကို ရှင်းထားပေးတယ်၊ သဲသောင် ကမ်းခြေက သဲတွေကိုလည်း ညီအောင် ညှိထားပေးတယ်၊ အရာရာက သန့်ရှင်း သပ်ရပ်နေတာပဲ" လို့ သူက ပြောပါတယ်။
"ကမ်းစပ်က ခုံတွေကလည်း အသစ်စက်စက်၊ အရာရာတိုင်းက ရှင်းသန့်နေတာပဲ။ ပင်လယ်ကို သွားရတာကလည်း သိပ်ကို အဆင်ပြေတယ်၊ ကမ်းခြေကလည်း သိပ်ကို ကောင်းတယ်။"
"ခရီးစဉ်မှာ တချို့ အရှုပ်အထွေးလေးတွေရှိတာကြောင့်" ပထမတော့ "ရုရှားခရီးသည်တွေ ကမ်းခြေက ခရီးသွားဇုန်ကို သွားလို့ ရ၊ မရက သိပ်ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူး" လို့ သူက ပြောပါတယ်။
မူရင်းအစီအစဉ်အရဆိုရင် ခရီးသွားတွေဟာ ပထမနေ့ ခရီးစဉ်မှာ ပြုံယမ်းက သွားလည်စရာ နေရာတွေဖြစ်တဲ့ ဥပမာ - အောင်ပွဲ မုခ်ဦး၊ ကင်အီဆွန်း ရင်ပြင် စတဲ့နေရာတွေကို အရင်သွားလည်ပြီး နောက်နေ့မှာ ဒီကမ်းခြေ ဟိုတယ်ကို သွားဖို့ပါ။
ဒါပေမဲ့ သူတို့ဟာ ဘာကြောင့်မှန်း မသိရဘဲ ပြုံယမ်းမှာ နောက်တရက် ထပ်ကြာအောင် နေခဲ့ရပြီး ဝန်ဆန်ကိုလည်း အရင်က စီစဉ်ထားသလို လေယာဉ်နဲ့ သွားရမယ့်အစား ရထားနဲ့ လာခဲ့ကြရပါတယ်။
ဒါပေမဲ့ ခရီးသွားတွေဟာ သူတို့ ကမ်းခြေ ဟိုတယ်မှာ အရင်စီစဉ်ထားတဲ့ ၃ ရက် ထက် နောက်ထပ် တရက်တိုးပြီး ၄ ရက်နေနိုင်အောင် လမ်းညွှန်နဲ့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anastasia Samsonova
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခရီးစဉ်ကို ရုရှား ခရီးသွားအေဂျင်စီ ဗော့စ်တော့ခ် အင်တိုးက စီစဉ်ပေးခဲ့တာဖြစ်ပြီး ၈ ရက်တာ ကြာတဲ့ ခရီးစဉ်အတွင်း ရုရှား စကားပြော လမ်းညွှန်တယောက် ထည့်ပေးထားသလို ကြယ် ၄ ပွင့် အဆင့် ဟိုတယ်မှာ နေစရာ စီစဉ်ပေးပါတယ်။
အသယ်အရွယ် မရွေး၊ ဘယ်လို စိတ်ဝင်စားမှုတွေပဲရှိရှိ ခရီးသွားတွေအနေနဲ့ သူတို့ စီစဉ်ထားတဲ့ အမျိုးမျိုးသော လေ့လာရေးခရီးတွေ၊ ပျော်ရွှင်စရာ အစီအစဉ်တွေမှာ ပါဝင်ဖို့ လိုတယ်လို့ ဗလာဒီဗော့စတော့ခ် အခြေစိုက် အဲဒီ ခရီးသွား အေဂျင်စီက ဘီဘီစီကို ပြောပါတယ်။
"တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီမှာ ခရီးသွားက မရှိဘူး။ ဥပမာ ထိုင်းကို သွားရင် မော်စကိုက လာတဲ့လူတွေ အများကြီးတွေ့ရမယ်။ ဆိုတော့ အဲဒါကိုက အားလပ်ရက်အတွက် သိပ်ကို နှစ်ခြိုက်စရာ ဖြစ်နေတာ" လို့ ဆမ်ဆိုနိုဗာက ပြောပါတယ်။
မစ်ဇိုင်း စမ်းသပ်တဲ့ နေရာကို မြင်ရမယ်၊ အများနဲ့မတူ တမူထူးတဲ့ အပန်းဖြေနေရာဖြစ်တဲ့အတွက် အဲဒီ ဟိုတယ်ကို သွားလည်ကြဖို့ ရုရှား မီဒီယာတွေက အားပေးကြပါတယ်။ ဒါပေမဲ့ ဆမ်ဆိုနိုဗာက သူတို့သွားလည်ချိန် မစ်ဇိုင်း ပစ်တာကိုတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
"ကျွန်မတို့ ဘာမှ မတွေ့ခဲ့ပါဘူး၊ ကျွန်မတို့ရှိနေတဲ့ အချိန်တုန်းက သူတို့ ရော့ကက်တွေ ပစ်တာ မတွေ့ရပါဘူး။"
ဒါပေမဲ့ ကစားစရာ ရော့ကက်တွေ တခုကို ဒေါ်လာ ၄၀ နဲ့ ရောင်းတာတွေ့ရပြီး သူတို့အဖွဲထဲက အားပေးတဲ့သူတွေ ရှိကြောင်း ပြောပြပါတယ်။ အဲဒီ ရော့ကက်က ဟွာဆောင် - ၁၇ တိုက်ချင်းပစ် ပဲ့ထိန်း မစ်ဇိုင်း ဒုံးကျည်ရဲ့ ပုံတူ အရုပ်ပါ။
နောက် ခရီးသွား တယောက်ဖြစ်တဲ့ ဒါရီယာက အင်စတာဂရမ်မှာ "တကယ်လို့ ပင်လယ်ကမ်းခြေ ကိုပဲ သွားချင်တယ် ဆိုပါတော့၊ အဲဒါဆိုရင် ဒီဟိုတယ်ကို ရွေးတာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနေရာက အစိမ်း သက်သက် ဖြစ်နေသေးသလို ရုရှား ခရီးသွားတွေ သွားဖူးတဲ့နေရာမျိုးတွေနဲ့လည်း မတူဘူး။ အာရှတို့၊ တူရကီတို့ဘက် သွားရတာ ရိုးလာပြီဆိုရင် အသစ်အဆန်းဖြစ်တဲ့ နေရာကို မသွားချင်ဘူးလား၊ အဲဒါဆို အဲဒီနေရာကို ရွေးပါလေ" လို့ ရေးတင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anastasia Samsonova
ထိန်းချုပ်မှုအောက်က ခရီးသွားလုပ်ငန်း
ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ ရုရှား ဖက်ဒရယ် တီဗီ သတင်းတွေအရ ဒီအပန်းဖြေ ရိပ်သာမှာ လျှောစီးတာတွေ ပါတဲ့ ရေကန်တွေ၊ ရုပ်ရှင်ရုံတွေ ပါဝင်တာတွေ့ရပါတယ်။ ဒါပေမဲ့ ပထမဆုံးသွားခဲ့တဲ့ ခရီးသွားအဖွဲ့ကတော့ သူတို့ အဲဒါတွေဆီ သွားခွင့်မရခဲ့ဘူး၊ သူတို့ ရဲ့ အချိန်အများစုက ဟိုတယ်ထဲနဲ့ ပင်လယ် ကမ်းခြေဘက်မှာပဲ ကုန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ အိပ်ရာကထပြီး မနက်စာသွားစားကြတယ်။ ဒါပေမဲ့ တချို့က မစားချင်ဘူးဆိုရင်တော့ မသွားကြဘူးပေါ့။ မနက်စာ စားပြီး ၁၅ မိနစ်လောက်ကြာရင် ကျွန်မတို့ လူစုကို လျှပ်စစ်ကားတွေနဲ့ တင်ခေါ်ပြီး ကမ်းခြေကို သူတို့ ပို့ပေးတယ်။ နေ့လယ်စာ စားချိန် မတိုင်မီ အထိ ကျွန်မတို့ ကမ်းခြေမှာ အချိန်ရတာပေါ့။ နေ့လယ်စာ စားချိန်ကျ ဟိုတယ်ကို ပြန်ဖို့ သူတို့ လာခေါ်တယ်။ အဲဒီတော့ အဝတ် အစားပြန်လဲ၊ နေ့လယ်စာကို စားသောက်ဆိုင်ကို သွားစားရင်စား၊ ဒါမှ မဟုတ် ဟိုတယ်မှာ စားပေါ့။ နောက်တော့ ကျွန်မတို့ ကမ်းစပ်ပြန် ရင်လည်းပြန်၊ နေသိပ်ပူတယ် ထင်ရင်လည်း ဟိုတယ်မှာပဲ နေပေါ့" လို့ ဆမ်ဆိုနိုဗာက ပြောပါတယ်။
ကမ်းခြေကတော့ လူမရှိသလောက် ရှင်းနေတာပဲ၊ စနေ တနင်္ဂနွေလို နေ့ဆိုရင်တော့ မြောက်ကိုရီးယား ဧည့်သည် အနည်းအပါးကို တွေ့ရတယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။ သူတို့ အဲဒီကို ရောက်နေတုန်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်လည်း ဒီဟိုတယ်ကို လာတာနဲ့ ကြုံခဲ့ရပါတယ်။
"နောက်ဆုံးနေ့ကျတော့ ကလေးတွေ လာတာတွေ့တယ်၊ အသက် ၁၀ နှစ် နဲ့ ၁၄ နှစ်ကြားတွေပဲ၊ ကြည့်ရတာ အားကစား လေ့ကျင့်ရေး စခန်း၊ ကျန်းမာရေး စခန်းက လာတဲ့ ကလေးတွေပဲ။ သူတို့ ဆရာတွေ၊ သင်တန်းနည်းပြတွေနဲ့ အတူ သူတို့ ပင်လယ်ထဲမှာ ဘယ်လို ရေကူးရသလဲဆိုတာ သင်ကြတယ်။ ကျွန်မတို့လည်း ကလေးတွေကို သွားတွေ့ကြတာပေါ့။ ဘယ်သူမှ ကျွန်မတို့ကို တားတာ မရှိပါဘူး။ မိန်းကလေးတယောက်က ကျွန်မကို နေကောင်းလား၊ ဘယ်လိုလဲ စသဖြင့် အင်္ဂလိပ်လို မေးတယ်၊ နှုတ်ဆက်တယ်။"

ဓာတ်ပုံ ရင်းမြစ်, Anastasia Samsonova
ဆမ်ဆိုနိုဗာရဲ့ အပြောအရ ရုရှား ခရီးသွားအဖွဲ့မှာ လမ်းညွှန်လည်းပါသလို၊ လုံခြုံရေး အစောင့်လည်း ပါတယ်လို့ သိရပါတယ်။
"ကျွန်မတို့က လုံခြုံရေးအစောင့်က လိုအပ်လို့လားလို့ လမ်းညွှန်ကို မေးကြတယ်။ သူတို့ရှင်းပြတာက ဒေသခံတွေက နိုင်ငံခြား ခရီးသည်ဆိုတာကို သိပ်မတွေ့ဖူးကြတဲ့။ နိုင်ငံက တံခါးပိတ်ထားတာ နှစ်အတော်ကြာနေပြီဆိုတော့ ကျွန်မတို့ လမ်းတွေ ပေါ်ရောက်ရင် သူတို့က တအံ့တသြကြည့်ကြတာပါ။ ကျွန်မတို့ ဒေသခံတွေနဲ့ ဆက်သွယ်ဆက်ဆံတာမျိုး၊ သူတို့ကို ကြောက်လန့်သွားစေတာမျိုး စတာတွေ မဖြစ်ရအောင် လုံခြုံရေးအစောင့်က လုပ်ပေးတာလို့ လမ်းညွှန်က ပြောတယ်။"
ဒေသခံတွေ လန့်သွားတဲ့ အဖြစ်တခုကိုလည်း သူက ပြန်ပြောပြပါတယ်၊ ဟိုတယ်ခန်း အကူ အမျိုးသမီးတယောက်က ခရီးသွားတယောက်ရဲ့ အခန်းတံခါးကို ခေါက်တယ်၊ အထဲမှာ ဘယ်သူမှ မရှိဘူး ထင်ပုံရပါတယ်။ တခါးလည်း ဖွင့်လိုက်ရော အဲဒီအမျိုးသမီးက ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်တဲ့။
ပိတ်ဆို့အရေးယူမှုတွေနဲ့ သံသယတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်လည်းဖြစ်၊ စီးပွားရေး မိတ်ဖက်လည်း ဖြစ်တဲ့ တရုတ်နိုင်ငံက နိုင်ငံသားတွေတောင် ဒီဟိုတယ်ကို လာလည်ဖို့ ခက်နေသေးတယ်လို့ မြောက်ကိုရီးယား - ရုရှား ဆက်ဆံရေး ဆိုင်ရာ ပညာရှင်လည်းဖြစ်၊ ဆိုးလ်မှာရှိတဲ့ ကွတ်ခ်မင် တက္ကသိုလ်က ပါမောက္ခလည်း ဖြစ်တဲ့ အန်ဒရေ လန်ကော့ဗ်က ဆိုပါတယ်။
"၂၀၁၇ - ၁၈ လောက်ကျမှ မြောက်ကိုရီးယား ခေါင်းဆောင်တွေက ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံဖို့ စီစဉ်ပြင်ဆင်ခဲ့တာ။ နိုင်ငံခြား တိုင်းပြည်တွေနဲ့ ဆက်သွယ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့၊ ပူးတွဲ စီမံကိန်းတွေ လုပ်ဖို့ စသဖြင့်ပေါ့။"
"မျှော်လင့်ချက်တွေ သူတို့ ထားခဲ့ကြတယ်၊ ဒါပေမဲ့ ဆန်ရှင် အရေးယူပိတ်ဆို့မှုတွေကို သူတို့ မကျော် လွှား နိုင်ခဲ့ကြဘူး။ ဆန်ရှင်တွေက အရင်ကတည်းက ရှိခဲ့တယ်၊ ဒါပေမဲ့ ၂၀၁၇ - ၁၉ လောက်မှာမှ တကယ့်ကို ရင်ဆိုင်တွေ့ခဲ့ကြတာ။ ပြင်ပ ကမ္ဘာနဲ့ ကုန်သွယ်မယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ ဘာမှ ထိန်းချုပ်လို့ မရဘူးဆိုတာ သိလာကြတယ်" လို့ လန်ကော့ဗ်က ပြောပါတယ်။
ဒီတော့ ပြည်တွင်းမှာ အမေးတခုက အကျယ်အပြန့်ပေါ်လာတယ် - ဘာလို့ နိုင်ငံခြားသားတွေနဲ့ ဆက်သွယ် ဆက်ဆံနေမှာလဲပေါ့။ ဒါကြောင့်မို့ ပြုံယမ်းဟာ နိုင်ငံခြားသား ခရီးသည် အရေအတွက်ကိုလည်း ကန့်သတ်သလို၊ သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေကိုလည်း အနီးကပ် ထိန်းချုပ်တာလို့ သူက မြင်ပါတယ်။
"သူတို့ (နိုင်ငံခြားသားတွေ) လာတယ်၊ အကဲဖြတ်တာတွေ လုပ်တယ်၊ အန္တရာယ်များတဲ့ စကားတွေ ပြောတယ်၊ သူတို့က အီလက်ထရွန်နစ် ပစ္စည်းတွေသုံး၊ အဝတ်အစား ကောင်းကောင်းတွေဝတ်ကြတယ်။ အဲဒီအခါ သာမန်လူတွေက ဘာလို့ တို့ ဒီလို ကွာခြားနေတာလဲလို့ စဉ်းစားလာနိုင်ကြတယ်။ တို့ မဟာခေါင်းဆောင်ကြီးနဲ့ မိသားစုတို့လို လူတွေ သူတို့ ဆီမှာ မရှိပေမဲ့လည်း သူတို့ ဝတ်တာ စားတာ သုံးတာတွေက သိပ်ကောင်းတာပဲလို့ တွေးမိကြမယ်။ ဒီတော့ နောက်ဆုံးတော့ အဲဒီ နိုင်ငံခြားသားတွေ မမြင်ရတာပဲ ကောင်းတယ်ဆိုတဲ့ အဖြေ ထွက်လာတော့ တာပေါ့။"
ခရီးသွားအစီအစဉ်မှာ ဘာတွေပါဝင်လဲ

ဓာတ်ပုံ ရင်းမြစ်, Vostok Intur
ဒုတိယ အသုတ် ခရီးသည် အဖွဲ့မှာ လူအယောက် ၂၀ ပါဝင်တယ်၊ တတိယ အသုတ်ကတော့ သြဂုတ် ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိသွားကြမှာဖြစ်ပြီး အဲဒီအသုတ်မှာ ခရီးသည် ၁၉ ယောက် ပါဝင်ပါတယ်လို့ ဗော့စ်တော့ခ် အင်တိုး ကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။ စက်တင်ဘာလအတွက်လည်း ခရီးသွားကြဖို့ စိတ်ဝင်စားမှုတွေ ရှိတယ်၊ ဒါပေမဲ့ အဲဒီ အချိန်မှာ ခရီးသွားလို့ရမလား ဆိုတာကတော့ မြောက်ကိုရီးယားဘက်နဲ့ သူတို့ ညှိရဦးမယ်လို့ ဆိုပါတယ်။ စက်တင်ဘာလလယ် ခရီးစဉ်အတွက် သူတို့ ဝက်ဆိုက်မှာ အရင်က ကြော်ငြာထားတာ တွေ့ရပေမဲ့လည်း အခုတော့ ကြော်ငြာကို ဖြုတ်ချထားပါတယ်။
၈ ရက်တာ ခရီးစဉ်၊ ရုရှား စကားပြော လမ်းညွှန်ပါမယ်၊ တနေ့ကို ၃ နပ် ကျွေးမယ်၊ သွားလာ စားရိတ်အကုန်ငြိမ်းလို့ မြောက်ကိုရီးယား ခရီးစဉ်အကြောင်းကို ဗော့စ်တော့ခ် အင်တိုး ဝက်ဆိုက်မှာရေးထားပါတယ်။ ခရီးစဉ်အတွင်း မက်ဆီကရွန်း ရေခဲပြင် လျှောစီး အပန်းဖြေ ရိပ်သာမှာ "လှပတဲ့မြင်ကွင်းတွေကို ခံစားရမယ်"၊ "ပြုံယမ်းက လမ်းတွေပေါ်လျှောက်သွားရင်း"..."ကိုရီးယားတို့ရဲ့ နေ့စဉ်ဘဝ ဝန်းကျင်အကြားမှာ ကိုယ့်ကိုယ်ကိုယ် စီးမျောခံစားနိုင်မယ်"၊ ဂျပန်တပ်တွေ သိမ်းထားတဲ့ ကိုရီးယား ကျွန်းဆွယ်ကို လွတ်မြောက်အောင် တိုက်ပွဲဝင်ရတဲ့ စစ်ပွဲမှာ ကျဆုံးသွားတဲ့ ဆိုဗီယက် စစ်သားတွေကို အောက်မေ့ ဂုဏ်ပြုထားတဲ့ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကို သွားကြည့်မယ် စသဖြင့် သွားလည်မယ့်နေရာတွေကို ဖော်ပြထားပါတယ်။ အမှတ်တရ ပစ္စည်းဆိုင်ကိုလည်း သွားမှာလို့ ဆိုပါတယ်။
နှစ်ယောက်အတွက် ခရီးစဉ်က တယောက်ကို ၁၄၈,၀၀၀ ရူဘယ် (ဒေါ်လာ ၁,၈၅၀) ကျမှာဖြစ်ပြီး တယောက်ခန်းအတွက်ဆိုရင်တော့ ခရီးစဉ်က ၁၇၆,၀၀၀ ရူဘယ် (ဒေါ်လာ ၂,၂၀၀) ကျမှာပါ။ ခရီးသွားတွေအနေနဲ့ ရုရှားတွင်းမှာတော့ ဗလာဒီဗော့စတော့ လေဆိပ်အထိ လာဖို့ လိုပြီး အဲဒီကနေ ပြုံယမ်းကို သွားမှာဆိုတော့ အဲဒီ ပြည်တွင်း ခရီးကုန်ကျစားရိတ်ပါ ထည့်တွက်ရင် တယောက်ကို ပျမ်းမျှအနေနဲ့ ၂၀၀,၀၀၀ ရူဘယ် (ဒေါ်လာ ၂,၅၀၀ လောက်) ကုန်ကျမှာပါ။
ခရီးစဉ်ကုန်ကျစားရိတ်အတွက် တချို့ကို ရူဘယ်နဲ့ပေးရပြီး တချို့ကို အမေရိကန် ဒေါ်လာနဲ့ ပေးချေရမှာပါ။ ဒေါ်လာနဲ့ ပေးရတဲ့ အပိုင်းကိုတော့ ခရီးစဉ်မစခင် ရက်အနည်းငယ်ကြိုပြီး ဗော့စ်တော့ခ် အင်တိုး ကုမ္ပဏီရုံးခန်းမှာ ပေးရပါမယ်။
အမှတ်တရ ပစ္စည်းဝယ်ရင် ကုန်တဲ့ငွေကလွဲလို့ လမ်းမှာ ဘာမှတခြား ကုန်ကျစရာမရှိဘူးလို့ ဆမ်ဆိုနိုဗာက ပြောပါတယ်။ ခရီးသည်တွေအကြား ရော့ကက် နမူနာပုံ အရုပ်နဲ့ မြောက်ကိုရီးယား အိုလံပစ် ပွဲတော် အားကစား ယူနီဖောင်းတို့က ရေပန်းစားတယ်လို့လည်း သူက ပြောပါတယ်။
အကန့်အသတ်တွေကြားက အပန်းဖြေ ခရီး

ဓာတ်ပုံ ရင်းမြစ်, Anastasia Samsonova
အင်တာနက်သုံးဖို့က အရမ်းစျေးကြီးတာ၊ သွားချင်တဲ့နေရာတိုင်းကို သွားခွင့်မပြုတာ၊ လုပ်ဆောင်မှုတွေကို ကန့်သတ်တာ စတဲ့ အခက်အခဲတွေ အပါအဝင် အကန့်အသတ်တွေကလည်း များတယ်လို့ ဆမ်ဆိုနိုဗာက ပြောပါတယ်။ ဥပမာ - ဆောက်လုပ်ရေး လုပ်ငန်းနေရာတွေမှာ လမ်းညွှန်တွေက သူတို့ကို ဓာတ်ပုံရိုက်ခွင့်မပြုဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။ ခရီးစဉ်မှာ ပါတဲ့ နေရာတိုင်းက သတ်မှတ်ပြီးသား ဖြစ်ပြီး မြောက်ကိုရီးယား အာဏာပိုင်တွေက ပြောင်းလဲ ခွင့်ပြုတယ်လို့ မသတ်မှတ်ရင် ဘာမှ ပြောင်းလဲလို့ မရပါဘူး။
ရုရှားခရီးသွားတွေက မြောက်ကိုရီးယားကို ပိုပြီး တိုးလာနေပါတယ်၊ ဒါပေမဲ့ တခြားနိုင်ငံတွေကို သွားတာနဲ့ နှိုင်းရင် မြောက်ကိုရီးယားကို လာလည်နှုန်း တိုးတာက နည်းနေပါတယ်။ ၂၀၂၄ မှာ ရုရှား ၁,၅၀၀ လောက် မြောက်ကိုရီးယားကို သွားလည်ခဲ့ကြကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးနယ်စပ် အစောင့်တပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ အဲဒီ နှစ်မှာပဲ ရုရှား ၆.၇ သန်းက တူရကီကို၊ ၁.၉ သန်းက တရုတ်ကို သွားလည်ခဲ့ကြပါတယ်။
ဒါပေမဲ့ တိုးတော့တိုးလာပါတယ်။ ၂၀၂၅ ဒုတိယ လေးလပတ်ကာလ အတွင်းမှာ ရုရှား ၃,၀၀၀ လောက် မြောက်ကိုရီးယားကို လာခဲ့ကြပြီး အဲဒီထဲမှာ ၁,၆၇၃ ယောက်က ခရီးသွားတွေပါ။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအထိ မြောက်ကိုရီးယားဟာ နိုင်ငံခြားသား ဧည့်သည်ကို လုံးဝ ပိတ်ထားသလောက် ဖြစ်ပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်တဲ့ ခရီးစဉ် အနည်းငယ်ကိုပဲ ခွင့်ပြုခဲ့တာပါ။
ဝန်ဆန် ကယ်မာက ဆန်ရှင်ပိတ်ဆို့ခံ နိုင်ငံရဲ့ စီးပွားရေး အကျိုးအမြတ်အတွက် အရေးကြီးတဲ့ အခန်းမှာရှိသလို ရုရှားရဲ့ ယူကရိန်းစစ်ကို စစ်ရေးအရ အကူအညီပေးနေတဲ့ ပြုံယမ်းနဲ့ ရုရှားအကြား ဆက်ဆံရေးကို ပိုခိုင်မာအောင် လုပ်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယား အရှေ့ဘက်ကမ်းခြေက ဒီ ဝန်ဆန်မြို့မှာ မစ်ဇိုင်းနဲ့ ပတ်သက်တဲ့ နေရာတွေ ရှိသလို ရေတပ်ဆိုင်ရာ နေရာတွေလည်း ရှိပါတယ်။ မြောက်ကိုရီးယားက အီလစ်တွေ ပိုင်တဲ့ အားလပ်ရက် အပန်းဖြေ စံအိမ်တွေလည်း အဲဒီမြို့မှာ ရှိပြီး ကင်မ် ဂျုံအွန်း ငယ်စဉ် လူငယ်ဘဝက အဲဒီစံအိမ်တွေကို လာလည်တတ်လေ့ရှိပါတယ်။
အခု ဟိုတယ်ဇုန်နေရာမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စျေးဝယ် ကုန်တိုက်တွေ၊ ပျော်ရွှင်ဖွယ်ရာတွေ ထည့်သွင်းထားတဲ့ ရေကစားကွင်း နေရာတွေနဲ့ အတူ ၄ ကီလိုမီတာလောက် ရှည်တဲ့ ပင်လယ်ကမ်းခြေ ရှိပါတယ်။ ဒီ ဟိုတယ်ဇုန် နေရာဟာ လူ ၂၀,၀၀၀ လောက် အတွက် အဆင်ပြေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။
ဒါပေမဲ့ ဒီဟိုတယ်ဇုန် စတင် ဆောက်လုပ်တဲ့ ၂၀၁၈ ကတည်းက ဆောက်လုပ်ရေး အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေအတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ကြီးမားတဲ့ စီမံကိန်းကို အချိန်မီပြီးအောင် အလုပ်သမားတွေက တနေ့ကို အလုပ်ချိန်တွေ အများကြီးလုပ်ပေးရတာ၊ လုပ်ငန်းခွင် အခြေအနေက ဆိုးရွားတာ၊ လုပ်ခ နည်းလွန်းတာ စတာတွေကို သူတို့က အစီရင်ခံစာတွေထဲမှာ ထောက်ပြခဲ့ပါတယ်။
ဖြည့်စွက်ရေးသားသူ - ဆု မင်ဝန် - ဘီဘီစီ Global Journalism











