မတ်လ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲမှာ စစ်တပ်ဖမ်းထားတဲ့ ရွာသားတွေဟာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးခဲ့တာ လူပေါင်း ၂၅ ဦးခန့်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောတဲ့ သတင်းအပါအဝင် မတ်လ ၉ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မတ်လ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အရှေ့အလယ်ပိုင်းက ရေနံထွက် အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှု ဒုတိယ သီတင်းပတ်ထဲရောက်ချိန်မှာ ကမ္ဘာ့ရေနံစျေး ဒေါ်လာ ၁၁၀ ကျော်အထိတက်သွားလို့ ဒီအရေးကို စက်မှုထိပ်သီး G7 အဖွဲ့ဝင်နိုင်ငံတွေ ဒီနေ့ အရေးပေါ် တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။
အီရန်က ပဋိပက္ခကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုကို ဆွေးနွေးကြဖို့ G7 စက်မှုနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။
ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာကတော့ G7 အစည်းအဝေးပွဲကနေ ရေနံဆီအရန် ထားရှိဖို့ကိစ္စကို ပူးတွဲကြေညာချက်ကို နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)နဲ့အတူ ထုတ်ကြဖို့ရှိလိမ့်မယ်လို့ သတင်းဖော်ပြပါတယ်။
ရေနံဆီအရန်ပမာဏကို IEA အဖွဲ့ဝင်နိုင်ငံတွေ ပူးတွဲထုတ်ပြန်ကြပြီဆိုရင်တော့ ဒါဟာ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် အလားတူ ထုတ်ခဲ့ကြတဲ့အခြေအနေနောက်ပိုင်း ပထမဆုံး လုပ်ဆောင်ချက် ဖြစ်လာမှာဖြစ်ပါတယ်။
ကမ္ဘာ့ရေနံစိမ်းတင်ပို့မှုရဲ့ငါးပုံတစ်ပုံက အီရန်ထိန်းချုပ်ထားတဲ့ ဟော်မုစ်ရေလက်ကြားကို ဖြတ်ရပါတယ်။ ကျဉ်းမြောင်းလှတဲ့ ရေလမ်းကြောင်းကနေ တင်ပို့ရတဲ့ဒီရေလက်ကြားဟာ စစ်ပွဲ စတင်ခဲ့တဲ့လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ ပိတ်ဆို့သွားပါတယ်။
ဒီလို စွမ်းအင်တင်ပို့မှုတွေ ပိတ်ဆို့ခံရတာဟာ အာရှဒေသတွေအပါအဝင် ကမ္ဘာတဝန်းက ဝယ်ယူသူတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးနှုန်းကြီးမြင့်ဒဏ်ကို ကြုံရတဲ့အထိပါ။
မတ်လကုန်အထိသာ ဒီလိုမျိုးရပ်တန့်နေမယ်ဆိုရင် ရေနံစိမ်းစည် တစ်စည်ကို မြန်မာငွေ ၆ သိန်းကျော်(အမေရိကန်ဒေါ်လာ ၁၅၀) အထိ ဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒီလိုသာ ဈေးနှုန်းတွေ ဆက်တက်နေရင် ဓာတ်ဆီဈေးတွေ၊ ဂျက်လေယာဉ်ဆီတွေနဲ့ စိုက်ပျိုးရေးအတွက် သွင်းအားစုတွေပါ ဈေးတက်လာနိုင်ပါတယ်။
ဟော်မုစ်ရေလက်ကြားကို ပိတ်လိုက်ရင် ဖြစ်လာနိုင်တဲ့အခြေအနေတွေ ဘီဘီစီ သတင်းဖော်ပြချက်ကိုလည်း ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tasnim News Agency
အမေရိကန်- အစ္စရေးတို့ရဲ့ပူးတွဲလေကြောင်းတိုက်ခိုက်မှုမှာ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် သူ့သားဖြစ်သူ မို့ချ်တာဘာ ခါမေနီဟာ ဖခင်နေရာကို ဆက်ခံမယ့်သူအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။
ဖခင်နဲ့မတူတာက အသက် ၅၆ နှစ်အရွယ် မို့ချ်တာဘာဟာ အတော်လေး အနေအထိုင်သိုသိပ်သူဖြစ်ပါတယ်။
အစိုးရထဲမှာ ရာထူးယူခဲ့ဖူးတာမရှိသလို လူထုကြားထဲစကားပြောတာ ဒါမှမဟုတ် အင်တာဗျူးတာတွေလည်း မလုပ်ဖူးပါဘူး။
သူ့အကြောင်း သူ့ပုံ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာလည်း မများလှပါဘူး။
ဒါပေမဲ့ သူဟာ အီရန်နိုင်ငံရေးမှာ နောက်ကွယ်ကနေ အတိုင်းအတာတစ်ခုအထိ သြဇာလွှမ်းမိုးမှု ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Karen Peace Support Network
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ သတ်ဖြတ်တာကြောင့် အသက် ၆ နှစ်ကျော် ကလေးငယ်အပါအဝင် လူအယောက် ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။
မတ်လ ၅ ရက်က စစ်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဝင်ရောက်လာပြီး ဒေသခံအယောက် ၁၆၀ ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ KNU ရဲ့ ဒီနေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မတ်လ ၇ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သား ၂၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ပြီး အသက် ၃၅ နှစ်ကနေ ၄၀ ကျော်အသက်အရွယ်ရှိတဲ့ အမျိုးသား ၅ ဦး ကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN)ကတော့ စစ်တပ်က ဒရော့ဗုံး ချတာနဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေကို ရေတွင်းကုန်းကျေးရွာအုပ်စုထဲက ကျောင်းကုန်းနဲ့ ဒလဆိပ်ရွာတွေကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဗုံးကြဲမှုတွေအတွင်း အသက် ၁၆ နှစ်ကနေ ၅၀ ကျော်ပါဝင်တဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး အသက် ၁၂ နှစ်ကနေ ၅၅ နှစ်အတွင်းရှိတဲ့ အမျိုးသား ၈ ဦး သေဆုံးတယ်လို့ဆိုပါတယ်။
အဲဒီနေ့ တစ်နေ့တည်းမှာပဲ ထီးပုလုရွာကို ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတွေကို ဖမ်းခဲ့ပြီး အသက် ၃၅ နှစ်ကနေ ၅၃ နှစ်ကြား အမျိုးသားတွေကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေကို ကိုးကားပြီး KPSN က ဒီနေ့မှာ သတင်းထုတ်ပါတယ််။
ဒီဖြစ်ရပ်ဟာ ‘လူသားများနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု’ လို့ သုံးနှုန်းပြီး အခုဖြစ်စဉ်ကို ဓာတ်ပုံတွေနဲ့အတူ စာထုတ်ပြန်ပါတယ်။
စစ်ကောမရှင်ကတော့ ကျောက်ကြီးမြို့နယ်ထဲက အခုအခြေအနေကို တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
KNU ကတော့ အခုဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေပြီး သိရတဲ့အချက်အလက်တွေကို ဆက်ပြီး ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kachin Net
တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲမဖော်ဖို့နဲ့ စစ်ကော်မရှင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(KIO/KIA)ကို တရုတ်ဘက်က ပြောခဲ့တဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီလတတိယအပတ်ထဲမှာ တရုတ်ပြည်မှာတွေ့ဆုံမှုအတွင်း အခုလို ပြောခဲ့တာလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
“စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ ဆိုတာကတော့ ပြောတာတော့ရှိတာပေါ့။ ထူးထူးထွေထွေ ဖိအားပေးတာတွေ၊ ဘာတွေတော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ တွေ့ဆုံမှုသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ်တစ်စင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့လည်း တရုတ်က KIO ကို မေးခွန်းထုတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ KIA ပစ်တယ်လို့ စစ်ကော်မရှင်ဘက်က စွပ်စွဲတာ။ အဲဒါကို တရုတ်ကလည်း ပြန်မဲတာပေါ့။ ခင်ဗျားတို့ ပစ်တာ ဟုတ်သလား။ ဘာဖြစ်လို့ ပစ်တာလဲဆိုပြီး မဲတာပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပစ်တာမဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူလူထုစီးတဲ့လေယာဉ်တွေ၊ ကားတွေကို ပစ်မှတ်ထားဖို့ ကျွန်တော်တို့ မူဝါဒ လည်း မရှိဘူး။ ညွှန်ကြားတာလည်း မရှိဘူး။ အရင်က ညွှန်ကြားတာလည်း မရှိဘူး။ အရင်က လုပ်ခဲ့တာလည်း မရှိဘူး။ အခုလည်း မလုပ်ဘူး။ နောင်မှာလည်း မလုပ်ဘူးဆိုပြီး ကျွန်တော်တို့ မဟုတ်တဲ့အကြောင်းကို တင်ပြခဲ့တာပါ” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီတွေ့ဆုံမှုမှာ နယ်စပ်တလျှောက်က နှစ်ဘက် ပြည်သူလူထု လုံခြုံရေးအတွက် တိုက်ပွဲတွေ အကောင်အထည်မဖော်ဖို့ကိုလည်း တရုတ်က ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ကချင်တော်လှန်ရေးနေ့ မှာ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့မိန့်ခွန်းထဲ တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက KIA နဲ့ တွေ့ဆုံခဲ့တယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုမှာ KIA နဲ့ ပူးပေါင်းတပ်တွေဆီမှာရှိတဲ့အရင်းအမြစ်နဲ့ စစ်တပ်ကို နိုင်မှာလားဆိုပြီး တရုတ်က KIA ကိုမေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမေးခွန်းအပေါ် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က တရုတ်နိုင်ငံရဲ့သမိုင်းနဲ့ ပြန်ထောက်ပြခဲ့ပြီး “အမေရိကန်နဲ့ ရုရှားကူညီတဲ့ဘက်က နောက်ဆုံး ထိုင်ဝမ်ကို ထွက်ပြေးပြီး ခင်ဗျားတို့ ဘယ်သူမှ မကူညီတဲ့လူတွေက နိုင်ခဲ့တာပဲ မဟုတ်ဘူးလား” လို့ တုံ့ပြန်ခဲ့တဲ့အကြောင်း ဆိုပါတယ်။
တစ်ဖက်မှာလည်း တိုက်ပွဲကာလ ၁ နှစ်ကျော်ကြာနေတဲ့ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗန်းမော်ကိုပြန်ရသွားမယ်ဆိုရင် “မြန်မာပြည်အထက်ပိုင်းမှာ ဆင်နွှဲနေတဲ့ တော်လှန်ရေးတိုက်ပွဲတွေအတွက် ခြိမ်းခြောက်စရာဖြစ်လာနိုင်တယ်”လို့ သူက ကောက်ချက်ချထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗီယက်နမ်ကနေ မြန်မာအထိ ချိတ်ဆက်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း (EWEC)အတွက် အရေးပါတဲ့ တံတား ၂ စင်းကို ဖွင့်လိုက်ပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
မော်လမြိုင် - ဘားအံ ကားလမ်းပေါ်က မြစ်ကူးတံတား ဂျိုင်း(ဇာသပြင်)တံတားသစ်နဲ့ အတ္တရံတံတားသစ်တို့ကို မနေ့က စတင်ဖွင့်လှစ်လိုက်တာလို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
မြန်မာ-ဂျပန်နှစ်နိုင်ငံ ပူးပေါင်းပြီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောက ဒီတံတားဖွင့်ပွဲကို တက်ရောက်ခဲ့တာပါ။
EWEC စီးပွားရေးစင်္ကြံလမ်းဟာ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကနေတဆင့် မြဝတီ အာရှလမ်းကို ဖြတ်ပြီး မော်လမြိုင်အထိ ၁,၄၅၀ ကီလိုမီတာ ရှည်လျားပါတယ်။
ဒီစီမံကိန်းအတွက် အသုံးပြုမယ့် အာရှလမ်းပေါ်က သင်္ဃန်းညီနောင်စခန်းကို စစ်တပ်က ပြန်ပြီးသိမ်းပိုက်နိုင်ခဲ့ပြီး အာရှလမ်းကို ပြန်ဖွင့်ဖို့ ကြိုးစားနေတာပါ။
“အခု အာရှလမ်းက သွားလို့ ရတယ်။ စစ်တပ်က ရှင်းနေတယ်။ သူတို့ပါရင် သွားလို့ရတယ်” လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံ ဒါနန်း ဆိပ်ကမ်းကနေ မော်လမြိုင်အထိ ချိတ်ဆက်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း (EWEC) အကောင်အထည်ဖော်မှုဟာ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို ငါးနိုင်ငံ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (GMS) ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါကို အကောင်အထည်ဖော်ဖို့ စစ်ကော်မရှင်က ကြိုးစားလာတာလည်းဖြစ်ပါတယ်။
ဒီလမ်းကြောင်းဟာ မလက္ကာရေလက်ကြားကို အသုံးပြုစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ပေါင်းကူးပေးမယ့်ကုန်းလမ်း ဖြစ်ပါတယ်။ သီလဝါဆိပ်ကမ်းနဲ့ ဒါနန်းဆိပ်ကမ်းကို ကုန်းလမ်းကို ပုံမှန် သယ်ယူပို့ဆောင်ချိန် ၈ ရက်ကြာတာကနေ ၂၇ နာရီအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ တရုတ်ကြားဝင်မှုနဲ့ ရှမ်းမြောက်က နယ်မြေတွေကို ပြန်ရပြီးတဲ့အချိန်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် တရုတ်အကျိုးစီးပွားတွေကို ဦးစားပေး အကောင်အထည်ဖော်လာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ပြည်ထောင်စု၊ အယ်လ်အေမြို့၊ ဘယ်ဗလီ ဟေးစ်အရပ်မှာရှိတဲ့ အဆိုတော် ရီဟားနားရဲ့နေအိမ် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် အမေရိကန်နေ့လယ် ၁ နာရီကျော်မှာ သေနတ်ပစ်ခတ်ခံကြားရတယ်ဆိုတဲ့သတင်းတွေကြောင့် ရဲက စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ မသင်္ကာသူ တစ်ဦးကို ခြေရာခံမိပြီး အခုတော့ ထိန်းသိမ်းထားလိုက်ပြီလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ ရီဟားနားပိုင်တဲ့ အိမ်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ ချေမှုန်းရေးရိုင်ဖယ်ကျည်ခွံတွေကို တွေ့ထားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောတယ်ဆိုပြီး ဘီဘီစီရဲ့အမေရိကန်မိတ်ဖက်သတင်းဌာန စီဘီအက်စ်သတင်းက ဖော်ပြပါတယ်။
အခုဖြစ်ရပ်မှာ ဒဏ်ရာရသူ မရှိပါဘူး။ ရီဟားနားဟာ အဲဒီအချိန်တုန်းက နေအိမ်မှာရှိနေခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အယ်လ်အေ တိုင်းမ်စ် က သတင်းဖော်ပြပါတယ်။
ရဲတပ်ဖွဲ့ကတော့ သေနတ်သမားလို့ မသင်္ကာသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးဖြစ်ပြီး ကားကို နေအိမ်အပြင်ဘက်မှာရပ်ကာ ကားနဲ့ထွက်မပြေးခင် သေနတ် ၇ ချက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
သူ့ကားကိုတော့ ရဲက ရီဟားနားရဲ့အိမ်ကနေ ၈ မိုင်ခန့်အကွာမှာ ခြေရာခံမိပြီး သူ့ကိုလည်း အဲဒီမှာပဲ ရဲက ဖမ်းခဲ့ပါတယ်။
ရီဟားနားဟာ သူ့လက်တွဲဖော် အေဆပ် ရော်ကီနဲ့ရတဲ့ သမီးငယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ မွေးဖွားထားတာဖြစ်ပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက ရီဟားနားရဲ့ကိုယ်စားလှယ်တွေထံ ဆက်သွယ်ပြီး မှတ်ချက်တောင်းထားတုန်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်- အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် ဟော်မုစ်ရေလက်ကြားမှာ ရေနံဆီတင်သင်္ဘောတွေ အကြပ်ရိုက်နေချိန်မှာပဲ ကမ္ဘာ့ရေနံစိမ်းဈေးတွေဟာ လီတာ ၁၂၀ ဆံ့တဲ့စည် တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၀ ကျော်(မြန်မာကျပ်ငွေ ၄ သိန်းခွဲခန့်) အထိ ဈေးတက်နေပါတယ်။
ဒီကနေ့ အာရှစံတော်ချိန် မနက်ပိုင်းမှာ Brent ရေနံစိမ်းက ၂၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၁၄.၇၄) အထိ တက်နေပြီး Nymex ရေနံစိမ်းကတော့ ၂၆ ရာခိုင်နှုန်းအထိ ဈေးတက်နေပါတယ်။
ကမ္ဘာ့ရေနံစိမ်းတင်ပို့မှုရဲ့ငါးပုံတစ်ပုံက အီရန်ထိန်းချုပ်ထားတဲ့ ဟော်မုစ်ရေလက်ကြားကို ဖြတ်ရပါတယ်။ ကျဉ်းမြောင်းလှတဲ့ ရေလမ်းကြောင်းကနေ တင်ပို့ရတဲ့ဒီရေလက်ကြားဟာ စစ်ပွဲ စတင်ခဲ့တဲ့လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ ပိတ်ဆို့သွားပါတယ်။
ဒီလို စွမ်းအင်တင်ပို့မှုတွေ ပိတ်ဆို့ခံရတာဟာ အာရှဒေသတွေအပါအဝင် ကမ္ဘာတဝန်းက ဝယ်ယူသူတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးနှုန်းကြီးမြင့်ဒဏ်ကို ကြုံရတဲ့အထိပါ။
မတ်လကုန်အထိသာ ဒီလိုမျိုးရပ်တန့်နေမယ်ဆိုရင် ရေနံစိမ်းစည် တစ်စည်ကို မြန်မာငွေ ၆ သိန်းကျော်(အမေရိကန်ဒေါ်လာ ၁၅၀) အထိ ဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒီလိုသာ ဈေးနှုန်းတွေ ဆက်တက်နေရင် ဓာတ်ဆီဈေးတွေ၊ ဂျက်လေယာဉ်ဆီတွေနဲ့ စိုက်ပျိုးရေးအတွက် သွင်းအားစုတွေပါ ဈေးတက်လာနိုင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် တက်လာတဲ့ ရေနံဈေးတွေက ကမ္ဘာ့လုံးဆိုင်ရာ လုံခြုံရေးနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
“တခဏတာ ရေနံဈေးတက်တာတွေဟာ အီရန်က နျူကလီးယား ခြိမ်းခြောက်မှုတွေ မရှိတော့ရင် အလိုအလျောက်ပြန်ကျသွားမှာပါ။ ဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် မပြောပလောက်တဲ့ ပေးဆပ်ရမှုပါ” လို့ သူ့ရဲ့ လူ့မှုကွန်ရက်စာမျက်နှာ Truth မှာ ဒေါ်နယ်ထရမ့်က ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab
ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ မှာ ဖမ်းဆီးခံထားရချိန် အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့တာ ၃ လ နီးပါးကြာလာပေမဲ့ တရားမျှတမှုမရသေးဘူးလို့ မသဥ္ဇာ ဘီဘီစီကို ပြောပါတယ်။
"တပ်ရင်းအနေနဲ့ အစောကြီးကတည်းက ဖြေရှင်းပေးခဲ့မယ်ဆိုရင် ဒီလောက်ကြီးအထိ ချပြစရာမလိုဘူး။ အခုလိုထုတ်ပြောရတာတွေက ညီမလေးတို့အတွက် အများကြီးထိခိုက်ပါတယ်" လို့ မသဥ္ဇာက တုန်တုန်ရီရီနဲ့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို လက်ကိုင်တော်လှန်ကြတဲ့သူတွေထဲမှာ မြန်မာက လူနည်းစုဖြစ်တဲ့အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပါတယ်။
အဲဒီလူနည်းစုထဲမှာ မသဥ္ဇာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
မသဉ္ဇာရဲ့မှောင်မိုက်လှတဲ့နေ့ရက်တွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်အပြင် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတွေမှာ ကြည်းတပ်နဲ့အတူ တိုက်ခိုက်ရေးနဲ့ ပို့ဆောင်ရေး လုပ်နေတဲ့မြန်မာရေတပ်ဟာ ပြည်တွင်းလုပ် စစ်ရေယာဉ်(သာလွန်မင်း)နဲ့ ကင်းလှည့်သင်္ဘောတွေကို တပ်တော်ဝင်တာလုပ်ခဲ့ပြီး ရန်ကုန်မှာလည်း သင်္ဘောကျင်းတစ်ခုကို ဖွင့်လိုက်ပါတယ်။
မနေ့က တစ်နေ့တည်းမှာပြုလုပ်တဲ့ ဒီအခမ်းအနားတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
စစ်ဘက်သုံး ရေယာဉ်တွေ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဆောက်လို့ပြီးစီးပြီးတဲ့အခမ်းအနားဖွင့်ပွဲကို ရန်ကုန်မြို့က သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီရေလုံလွန်းကျင်းဟာ မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည်အရရော၊ အရွယ်အစားအရပါ အကြီးဆုံး ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီရေလုံလွန်းကျင်းကို ၁၉၉၈ ခုနှစ်ကတည်းက စီမံကိန်း အဆင့်သုံးဆင့်နဲ့ စတင်တည်ဆောက်ခဲ့ပြီး အခုတော့ နောက်ဆုံးအဆင့်ကို ဆောက်လုပ်ပြီးစီးသွားတာလို့ ဆိုပါတယ်။
အဲဒီမှာ တည်ဆောက်မယ့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်တွေရဲ့ဧရာ (ကြမ်းခင်း)ခင်းအခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။
ရေတပ်က တည်ဆောက်ပြီးစီးထားတဲ့ ဖရီးဂိတ်စစ်ရေယာဉ်(သာလွန်မင်း) နဲ့ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်တွေကိုလည်း ရေတပ်ဆိပ်ခံတံတားမှာ တပ်တော်ဝင်ခဲ့ပါတယ်။
အခုတည်ဆောက်ခဲ့တဲ့ ဖရီးဂိတ်စစ်ရေယာဉ် သာလွန်မင်းဟာ စစ်တပ်က တည်ဆောက်ခဲ့တဲ့အထဲ အကြီးဆုံး ဖရီဂိတ်ရေယာဉ် ဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
အချိန်တစ်လကျော် အတွင်း ခရီးအကွာအဝေးရေမိုင် ၃,၅၀၀ ခန့်မောင်းနှင်ပြီး ရေယာဉ်ရဲ့ စံချိန်စံညွှန်း တွေ၊ ကိရိယာတွေကို စမ်းသပ်ထားပြီးတော့မှ တပ်တော်ဝင်ခဲ့တာလို့ဆိုပါတယ်။
အခုလို ဖရီးဂိတ်စစ်ရေယာဉ်ကြီးတွေကို ပြည်တွင်းမှာ ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့တာကြောင့် လုံခြုံရေးတာဝန်တွေအတွက် အထောက်အကူများစွာဖြစ်ခဲ့သလို မြန်မာ့ရေပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာရေတပ်ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း ပြည်တွင်းမြစ်ကြောင်းတွေမှာ စစ်တပ်အတွက် လုံခြုံရေးယူပေးတာတွေနဲ့ မြစ်ထဲကနေ စစ်ရေယာဉ်နဲ့ လက်နက်ပစ်ကူပေးတာ၊ စစ်တပ်သွားမယ့် ရေလမ်းတစ်လျှောက်မှာ မြစ်ကမ်းဘက်ကို လက်နက်ကြီး ပစ်ကူပြီး လမ်းကြောင်းရှင်းတာတွေ လုပ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ရေတပ်စစ်ဦးစီးချုပ်ကိုယ်တိုင်ကလည်း ရေတပ်ဟာ ကြည်းတပ်၊ လေတပ်နဲ့အတူ စစ်ဆင်ရေးနဲ့ လုံခြုံရေးတွေမှာပါဝင်နေပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းတလျှောက်နဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက်တို့မှာ စစ်ဆင်ရေး သယ်ယူပို့ဆောင်ရေး တာဝန်တွေကို လုပ်နေတယ်လို့ ပြောထားပါတယ်။
မင်္ဂလာပါ။ မတ် ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။