ဝါရှင်တန်က ယူကရိန်းအရေးဆွေးနွေးပွဲ ထူးခြားချက်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးဖို့ သမ္မတ ဇလန်းစကီးတစ်ယောက် အိမ်ဖြူတော်ကို တစ်ခေါက် ပြန်ရောက်ခဲ့ပါပြီ။
အဲဒီဆွေးနွေးပွဲကို တက်ဖို့ ဥရောပခေါင်းဆောင်တော်တော်များများလည်း ဝါရှင်တန်ကို လာခဲ့ကြပါတယ်။ အလာစကာပြည်နယ်မှာ ရုရှားသမ္မတ ပူတင်နဲ့ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ ယူကရိန်း - ရုရှားစစ်ပွဲ အပစ်ရပ်ရေး သဘောတူညီချက် မဖြစ်ခဲ့အပြီးမှာ ဝါရှင်တန်က အခုဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။
ထရမ့််ဆီက အပြုသဘောဆောင်တဲ့စကားလုံးတွေနဲ့ သူ့ရဲ့ ဥရောပမိတ်ဖက်နိုင်ငံတချို့ဆီကနေ သိပ်အားမသန်လှတဲ့ချင့်တွက်မှုတွေ ရှိနေပေမဲ့ တနင်္လာနေ့ ညနေခင်း ဆွေးနွေးပွဲမှာ လုံခြုံရေးဆိုင်ရာအာမခံချက်တွေ ဒါမှမဟုတ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်တဲ့ ခြေလှမ်းတွေ တိတိပပ မရှိခဲ့ပါဘူး။
ဒီဆွေးနွေးပွဲက ထွက်လာတဲ့ အဓိကအချက်တွေကို ကြည့်ကြရအောင်ပါ။
ပူတင်နဲ့ ဇလန်းစကီး တွေ့ဆုံပွဲ ထွက်လာနိုင်လား
ထိပ်သီးဆွေးနွေးပွဲအပြီးမှာတော့ ထရမ့်က ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်း သမ္မတ ဇလန်းစကီးတို့ကြား ဆွေးနွေးပွဲ စတင်နိုင်အောင် စီစဉ်ပေးဖို့ ပူတင်ကို ဖုန်းခေါ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ရဲ့လူမှုကွန်ရက် Truth မှာ ရေးတင်ခဲ့ပါတယ်။
ထရမ့်က နှစ်ဖက်တွေ့ဆုံမှုအပြီးမှာ အမေရိကန် - ရုရှား - ယူကရိန်း သုံးနိုင်ငံ ဆွေးနွေးပွဲပေါ်ပေါက်အောင်လုပ်မှာဖြစ်ပြီး ပြုလုပ်မယ့်နေရာကို ဆုံးဖြတ်ဖို့ ကျန်သေးတယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ပူတင်ရဲ့အကြံပေးက ထရမ့်နဲ့ ပူတင်တို့ဟာ တနင်္လာနေ့တုန်းက မိနစ် ၄၀ ကြအောင် ဖုန်းကနေတဆင့် စကားပြောခဲ့ကြတယ်လို့ပြောပါတယ်။
အိမ်ဖြူတော် အရှေ့ဆောင်ခန်းမမှာ ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေ အတူထိုင် စကားပြောကြတာမလုပ်ခင်လေးတင်မှာပဲ အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့ရဲ့ မှတ်ချက်ပြောစကားတချို့ အခန်းထဲမှာ တပ်ထားတဲ့မိုက်ခရိုဖုန်းကနေ ဖမ်းမိခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''သူက ကျွန်တော်နဲ့ သဘောတူညီချက် တစ်ခု လုပ်ချင်နေတာ။ ကျွန်တော့်အတွက် သဘောတူညီချက် တစ်ခုစေချင်တာ။ ခင်ဗျား သိတယ်မဟုတ်လား။ ပြောရင်တော့ ယုံနိုင်စရာမရှိဘူး'' လို့ ထရမ့်က ပြင်သစ်သမ္မတ မက်ကရွန်းကို ပြောပါတယ်။ သူ ဆိုတာ ပူတင်ကို ရည်ညွှန်းပုံရပါတယ်။
စစ်ဖြစ်နေကြတဲ့နှစ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့နိုင်အောင် ဘယ်လောက်အထိ ဆွေးနွေးနိုင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ဒီလိုဆွေးနွေးပွဲသာပေါ်လာရင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကျူးကျော်မှုအပြီးမှာ ပထမဆုံးတွေ့ဆုံမှုဖြစ်လာမှာပါ။
ပူတင်နဲ့တွေ့ဆုံဖို့ ဇလန်းစကီးဘက်က တွန်းနေတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်ဖို့ ဆန္ဒမပြင်းပြလှဘူးလို့ သူက သက်သေထူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကရင်မလင်နန်းတော်ဟာ ဒီဆိုဆွေးနွေးပွဲတစ်ခုကို စိတ်မဝင်စားဘူးလို့ သူက မှတ်ယူနေပါတယ်။
ပူတင်နဲ့ ဇလန်းစကီးတို့ အတူထိုင် ဆွေးနွေးကြဖို့ စိတ်ကူးကို မော်စကိုဘက်က အကြိမ်ကြိမ် ငြင်းဆို ထားပါတယ်။
တနင်္လာနေ့ညတုန်းက ရုရှားသမ္မတ အကြံပေး ယူရီ အူရှာကော့ဗ်ရဲ့ ကြေညာချက်အရဆိုရင် ''ကိုယ်စားလှယ်အဆင့်ကို မြှင့်တင်နိုင်ခြေကိုလည်း စနည်းနာ ကြိုးပမ်းကြည့်ဖို့ လိုလားပါတယ်'' ဆိုတဲ့ အသုံးအနှုန်းသုံးထားပါတယ်။ သူပြောတဲ့ ကိုယ်စားလှယ်ဆိုတာဟာ ရုရှားနဲ့ ယူကရိန်း ဆွေးနွေးပွဲတွေအတွက် ကိုယ်စားလှယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။
အပစ်ရပ်ကိစ္စ ထရမ့် မပြောတော့၊ ဥရောပခေါင်းဆောင်တွေက အပစ်ရပ် ထွက်ပေါ်စေချင်
စစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းဆွေးနွေးတာတွေ မလုပ်ခင်မှာ အပစ်ရပ်သဘောတူညီချက် တစ်ခု ခု ရဖို့ လိုတယ်ဆိုတာမျိုးကို ထရမ့်တစ်ယောက် စိတ်မကူးတော့တဲ့ပုံပါ။
အရင်တုန်းကတော့ ဒါဟာ ယူကရိန်းရဲ့ အဓိကတောင်းဆိုချက်ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတာဟာ ရုရှားနဲ့ နောက်ထပ်ဆွေးနွေးမှုတွေ ပေါ်လာဖို့ မရှိမဖြစ်ထားရမယ့်အရာလို့ ယူကရိန်းဘက်က မြင်ပါတယ်။ ဒါကနေ ပိုပြီး တာရှည်ခံမယ့်သဘောတူညီချက်ကို သွားချင်တာပါ။
အပစ်ရပ်စဲမှု သဘောတူညီချက် တစ်ခုခု ရရှိဖို့ဟာ လနဲ့ချီကြာအောင် ညှိနှိုင်းမှုတွေ ပြုလုပ်ရတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရဖို့ထက် သဘောသဘာဝအရ ပိုပြီး လွယ်သယောင်ရှိပါတယ်။ အဲဒီအတောအတွင်းမှာပဲ ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်မှုဟာ ဆက်ပြီး ရှိနိုင်ပါသေးတယ်။
''ဒါ လိုအပ်မလားလို့တောင် ကျွန်တော် မထင်ဘူး'' လို့ ထရမ့်က အပစ်ရပ်သဘောတူညီချက် တစ်ခု ရရှိရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။
ဒါပေမဲ့ ဥရောပခေါင်းဆောင်တွေကတော့ ဒီအပြောကို သဘောမတူကြပုံပါ။ အထူးသဖြင့် ဂျာမနီအဓိပတိ မာ့ဇ်ရဲ့အပြောဖြစ်ပါတယ်။
''အပစ်ရပ်သဘောတူညီချက် တစ်ခုမရှိဘဲနဲ့ နောက်ထပ်ဆွေးနွေးပွဲတစ်ခု လုပ်မယ်ဆိုတာ ကျွန်တော်ဖြင့် တွေးတောင် မတွေးဝံ့ဘူး'' လို့ မာ့ဇ်က ပြောပါတယ်။ ''ဒီတော့ အပစ်ရပ်ရေး ဖြစ်လာအောင် လုပ်ကြပြီး ရုရှားကို ဖိအားပေးနိုင်ဖို့ ကြိုးစားကြည့်ကြတာပေါ့''
အဲဒီအပေါ် အမြင်ကို မေးမြန်းတဲ့အခါမှာတော့ ဇလန်းစကီးဟာ အရင်က သူ တောင်းဆိုဖူးတဲ့ အပစ်ရပ်ရေး ဖြစ်လာဖို့စကားကို ထပ်မပြောတော့ပါဘူး။
လုံခြုံရေး အာမခံချက်အကြောင်း ထရမ့် အရိပ်အမြွက်ပြော
ယူကရိန်းစစ်ပွဲအဆုံးသတ်စေမယ့် ဘယ်လိုသဘောတူညီချက်မျိုးမဆို ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံပေးနိုင်ဖို့ အမေရိကန်ဘက်က ကူညီမယ်လို့ ထရမ့်က ဇလန်းစကီးကို ပြောပါတယ်။ဒါပေမဲ့ ဘယ်လို ကူညီမှာလဲ၊ ဘယ်လောက်အတိုင်းအဆအထိ ရှိမလဲဆိုတာတော့ သူက တိတိကျကျ မပြောသွားပါဘူး။
အမေရိကန်သမ္မတဟာ ယူကရိန်းစစ်မြေပြင်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ကိုတော့ မကမ်းလှမ်းထားပါဘူး။ ယူကရိန်းကို အမေရိကန်ပေးမယ့်လုံခြုံရေးအာမခံချက်ထဲမှာ အမေရိကန်စစ်တပ် ယူကရိန်းကို လွှတ်တာမျိုး ပါဝင်မလားဆိုတာ သတင်းထောက်တွေက မေးမြန်းပေမဲ့ ထရမ့်က ယတိပြတ်မပြောသွားပါဘူး။
သူက ''ဥရောပဟာ ပထမဆုံး ခုခံစည်းဖြစ်ပါတယ်'' လို့ပြောပေမဲ့ အဲဒီမှာ ''ကျွန်တော်တို့လည်း ပါမှာပေါ့လေ''
''ကျွန်တော်တို့ သူတို့ကို ကောင်းမွန်တဲ့ကာကွယ်ခုခံနိုင်စွမ်းပေးမှာပါ'' လို့ သမ္မတထရမ့်က တစ်နေရာမှာ ထည့်ပြောသွားပါတယ်။
ဒါဟာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်အနေနဲ့ ထရမ့် နှုတ်က ပြောတဲ့စကားတွေထဲ တိတိကျကျဖြစ်တဲ့အပြောဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ ယေဘုယျအနေနဲ့ကြည့်ရင် ရုရှားနဲ့ပြုလုပ်သမျှ ဘယ်လိုသဘောတူညီချက်မျိုးအတွက်မဆို အရေးကြီးပါတယ်။
ပူတင်နဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြုလုပ်ခဲ့တဲ့ အလာစကာ ထိပ်သီးဆွေးနွေးပွဲတုန်းကလည်း ထရမ့်က ဘယ်လိုသဘောတူညီချက်ပဲ ထွက်လာလာ ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်တွေရှိမယ်လို့ ပြောထားဖူးပါတယ်။
တနင်္လာနေ့ ဆွေးနွေးပွဲတွေအပြီးမှာတော့ ဇလန်းစကီးက လုံခြုံရေးအာမခံချက်ထဲမှာ အမေရိကန်နဲ့ ယူကရိန်းကြား ဒေါ်လာ ၉၀ ဘီလျံတန် လက်နက်သဘောတူညီချက်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လိမ့်မယ်လို့ ပြောပါတယ်။
အဲဒီထဲမှာ ယူကရိန်းမှာ မရှိတဲ့အမေရိကန်လက်နက်တွေ ပါဝင်မှာဖြစ်ပြီး လေကြောင်းစနစ်၊ ဒုံးဖျက်စနစ်တွေနဲ့ ''ကျွန်တော် ထုတ်ပြောလို့ မရတဲ့တခြားကိစ္စတွေလည်း ပါဝင်ပါလိမ့်မယ်'' လို့ ပြောပါတယ်။
ဇလန်းစကီးကတော့ အမေရိကန်ဟာ ယူကရိန်းရဲ့ဝင်ငွေကို အထောက်အကူဖြစ်နိုင်ဖို့ ယူကရိန်းကနေ ထုတ်တဲ့ ဒရုန်းတွေကို ဝယ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
ကိယက်ဗ်အတွက် လုံခြုံရေးအာမခံချက်တွေဟာ လာမယ့် ၁၀ ရက်အတွင်းမှာ အကောင်အထည်ပေါ်လာဖို့ရှိမယ့်အကြောင်း ယူကရိန်းသမ္မတက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်လိုဖွယ်ဖြစ်အောင် ဇလန်းစကီး ကြိုးစားလာသလား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကတောက်ကဆ အသွင်ဆောင်ခဲ့တဲ့ အရင်တစ်ခေါက် ဘဲဥပုံရုံးခန်း ခရီးထက်စာရင် ယူကရိန်းသမ္မတဇလန်းစကီးဟာ အိမ်ရှင် အမေရိကန်သမ္မတအတွက် ကြည့်ပြီး ဝတ်လာ စားလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဆွေးနွေးပွဲ မစခင် မိနစ်ပိုင်းအတွင်းမှာတင် ကျေးဇူးတင်ကြောင်း စကားတွေကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။
အိမ်ဖြူတော်ကို ဖေဖော်ဝါရီလတုန်းက ရောက်ချိန်တုန်းကတော့ ဇလန်းစကီးဟာ ယူကရိန်းအတွက် အမေရိကန်ထောက်ခံမှုကို ကျေးဇူး မတင်ရာကျတဲ့ထင်မြင် ယူဆခံရတာကြောင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ရဲ့ ပြစ်တင်ပြောဆိုမှုကို ခံခဲ့ရပါတယ်။
ဒီတစ်ခေါက်မှာတော့ ဇလန်းစကီးဟာ ပုံမှန်ဝတ်နေကျ စစ်ဘက်အသွင်ဆောင် ဝတ်စုံထက် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ထားတာတွေ့ရပါတယ်။
ဒီလို ဝတ်လာတာတွေ့ရလို့ ထရမ့်က '' ဒီနေ့ ကောင်းကောင်း ဝတ်လာခဲ့တယ်'' လို့ ထုတ်ပြောတာတောင်ရှိခဲ့ပါတယ်။
ဇလန်းစကီးဟာ ဆွေးနွေးပွဲမှာ မိသားစုဆက်ဆံရေး ရင်းနှီးမှုကို အခုတစ်ကြိမ်မှာ ဆောင်ကျဉ်းလာပါတယ်။ ယူကရိန်း သမ္မတကတော် အိုလီနာ ဇလန်စကာက အမေရိကန်သမ္မတကတော် မီလန်နီယာ ထရမ့်ကို ပေးလိုက်တဲ့စာကို ပေးခဲ့ပါတယ်။
''သမ္မတကြီးအတွက် မဟုတ်ပါဘူး။ သမ္မတကြီးကတော်ကို ပေးတဲ့စာဖြစ်ပါတယ်'' လို့ ဇလန်းစကီးက ထရမ့်ကို ပြောပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ ထရမ့်နဲ့ သူတို့ ထိုင်ပြီး မဆွေးနွေးကြခင်မှာ လောကွတ်ပြုတဲ့ ဖုန်းခေါ်ဆိုတာတွေ ပြုလုပ်ခဲ့ကြပြီး သူတို့ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီမှာ ပါဝင်ခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။
''သမ္မတကြီးရဲ့ခေါင်းဆောင်မှုအတွက် ကျွန်တော် တကယ့်ကို ကျေးဇူးတင်ပါတယ်'' လို့ နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရုက ပြောပါတယ်။
အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ အရင်က မတွေ့ဖူးတဲ့ ရုရှားက ငြိမ်းချမ်းရေး လမ်းကို လျှောက်ဖို့ ဖြစ်လာတာဟာ ထရမ့်ကြောင့် ပေါ်ပေါက်လာတဲ့ အပြောင်းအလဲလို့ ဆိုပြီး ပြောပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ ရုရှားက အနာဂတ်မှာဖြစ်လာနိုင်ခြေရှိတဲ့ ရုရှားကျူးကျော်နိုင်ခြေကိုလည် သူတို့ တွေးထားတဲ့အကြောင်း ပြသကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်းကတော့ သူ့ရဲ့ ဥရောပ ခေါင်းဆောင်တွေကတော့ ''လုံခြုံရေး အာမခံချက်တွေအကြောင်း ပြောတဲ့အခါ ဥရောပ တစ်တိုက်လုံးကြီးရဲ့လုံခြုံရေးကိစ္စဖြစ်ပါတယ်'' လို့ ပြောပါတယ်။












