ပျက်စီးပြီးသား ယူကရိန်းရေနံချက်စက်ရုံကို ရုရှား အကြိမ်ကြိမ်တိုက်တာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Kremenchuk City Hall
- ရေးသားသူ, ဒိုင်ယာနာ ကာရက်ရှ်ကို ဘီဘီစီ ယူကရိန်းဌာန
- ရေးသားပေးပို့သည့်နေရာ, ကိယက်ဗ်မြို့၊ ယူကရိန်း
ရုရှားက ယူကရိန်းနိုင်ငံအလယ်ပိုင်းမှာ အကြီးဆုံးမြို့တွေထဲက တခုဖြစ်တဲ့ ခရမ်မန်ချူမြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အခုသြဂုတ်လအတွင်း အကြီးမားဆုံး ဗုံးကြဲမှုဖြစ်လာပါတယ်။ ဝါရှင်တန်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ ဥရောပခေါင်းဆာင်တွေ တွေ့ဆုံဆွေးနွေးအပြီး နာရီပိုင်းအကြာကတည်းက ဒီတိုက်ခိုက်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းလေတပ်ရဲ့အပြောအရ ရုရှားတို့ဟာ ဒရုန်းပေါင်း ၂၇၀ နဲ့ တိုက်ခိုက်ခဲ့သလို မစ်ဇိုင်း ၁၂ လုံး ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အများစုကို သူတို့က ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး ၁၆ ခုကိုတော့ မဟန့်တားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ခရမ်မန်ချူမြို့တည်ရှိရာ ပိုလ်တာဗာဒေသ အုပ်ချုပ်ရေးမှူးကတော့ ထိခိုက်သေဆုံးသူ မရှိပေမဲ့ အိမ်ခြေ ၁,၅၀၀ နီးပါးလောက် လျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ပြောပါတယ်။
ယူကရိန်း - ရုရှားစစ်ပွဲ ရှေ့တန်းလို့ခေါ်ကြတဲ့ ဒွန်းဘတ်စ်ကို ကျော်ပြီး ယူကရိန်းနိုင်ငံ အလယ်ပိုင်းထဲက မြို့ကြီးကို ရုရှားက တိုက်ခိုက်ခဲ့တာပါ။
ဗျူဟာမြောက် အရေးပါတဲ့ ခရမ်မန်ချူမြို့

ဓာတ်ပုံ ရင်းမြစ်, UNIAN
ယူကရိန်းအလယ်ပိုင်းမှာ ခရမ်မန်ချူမြို့က စက်မှုကုန်ထုတ်လုပ်ငန်းပိုင်း၊ ထောက်ပို့ရေးပိုင်းမှာ အဓိက ဆုံချက် နယ်မြေပါ။ ဒနီပရိုမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်ရေးတို့အတွက် အရေးကြီးတဲ့မြို့ တစ်မြို့ဖြစ်နေတာကြာပါပြီ။
ဒီမြို့ဟာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာတို့အတွက် လမ်းဖောက်လုပ်ငန်း ယန္တရားယာဉ်တွေ၊ တခြား ကုန်ထုတ် ယန္တရားစက်တွေကို ထုတ်လုပ်တဲ့ ကရက်မက်ရှ် စက်ရုံဝင်းတွေရှိရာမြို့လည်း ဖြစ်ပါတယ်။

ဒီမြို့မှာ ယူကရိန်းရဲ့ အကြီးဆုံး ရေနံချက်စက်ရုံဖြစ်တဲ့ ခရမ်မန်ချူ ရေနံချက်စက်ရုံရှိပြီး ဒီစက်ရုံဟာ ရုရှားတို့ အင်အားအပြည့်သုံးပြီး ကျူးကျော်လာပြီးနောက်ပိုင်းမှာလည်း ရေနံထုတ်ကုန်တွေ ဆက်ထုတ်လုပ်နိုင်တဲ့ တခုတည်းသော ရေနံချက်စက်ရုံပါ။
"ရုရှားတို့က အစပိုင်းမှာ ခရမ်မန်ချူမြို့ ရေနံချက်စက်ရုံကို မတိုက်ခိုက်ခဲ့ပါဘူး။ သူတို့က ဒီစက်ရုံကို အကောင်းအတိုင်းလေး ရမယ်လို့ ထင်ခဲ့တယ်။ အဲဒီ စက်ရုံက သူတို့ ရေနံတွေ ချက်နေတဲ့ စက်ရုံလေ" လို့ သေနင်္ဂဗျူဟာ ၂၁ (Strategy XXI) သုတေသီအဖွဲ့ရဲ့ ဥက္ကဋ္ဌ မီခေးလို ဟွန်ချာက ဘီဘီစီ ယူကရိန်းကို ပြောပါတယ်။
"ဒါပေမဲ့ ကိယက်ဗ်ကို သူတို့ ၃ ရက်နဲ့ သိမ်းမယ်ဆိုတဲ့ စစ်ရေးအစီအစဥ်က မအောင်မြင်တော့ ရေနံထုတ်ကုန်တွေရဲ့ရင်းမြစ်ဖြစ်တဲ့ ဒီရေနံချက်စက်ရုံကို စပြီးတိုက်ခိုက်ပါတော့တယ်" လို့ သူက ဆက်ပြောပြပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ခရမ်မန်ချူ ရေနံချက်စက်ရုံကို ရုရှားတို့မစ်ဇိုင်းနဲ့ ပထမဦးဆုံးအဖြစ် ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး မေလအတွင်းမှာ နောက်ထပ် မစ်ဇိုင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇွန်လထဲမှာ အဲဒီတုန်းက ယူကရိန်းအာဏာပိုင်တွေရဲ့အဆိုအရ ရုရှားတို့ရဲ့ မစ်ဇိုင်း တလုံးဟာ ခရမ်မန်ချူမြို့ထဲက လူတွေအများကြီးရှိနေတဲ့စျေးဝယ်ကုန်တိုက်တခုကို ထိမှန်ခဲ့ပြီး လူ အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားကတော့ အရပ်သားနေရာတွေကို သူတို့ တိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ်ပြောပါတယ်။ အဲဒီအစား အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ထောက်ပံ့ ကူညီထားတဲ့ စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားရာ (ကုန်တိုက် အနားက) ကုန်လှောင်ရုံကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၃ နဲ့ ၂၀၂၄ နှစ်တွေအတွင်းမှာလည်း ရေနံချက်စက်ရုံကို မစ်ဇိုင်းနဲ့ တိုက်ခိုက်တာတွေက ဆက်ဖြစ်ခဲ့ပါတယ်။
ခရမ်မန်ချူ ရေနံချက်စက်ရုံကို ရုရှားတို့ရဲ့အကြီးဆုံးတိုက်ခိုက်မှုကြီးတွေထဲက တစ်ခုကိုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီစက်ရုံထုတ် ရေနံထုတ်ကုန်တွေကို ဒွန်းဘတ််ဒေသက ယူကရိန်းတပ်တွေ အသုံးပြုဖို့ ထောက်ပို့နေကြတာလို့ ရုရှားက ဆိုပြီး စက်ရုံကို သူတို့ရဲ့တိုက်ခိုက်မှုက အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့လည်း ဒီနှစ် သြဂုတ်လထဲမှာ ဒီစက်ရုံကိုပဲ ရုရှားက မစ်ဇိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက် လာပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STATE EMERGENCY SERVICE OF UKRAINE / HANDOUT
"ဒီ စက်ရုံက လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့က ပြာပုံပဲကျန်ရစ်အောင်လုပ်ပြီး စက်ရုံပြန်လည်ပပတ်ဖို့ မဖြစ်နိုင်အောင်၊ ဒါမှမဟုတ် ပြန်ဆောက်တဲ့အခါမှာလည်း အကုန်အကျများအောင် ရည်ရွယ်တာပါ။ သူတို့ ဒီစက်ရုံကို လုံးဝ လက်စတုံးသွားအောင် လုပ်တာ" လို့ A-95 Consulting Group က ဒါရိုက်တာလည်းဖြစ် စွမ်းအင်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဆာဟေ ကုယွန်က ဘီဘီစီကို ပြောပါတယ်။
ဒီစက်ရုံဟာ မလည်ပတ်နိုင်တာကြာပြီဖြစ်ပေမဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်နေတာကိုကြည့်ရင် ရုရှားဟာ သူ့ရဲ့ရေနံအခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတာ၊ ပြီးတော့ အဲဒီလို အတိုက်ခံရလို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် လက်စားချေမှုအဖြစ် ရှုမြင်နိုင်တယ်လို့ ကုယွန်က ဆိုပါတယ်။
ကုယွန်ရဲ့ တွက်ဆမှုအရ ကျူးကျော်စစ်ပွဲ စကတည်းကဆိုရင် ဒီစက်ရုံဟာ ဒါဇင်နဲ့ ချီတဲ့ မစ်ဇိုင်းတွေ၊ ရာနဲ့ချီတဲ့ ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်တာခံခဲ့ရပြီးပြီလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လောင်စာဆီ အကျပ်အတည်း ဆိုက်လာနိုင်လား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီရေနံချက် စက်ရုံ ပျက်စီးနေမှုကြောင့် ယူကရိန်းမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ထောက်ပို့မှု အခြေအနေ အပေါ် သက်ရောက်မှု သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလောင်စာဆီတွေကို ဥရောပကနေ ရေနံတင်သင်္ဘောတွေနဲ့ ဟိုးအရင်ကတည်း ယူကရိန်း တင်သွင်းနေခဲ့လို့ပါ။
ခရမ်မန်ချူ ရေနံချက်စက်ရုံဟာ ကြီးမားပြီး တစ်နှစ်ကို ရေနံတန်ချိန် ၁၉ သန်း သန့်စင် ချက်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီစက်ရုံမှာ စစ်မဖြစ်ခင်အချိန်က တစ်နှစ်ကို ရေနံ တန်ချိန် ၃ သန်းလောက် (ဒီပမာဏက ယူကရိန်း လောင်စာဆီ လိုအပ်ချက်ရဲ့ ၅၀% လောက်ရှိ) ကိုသာ ချက်လုပ်နေတာလို့ ဆိုပါတယ်။
ဒါပေမဲ့ ယူကရိန်းမှာ ကိုယ်တိုင် ချက်လုပ်တဲ့ ရေနံချက်လုပ်ငန်း မရှိတော့ပါဘူး။
စစ်ပွဲအစမှာ ယူကရိန်းအနေနဲ့ လောင်စာဆီ ထောက်ပံ့ရေး ပို့ဆောင်နိုင်ရေးအတွက် ပြဿနာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က အလျင်အမြန်ပဲ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
"လောင်စာဆီကို ကားတွေနဲ့ သယ်ကြတယ်၊ ရထားနဲ့ သယ်ကြတယ်။ ဥရောပကနေ ဆီဘောက်ဆာကားတွေနဲ့ သယ်ယူကြပါတယ်။ ထောင်နဲ့ ချီတဲ့ ဆီဘောက်ဆာကားတွေ ယူကရိန်းကို လာတဲ့ဟာကို ဟန့်တား ဖျက်ဆီးနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူပါဘူး" လို့ မီခေးလို ဟွန်ချာက ဆိုပါတယ်။
ပိတ်ဆို့ခံခဲ့ရတဲ့ ပင်လယ် လမ်းကြောင်းတွေ ပွင့်သွားပြီးတဲ့နောက် ပင်လယ်က တဆင့်လည်း ရေနံကို တင်သွင်းခဲ့ကြပါတယ်။














