ရုရှားထဲ ဒုံးကျည်ပစ်လို့ရအောင် ယူကရိန်းကို ဘိုင်ဒန်ခွင့်ပြုမှု ‘ရေနံပေါ် မီးပစ်တဲ့လုပ်ရပ်’လို့ ရုရှားတုံ့ပြန်

ATACMS လို့ အတိုကောက်ခေါ်တဲ့ Army Tactical Missile Systems ဒုံးကျည်စနစ်ဟာ ကီလိုမီတာ ၃၀၀(၁၈၆) မိုင်အကွာအဝေးအထိ ရောက်နိုင်ပြီး မြန်နှုန်းမြင့်တာကြောင့် ကြားဖြတ်ပစ်ချဖို့လည်းခက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ATACMS လို့ အတိုကောက်ခေါ်တဲ့ Army Tactical Missile Systems ဒုံးကျည်စနစ်ဟာ ကီလိုမီတာ ၃၀၀(၁၈၆) မိုင်အကွာအဝေးအထိ ရောက်နိုင်ပြီး မြန်နှုန်းမြင့်တာကြောင့် ကြားဖြတ်ပစ်ချဖို့လည်းခက်ပါတယ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားကို တိုက်ခိုက်ဖို့ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခွင့်ကို ယူကရိန်းကို မီးစိမ်းပြလိုက်ပြီလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါဟာ ယူကရိန်းနိုင်ငံအပြင်ဘက်ကို ပစ်ခတ်ဖို့ ATACMS ဒုံးကျည်တွေ အသုံးပြုခွင့်ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို အမေရိကန်က သဘောတူဖို့ လနဲ့ချီကြာအောင် ငြင်းဆန်ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်တာကြောင့် ဝါရှင်တန်အတွက်ဆိုရင် သိသာတဲ့မူဝါဒပြောင်းလဲမှုလည်း ဖြစ်လာပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဟာ အမေရိကန်အရာရှိတွေဆီကနေ လာတယ်ဆိုတဲ့ဒီသတင်းနဲ့ပတ်သက်ပြီး ''ဒီလိုကိစ္စတွေဆိုတာ ကြေညာလေ့ မရှိပါဘူး။ ဒုံးကျည်တွေကပဲ စကားပြောပါလိမ့်မယ်'' လို့ မှတ်ချက်ပေးပါတယ်။

ဒီလိုအရွေ့မျိုးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကို ရုရှားသမ္မတ ပူတင်က အရင်တုန်းက သတိပေးထားဖူးပြီး ဒါဟာ ယူကရိန်းစစ်ပွဲမှာ နေတိုး(Nato) မဟာမိတ်အဖွဲ့ရဲ့ ''တိုက်ရိုက်ပါဝင်မှု''ကို ကိုယ်စားပြုမယ်လို့ ပြောထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်တုန်းက သမ္မတ ဇလန်းစကီးနဲ့ သမ္မတ ဘိုင်ဒန်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, စက်တင်ဘာလ ၂၆ ရက်တုန်းက ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု

ကိယက်ဗ်မြို့ အခြေစိုက် ယူကရိန်း လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစင်တာ ဥက္ကဋ္ဌ ဆာဟိ ခူဇန်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းအတွက် ''အတော်လေးကို အရေးပါပါတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

“ စစ်ပွဲလမ်းကြောင်းကို ပြောင်းနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးမဟုတ်ပေမဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေဘက်ကို ကြည့်ရင်တော့ အင်အားအပိုင်းမှာ ပိုပြီး ညီသွားတဲ့အပိုင်းတော့ရှိတယ်”

ATACMS ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်အထိ)ရောက်နိုင်ပါတယ်။ ယူကရိန်းကို အမေရိကန်က ATACMS ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးလိုက်တာဟာ ယူကရိန်းနိုင်ငံထဲကို မြောက်ကိုရီးယားစစ်သားတွေ ဝင်တိုက်ခွင့်ပေးတဲ့ ရုရှားဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ပြုလုပ်ခဲ့တာလို့ အမည်မ ဖော်လိုတဲ့ အမေရိကန်အရာရှိတွေက နယူးယောက်တိုင်းစ်နဲ့ ဝါရှင်တန် ပို့စ်တို့ကို ပြောပါတယ်။

ယူကရိန်းကတော့ ခါ့စ်ခ် ဒေသထဲမှာ မြောက်ကိုရီးယား စစ်သား ၁၁,၀၀၀ အထိရှိနေနိုင်တယ်လို့ အစောပိုင်းမှာ ခန့်မှန်းထားပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ အခုဆုံးဖြတ်ချက်ကြောင့် ယူကရိန်းက ရုရှားနိုင်ငံထဲကို Storm Shadow ဒုံးကျည်တွေနဲ့ ပစ်ခတ်ခွင့်ကို ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း ခွင့်ပြုနိုင်တဲ့အခြေအနေကို ရောက်သွားပါတယ်။

ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗြိတိန်ကရော ပြင်သစ်ဘက်ကပါ တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။

ATACMS ဒုံးကျည်တွေအသုံးပြုမှုနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဘက်က ဆုံးဖြတ်ချက်ဟာ ကိဗက်ဗ်ဘက်က သြဂုတ်လမှာ ရုတ်တရက် ကျူးကျော်မှုလုပ်ခဲ့တဲ့ ရုရှားရဲ့ ခါ့စ်ခ် ဒေသထဲအထိရောက်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ခံစစ်အပိုင်းမှာ အကန့်အသတ်ရှိနေတာကိုလည်း ပြသရာရောက်ပါတယ်။

အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့စေ့စပ်ညှိနှိုင်းမှုတွေရှိလာတဲ့အခါမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အပေးအယူတစ်ခုအဖြစ်နဲ့ လက်ရှိမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတဲ့ ရုရှား နယ်မြေ အစိတ်အပိုင်းအနည်းငယ်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ထောက်ပံ့မယ်လို့ ဘိုင်ဒန်အစိုးရဘက်ကပြောထားတာပါ။

‘‘ရေနံပေါ် မီး ပစ်တာ’’ လို့ ကရင်မလင် တုံ့ပြန်

အမေရိကန်ပြည်ထောင်စုက ပေးထားတဲ့ ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံထဲကို ပစ်တယ်ဆိုရင် မော်စကိုဟာ ဒီတိုက်ခိုက်မှုကို ယူကရိန်းကနေ တိုက်ခိုက်မှုလို့မြင်မှာမဟုတ်ဘဲ အမေရိကန်က တိုက်ခိုက်မှုလို့ မြင်မှာဆိုပြီး ကရင်မလင်က ဒီနေ့ မနက်ပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ပဋိပက္ခမှာ ဝါရှင်တန်ပါဝင်မှု အဆင့်တစ်ခုကို ရည်ညွှန်းတယ်လို့ ရုရှားနဲ့ သမ္မတ ပူတင်တို့ရဲ့ ရပ်တည်မှုတွေ ရှင်းတယ်လို့လည်း ကရင်မလင်ဘက်က ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ရာထူးသက်တမ်းကုန်လို့ သွားရတော့မယ့် ဘိုင်ဒန်အစိုးရအနေနဲ့ ‘‘ရေနံပေါ် မီးပစ်တဲ့’’ ခြေလှမ်းတွေလို့ ပြောသလို အခုပဋိပက္ခမှာ နောက်ထပ် တင်းမာမှု မြင့်တက်အောင် ရန်စမှုလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ယူကရိန်းက ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ဘာကြောင့် ထိမှန်စေချင်တာလဲ

ယူကရိန်းဟာ နိုင်ငံထဲက နယ်မြေတွေကို သိမ်းထားတဲ့ ရုရှားတပ်ဖွဲ့တွေကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်စနစ် ATACMS ကို အသုံးပြုတာ တစ်နှစ်ကျော်အထိ ရှိနေပါပြီ။

ဒါပေမဲ့ ယူကရိန်းနိုင်ငံထဲကနေ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ပစ်ခတ်ဖို့ရာ ဒီဒုံးကျည်စနစ်ကို အသုံးပြုခွင့် ပေးဖို့ ယူကရိန်းက အမေရိကန်ဘက်ကို တောင်းဆိုနေတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ အခုဆုံးဖြတ်ချက်ကြောင့် ယူကရိန်းဟာ ရုရှားနိုင်ငံထဲအထိ ဒီဒုံးကျည်စနစ်ကို ပစ်ခတ်ခွင့်ရသွားတာဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ခါ့စ်ခ် ဒေသထဲကနေ ယူကရိန်းတပ်တွေကို ဖယ်ရှားဖို့ရည်ရွယ်တဲ့ ရုရှားနဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ လုပ်လာနိုင်ခြေရှိတဲ့တိုက်ခိုက်မှုမတိုင်ခင် အချိန်ကိုက် ထွက်လာတာဖြစ်ပါတယ်။ အဲဒီထိုးစစ်ဟာ လာမယ့်ရက်ပိုင်းတွေအတွင်း ဖြစ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

ယူကရိန်းသုံးတဲ့ လက်နက်ကြီး အကွာအဝေးနဲ့ ရုရှားသုံးတဲ့ လက်နက်ကြီး အကွာ အဝေး နှိုင်းယှဥ်ချက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းဟာ ဒီတန်ပြန်ထိုးစစ်ကို ခုခံဖို့၊ ရုရှားရဲ့ စစ်အခြေစိုက်စခန်းတွေ၊ အခြေခံအဆောက်အအုံနဲ့ ခဲယမ်းမီးကျောက် သိုလှောင်တဲ့နေရာတွေကို ပစ်မှတ်ထားဖို့ အမေရိကန်က ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည်စနစ်ကို သုံးနိုင်ခြေရှိပါတယ်။

ဒီဒုံးကျည်တွေကို ထောက်ပံ့လိုက်ရုံနဲ့ စစ်ပွဲရဲ့လှိုင်းအရှိန်ကို ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်မှာမဟုတ်ပေမဲ့ ရုရှားဘက်ကတော့ တိုက်ခိုက်ရေးလေယာဥ်တွေလို စစ်ဘက်ဆိုင်ရာအသုံးပြုနိုင်တဲ့အရာတွေကို ရုရှားနိုင်ငံ အတွင်းဘက် ခပ်ကျကျမှာရှိတဲ့ လေယာဥ်ကွင်းတွေဘက်ဆီကို လက်ဦးမှုယူတဲ့အနေနဲ့ ပြောင်းရွှေ့ထားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရာနဲ့ချီတဲ့ ရုရှားစစ်ဘက်ဆိုင်ရာနေရာတွေနဲ့ ပစ္စည်းတွေဟာ ဒုံးကျည်ရောက်နိုင်တဲ့တာ အကွာအဝေးအတွင်းမှာရှိနေဆဲလို့ Institute for the Study of War က ပြောပါတယ်။

တာပိုဝေးတဲ့အထိရောက်နိုင်အောင် ပစ်ခတ်နိုင်စွမ်းနဲ့ဆိုရင် ယူကရိန်းအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကြုံနေရတဲ့ဖိအားကို အတိုင်းအတာတစ်ခုအထိ လျော့အောင် လုပ်နိုင်တဲ့အထိ မျှော်လင့်နိုင်ပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေ အသာစီးရနေချိန်နဲ့ စိတ်ဓာတ်ကျဆင်းတာတွေရှိနေချိန်မှာ ဒီလက်နက်တွေဟာ ယူကရိန်းအတွက် အကျိုးယုတ်စရာတော့ အကြောင်းဖန်မှာမဟုတ်ပါဘူး။

ထရမ့်ဘက်ခြမ်းက ဘယ်လိုစကားသံတွေ ထွက်လာလဲ

ကုလအထွေထွေညီလာခံကို လာတက်တဲ့ ယူကရိန်း သမ္မတ နဲ့မစ္စတာ ထရမ့်တို့ နယူးယောက်မြို့မှာ စက်တင်ဘာလတုန်းက တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလအထွေထွေညီလာခံကို လာတက်တဲ့ ယူကရိန်း သမ္မတ နဲ့မစ္စတာ ထရမ့်တို့ နယူးယောက်မြို့မှာ စက်တင်ဘာလတုန်းက တွေ့ဆုံမှု

ဒေါ်နယ် ထရမ့်ဟာ လာမယ့် ၂ လအတွင်းမှာပဲ အိမ်ဖြူတော်ကို တကျော့ပြန်ရောက်လာမှာဖြစ်ပါတယ်။

ယူကရိန်းမှာ ဖြစ်နေတဲ့စစ်ပွဲကို မြန်မြန်ဆန်ဆန် ရပ်တန့်စေချင်တဲ့အကြောင်း သူပြောထားပေမဲ့ ဘယ်နည်းဘယ်ပုံနဲ့ ရပ်တန့်အောင်လုပ်မယ်ဆိုတာမျိုး သူ ထုတ်မပြောသေးပါဘူး။ ဒါကြောင့် သူ သမ္မတအိမ်တော်ကို ပြန်ရောက်လာတဲ့အခါ အခုလို ဒုံးကျည်တွေ အသုံးပြုခွင့်ကို ပယ်ဖျက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ရွေးကောက်ပွဲနိုင်လို့ ရွေးကောက်ခံသမ္မတ အဖြစ်ရှိနေတဲ့ ဒေါ် နယ် ထရမ့်ဟာ ဘိုင်ဒန်ရဲ့ အခု ဒုံးကျည် မူဝါဒကို ဆက်ပြီး ထားရှိမလားဆိုတာ ဘာမှမပြောသေးပါဘူး။ ဒါပေမဲ့ သူနဲ့အရင်းနှီးဆုံးရှိသူတွေဆီကနေတော့ ဒါကို ဝေဖန်သံတွေထွက်လာနေပါတယ်။

ထရမ့်ရဲ့သားဖြစ်သူ ဒေါ်နယ်ထရမ် ဂျူနီယာကတော့ '' ကျွန်တော့် အဖေဟာ ငြိမ်းချမ်းရေးကို ဖန်တီးပြီး အသက်တွေကို မကယ်နိုင်ခင်မှာပဲ တတိယကမ္ဘာစစ်ရောက်အောင် စစ်ဘက်စက်မှုနယ်ပယ်က လုပ်နေတယ်လို့တောင် ထင်ရပါတယ်'' လို့ လူမှုကွန်ရက်ပေါ် တက်ရေးပါတယ်။

ထရမ့်ရွေးထားတဲ့ ရွေးကောက်ခံ ဒုတိယ သမ္မတ ဂျေဒီဗန့်စ်လို ထရမ့်ရဲ့ ထိပ်ပိုင်းအရာရှိတွေကလည်း အမေရိကန်ဟာ ယူကရိန်းကို ဘယ်လို စစ်ဘက်ဆိုင်ရာအကူအညီမှ မပေးသင့်တော့ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ထရမ့်အစိုးရဖွဲ့ရင် ပါလာနိုင်ခြေရှိတဲ့တခြားသူတွေကတော့ မတူကွဲပြားတဲ့အမြင် ရှိနေပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေးနေရာအတွက် လျာထားတဲ့ မိုက်ကယ် ဝေါ့ဇ် ကတော့ ရုရှားဘက်က စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ် တက်လာအောင် အမေရိကန်အနေနဲ့ ယူကရိန်းကို လက်နက်တွေ ပိုလို့ တိုးပို့သင့်တယ်လို့ ချေပပြောဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံသမ္မတတစ်ယောက် ဘယ်လမ်းကိုရွေးချယ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမဲ့ ယူကရိန်းမှာ ရှိနေသူ အများစုကတော့ ATACMS အပါအဝင် လက်နက်တွေပေးပို့တာ ဖြတ်တောက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

ယူကရိန်းကို ဘယ်လောက်အထိ ထောက်ပံ့မလဲဆိုတာ အနောက်နိုင်ငံတွေ တွက်ချက်သင့်ပြီ

ဖရန် ဂါနာ (ဘီဘီစီ လုံခြုံရေးသတင်းထောက်)

ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ကျူးကျော်တဲ့အခါ နေတိုး(Nato)၊ အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်တို့အတွက် စိန်ခေါ်မှုက ရုရှားနဲ့တိုက်ရိုက်စစ်ဖြစ်တဲ့အထိ ဝင်ပါသွားရတာမျိုးမဟုတ်ဘဲနဲ့ ယူကရိန်းကို ဘယ်လောက်အထိ စစ်ရေးထောက်ပံ့မှုပေးကြမလဲဆိုတဲ့အချက်ပါ။

အဲဒီ စိန်ခေါ် ချက်က ဒီနေ့အထိ ဆက်ရှိနေဆဲပါ။

အမေရိကန်နဲ့ ဗြိတိန် ဗိုလ်ချုပ်ကြီးဟောင်းတွေအပါအဝင် အနောက်နိုင်ငံတွေက စစ်ရေးကျွမ်းကျင် အကဲခတ်တွေပြောကြတာက ရုရှားသမ္မတပူတင်က လက်တုံ့ပြန်မယ်ဆိုပြီး ပြောပြောနေတာဟာ ဖိန့်လုံးတွေ ဖြစ်ပြီး ယူကရိန်း အသည်းအသန်လိုနေတဲ့လက်နက်မျိုးကို နေတိုးဘက်က မပေးလာအောင် ခြောက်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။

ဒီနေရာမှာ အခုအရေးကို ပိုပြီး သတိထားသူက အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် ဖြစ်ပါတယ်။ ပြီးတော့ သူဟာ F16 တိုက်လေယာဥ်တွေနဲ့ တိုက်ခိုက်ရေးတင့်ကားတွေလို လက်နက်ကြီးကြီးမားမားတွေပို့တဲ့ ဗြိတိန်ရဲ့ ရှေ့ဘက်ရောက်ရောက် ယိမ်းတတ်မှုကိုလည်း သူက စိတ်ဆိုးခဲ့ပုံရပါတယ်။

အဆုံးမတော့ နှစ်ဖက်စလုံး အပြန်အလှန်ပျက်စီးခြင်းဆိုတဲ့ စစ်အေးကာလ သဘောတရားဟာ ဒီကနေ့အထိ ဆက်ရှိနေတယ်ဆိုတာကို ပူတင်က သိနေပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားကျည်ထိပ်ဖူးတွေ အကြီးမားဆုံးရှိတဲ့နိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မော်စကိုကို မိနစ်ပိုင်းအတွင်း ပျက်သုဥ်းစေတဲ့အထိ ဦးတည်စေမယ်ဆိုတာကို သိတာကြောင့် အနောက်နိုင်ငံတွေက မြို့ကြီးတွေကိုတော့ ဒီလက်နက်တွေနဲ့ ပစ်ခတ်မှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း ရုရှားကို ပစ်မှတ်ထားမယ့် ATACMS ဒုံးကျည်တွေအသုံးပြုတာကို တုံ့ပြန်ဖို့တော့ ရုရှားမှာ တခြားနည်းနာတွေ ရှိနေနိုင်ပါတယ်။ အဲဒီထဲမှာ ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေကို အဖျက်အမှောင့်လုပ်တာ၊ စစ်သင်္ဘောဖျက် ဒုံးတွေလို အင်အားကြီးတဲ့ လက်နက်တွေကို ယီမင်က ဟူသီသူပုန်တွေကို ထောက်ပံ့တာမျိုးဖြစ်ပါတယ်။

ဒီသတင်းနောက်ဆုံးရ အခြေအနေတွေကို အခုစာမျက်နှာမှာ ဖြည့်စွက် ဖော်ပြသွားမှာဖြစ်လို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။