ထရမ့် အုပ်ချုပ်မှု ရက် ၁၀၀ - ပြုပြင်ပြောင်းလဲမှု မြန်တာလား၊ အရှိုက်ထိအောင် ထိုးနိုင်တာလား

- ရေးသားသူ, အန်နာ ဖာဂိုင်း
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဝါရှင်တန် ဒီစီ
အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ် ထရမ့်တစ်ယောက် အခုနှစ်စမှာ သမ္မတအာဏာပြန်ရလာဖို့ မဲပေးခဲ့ကြသူတွေထဲမှာ ကားဆရာ၊ စစ်ပြန်စစ်မှုထမ်းဟောင်းကစလို့ စီးပွားရေးလုပ်ငန်းရှင်တွေအဆုံး နောက်ခံဘဝအကြောင်းပေါင်းစုံ၊ နယ်ပယ်စုံက လူတွေပါဝင်ပါကြပါတယ်။
ထရမ့်ရဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ကတိကဝတ် အထမြောက်အောင် သူ့ကို အိမ်ဖြူတော်ဆီရောက် အောင် ပို့ပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကလည်း အလွှာအသီးသီးကို ထင်ဟပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ အာဏာရပြီး ရက် ၁၀၀ အတွင်းမှာ သူ့ကို ထောက်ခံသူတွေ အခု ဘယ်လိုမြင်ကြပါသလဲ။
သူတို့တွေထဲက ၅ ဦးကို ဘီဘီစီက တွေ့ဆုံစကားပြောခဲ့ပါတယ်။ ထရမ့်ပေးတဲ့ကတိတွေနဲ့ပတ်သက်ပြီး သူပေးတဲ့ကတိ၊ ဖြေရှင်းပေးမယ်ဆိုတဲ့ကိစ္စတွေနဲ့ သူတို့ သမ္မတထံကနေ ဘာတွေ မျှော်လင့်ကြတယ်ဆိုတာကို အခုလိုပြောပြထားပါတယ်။
'အလုပ်မဖြစ်ဘူးဆိုရင်တော့ ကိုယ့်အမှားလို့ပဲ ပြောရမှာပေါ့'

ဓာတ်ပုံ ရင်းမြစ်, Ronda Churchill
လူအီ အိုလီဗီရာကတော့ ထရမ့် တစ်ယောက် သူ့ရဲ့ သမ္မတ သက်တမ်း ပထမ ရက် ၁၀၀ အတွင်း ခပ်မြန်မြန်ချမှတ်ခဲ့တဲ့မူဝါဒတွေကို ''အမီလိုက်ပြီး'' အကောင်အထည်ဖော်နိုင်တာမျိုး မရှိဘူးလို့ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးမှာဆိုရင် နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်ချက်အသစ်တွေနဲ့ အမေရိကန်မှာ အကျဥ်းကျနေတဲ့အမျိုးသားတွေကို အယ်လ်ဆာဗေးဒိုးက နာမည်ကျော် အကျဥ်းထောင်ကြီးကို ပို့တာအပါအဝင် နေရပ်ပြန်ပို့တဲ့ကိစ္စရပ်တွေကို လုပ်တာတွေအတွက် သူ အသိအမှတ်ပြုပါတယ်။ အမေရိကန်- မက္ကဆီကိုနယ်စပ်မှာ အမေရိကန်နယ်လုံခြုံရေးအရာရှိတွေနဲ့ ရွှေ့ပြောင်းဝင်လာသူတွေကြား ထိပ်တိုက်တွေ့ကြတဲ့အခြေအနေလည်း ကျဆင်းလာနေပါတယ်။
ဒီပြဿနာဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အခုတော့ နဗားဒါးပြည်နယ်မှာနေထိုင်နေတဲ့ လူအီလို ဘရာဇီးနွယ်ဖွားတွေအတွက် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုဟာ ''ကျူးကျော်မှု'' လို့ဆိုတဲ့ ထရမ့်အပြောကို သူက ထင်ဟပ် ပြောဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ် လူအီပြောတာကတော့ ထရမ့်ဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ''ဒါ ငါ့အိမ်၊ ငါ့ ခြံ၊ မင်းတို့ ဒီမှာနေလို့မရဘူး''လို့ ဆိုပြီး ပြောနေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တခြားနယ်ပယ်တွေနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ချဥ်းကပ်မှုကိုတော့ သူ့အနေနဲ့ စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။
ကော်ဖီဆိုင်ပိုင်ရှင် လူအီကတော့ အခွန်တွေကနေတဆင့် တခြားနိုင်ငံတွေလည်း ''ပေးသင့်သလောက် ထည့်ဝင်ပေး'' ဖို့လုပ်တဲ့ ထရမ့်အားထုတ်မှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူပူပန်မိတာက ကာလတို စီးပွားရေးသက်ရောက်မှုတွေနဲ့ ဒီကနေတဆင့် အမေရိကန်အတွက် တကယ်အကျိုးဖြစ်ထွန်းစေမှာ ဘယ်လောက်ကြာမလဲဆိုတဲ့အချိန်အတိုင်းအဆပါ။
''အတော်အကြပ်ရိုက်လိမ့်မယ်။ ပြီးတော့ သူ ပြောသလို ခပ်မြန်မြန်ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။''
''ကျွန်တော်က ထောက်ခံတဲ့သူပါ။ ဒါပေမဲ့လည်း နောက်ဆုံးမှာ အလုပ်မဖြစ်ဘူးဆိုရင် ကိုယ်အရွေးမှားခဲ့တယ်လို့ပဲ ဆိုရမှာပေါ့။ မြန်ဆန်အောင်လုပ်လွန်းတော့လည်း စျေးကွက်လည်းလန့်၊ စီးပွားရေးလည်း လန့် ပေါ့ဗျာ''
အရှိုက်ထိအောင် ထိုးနိုင်ပြီး တော်သူ နေရာရအောင် သူ လုပ်နေတာ

ဓာတ်ပုံ ရင်းမြစ်, Nic Antaya
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမန်ဒါ ဆူး မက်သိယစ်ကတော့ ၂၀၂၄ ခုနှစ်မှာ ထရမ့်ကို ထောက်ခံခဲ့သူဖြစ်ပါတယ်။ အမေရိကန်မှာ လက်တလောကြုံနေရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် သမ္မတလောင်းတစ်ယောက်လို့ သူခံစားမိခဲ့တာကြောင့်လို့ဆိုပါတယ်။ လက်ရှိ သမ္မတ သက်တမ်း ရက် ၁၀၀ အတွင်းမှာပဲ ထရမ့်ဟာ တိုးတက်မှု ခိုင်ခိုင်မာမာလုပ်ထားနိုင်တယ်လို့ သူက ပြောပါတယ်။
''ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲအကြောင်း လူတွေ သတိမူကြတာ အတော်များတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ ပြဿနာတွေကို ဝင်ဖြေရှင်းပေးဖို့ မကြိုးစားခင် နိုင်ငံထဲကို ပြန်ကြည့်သင့်တဲ့အချိန်ကျပြီလို့ ကျွန်မထင်တယ်'' လို့ အသက် ၃၄ နှစ်အရွယ် ရေတပ်စစ်မှုထမ်းဟောင်း အမန်ဒါက ပြောပါတယ်။
သူကတော့ ''တော်သူကိုသာ ဆုပေးတဲ့လူမှုအသိုက်အဝန်း'' တစ်ခု လိုချင်ပြီး လူနည်းစုကိုယ်စားပြုမှုနဲ့ ခွဲခြားနှိမ်ချမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ထားထားတဲ့ ''မတူကွဲပြားမှုနဲ့ အားလုံးပါဝင်မှု'' ဆိုင်ရာမူဝါဒတွေကို ပြန်လည်ရုပ်သိမ်းတဲ့ထရမ့်ရဲ့အစီအစဥ်ကိုလည်း သူက ချီးမွမ်းပါတယ်။ အကဲခတ်တွေကတော့ ဒီမူဝါဒတွေ ထားကတည်းကိုက ခွဲခြားနှိမ်ချမှု ဖြစ်နေပြီလို့ပြောပါတယ်။ အမန်ဒါ ဆူးကတော့ ဒီမူဝါဒတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း လုပ်သင့်တာထက် များအောင်လုပ်ခဲ့ပြီးပြီလို့မြင်သူပါ။
အသက် ၁၉ နှစ်အရွယ်ရောက်မှာ အမေရိကန်တွေအတွက် လိင်ဖြစ်တည်မှုကို လိုက်ပြီး စောင့်ရှောက်မှု ကန့်သတ်တဲ့၊ နောက်ပြီး အမျိုးသမီးအားကစားနည်းတွေမှာ လိင်ပြောင်းအမျိုးသမီးတွေကို တားမြစ်တဲ့ ထရမ့်ရဲ့ အမိန့်ကိုလည်း သူက ကြိုဆိုပါတယ်။
အကြမ်းဖျင်း ပြောရရင်တော့ သမ္မတ ထရမ့်ဟာ ''ချက်ကောင်းထိအောင်'' လုပ်ထားနိုင်သူဖြစ်ပြီး သူ့ရဲ့ သမ္မတ တာဝန် ရက် ၁၀၀ ဟာ ''မဲပေးရတာ တန်တယ်'' လို့ ခံစားမိစေတယ်ဆိုပြီး အမန်ဒါ ဆူးက ပြောပါတယ်။
ဒါပေမဲ့ ဒီအမြင်ဟာ တသမတ်တည်းမဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေအတွက်လည်း သူပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
''ကျွန်မက တချိန်လုံး ထရမ့် ထရမ့် အော်ပြီး ထောက်ခံနေသူတွေထဲမှာ မပါဘူး'' လို့ သူက ပြောပြီး ''သူ အလုပ်မဖြစ်ရင် မဖြစ်ဘူးဆိုတဲ့အကြောင်း ရှင်တို့ကို ပထမဆုံးလာပြောမှာက ကျွန်မပဲ'' လို့ ဆိုပါတယ်။
အခွန်တွေတိုးကောက်ပြီး ''လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်ထားနိုင်တယ်''

ဓာတ်ပုံ ရင်းမြစ်, Mark Pynes
အခွန်တွေ တိုးကောက်ပြီး အလုပ်အကိုင်တွေ အမေရိကန်ကို ပြန်ဝင်လာအောင်လုပ်မယ်ဆိုတဲ့ ထရမ့် ကတိစကားတွေဟာ အသက် ၃၉ နှစ်အရွယ် မီးသတ်ယာဥ်မောင်း ဘန် မော်ရာ တစ်ယောက် ထရမ့်ကို မဲပေးခဲ့တဲ့အကြောင်းရင်းတွေပါ။ သူက ပန်ဆေဗေးနီးယားပြည်နယ်ကပါ။
''လုပ်နိုင်တာထက် ပါးစပ်ပါလို့ သူ လျှောက်ပြောနေတာလို့ အများက ယူဆနေကြတာ'' လို့ သူက ပြောပါတယ်။
အမေရိကန်ပြိုင်ဘက် တရုတ်နိုင်ငံလို၊ နောက်ပြီး အိမ်နီးချင်း မက္ကဆီကိုနဲ့ ကနေဒါတို့လို့ မဟာမိတ်နိုင်ငံတွေကို အခွန်တွေ တိုးကောက်လိုက်တဲ့အခါမှာတော့ ထရမ့်အပေါ် ထားတဲ့ ဘန်ရဲ့ သဘောထားဟာလည်း ပိုတိုးလို့ လာပါတယ်။
ဒါပေမဲ့ အကုန်လုံးဟာ စင်းလုံးချောအခြေအနေတော့ မဟုတ်နေပြန်ပါဘူး။ အခွန်တွေ တိုးကောက်မယ်လို့ ကြေညာချက်တွေ တသီကြီး ထုတ်ခဲ့ပေမဲ့ စတော့ စျေးကွက်ဘက်ကနေ တုံ့ပြန်လာတဲ့ ရလဒ်နဲ့ လုပ်လက်စ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွေကြောင့် ထရမ့်အစိုးရဟာ နောက်ပိုင်းမှာ အခွန်လျှော့တန်လျှော့တာ၊ မြှင့်တန်မြှင့်တာအပြင် ဆိုင်းတန် ဆိုင်းတာတွေတောင် လုပ်ထားပါတယ်။
လက်ရှိမှာ အမေရိကန်ကို သွင်းလာတဲ့ကုန်အားလုံးကို ၁၀ ရာခိုင်နှုန်း အခွန်ချမှတ်ထားပြီး တရုတ်ကတော့ အမေရိကန်ကို ပို့တဲ့သူပို့ကုန်တွေအတွက် အခွန်ကောက်မှု ၁၄၅ ရာခိုင်နှုန်းအထိ ကြုံထားရပါတယ်။
အခွန်တွေ တိုးကောက်လို့ ကုန်စျေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ဆိုပြီး စီးပွားရေးပညာရှင်တွေက စိုးရိမ်ကြေပေမဲ့ ဘန်ကတော့ ထရမ့်ဖော်ဆောင်နေတဲ့ စီးပွားရေးကိစ္စ လုပ်ဆောင်ချက်တွေဟာ နောက်ပိုင်းမှာ အကျိုးဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
''ထရမ့်ဟာ (အမေရိကန်အတွက်) လူရိုသေ ရှင်ရိုသေဖြစ်မှုကို ပြန်ရယူထားနိုင်တယ်'' လို့ဆိုပြီး သမ္မတ ရဲ့ အခွန်တိုးကောက်တဲ့မူဝါဒတွေနဲ့ ပတ်သက်လို့ ပြောထားပါတယ်။ ''ကျွန်တော်တို့ဟာ ဒီအားကို အသိအမှတ် ပြုရမယ်''
ခြုံပြီးပြောရရင်တော့ ထရမ့်ဟာ သူ့ရဲ့ ဒုတိယမြောက်သမ္မတ သက်တမ်းမှာ ပိုပြီး အလုပ်ဖြစ်တယ်လို့ သူခံစားမိတယ်လို့ ဆိုပါတယ်။ သမ္မတဟာ ပြင်ဆင်ဖို့ အချိန်ရခဲ့ပြီး အခုတော့ အလုပ်နဲ့သက်သေပြပြီ လို့ သူက ပြောပါတယ်။
'မက်စ်ဟာ ကျွန်မ နားမလည်တဲ့လူတစ်မျိုးပဲ''

ဓာတ်ပုံ ရင်းမြစ်, Phillipe Studio
ဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး ဂျွန်း ကာရေးရဲ့အမြင် မပြောင်းသေးပါဘူး။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်း ပထမလအနည်းတွေဟာ သူ မျှော် လင့်ထားသလိုတော့ မဟုတ်ခဲ့ပါဘူး။
''သူက ကျွန်မ ထင်ထားခဲ့တာထက် နည်းနည်းရန်လိုပြီး ခုတစ်မျိုး တော်ကြာတစ်မျိုးပုံလည်း ပိုပေါ်နေယ်'' လို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ပန်းချီဆရာမ ဂျွန် ကာရေးက ပြောပါတယ်။
ဒါပေမဲ့ အသက် ၇၀ အရွယ် ဂျွန်ကတော့ အဲဒီလို ရုတ်တရက်အံ့သြစရာတွေကို မကောင်းတဲ့ ကိစ္စတွေအဖြစ် အမြင်ပါဘူး။ သူ့အနေနဲ့ ထရမ့်ရဲ့မဟာမိတ် ဘီလျံနာသူဌေး အီလွန်မက်စ် ဦးဆောင်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)က တွေ့ရှိခဲ့တယ်လို့ ဆိုတဲ့ ''အလေအလွင့်ဖြစ်မှု'' အခြေအနေကို မြင်တွေ့ရလို့ အံ့သြမိတယ်လို့တော့ ဆိုပါတယ်။
အကဲခတ်တွေကတော့ အမေရိကန်ပြည်သူတွေရဲ့အခွန်တွေကို အလေအလွင့်မဖြစ်အောင် စုဆောင်းထားနိုင်တယ်ဆိုတဲ့ ထရမ်ပြောဆိုချက်တွေဟာ လက်တွေ့ထက် ပိုဖောင်းပွနေပြီး ပြည်ထောင်စုအဆင့်ဝန်ထမ်းတွေကို ဖြုတ်ပစ်တာအပါအဝင် နောက်ပိုင်းမှာ ပြန်လည် ရုပ်သိမ်းခဲ့တဲ့အစိုးရဌာနတွေကို ရုတ်ချည်း လျှော့ချမှုတွေအတွက်လည်း ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။
ဂျွန်ကတော့ မက်စ်နဲ့ ပတ်သက်ပြီး သူ့ အမြင်ကို အခုလိုပြောပါတယ်။
''မက်စ်ဟာ ကျွန်မ နားမလည်တဲ့ လူတစ်မျိုးပဲ'' လို့ ဂျွန်က ပြောပါတယ်။ ''ကျွန်မကတော့ ထရမ့်ဟာ သူ့ကို လူမှန် နေရာမှန်ဖြစ်တဲ့ လူတော်တစ်ယောက်ဆိုတာထက် တတ်နိုင်သမျှ ယုံကြည်ပြီး ပုံအပ်ထားသလိုဖြစ်နေတယ်''
ဂျွန်ကတော့ လူမှုဖူလုံရေးအတွက် သူ သုံးစွဲနေရတဲ့အခြေအနေကို စိုးရိမ်ပြီး ထရမ့်အနေနဲ့ အမေရိကန်လူထုကို ဖူဖူလုံလုံဖြစ်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
ထရမ့် လုပ်နေတဲ့ အသုံးစရိတ်ဖြတ်တောက်ရေးတွေကို လက်ရှိအချိန်အထိ အဆင်ပြေပေမဲ့ သူအပါအဝင် အငြိမ်းစားနဲ့ မသန်စွမ်းဖြစ်သူ အမေရိကန် ၆၇ သန်းအတွက် အစိုးရ လစဥ်ပေးနေတဲ့ လူမှုဖူလုံရေးအစီအမံတွေကိုတော့ မဖြတ်မတောက်ဘဲ ဒီအတိုင်းဆက်ထားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တွေကတော့ အနာဂတ်မှာ ဒီအစီအစဥ်လည်း ပါလာနိုင်ခြေရှိတယ်လို့ သတိပေးပါတယ်။ ဒါပေမဲ့ ဂျွန် မေးခွန်းထုတ်တာက ''အတော်များများကို ဖြတ်တောက်လို့ ဒေါ်လာ သန်းရာနဲ့ချီပြီး ချွေတာထားနိုင်တဲ့အခြေအနေမှာ (လူမှုဖူလုံရေး)ကို သူတို့ ဘာလို့ ဖြတ်တောက်မှာလဲ''
အခွန်ကြောင့် ''ယာယီထိခိုက်မှု''ကြားကပဲ ထရမ့်ကို ယုံကြည်

ဓာတ်ပုံ ရင်းမြစ်, Allegra Boverman
ဂျယ်ရမီ စတီဗန်စ်ဟာ ထရမ့်ကို ယုံကြည်နေတာ နှစ်နဲ့ချီကြာမြင့်နေပါပြီ။
''(ထရမ့်ဟာ) ရွေးကောက်ပွဲမဲဆွယ် ကာလတစ်လျှောက်လုံး သူ ကတိပေးထားတာတွေကို အတော်လေး မြန်မြန်ဆန်ဆန်လုပ်နေတာ'' လို့ သူက ပြောပါတယ်။
မိန်းပြည်နယ်က သူ့ရဲ့ ကားပြင်ရုံနဲ့ တစ်ပတ်ရစ်ကားဆိုင်ထဲမှာ ဂျယ်ရမီ ပြောတာက သူ့ ဆိုင်ကိုလာတဲ့သူတွေဟာ ထရမ့်ရဲ့ စီးပွားဆိုင်ရာအားထုတ်မှုတွေကိုတော့ မတူတဲ့အမြင်ရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသက် ၄၅ နှစ်အရွယ် ဂျယ်ရမီကတော့ အခွန်တိုးကောက်တာတွေနဲ့ ပတ်သက်ပြီး လူတွေ စိတ်ပူပန်စေတာက ''ဒီအရေးကို ပြည့်ပြည့်ဝဝ'' နားမလည်တာကြောင့် ဖြစ်တယ်လို့ ထင်နေပါတယ်။
အခွန်တွေတိုးကောက်တဲ့ကိစ္စဟာ ထရမ့်အစိုးရဲ့ အမျှော်အမြင်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဂျယ်ရမီ ယုံကြည်ပြီး ရေရှည်မှာ အဖြေထွက်မှာဖြစ်လို့ အကဲခတ်တွေအနေနဲ့ အဲဒီအချိန်အထိ စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
''ဒီမူဝါဒတွေရဲ့ ဂယက်အနက် မြင်နေကြတာကိုကြည့်ရင် မျက်စိတဆုံးမဟုတ်ဘဲ မျက်တောင်မွှေးတဆုံးကိုပဲ ကြည့်ကြတာကြောင့်ပါပဲ'' လို့ သူက ပြောပါတယ်။
အခွန်တိုးကောက်လိုက်၊ ဆိုင်းလိုက်၊ လျှော့ချလိုက် လုပ်တဲ့ ထရမ့်ရဲ့ မူဝါဒတွေဟာ ဒီအတိုင်းနဲ့ မပြီးသွားဘဲ တန်ရာတန်ကြေး ပေးဆပ်ရတာတွေရှိတယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာတဝန်းက စတော့ စျေးကွက်တွေဟာ ထိုးကျကုန်ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကတော့ မရေရာ မသေချာမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို လျှော့ချ ခန့်မှန်းပါတယ်။ အမေရိကန်ဟာ အဆိုးဆုံးထိမှာဖြစ်ပြီး စီးပွားပျက်ကပ် ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း အထိရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒါပေမဲ့ ဂျယ်ရမီကတော့ ထရမ့်မှန်တယ်ဆိုတဲ့အကြောင်း အချိန်က စကားပြောလိမ့်မယ်လို့ ယုံကြည်ပါတယ်။
''ဒါဟာ ယာယီပါ'' လို့ သူက ပြောပြီး ''ဒီတစ်ကြိမ်လည်း ကျော်ဖြတ်နိုင်မှာပါ'' လို့ ဆိုပါတယ်။














