ဒေါ်နယ်ထရမ့်က ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲစေခဲ့သလဲ

အမေရိကန်သမ္မတ ဖြစ်လာသူဟာ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်အနေနဲ့သာ မကတော့ဘဲ သူတာဝန်ကျတဲ့ သက်တမ်းကာလအတွင်း ကမ္ဘာပေါ်မှာ အရှိန်အဝါ အရှိဆုံး ပုဂ္ဂိုလ်လို့တောင် ဆိုနိုင်ပါတယ်။
ဒီလို အရှိန်အဝါရှိတဲ့ပုဂ္ဂိုလ် လုပ်ဆောင်လိုက်တဲ့ အပြုအမူတွေဟာ နိုင်ငံတိုင်းက လူတိုင်းအပေါ် သက်ရောက်မှု ရှိနိုင်ပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဒီလို အလားတူ သက်ရောက်မှု ရှိစေခဲ့တဲ့ အမေရိကန်သမ္မတတစ်ဦး ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအပေါ် ကမ္ဘာကြီးရဲ့အမြင်
လက်ရှိ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နိုင်ငံဟာ “ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး နိုင်ငံဖြစ်တယ်” ဆိုပြီး ထပ်ခါတလဲလဲ ပြောဆို ထားခဲ့ဖူးပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Pew သုတေသနဌာနက ကမ္ဘာ့စီးပွားရေး အင်အားကြီး ၁၃ နိုင်ငံမှာ အမေရိကန်နိုင်ငံအပေါ် ထားရှိတဲ့ သဘောထား ကောက်ယူမှု စစ်တမ်းအရတော့ လတ်တလောမှာ မစ္စတာ ထရမ့် ယူဆသလို အခြားနိုင်ငံတွေက မယူဆကြတာ တွေ့ရပါတယ်။
အဲဒီဌာနက စစ်တမ်း သွားရောက် ကောက်ယူတဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်နဲ့ ယူကေနိုင်ငံတို့ ဖြစ်ပါတယ်။
အဲဒီ စစ်တမ်း ကောက်ယူချက်ထဲမှာ ပါဝင်တဲ့ ဥရောပနိုင်ငံတွေက နိုင်ငံသားတွေရဲ့ အမေရိကန်နိုင်ငံ အပေါ် အပြုသဘော ရှုမြင်မှုဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ အနိမ့်ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
ယူကေနိုင်ငံအတွင်းမှာ ဆိုရင် အမေရိကန်နိုင်ငံကို အပြုသဘော ရှုမြင်သူ ၄၁ ရာခိုင်နှုန်းရှိပြီး ပြင်သစ်မှာတော့ ၂၀ဝ၃ ခုနှစ်နောက်ပိုင်းက စပြီး အနိမ့်ဆုံး အပြုသဘော ရှုမြင်မှုအနေနဲ့ ၃၁ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
ဂျာမနီမှာဆိုရင် အမေရိကန်နိုင်ငံကို အပြုသဘော ရှုမြင်သူက ၂၆ ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ရပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေကို ယုံကြည်စိတ်ချမှု ရှိမရှိ
စစ်တမ်း ကောက်ယူမှုတွေအရ လက်ရှိ အမေရိကန်သမ္မတ ထရမ့်ကို မယုံကြည်၊ စိတ်မချသူ ရာခိုင်နှုန်းက ၈၃ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
အခုလို အမေရိကန်နိုင်ငံနဲ့တကွ ခေါင်းဆောင်ကိုပါ အပြုသဘော ရှုမြင်မှု ကျဆင်းသွားစေတဲ့ အကြောင်းရင်းတွေထဲက အဓိက တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကို အမေရိကန် အစိုးရက ကိုင်တွယ်မှုနဲ့ သက်ဆိုင်နိုင်ပါတယ်။
အဲဒီ Pew သုတေသနဌာနကပဲ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း လုပ်တဲ့ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်လို့ စစ်တမ်းဖြေဆိုသူ ၁၅ ရာခိုင်နှုန်းလောက်ကသာ ဖြေခဲ့ကြပါတယ်။
ဒီစစ်တမ်းရဲ့ နောက်ထပ် စိတ်ဝင်စားစရာ တွေ့ရှိချက်တွေကတော့ ဂျာမနီခေါင်းဆောင် ဝန်ကြီးချုပ် အန်ဂယ်လာ မာကဲလ်ဟာ အယုံကြည် အခံရဆုံး ခေါင်းဆောင် အနေနဲ့ ဖြေဆိုသူ ၇၆ ရာခိုင်နှုန်းက ယူဆကြပြီး ထရမ့်ပြီးရင် စိတ်မချရဘူးလို့ ယူဆခံရတဲ့ ခေါင်းဆောင်တွေကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် (၇၈ ရာခိုင်နှုန်း)နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (၇၃ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။
ဥရောပမှာ ပြင်သစ်ခေါင်းဆောင် သမ္မတ အီမန်နျူရယ် မက်ခရွန်က ယုံကြည်စိတ်ချသူ ၆၄ ရာခိုင်နှုန်း ရထားသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိနေတဲ့ လက်ရှိ ယူကေအစိုးရ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း သူ့ကို ယုံကြည်သူ ၄၈ ရာခိုင်နှုန်းနဲ့ မယုံကြည်သူ ၄၆ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေး အားပျော့လာခြင်း
ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲနေတဲ့ အခြေအနေကို ထရမ့်က ဘယ်လို သဘောထားသလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲပြီး ဒီဖြစ်စဉ်ကို သူက “အကုန်အကျများမယ့် လုပ်ဇာတ်ကြီး” “အရေးပါတဲ့ အကြောင်းအရာ” “သူ့အတွက် အလွန်အရေးကြီးတဲ့ ကိစ္စ” အစရှိသဖြင့် အမျိုးမျိုး ပြောဆိုထား ပါတယ်။
ဒါပေမဲ့ သူသမ္မတ ဖြစ်လာတဲ့ ခြောက်လအတွင်း ဒီကိစ္စအပေါ် သူ့ရဲ့ သဘောထားကို သိသာစေတဲ့ လုပ်ရပ်ကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်လိုက်မှု ဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် သိပ္ပံပညာရှင်တွေ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ ပါတယ်။
ဒီသဘောတူညီချက်အရ လက်ရှိ ၂၁ ရာစု အတွင်းမှာ ကမ္ဘာ့ပျမ်းမျှ အပူချိန် ၂ ဒီဂရီ ထက်ပိုပြီး မတက်စေရေး ရည်မှန်းချက်ထား ဝိုင်းဝန်း ဆောင်ရွက်ကြမယ့် နိုင်ငံ ၂၀ဝ နီးပါး ရှိထားရာမှာ အဲဒီအထဲက ကမ္ဘာလေထုကို ပူနွေးစေတဲ့ ဓာတ်ငွေ့အမျိုးအစားတွေ ထုတ်လွှတ်မှုမှာ တရုတ်နိုင်ငံ ပြီးရင် အမြင့်ဆုံး ဖြစ်နေတဲ့ အမေရိကန်နိုင်ငံက နုတ်ထွက်မှာ ဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေက အခုလို စိတ်ပျက်ကြတာ ဖြစ်ပါတယ်။
ပါရီ သဘောတူညီချက်က နုတ်ထွက်မယ့် ထရမ့်ရဲ့ ကြေညာချက်ဟာ အမေရိကန် ရွေးကောက်ပွဲ ကျင်းပအပြီး နောက်တစ်နေ့ ဖြစ်တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင် အသက်ဝင်နိုင်ဘွယ် ရှိပါတယ်။
ဒီလို အချိန်ကိုက် ဖြစ်နေမှုကြောင့် လာမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်သာ ထပ်အနိုင်ရ သွားခဲ့ရင် ကမ္ဘာ့ရာသီဥတု ပူနွေးမှုကို ထိန်းချုပ်ဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားမယ်လို့ သုတေသီတွေက သတိပေးနေကြပါတယ်။
ရီပတ်ဘလီကန်သမ္မတ ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဂျိုး ဘိုင်ဒန်ကတော့ သူသာ ရွေးကောက်ပွဲအပြီး သမ္မတ ဖြစ်လာရင် ပါရီ သဘောတူညီချက်မှာ ပြန်လည် လက်မှတ်ထိုးမယ် ဆိုပြီး မဲဆွယ်စည်းရုံးစဉ်အတွင်း ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ကတော့ ပါရီ သဘောတူညီချက်အရ တင်းကြပ်လွန်းတဲ့ စည်းကမ်းချက်တွေကြောင့် အမေရိကန်နိုင်ငံတွင်း လုပ်ငန်းရပ်တန့်ရတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ကျောက်မီးသွေး၊ ရေနံနဲ့ ဓါတ်ငွေ့ ထုတ်လုပ်စရိတ် လျှော့ချဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု ဆိုင်ရာ စည်းကမ်းတွေကို ဖျက်သိမ်းတာတွေလည်း လုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းကို လူဝင်မှု အရေအတွက် ကန့်သတ်ခဲ့တဲ့ ထရမ့်
အမေရိကန် သမ္မတ ထရမ့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုအပြီး တပတ်အတွင်းမှာပဲ မွတ်စလင် အများစုနေထိုင်တဲ့ ၇ နိုင်ငံက အမေရိကန်ကို လာရောက်မယ့်သူတွေကို ပိတ်ပင်ခဲ့ပြီး လက်ရှိ သူ့ရဲ့ ပထမ သမ္မတ သက်တမ်း ပြီးဆုံးခါနီးအချိန်မှာ သမ္မတထရမ့် ပြည်ဝင်ခွင့် တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့ နိုင်ငံ အရေအတွက် ၁၃ နိုင်ငံ ရှိနေပါတယ်။
အမေရိကန်နိုင်ငံပြင်ပမှာ မွေးဖွားလာပြီးမှ အမေရိကန်နိုင်ငံအတွင်းမှာ လာရောက်နေထိုင်နေသူ အရေအတွက်က နှစ်စဉ် တိုးတက်နေကျ ထုံးစံအတိုင်း ထရမ့်လက်ထက် ၂၀၁၉ ခုနှစ် အရောက်မှာ ၃ ရာခိုင်နှုန်း တိုးလာပေမဲ့ မက္ကဆီကိုနိုင်ငံက ဝင်ရောက်လာသူ အရေအတွက်ကတော့ ထရမ့်ရဲ့ သမ္မတ သက်တမ်းအတွင်း နှစ်စဉ် မှန်မှန် ကျဆင်းနေတာကို တွေ့ရပါတယ်။
အမေရိကန်နိုင်ငံ အတွင်းမှာ နှစ်စဉ် လာရောက် နေထိုင်ကြသူတွေထဲက အများစုကတော့ မက္ကဆီကိုမှအပ လက်တင်အမေရိကလို့ ခေါ်တဲ့ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းက နိုင်ငံတွေက နိုင်ငံသားတွေ၊ တရုတ်၊ အိန္ဒိယနဲ့တကွ အာရှနိုင်ငံတွေက ရောက်လာကြတဲ့ နိုင်ငံသားတွေ ဖြစ်ပြီး ကျန်လူတွေကတော့ ကမ္ဘာအနှံ့က လာရောက်ကြသူတွေ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ သူ့လက်ထက်အတွင်း အထူးသဖြင့် အမေရိကန်နိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်ရပြီးသူတွေရဲ့ ဆွေမျိုးတွေကို ထပ်မံ အခြေချ နေထိုင်ခွင့် ပေးရာမှာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။
ထရမ့်ဟာ မက္ကဆီကိုနဲ့ နယ်စပ်ကို “ကြီးမား လှပတဲ့ တံတိုင်းကြီးတွေ” ကာပြီး လူဝင်မှု ကြီးကြပ်ရေး လုပ်မယ်လို့ မကြာခဏ ပြောထားခဲ့တဲ့ အတိုင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အမေရိကန် နယ်စပ် လူဝင်မှုနဲ့ အခွန်ကြီးကြပ်ရေး ဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ မက္ကဆီနဲ့ နယ်စပ်မှာ ဆောက်လာခဲ့တဲ့ တံတိုင်းအလျား ၃၇၁ မိုင်ရှိပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို တားဆီးမှုတွေက အမေရိကန်နိုင်ငံကို ရောက်အောင် လာချင်သူတွေကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။ အထူးသဖြင့် လတ်တလော နှစ်တွေအတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေ ဖြစ်ခဲ့ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့တဲ့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်လ်ဆာဗေးတော နိုင်ငံတွေက မိသားစုလိုက် မက္ကဆီကို နယ်စပ်ကတဆင့် အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားကြရာမှာ ၂၀၁၉ ခုနှစ်မှာ တရားမဝင် ဝင်ရောက်သူတွေကို ၁၂ နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင် ဖမ်းဆီးမိခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ဟာ အမေရိကန်မှာ အခြေချခွင့် ပေးတဲ့ ဒုက္ခသည် အရေအတွက်ကိုလည်း အတော်များများ ကန့်သတ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်မှာ အမေရိကန်နိုင်ငံအတွင်း အခြေချခွင့် ပေးတဲ့ ဒုက္ခသည် ၈၅၀ဝ၀ နီးပါးရှိရာကနေ ထရမ့် သမ္မတဖြစ်လာတဲ့ နောက်တနှစ်မှာ ၅၄၀ဝ၀ အောက်အထိ လျော့ကျသွားခဲ့ပါတယ်။
လာမယ့် ၂၀၂၁ ခုနှစ်မှာဆိုရင် အခုလို အခြေချခွင့်ပေးမယ့် ဒုက္ခသည် အရေအတွက်ကို ၁၅၀ဝ၀ ပဲ ပေးဖို့ ကန့်သတ်ထားပြီး ဒုက္ခသည် အခြေချခွင့်ပေးတဲ့ အစီအစဉ် စတင်တဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း တလျောက်မှာ ဒုက္ခသည် လက်ခံမှု အနည်းဆုံး ဖြစ်ပါတယ်။

သူဝေဖန်ခံရရင် သတင်းတုလို့ နာမည်တပ်တဲ့ ထရမ့်
ထရမ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားမှုတွေနဲ့တကွ နှုတ်နဲ့ ပြောဆိုမှုတွေကို Factba.se ဝက်ဘ်ဆိုက်ရဲ့ မှတ်တမ်းတင်ထားချက်အရ သူ သမ္မတဖြစ်အပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သူ့ကို ဝေဖန်တဲ့ CNN သတင်းဌာနကို သတင်းမှားတွေ လွှင့်တယ် ဆိုပြီး တွစ်တာပေါ်ကနေ စတင်ပြောဆိုမှုက စလို့ လက်ရှိ ၂၀၂၀ ခုနှစ်အထိ သတင်းမှား ဆိုတဲ့ စကားလုံးကို ထရမ့်က အကြိမ် ၂၀ဝ၀ လောက် သုံးခဲ့တယ်လို့ ဆိုပါတယ်။
သတင်းမှားဆိုတဲ့ စကားလုံးကို ထရမ့်က အခုလို လူစိတ်ဝင်စားအောင် လုပ်ပေးသလို ဖြစ်ခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံအတွင်း ဂူဂဲလ် စာမျက်နှာပေါ်မှာ သတင်းမှား ဆိုတဲ့ စကားလုံးကို ရှာဖွေမှုဟာ ၂၀၁၇ နှစ်စပိုင်းက စလို့ သိသိသာသာ တက်လာခဲ့ပါတယ်။
ထရမ့်ဟာ သူနဲ့ ပတ်သက်ပြီး လွဲမှားဖော်ပြတဲ့ သတင်းတွေထဲက သတင်းမှားဆု စာရင်းဝင်တယ် ဆိုပြီး သူ့ဟာသူ ရွေးချယ် သတ်မှတ်ခဲ့တဲ့ သတင်းတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ရီပတ်ဘလီကန် ပါတီရဲ့ ဝက်ဆိုက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလို ဖော်ပြလိုက်တဲ့အတွက် ဂူဂဲလ်မှာ "သတင်းမှား" ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံအတွင်း ရှာဖွေကြတဲ့ အကြိမ်အရေအတွက်က နှစ်ဆလောက် ထပ်တက်သွားခဲ့ပါတယ်။
အခုလို ဖော်ပြရာမှာ CNN က လေးခု၊ နယူးယောက်တိုင်းမ်စ်က နှစ်ခု၊ ဝါရှင်တန် ပို့စ်၊ အေဘီစီ သတင်းစဉ်၊ နယူးစ်ဝိခ်နဲ့ တိုင်းမ်တို့က တစ်ပုဒ်စီ ပါဝင်ခဲ့ပါတယ်။ သမ္မတဖြစ်ဖို့ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ရုရှားအစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တဲ့ သတင်းဌာန အသီးသီးက သတင်းတွေကိုလည်း ထရမ့်က စုပေါင်းပြီး ဆုစာရင်းထဲ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
အဲဒီ သတင်းတွေကို ဖော်ပြခဲ့တဲ့ သတင်းဌာနတွေဟာ နောက်ပိုင်းမှာ တကယ်လည်း ပြန်ပြင် ပေးခဲ့ရတဲ့ အတွက် ထရမ့်ကို ထောက်ခံသူတွေက သူတို့ကို သတင်းဌာနတွေက တမင် အပြစ်ရှာ ဖော်ပြနေတာ ထင်ရှားတဲ့ သက်သေအဖြစ် ယူဆခဲ့ကြပါတယ်။
ဝေဖန်သူတချို့ကတော့ ဒါဟာ လွတ်လပ်စွာ ပြောဆို ထုတ်ဝေခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဖော်ပြမှု အဖြစ် ယူဆကြသလို သတင်းမှားဆု စာရင်းမဝင်တဲ့ သတင်းဌာနတွေကလည်း သူတို့ မရတဲ့အတွက် စိတ်ပျက်ရကြောင်း ထေ့ငေါ့ တုံ့ပြန်ခဲ့ကြပြီး ထရမ့်လို လူမျိုးက ဝေဖန်ခံရတာဟာ အမှန်တရားပြောသူ အဖြစ် ချီးကျူးခံရသူ ဖြစ်နေသလိုပုံမျိုး ပြောဆိုခဲ့ကြပါတယ်။
ထရမ့်ဟာ သူ့ကို ဝေဖန်တဲ့ သတင်းဌာနတွေကို သတင်းမှား ထုတ်လွှင့်သူတွေအဖြစ် ပြောဆိုရာကနေ တဆင့်တက်ပြီး နယူးယောက်တိုင်းမ်စ်၊ အန်ဘီစီ သတင်းစဉ်၊ အေဘီစီ သတင်းစဉ်၊ စီဘီအက်စ် သတင်းစဉ်နဲ့ စီအန်န်အန်န် တို့ဟာ အမေရိကန်ပြည်သူတွေ အတွက် ရန်သူတွေ ဖြစ်တယ် ဆိုပြီးတော့ပါ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ တွစ်တာကနေ ဖော်ပြခဲ့ပါတယ်။
နောက်ပိုင်းမှာ ထိုင်း၊ ဖိလစ်ပိုင်၊ ဆော်ဒီနဲ့ ဘာရိန်းနိုင်ငံတွေမှာ သတင်းမှား ဖြန့်ချိတယ်လို့ အကြောင်းပြပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိနှိပ် အရေးယူမှုတွေ ရှိလာခဲ့တဲ့ အတွက် မှန်ကန်တဲ့ သတင်းတွေကို သတင်းမှား တံဆိပ်ကပ်တဲ့ နိုင်ငံရေးသမားတွေကို ပြည်သူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက စတင် တုံ့ပြန် ဝေဖန်တာတွေလည်း လုပ်လာခဲ့ရ ပါတယ်။

အရှေ့အလယ်ပိုင်းဒေသအပေါ် ထရမ့်ရဲ့ သက်ရောက်မှု
အမေရိကန် သမ္မတ ထရမ့်က အမေရိကန် ကွန်ဂရက်ကို ပြောကြားတဲ့ ၂၀၁၉ ခုနှစ် တိုင်းပြည် စည်းလုံးရေး သတင်းစကား နှစ်ပတ်လည် မိန့်ခွန်းမှာ အမေရိကန် စစ်တပ်တွေကို ဆီးရီးယားနိုင်ငံ ကနေ ဆုတ်ခွာနိုင်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံတွေဟာ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေကို တိုက်လေ့ မရှိဘူးလို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
ထရမ့်ဟာ သူ့လက်ထက်မှာ အမေရိကန်ပြင်ပမှာ ချထားတဲ့ တပ်ဖွဲ့တွေကို လျှော့ချမှုတွေ လုပ်တယ် ဆိုပေမယ့် လုံးဝ ရုပ်သိမ်းတာတော့ မလုပ်ခဲ့ဘဲ ဥပမာအားဖြင့် ဆီးရီးယားမှာဆိုရင် ရေနံတွင်းတွေကို ကာကွယ်ဖို့ အမေရိကန်စစ်သား ၅၀၀ ချန်ထားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဓိကအားဖြင့် သူဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာလည်း အမေရိကန် တပ်ဖွဲ့ဝင်အင်အားကို လျှော့ချခဲ့တယ် ဆိုပေမယ့်လည်း သူ သမ္မတ အဖြစ် တာဝန်ယူကာစမှာ ပြည်ပရောက် အမေရိကန် စစ်သားအရေအတွက် ၂ သိန်းကျော်ကျော် ရှိရာက သူ့လက်ထက်အတွင်းမှာ ၂ သိန်းနီးပါး ဆက်ရှိနေသေးတဲ့ အတွက် များပြားနေပါသေးတယ်။
အမေရိကန်ရဲ့ မဟာမိတ် အနောက်ဥရောပနိုင်ငံတွေ တကယ်တမ်း စိုးရိမ်စိတ် များစေတဲ့ တပ်ဖွဲ့ ရုပ်သိမ်းမှု ကတော့ ဂျာမနီမှာ ချထားတဲ့ အမေရိကန်တပ် ၁၂၀ဝ၀ ကို ရုပ်သိမ်းမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒီလို လုပ်တာဟာ မြောက်အက်တလန္တိတ် စစ်စာချုပ် နိုင်ငံများအဖွဲ့ နေတိုးရဲ့ အင်အားကို ချိနဲ့စေမယ့် လုပ်ဆောင်မှု ဖြစ်တယ် ဆိုပြီး ဂျာမနီဘက်က ဝေဖန်ထားပါတယ်။
ထရမ့်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ တပ်ဖွဲ့တွေ ထားရှိမှု လျှော့ချခဲ့တယ် ဆိုပေမဲ့ စစ်အင်အား မသုံးဘဲ သံတမန်နည်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေတော့ ရအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ နိုင်ငံထူထောင်ထားတဲ့ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး အပြည့်အဝ ထူထောင်ထားတဲ့ အာရပ်နိုင်ငံက (အီဂျစ်နဲ့ ဂျော်ဒန်) နှစ်နိုင်ငံပဲ ရှိရာကနေ အာရပ်စော်ဘွားများ နိုင်ငံ UAE နဲ့ ဘာရိန်းတို့ကပါ အစ္စရေးကို သမိုင်းဝင် အသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေး ထူထောင်နိုင်အောင် ထရမ့်က ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာ ကုန်သွယ်ရေးအပေါ် ထရမ့်ရဲ့ သက်ရောက်မှု
သမ္မတ ထရမ့်ဟာ ရာထူးယူပြီး မကြာခင်မှာပဲ သမ္မတဟောင်း ဘားရက် အိုဘားမား သဘောတူထားခဲ့တဲ့ ပစိဖိတ်ဒေသတဝန်း ၁၂ နိုင်ငံ ကုန်သွယ်ရေးစာချုပ်ဟာ အမေရိကန် စီးပွားရေးရဲ့ အမှီအခိုကင်းပြီး လွတ်လပ်မှုကို ထိခိုက်နိုင်တဲ့အတွက် ဆိုပြီး နုတ်ထွက်ခဲ့ပါတယ်။
အခုလို အမေရိကန် နုတ်ထွက်မှုကနေ တရုတ်နိုင်ငံက အမြတ်ထွက်ခဲ့တယ်လို့ ကုန်သွယ်ရေး ကျွမ်းကျင်သူတွေဘက်က ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ဒီ သဘောတူညီမှုက အမေရိကန်ရဲ့ အလုပ်အကိုင် အခြေအနေကို ထိခိုက်နိုင်တယ်လို့ ယူဆတဲ့ ပြည်တွင်းဝေဖန်သူတွေကတော့ ဒီလို ထွက်တာကို ထောက်ခံခဲ့ကြပါတယ်။
မစ္စတာ ထရမ့်ဟာ အရင်သမ္မတ အိုဘားမား လက်ထက်က သဘောတူထားတဲ့ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့နဲ့ စာချုပ်ထားတဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကိုလည်း ပြန်လည် ဆွေးနွေးခဲ့ပြီး အလုပ်သမား နေရာချပုံနဲ့ ကားပစ္စည်း အစိတ်အပိုင်းတွေ ဘယ်က မှာယူရမလဲ ဆိုတဲ့ စည်းကမ်းပိုင်းတွေကို ပြင်ဆင်ခဲ့ပါတယ်။
သူဟာ အမေရိကန်နိုင်ငံက နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ အသားတင် အမြတ်ထွက် မထွက် ဆိုတဲ့ ကိစ္စကို အလေးထားခဲ့ပုံ ရပြီး ဒီလို တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ဘီလျံ ရာနဲ့ချီပြီး အမြတ်ထွက်နေခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေး စတင် တင်းမာလာခဲ့ပါတယ်။
ဒီလို တင်းမာမှုရဲ့ ရလဒ်ကတော့ အမေရိကန်ဒေါ်လာ ဘီလျံ ရာနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကုန်ပစ္စည်း အမျိုးမျိုး တင်သွင်းမှုတွေကို နှစ်ဖက်စလုံးက အခွန်တိုးကောက်လာကြတဲ့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားမှုပဲ ဖြစ်ပါတယ်။
ဒီလို အပြန်အလှန် အခွန်တိုးကောက်ကြရာမှာ အမေရိကန်နိုင်ငံအတွင်း အထူးသဖြင့် ပဲပိစပ် စိုက်ပျိုးတဲ့ လယ်သမားတွေ၊ နည်းပညာနဲ့ ကားကုမ္ပဏီတွေ အဓိက ထိခိုက်ခဲ့ပြီး တရုတ်နိုင်ငံ အတွင်းမှာ ဆိုရင်လည်း အမေရိကန်ဘက်က အခွန်ကြောင့် အရင် ရှိနေတဲ့ လုပ်ငန်းတွေက သူတို့အတွက် အမြတ်ပိုထွက်နိုင်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေကို ရွှေ့သွားကြတဲ့ အကြပ်အတည်းတွေကို ကြုံခဲ့ကြရပါတယ်။
တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှု သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ခုနှစ် နောက်ပိုင်းက စပြီး အမေရိကန်ဘက်က တရုတ်ကို ရောင်းတာထက် တရုတ်ဆီက ပြန်ဝယ်တဲ့ ပမာဏက မှန်မှန် တိုးနေခဲ့ရာကနေ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO အဖွဲ့ဝင်ဖြစ်လာတဲ့ ၂၀ဝ၁ ခုနှစ်နောက်ပိုင်း ဒီကွာဟမှု ပိုခုန်တက်သွားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို အမေရိကန်ဘက်က တရုတ်နဲ့ ကုန်သွယ်ရေး အသားတင် လိုငွေပြမှုဟာ ၁၉၉၇ ခုနှစ် အာရှ စီးပွားပျက်ကပ် ဆိုက်တဲ့ ကာလမှာ မကျသွားခဲ့တဲ့အပြင် ၂၀ဝ၇-၂၀၁၀ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ် ဆိုက်တဲ့ ကာလမှာတောင် ခဏသာ ကျသွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထရမ့် သမ္မတ ဖြစ်လာအပြီး သမ္မတ သက်တမ်းဝက်လောက်မှာ အဲဒီ လိုငွေပမာဏက အမေရိကန်ဒေါ်လာ ဘီလျံ ငါးရာကျော် ဖြစ်လာတဲ့အထိ ဆက်တက်လာခဲ့ပါတယ်။
ဒါပေမယ့် နှစ်ဘက် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ကြပြီး နောက်ပိုင်း ၂၀၁၉ ခုနှစ်လောက်မှာတော့ အမေရိကန် ကုမ္ပဏီတွေက တရုတ်ဆီက ကုန်ပစ္စည်းတင်သွင်းမှု လျော့ကျလာတဲ့အတွက် အဲဒီ လိုငွေပြတဲ့ ပမာဏက ထရမ့် သမ္မတ ဖြစ်ကာစကာလ ပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ငါးရာအောက် ပြန်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် အမေရိကန်ရဲ့ သွင်းကုန်ပမာဏ ပိုကျသွားတဲ့ အချိန်မှာတောင်မှ ၂၀၂၀ ခုနှစ် အမေရိကန်က တရုတ်နဲ့ ကုန်သွယ်ရေး လိုငွေပြမှုက အမေရိကန်ဒေါ်လာ ဘီလျံ ၁၉၃ ရှိနေပါသေးတယ်။

အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှု ပိုဆိုးလာစေခဲ့တဲ့ ထရမ့်
တကယ်တမ်း ထရမ့်လက်ထက် အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး တင်းမာမှုက ကုန်သွယ်ရေးပိုင်းက စခဲ့တာ မဟုတ်ဘဲ သူ သမ္မတ ဖြစ်လာပြီးကာစ ကျမ်းမကျိန်ရသေးခင် ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၁၉၇၉ ခုနှစ် နောက်ပိုင်းကစပြီး တရုတ်ပြည်မကြီးဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုပြီး ထိုင်ဝမ်နဲ့ တရားဝင်သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားတဲ့ အမေရိကန်အစိုးရ အဆက်ဆက်ရဲ့ ထုံးစံကို ပျက်ပြယ်သွားစေတဲ့ အပြုအမူတစ်ခုကို မစ္စတာ ထရမ့်က သူသမ္မတအဖြစ် အရွေးခံရပြီး တစ်လပြည့်တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်လိုက်ပါတယ်။
မစ္စတာ ထရမ့် သမ္မတအဖြစ် အနိုင်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဖုန်းဆက်ပြောတာကို ထရမ့်က တွစ်တာမှာ ထုတ်ပြောလိုက်တဲ့အတွက် အရင် အမေရိကန်အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ထုံးစံကို ထရမ့်က ဖောက်ဖျက်လိုက်သလို ဖြစ်သွားခဲ့တာပါ။
၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လိုက်တဲ့အချိန်မှာ ဒါကို အမေရိကန်အစိုးရက အသိအမှတ်မပြုဘဲ ထိုင်ဝမ်အခြေစိုက် တရုတ်သမ္မတနိုင်ငံကိုပဲ အသိအမှတ် ပြုလာခဲ့ရာကနေ ဆိုဗီယက် ခေါင်းဆောင် ဂျိုးဇက် စတာလင် ကွယ်လွန်အပြီး တရုတ်နဲ့ ဆိုဗီယက် အကွဲအပြဲနောက်ပိုင်း တရုတ်နဲ့ အမေရိကန်အကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုင်ဝမ်ကို တရားဝင် အသိအမှတ်မပြုဘဲ ထားထားခဲ့တာပါ။ အခု ဒီထုံးစံကို မစ္စတာ ထရမ့်က ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်ဝမ်ဘက်က တရုတ်လက်အောက်ခံ မဟုတ်ကြောင်း ပြတဲ့ လှည့်ကွက် အသေးစားလေးတခု ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တုံ့ပြန် ပြောဆိုလိုက်ပြီး ထိုင်ဝမ်ဘက်ကို ပိုပြီး အပြစ်တင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ထရမ့်ဘက်က မလျှော့ဘဲ အမေရိကန်အစိုးရ အဆက်ဆက် လက်ခံလာခဲ့တဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို သူ့လက်ထက်မှာ လိုက်နာစရာ မလိုဘူးလို့ ပြောခဲ့အပြီး နောက်ပိုင်းကစလို့ တရုတ် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးက စတင် တင်းမာလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နောက်ပိုင်း တရုတ်အစိုးရရဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုတွေ ဖြစ်စေတဲ့ ပိုင်နက်နယ်မြေ သတ်မှတ်မှုတွေကို အမေရိကန်ဘက်က တရားမဝင်ဘူးလို့ ကြေညာခဲ့အပြီးမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုဆိုးလာခဲ့ပြီး အဲဒီကနေမှ အပြန်အလှန် အခွန်တိုးကောက်ကြတဲ့ ကုန်သွယ်ရေး စစ်ပွဲပါ ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ တရုတ်ကုမ္ပဏီ ဟွာဝေးကို နိုင်ငံတော် လုံခြုံရေး ခြိမ်းခြောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်က ပိတ်ပင်မှုတွေ လုပ်လာခဲ့ပြီး မကြာသေးခင်က အမေရိကန် အစိုးရရဲ့ ပိတ်ပင်ခံရတဲ့ စာရင်းထဲမှာ တစ်ခ်တော့ခ်နဲ့ ဝီချက်တို့ပါ ပါဝင်လာခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာ ထရမ့်ဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း တရုတ်ဗိုင်းရပ်စ် ရောဂါပိုးလို့ နာမည်ပြောင်းခေါ်ပြီး တရုတ်ဘက်ကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံထဲမှာ ရောဂါကူးစက်မှု မထိန်းချုပ်နိုင်တာကို ဖုံးကွယ်ထားချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောတာလို့ သုံးသပ်သူတွေလည်း ရှိခဲ့ပါတယ်။
အီရန်နဲ့ ထိပ်တိုက် စစ်ပွဲဖြစ်လုနီးနီး အခြေအနေရောက်ခဲ့တဲ့ အမေရိကန်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အီရတ်ရဲ့ အမေရိကန်သံရုံး စီးနင်းတိုက်ခိုက်ခံရမှုမှာ အီရန်က နောက်ကွယ်က ခိုင်းစေတယ်လို့ စွပ်စွဲခဲ့တဲ့ ထရမ့်ဟာ အဲဒီ ဒီဇင်ဘာလ နှစ်သစ်ကူးည ၃၁ ရက်နေ့မှာ တွစ်တာပေါ်ကနေ အီရန်ကို ခြိမ်းခြောက် ရေးသားခဲ့ပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဆိုတဲ့ စကားနဲ့ အများ ဇဝေဇဝါ ဖြစ်စရာ အဆုံးသတ် ထားခဲ့ပြန်ပါတယ်။
အဲဒီ ရေးသားမှုမှာ အမေရိကန်ပိုင်စခန်းတွေက ပစ္စည်းတွေနဲ့တကွ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ဆုံးရှုံးမှုနဲ့ ဒဏ်ရာရမှုတွေ မှန်သမျှကို အီရန်က အပြည့်အဝ တာဝန်ခံရမယ်၊ ဒီအတွက် ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ဆိုပြီး ဒါဟာ သတိပေးရုံ သက်သက်မဟုတ်ဘဲ တိုက်ရိုက် ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
ထရမ့်က အခုလို ပြောခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်အစိုးရဟာ အီရန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ရေးကိစ္စတွေကို ကွပ်ကဲနေတဲ့ သြဇာအရှိန်အဝါကြီးသူ ဗိုလ်ချုပ် ကာဆမ် ဆူလေမာနီကို လုပ်ကြံ သတ်ဖြတ်လိုက်တဲ့အတွက် ကမ္ဘာကို အကြီးအကျယ် အံ့အားသင့်သွားစေ ခဲ့ပါတယ်။
အီရန်ကလည်း အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဦးတည်ပြီး တိုက်ချင်းပစ် ဒုံးကျည် တစ်ဒါဇင်ကျော်နဲ့ ပြန်လည် ပစ်ခတ် လက်တုံ့ပြန်ခဲ့ရာမှာ အမေရိကန် စစ်သား တစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒီလို ဖြစ်လာတဲ့ အခြေအနေကြောင့် နှစ်နိုင်ငံ ထိပ်တိုက်တွေ့တဲ့ စစ်ပွဲ ဖြစ်လာနိုင်တယ် ဆိုတဲ့ လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလို နှစ်ဖက် ထိပ်တိုက်တွေ့တဲ့ စစ်ပွဲ တကယ် ဖြစ်မလာခဲ့ပေမဲ့ အပြစ်မဲ့ပြည်သူ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အီရန်ဘက်က ဒုံးကျည်နဲ့ ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ အီရတ်စစ်တပ်က ယူကရိန်း ခရီးသည်တင် လေယာဉ်တစင်းကို မှားယွင်း ပစ်ခတ်မိတဲ့အတွက် ပါလာတဲ့ ခရီးသည်နဲ့ ဝန်ထမ်းအားလုံး စုစုပေါင်း ၁၇၆ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
ထရမ့် သမ္မတ ဖြစ်လာခါစ အမေရိကန်နဲ့ အီရန် ဆက်ဆံရေး
နျူးကလီးယား ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာနဲ့ ၂၀၁၅ ခုနှစ် သဘောတူစာချုပ်နဲ့အတူ အဆင်ပြေစ ပြုလာပေမယ့် ၂၀၁၆ ခုနှစ်မှာ ထရမ့် သမ္မတအဖြစ် အရွေးခံရပြီး နောက်ပိုင်းမှာတော့ ပြန်လည် ဆိုးဝါးလာခဲ့ပြန်ပါတယ်။
အဲဒီ ၂၀၁၅ ခုနှစ် သဘောတူစာချုပ်ကို မဲဆွယ်ကာလကတည်းက ဝေဖန်နေခဲ့တဲ့ ထရမ့်ဟာ သမ္မတ ဖြစ်လာတဲ့ အချိန်မှာတော့ ဒါကို လက်တွေ့ ပယ်ဖျက်ဖို့ ကြိုးစားလာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလမှာတော့ ဒီစာချုပ်က အမေရိကန် အစိုးရကို နုတ်ထွက်စေပြီး အီရန်ကိုလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လုပ်လိုက်ပါတယ်။
အမေရိကန်အစိုးရဘက်က ပြောဆိုမှုတွေအရ ဒီလို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ရတာဟာ အီရန်ဘက်မှာ အစိုးရ အပြောင်းအလဲအထိ ဖြစ်လာဖို့ပါ ရည်ရွယ်ပုံရပြီး ဒီလို ဖြစ်လာတဲ့ အခြေအနေ အပေါ် အီရန်နဲ့ ၂၀၁၅ ခုနှစ် သဘောတူညီမှု ရအောင် ညှိနှိုင်းခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားတို့သာ မက စာချုပ်မှာ ပါဝင်တဲ့ အနောက်နိုင်ငံတွေဘက်ကပါ အမေရိကန်ကို ဒီကိစ္စမှာ ဆန့်ကျင် ဝေဖန်ခဲ့ကြ ပါတယ်။
လတ်တလောမှာ အီရန်အစိုးရဘက်က အမေရိကန်ကို အလျှော့မပေးသေးဘဲ တင်းခံနေခဲ့ရာမှာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အီရန် စီးပွားရေး အလွန်အကျွံ ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာဆိုရင် တနှစ်အတွင်း စားသောက်ကုန်ဈေးနှုန်း ၆၀ ရာခိုင်နှုန်း ထိုးတက် သွားတဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။
ဒီလို ပြည်တွင်း အကြပ်အတည်းတွေကြောင့် အီရန်နိုင်ငံသားတွေက သူတို့အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည် တည်ငြိမ်သွားတယ် ဆိုပေမဲ့လည်း အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိခဲ့တယ်လို့ အမေရိကန်အစိုးရဘက်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ ဖြစ်လာချိန်မှာ အီရန်သမ္မတ ဟာဆန် ရူဟာနီက အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် သူတို့ရဲ့ ရောဂါတိုက်ဖျက်ရေး မနိုင်မနင်း ဖြစ်ရတယ်ဆိုပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို အကူအညီတောင်းတဲ့ ကြေညာချက် စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသက်ရှူစက်လို ကိုရိုနာဗိုင်းရပ်စ် ကုသရေး အကူအညီတွေ အီရန်ကို ပေးဖို့ လိုလားပါတယ်ဆိုပြီး စတင် ပြောဆိုလာခဲ့ပေမဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချပေးမယ့် အရိပ်အယောင်တော့ မမြင်ရသေးပါဘူး။
ထရမ့်မတိုင်ခင် အီရန်-အမေရိကန် ဆက်ဆံရေး
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းကျမှ ပိုနီးကပ်တဲ့ ဆက်ဆံရေး ရှိလာတဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆက်ဆံရေးဟာ ၁၉၅၁ ခုနှစ်မှာ ဗြိတိန်နဲ့တကွ အမေရိကန်တို့ရဲ့ ရေနံအကျိုးစီးပွားတွေကို ပြည်သူပိုင် ပြန်သိမ်းဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက် က လုပ်ခဲ့တဲ့အတွက် တင်းမာလာခဲ့ပါတယ်။
ဒါပေမယ့် ၁၉၅၃ ခုနှစ်မှာ အမေရိကန်နဲ့ ဗြိတိသျှ ထောက်လှမ်းရေးတို့ ပူးပေါင်းပြီး မိုဟာမက် မိုဆာဒက်ကို ဖြုတ်ချပြီး နောက်ပိုင်းမှာတော့ ရှားဘုရင် မိုဟာမက် ရီဇာနဲ့အတူ အာဏာသိမ်းဖို့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အကူအညီရတဲ့ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဖက်ဇ် လိုလာ ဇဟေဒီ က မိုဆာဒက် နေရာမှာ ဝန်ကြီးချုပ်ဖြစ်လာပြီး အီရန်-အမေရိကန် ဆက်ဆံရေးက ၁၉၇၉ ခုနှစ်အထိ အဆင်ပြေနေခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာတော့ အမေရိကန် နောက်ခံပေးထားတဲ့ ရှားဘုရင် မိုဟာမက် ရီဇာ အာဏာသိမ်း ခံရတဲ့အပြင် အမေရိကန်သံရုံးကို အီရန်ကျောင်းသားတွေ သိမ်းပိုက် ဆန္ဒပြမှုနဲ့အတူ အမေရိကန် နိုင်ငံသား ၅၂ ဦးပါ ထိန်းသိမ်းခံခဲ့ရပါတယ်။
အဲဒီအချိန်က အီရန်တော်လှန်ရေးကို ဦးဆောင်တဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီက အမေရိကန်မှာ ခိုလှုံသွားတဲ့ ရှားဘုရင်ကို အီရန်မှာ ပြစ်ဒဏ်ချရေးအတွက် ပြန်ပို့ပေးမှ အမေရိကန်နိုင်ငံသား ဓါးစာခံတွေကို ပြန်လွှတ်ပေးမယ် ဆိုပြီး အကြပ်ကိုင်ခဲ့ရာမှာ နှစ်ဘက် ညှိနှိုင်း မရဘဲ အမေရိကန် ဓါးစားခံတွေ ရက်ပေါင်း ၄၄၄ ရက်ကြာ ထိန်းသိမ်းထားခံခဲ့ရပါတယ်။
နောက်ပိုင်း ရှားဘုရင် ကွယ်လွန်အပြီးမှာ အမေရိကန်ဘက်က ရှားဘုရင်ပိုင်ဆိုင်တဲ့ အမေရိကန် ဘဏ်စာရင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလျံကို အီရန်ကို ပြန်လွှဲပေးလိုက်တော့မှ ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန် ဓါးစာခံတွေကို အီရန်ဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။












