ဘုရှ်လက်ထက် ဒုသမ္မတ ချေနီရဲ့ ဘယ်နိုင်ငံရေးဇာတ်ကို ထရမ့် ဆက်ကနေလဲ

- ရေးသားသူ, အန်သနီ ဇာချာ
- ရာထူးတာဝန်, မြောက်အမေရိက သတင်းထောက်
နိုဝင်ဘာလ ၄ ရက်မှာ ကွယ်လွန်ခဲ့တဲ့ အမေရိကန် ဒုတိယသမ္မတဟောင်း ဒစ် ချေနီဟာ နိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံး 9/11 တိုက်ခိုက်မှုအပြီး အမေရိကန်သမ္မတ လုပ်ပိုင်ခွင့်ကို ခပ်မြန်မြန် ကြီးထွားအောင်လုပ်ရာမှာ အခရာကျခဲ့သူပါ။
အဲဒီနောက် ဆယ်စုနှစ် ၂ ခုကျော်ကြာတဲ့အခါမှာတော့ ဒေါ်နယ် ထရမ့်ဟာ နိုင်ငံအတွက်သူ့ရဲ့ ဦးစားပေးလုပ်ဆောင်ချက်တွေအတွက် ချေနီ ဖန်တီးပေးခဲ့တဲ့ နိုင်ငံရေး လီဗာတွေကို နင်းနေပါပြီ။
တကယ်တော့ သူတို့ နှစ်ဦးစလုံးဟာ ရီပတ်ဘလင်ကန်ပါတီမှာ တစ်မိုးအောက်တည်းရှိခဲ့ကြပေမဲ့ ပါတီသွားမယ့်လမ်းကြောင်းနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးတွေပါ တိုက်ခိုက်တဲ့အထိ ခါးခါးသီးသီးဖြစ်ခဲ့ကြသူတွေပါ။
အမေရိကန်အစိုးရမှာ ချေနီရဲ့အတွေ့အကြုံကို ပြောမယ်ဆိုရင် သမ္မတ ရစ်ချက် နစ်ဆင် အိမ်ဖြူတော် ရောက်ကတည်းကလို့ ဆိုနိုင်ပါတယ်။
ပြီးတော့ ချေနီဟာ ရီပတ်ဘလင်ကန်ပါတီ အစိုးရအဆက်ဆက်နဲ့ ကွန်ဂရက်စ် လွှတ်တော်ထဲ သူ့ရဲ့ ပေါက်ရောက်မှုတွေကို အသုံးချပြီး အမေရိကန်သမ္မတတွေရဲ့လုပ်ပိုင်ခွင့်တွေ ပိုသာအောင် လမ်းကြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
သမ္မတ ဂျော့ ဘုရှ် အစိုးရလက်ထက်မှာ ဒုတိယသမ္မတ တာဝန်ယူခဲ့တဲ့ ချေနီဟာ ဖွဲ့စည်းပုံမှာ ပေးထားတဲ့ အမေရိကန်သမ္မတ တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ အယ်လ် အကိုင်းဒါးအဖွဲ့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ကို တိုက်ခိုက်မှုတွေကို အသုံးချခဲ့ပါတယ်။
တဖက်မှာလည်း ဒီတိုက်ခိုက်မှုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲမှုဖြစ်ပြီးကတည်းကဆိုရင် တမျိုးသားလုံး ကျောချင်းကပ်ဖို့၊ လမ်းတူဖို့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။
''အစိုးရအနေနဲ့ အရာရာကို ထိန်းပြီး တုံ့ပြန်တတ်တဲ့အကျင့်ဟောင်းတွေကို ခါချပြီး ဘုရှ်ဟာ 'အကြမ်းဖက်နှိမ်နင်းရေးစစ်' ကို တိုက်နိုင်တဲ့လူဖြစ်တယ်ဆိုတာမျိုး ချေနီက လုပ်ခဲ့တယ်'' လို့ ဝါရှင်တန်ပို့စ် သတင်းထောက်ဟောင်း ဘာတွန် ဂယ်လ်မန်က ချေနီရဲ့ ဒုသမ္မတ ကာလအကြောင်း ရေးတဲ့ ၂၀၀၈ ခုနှစ်ထုတ် သူ့ စာအုပ် Angler မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုတော့ အဲဒီကတည်းက ပိုကျယ်ပြန့်လာတဲ့ သမ္မတလုပ်ပိုင်ခွင့်တွေကို အမွေဆက်ခံတဲ့ လက်ရှိ တာဝန်ထမ်းဆောင်တဲ သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေးမှာ ဒီလုပ်ပိုင်ခွင့်တွေကို အသုံးချနေပါတယ်။
အဲဒီ နိုင်ငံရေးလုပ်ငန်းစဉ်ကတော့ တစ်ချိန်က ချေနီ လုပ်ခဲ့တဲ့အတိုင်း အမေရိကန်လူထု အချို့ကို အံသြသင့်စေခဲ့တဲ့ လုပ်ငန်းစဉ်ပါသလို တစ်ချိန်က ဦးစားပေးအဖြစ် ချေနီ ထောက်ခံခဲ့တဲ့ မူဝါဒတွေကို တန်ပြန်တဲ့လုပ်ငန်းစဉ်တွေလည်း ပါနေပါတယ်။
သူ့လုပ်ရပ်တွေကို ''အမျိုးသားအရေးပေါ် လုပ်ဆောင်ချက်တွေ'' လို့ ပြောလေ့ရှိတဲ့ထရမ့်အတွက်တော့ 9/11 အလွန် အမေရိကန်မှာ ရှိခဲ့တဲ့ တမျိုးသားလုံး ကျောချင်းကပ်မှု အခြေအနေ မျိုးတော့ မရရှိထားပါဘူး။
သူ့လက်ထက်မှာ လုပ်ပိုင်ခွင့်အာဏာကို အိမ်ဖြူတော်မှာပဲ ဆယ်စုနှစ်ချီကြာအောင် စုပြုံထားခဲ့တဲ့ ချေနီဟာ သူ့ဘဝ နေဝင်ချိန် ကာလတွေမှာတော့ ထရမ့်ကြောင့် နိုင်ငံ အန္တရာယ်ရှိတဲ့အကြောင်း သတိပေးခဲ့ပါတယ်။
အထူးသဖြင့် ထရမ့်က ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ ရှုံးတဲ့အခါ မဲတွေကိုပြန်ရေဖို့ ဥပဒေကြောင်းအရ တောင်းဆိုခဲ့တာကို ချေနီက သတိပေးခဲ့တာပါ။ ၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာတော့ ချေနီဟာ ဒီမိုကရက်ပါတီ သမ္မတ လောင်း ကာမလာ ဟဲရစ်ကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။
''ကျွန်တော်တို့ သမ္မတနိုင်ငံအတွက် ဒေါ်နယ်ထရမ့်လို လူလောက် ကြီးမားတဲ့ခြိမ်းခြောက်မှု မရှိခဲ့ဖူးဘူး'' လို့ ချေနီက ပြောပါတယ်။ ''နိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့ နိုင်ငံဖွဲ့စည်းပုံကို ကာကွယ်ဖို့ နိုင်ငံ့အရေးရှေ့တွေးပြီး နှစ်ပါတီ လက်တွဲလုပ်ဆောင်သင့်ရင် လုပ်ရမယ့်တာဝန်လည်းရှိတယ် ''
တဖက်မှာတော့ ထရမ့်က ချေနီကို ''လူ့အသက်တွေကို အလဟသ ဖြစ်စေပြီး ဒေါ်လာ ထရီလီယံချီ ဖြုန်း၊ ယုတ္တိမရှိတဲ့ အဆုံးမဲ့ စစ်ပွဲကို ဆင်နွှဲခဲ့သူ'' လို့ ခေါ်ပါတယ်။
ချေနီ ခင်းခဲ့တဲ့လမ်းကို ထရမ့်ဘယ်လို ဆက်လျှောက်လဲ
သမ္မတ လုပ်ပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချတဲ့နေရာမှာတော့ ထရမ့်နဲ့ ချေနီတို့ တူညီကြပါတယ်။ ဒါပေမဲ့ မတူညီတာကတော့ အမေရိကန်နိုင်ငံရေး အခင်းအကျင်းဖြစ်ပါတယ်။
ပြည်ပမှာ အမေရိကန်ရဲ့ စစ်ရေးကို အသုံးချတာ၊ နိုင်ငံသားမဟုတ်သူတွေကို ထိန်းသိမ်းပြီး ပြန်ပို့ ပစ်တာ၊ အမေရိကန်ရဲ့ ထောက်လှမ်းရေးစွမ်းအားကို တိုးအောင်လုပ်ပြီး အသုံးချတဲ့နေရာတွေမှာ မတူကြတာပါ။ ထောက်လှမ်းရေးအားကို တိုးသုံးတဲ့နေရာမှာတော့ ပြည်တွင်းမှာ ခြိမ်းခြောက်မှုရှိတယ်လို့ဆိုပြီး ထောက်လှမ်းရေးပိုင်း အာရုံစိုက်တာလည်း ပါဝင်ပါတယ်။
''ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ သမ္မတ တစ်ယောက်ရဲ့လုပ်ပိုင်ခွင့် စွမ်းအားက သိပ်ကို ကြီးပါတယ်။ ဒါကို မေးခွန်းထုတ်လို့မရပါဘူး'' လို့ ထရမ့်ရဲ့ ကာလရှည်အကြံပေး စတီဖင် မစ်လာက ၂၀၁၇ ခုနှစ်တုန်းက ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ သူဟာ လက်ရှိမှာ အိမ်ဖြူတော် ဒုတိယအရာရှိချုပ် တာဝန်ယူထားပါတယ်။
ဒီစကားဟာ ချေနီတစ်ယောက် အမေရိကန်နိုင်ငံရေးမှာ အထွတ်အထိပ်ရောက်ချိန်က ပြောခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ထရမ့်တစ်ယောက် ချေနီလုပ်ခဲ့တဲ့ကြားဝင်မှု နိုင်ငံခြားရေးမူဝါဒနဲ့ ချေနီ ကြီးကြပ်ခဲ့တဲ့ အီရတ် စစ်ပွဲကို မနှစ်မြို့ကြောင်း ပြသနေချိန်မှာပဲ ကိုယ်တိုင်ကတော့ ဝင်ကြီးကြပ်မှရတော့မယ်ဆိုတဲ့ မထိမဲ့မင်ပြုသယောင်ကြိုးပမ်းမှုပုံစံတွေနဲ့ အမေရိကန် စစ်တပ်အင်အားကို ပြည်ပမှာ သုံးသတ်ပါတယ်။
ဇွန်လတုန်းက အီရန်ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဒေသတွင်းဆန့်ကျင်ဘက်နိုင်ငံတစ်နိုင်ငံရဲ့ နျူကလီးယား ခြိမ်းခြောက်မှု တိုးလာတာကြောင့် သတိပေးဖို့ လုပ်တာလို့ဆိုပြီး သူ ကာကွယ်ပြောဆိုပါတယ်။ တဖက်မှာလည်း ဒါဟာ ၂၀၀၃ အီရတ် စစ်ပွဲ စတင်ဖို့ ချေနီ သုံးခဲ့တဲ့ ဆင်ခြေမျိုးကို ထင်ဟပ်ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းကတော့ ထရမ့် အစိုးရဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးသူတွေကို ''တိုက်ပွဲဝင် ရန်သူတွေ'' လို့ သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ ရေပြင်မှာ သွားနေတဲ့စက်လှေတွေကို မူးယစ်ဆေးဝါး သံသယနဲ့ ဖျက်ဆီးတာတွေကို ဆက်လုပ်နေပါတယ်။ ထရမ့်အစိုးရကတော့ လူသေဆုံးတဲ့အထိ ဖြစ်တဲ့ ဒီစစ်ရေးတိုက်ခိုက်မှုတွေဟာ လိုအပ်လို့လုပ်တာဖြစ်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ပို့စ်ရဲ့သတင်းဖော်ပြချက်အရဆိုရင် အိမ်ဖြူတော်အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ဆက်လုပ်ဖို့ ကွန်ဂရက်စ်လွှတ်တော်ရဲ့ထောက်ခံချက် မလိုဘူးလို့ ထရမ့်ရဲ့တရားရေးဌာနက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း ၁၉၇၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ စစ်အင်အားအသုံးပြုမှု ဆိုင်ရာဆုံးဖြတ်ချက်အရ အင်အားအသုံးပြုတဲ့အခါ လိုအပ်တဲ့သတ်မှတ်ချက်တွေကို ပြောဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းချက် ပါဝင်နေပေမဲ့ အခုလိုအကြောင်းကြားခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။
အကဲခတ်တွေကတော့ ချေနီရဲ့ ဘုရှ်အစိုးရဟာ ကမ္ဘာတလွှား အကြမ်းဖက်သမားလို့ မသင်္ကာသူတွေကို အမေရိကန်က စစ်ရေးအရ နှိမ်နင်းနိုင်အောင် ၂၀၀၁ ခုနှစ်တုန်းက အတည်ပြုခဲ့တဲ့ စစ်အင်အားအသုံးပြုခွင့် လွှတ်တော်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်ဘောင်ကို ချဲ့ခဲ့တယ်လို့ စွပ်စွဲပါတယ်။
အခုတော့ ထရမ့်ဟာ အလားတူ နည်းလမ်းတွေ သုံးနေပါတယ်။ ကွန်ကရက်စ်လွှတ်တော်ရဲ့ အတည်ပြချက်နည်းနည်းလေးမှ မယူဘဲ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ရင်းမြစ်, AP
ချေနီ ရဲ့နောက်ထပ် အဓိကကျတဲ့နိုင်ငံခြားရေးမူဝါဒကတော့ ''အထူးအမှုအဖြစ် လွှဲပြောင်း စစ်ဆေး မေးမြန်းနိုင်ခွင့်'' ဆိုတဲ့မူကို ပေါ်လွင်အောင် ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်သမားလို့ မသင်္ကာသူတွေကို အမေရိကန်မြေပေါ်မှာပဲ ဖမ်းမိမိ၊ ပြည်ပကနေပဲ ဖမ်းမိမိ အမှုတစ်ခုချင်းစီကို အမေရိကန်ပြည်တွင်း တရားရုံးတွေရဲ့စီရင်ပိုင်ခွင့်အောက်ကနေ မဟုတ်ဘဲ သီးခြားစစ်ဆေး မေးမြန်းခွင့်ရရှိအောင် ရည်ရွယ်ပါတယ်။
ဘုရှ်အစိုးရဟာ ကျူးဘားက ဂွာတာနာမို ပင်လယ်အော်ထဲက အမေရိကန်အခြေစိုက်စခန်းမှာ ကြီးမားတဲ့ အဆောက်အဦကို ဆောက်လုပ်ပါတယ်။ ဖမ်းထားတဲ့လူပုဂ္ဂိုလ်တွေကို တရားသူကြီးတွေ ဝင်ပါတာမျိုးမရှိဘဲ အချိန်ကာလ သတ်သတ်မှတ်မှတ်မရှိဘဲ ထိန်းသိမ်းတာ၊ အဲဒီမှာ စုံစမ်းစစ်ဆေးတာတွေလုပ်နိုင်ဖို့ ပြည်ပအစိုးရတွေနဲ့အပေးအယူလုပ်၊ ဒီလုပ်ရပ်တွေအတွက် ''အပျောက်ရိုက်ထားတဲ့စုံစမ်းစစ်ဆေးရေးနေရာတွေ'' ကို ဆောက်လုပ်ပါတယ်။
ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာတော့ ထရမ့်ဟာ အမေရိကန် မြေပေါ်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ပြန်ပို့တာနဲ့ ထိန်းသိမ်းတာလုပ်တဲ့ သူ့လုပ်ရပ်တွေကို တရားရေးအရ ရှောင်ရှားနိုင်အောင် အလားတူ အဆင့်တွေ လုပ်ထားပါတယ်။
ထရမ့်ဟာ ပြန်ပို့မယ့်သူတွေကို ထားဖို့ ကွာတာနာမို ပင်လယ်အော်ထဲမှာ ထိန်းသိမ်းရေး အဆောက်အဦကို ချဲ့ပြီး အဲဒီလူတွေကို ပြန်ပို့တဲ့အခါ လက်ခံမယ့် ပြည်ပအစိုးရရှေ့နေတွေနဲ့ အပေးအယူလုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
ဒီလိုလုပ်တာ ရပ်ဖို့ တားမြစ်မိန့်တွေကို အမေရိကန်တရားရုံးအချို့က ထုတ်ခဲ့ပေမဲ့ ဒီလုပ်ရပ်တွေကို ပြန်လည် ဆန်းစစ်ဖို့အပိုင်းမှာ အကန့်အသတ်တွေ ရှိနေပါတယ်။
''နိုင်ငံခြားရေးဆိုင်ရာ သံခင်းတမန်ခင်းကို ကျင့်သုံးဖို့၊ ပြည်ပ အကြမ်းဖက်သမားတွေရန်ကနေ နိုင်ငံကိုကာကွယ်ဖို့နဲ့ ဒါတွေ ဖယ်ရှားရေးကို အာဏာတည်စေဖို့ဆိုရင် ဖွဲ့စည်းပုံအရ တာဝန်ခံရတဲ့သူဟာ သမ္မတသာဖြစ်တယ်။ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ မဟုတ်ပါဘူး'' လို့ ထရမ့်ရဲ့ရှေ့နေတွေက အမေရိကန်တရားလွှတ်တော်ချုပ်ရှေ့မှာ အမှုတစ်ခုကို လျှောက်လဲချိန် ပြောခဲ့တာရှိပါတယ်။
အမေရိကန်တရားရေးဌာနရဲ့စုံစမ်းနိုင်စွမ်းနဲ့ ပြည်တွင်းထောက်လှမ်းရေးကို သုံးမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ တဖက်မှာလည်း ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့်တုန်းက ''အတွင်းရန်သူ'' ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ချေနီ တိုးလုပ်ခဲ့ဖူးတဲ့နည်း ဖြစ်ပါတယ်။
ဘုရှ် အစိုးရဟာ အစွန်းရောက်အမြင်တွေကို လက်ခံတယ်လို့ မသင်္ကာတဲ့မွတ်ဆလင် အသိုင်းအဝိုင်းတွေထဲကို စိမ့်ဝင်ဖို့ ဒီလုပ်ပိုင်ခွင့်တွေကို သုံးခဲ့ပါတယ်။ ထရမ့်ကတော့ ဒါကို လက်ဝဲ အန်တီဖာ လှုပ်ရှားမှုကို အမျိုးသားအဆင့်နှိမ်နင်းမှုလို့ သုံးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ သမ္မတရဲ့ လက်ယာယိမ်းမူဝါဒတွေကို ဆန့်ကျင်ဖို့ ဆန္ဒပြမှုတွေဖြစ်စေတယ်လို့ သူက ပြောပါတယ်။
အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ တရားဝင်ခွင့်ပြုချက်ရရှိတဲ့ ပြည်ပနိုင်ငံသားတွေကို အဓိကထားပြီး အစိုးရရဲ့စောင့်ကြည့်ထောက်လှမ်းမှုအားကို သုံးပါတယ်။ အမေရိကန်ဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးအမြင်တွေကို ကိုင်စွဲထားတယ်လို့မှတ်ယူခံရသူတွေကို နေထိုင်ခွင့်ရုပ်သိမ်းတာနဲ့ အလုပ်အကိုင်ဗီဇာ ရုပ်သိမ်းတာတွေလုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
နိုဝင်ဘာ ၄ ရက်မှာ ချေနီ ကွယ်လွန်တဲ့သတင်းထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန် အိမ်ဖြူတော်မှာ အလံတွေ တိုင်တဝက်ချပြီး လွှင့်ထူပါတယ်။ ပြည်ထောင်စုအဆင့် ဥပဒေအရ နိုင်ငံအဆင့် ဝမ်းနည်းကြောင်းပြသဖို့ မဖြစ်မနေ လုပ်ရတာဖြစ်ပါတယ်။ ဒါဟာ သူ့ခတ် သူ့အခါက ဒိတ်ဒိတ်ကြဲ အမာခံပါတီဝင် ရှေးရိုးစွဲသမားကြီး ချေနီနဲ့ ရီဘတ်ဘလီကန်ပါတီသစ်ပုံစံ ပုံရိပ်ဖော်တဲ့ ထရမ့်တို့ကြားက ဖြစ်ခဲ့တဲ့ အဟကို ပြန်စေ့ပြရာလည်း ရောက်ပြန်ပါတယ်။
ဒုသမ္မတ ဟောင်း ချေနီ ကွယ်လွန်မှုကို ဝမ်းနည်းကြောင်း တဖြည်းဖြည်း ထုတ်ပြောလာကြသူတွေရှိပေမဲ့ ထရမ့်ကတော့ ခပ်မဆိတ် နေနေတုန်းပါ။
ဒါပေမဲ့ သမ္မတ ထရမ့်ဟာ ချေနီ နဲ့ သူ့ရဲ့ ကြားဝင်မှု နိုင်ငံခြားရေးမူဝါဒ အပေါ် မြင်တဲ့အမြင်တွေကို အတိတ်တုန်းက ဝေဖန်ဖို့ မတွန့်ခဲ့သူပါ။ ပြီးတော့ ချေနီရဲ့ သမီးဖြစ်သူ လစ်ဇ် နဲ့လည်း မကြာခဏဆိုလို ထိပ်တိုက်တွေ့တာ ရှိခဲ့ပါတယ်။ လစ်ဇ်က ထရမ့်ထောက်ခံသူတွေက အမေရိကန် လွှတ်တော်အဆောက်အဦထဲ ချင်းနင်းဝင်ရောက်ခဲ့တဲ့ ဇန်နဝါရီ ၆ ရက် တိုက်ခိုက်မှုအတွင်း ထရမ့်ရဲ့အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးတဲ့လွှတ်တော်ကော်မတီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်တုန်းက တာဝန်ထမ်းခဲ့သူဖြစ်သလို ထရမ့်ကို ဝေဖန်သူလည်းဖြစ်ပါတယ်။
ထရမ့်နဲ့ ချေနီတို့ဟာ ချေနီ တစ်ယောက် အစိုးရဝန်ထမ်းအဖြစ်ကနေ နောက်ဆုံး နှုတ်ဆက်သွားခဲ့ပြီးတဲ့နောက် ဆယ်စုနှစ် တစ်ခုကျော်အထိ အစေးမကပ်ဖြစ်ခဲ့ကြသူတွေပါ။ ဒီလို မတည့်ကြတာကလည်း မူဝါဒအပိုင်းနဲ့ ကိုယ်ရည်ကိုယ်သွေး လုပ်နိုင်ကိုင်နိုင်ကြတဲ့အပိုင်းသက်သက်ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတရဲ့လုပ်ပိုင်ခွင့်အပိုင်းမှာ လိုအပ်ရင် အိမ်ဖြူတော်အနေနဲ့ တွန်းလုပ်တာ၊ သမ္မတလုပ်ပိုင်ခွင့်ဘောင်ကို အသုံးချတဲ့နေရာတွေမှာတော့ သူတို့ နှစ်ဦးစလုံးဆိုညည်းတဲ့တေးသွားက တစ်ထပ်တည်းကျကြပါတယ်။











