၂၀၂၀ အမေရိကန် ရွေးကောက်ပွဲရဲ့ တစ်မူထူးလာနိုင်တဲ့ အခြေအနေများ

ဗီဒီယို ပုံစာ, အမေရိကန်မှာ သမ္မတကို ဘယ်လိုရွေးကြသလဲ၊ ဘယ်သူတွေက ရွေးပေးရတာလဲ။

လွန်ခဲ့တဲ့ အနှစ် ၂၀ က ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြီး နောက်တစ်နေ့ မနက်မှာ အနိုင်ရသူ ထင်ထင်ရှားရှား မထွက်ပေါ်သေးဘဲ ဖြစ်တာကို အမေရိကန် ပြည်သူတွေ ကြုံခဲ့ရဖူးပါတယ်။

အဲဒီအချိန်က သမ္မတလောင်းတွေဖြစ်ကြတဲ့ ဂျော့ ဒဘလျူ ဘုရှ်နဲ့ အယ်လ်ဂေါ တို့ နှစ်ယောက်ထဲက ဘယ်သူနိုင်သလဲဆိုတာ အဖြေထွက်လာဖို့အတွက် နောက်ထပ် ၃၆ ရက်လည်း ထပ်စောင့်ခဲ့ရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာလည်း အခုလို ဖြစ်လာနိုင်ခြေရှိနေပြီး အဓိကအားဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် လူတွေ အပြင်ထွက်ပြီး မဲပေးမှုနည်းတာနဲ့အတူ စာတိုက်က တစ်ဆင့်ပေးတဲ့ မဲတွေများတာကြောင့် ရက်သတ္တပတ်နဲ့ချီပြီး ရလဒ်ထွက်ဖို့ ကြာသွားနိုင်ပါတယ်။

ဒီလို အခြေအနေမှာ ၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲရဲ့ တစ်မူ ထူးခြားလာနိုင်တဲ့ အခြေအနေတွေကတော့ ယခင်ထက်ပိုပြီး အရေးပါနိုင်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူများရဲ့ အခန်းကဏ္ဍ၊ စာတိုက်က ပေးတဲ့မဲတွေ မကြုံဖူးလောက်အောင် များပြားလာပြီး မဲရေတွက်ဖို့ ပိုမို ကြာမြင့်ခြင်း၊ ရှုံးတဲ့ သမ္မတလောင်းက ရှုံးနိမ့်ကြောင်း ဝန်ခံမှု လုပ်တာ နောက်ကျနိုင်ခြင်းနဲ့ ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှု ရှိလာနိုင်ခြင်း တို့ ဖြစ်ပါတယ်။

ပြတ်ပြတ်သားသား မဲအသာရနိုင်ခြေရှိတဲ့ သမ္မတလောင်းက ဘယ်သူလဲ ဆိုတာ ရွေးကောက်ပွဲအပြီး ညပိုင်းမှာ ထွက်ပေါ်လေ့ရှိ (၂၀၁၆ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း လက်ခံတဲ့ မိန့်ခွန်းပြောကြားသူ ဟီလာရီ ကလင်တန်နဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဘီလ် ကလင်တန်)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြတ်ပြတ်သားသား မဲအသာရနိုင်ခြေရှိတဲ့ သမ္မတလောင်းက ဘယ်သူလဲ ဆိုတာ ရွေးကောက်ပွဲအပြီး ညပိုင်းမှာ ထွက်ပေါ်လေ့ရှိ (၂၀၁၆ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း လက်ခံတဲ့ မိန့်ခွန်းပြောကြားသူ ဟီလာရီ ကလင်တန်နဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဘီလ် ကလင်တန်)

ရွေးကောက်ပွဲ စလုပ်တဲ့နေ့ရဲ့ ညပိုင်းမှာ ဘယ်လို လုပ်ရိုးလုပ်စဉ် ရှိသလဲ

အမေရိကန်နိုင်ငံက ပြည်နယ်အသီးသီးမှာ ရွေးကောက်ပွဲနေ့ မဲပေးမှု ပိတ်ချိန် မတူကြဘဲ အရင်ဆုံး ပိတ်လေ့ရှိတဲ့ ပြည်နယ်တွေကတော့ ဒေသစံတော်ချိန် ညနေ ၇ နာရီမှာ ပိတ်လေ့ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက် ကမ်းခြေက ပြည်နယ်တွေ ဖြစ်ရာ စတင်ရရှိတဲ့ မဲအရေအတွက်တွေ ထွက်လာတာလည်း ဒီပြည်နယ်တွေက စထွက်လာလေ့ရှိပါတယ်။

အမေရိကန် သမ္မတရွေးဖို့အတွက် မဲပေးရာမှာ တစ်နိုင်ငံလုံးမှာရတဲ့ မဲတွေအားလုံးကို စုပေါင်း ရေတွက်ပြီးမှ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်တစ်ခုချင်းစီမှာ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် electoral college နေရာမဲတွေနဲ့ တစ်ပြည်နယ်ချင်း အနိုင်အရှုံး ဆုံးဖြတ်ပြီးမှ အနိုင်ရ သမ္မတကို ရွေးချယ်တာ ဖြစ်ပါတယ်။

အခုလို တစ်ပြည်နယ်ချင်းအတွက် အနိုင်ရသူ ကြေညာရာမှာ စတင် ရေတွက်ရရှိတဲ့ မဲအနေအထားနဲ့ အခြား သဘောထားကောက်ခံမှုတွေကို အခြေခံပြီး ဘယ်သမ္မတလောင်းက ပြတ်ပြတ်သားသား မဲအသာရနေပြီဆိုတာကို စာနယ်ဇင်း သတင်းဌာနတွေက ထုတ်ပြန် ပြောဆိုလေ့ ရှိပါတယ်။

တစ်နိုင်ငံလုံးနဲ့ ယှဉ်ပြီးတော့လည်း အခုလို ပြတ်ပြတ်သားသား မဲအသာရနိုင်တဲ့ သမ္မတလောင်းကိုလည်း စာနယ်ဇင်း သတင်းဌာနတွေက အလားတူ ထုတ်ပြန် ပြောဆိုလေ့ရှိရာမှာ အမှန်တကယ် ပေးထားကြတဲ့ မဲတွေကို ရေတွက်ဖို့ကတော့ အများကြီး ကျန်နေသေးတဲ့အတွက် ဒါက တရားဝင် ရွေးကောက်ပွဲ ရလဒ်တော့ မဟုတ်ပါဘူး။

အခုလို ပြတ်ပြတ်သားသား မဲအသာရနိုင်ခြေရှိတဲ့ သမ္မတလောင်းက ဘယ်သူလဲ ဆိုတာကို အဲဒီရွေးကောက်ပွဲကျင်းပတဲ့နေ့ရဲ့ ညပိုင်းမှာပဲ ထွက်ပေါ်လေ့ရှိပြီး ဒီလို ထွက်ပေါ်လာပြီဆိုရင် ရှုံးတဲ့ သမ္မတလောင်းက ကြိုတင် ပြင်ဆင်ထားပြီးသားဖြစ်တဲ့ အရှုံးကို လက်ခံတဲ့ မိန့်ခွန်းထွက်ပြောလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာဆိုရင် ဒေါ်နယ်ထရမ့်က ဝစ္စကွန်ဆင် ပြည်နယ်မှာ အနိုင်ရလိုက် အပြီးမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရဖို့အတွက် လိုအပ်တဲ့ electoral college မဲနေရာ ၂၇၀ ကျော် ရသွားပြီ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပပြီး ညသန်းခေါင်ကျော် နောက်တစ်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ အနိုင်ရသူအဖြစ် စာနယ်ဇင်းသမားတွေက ထုတ်ပြန်ပြောဆို ကြေညာခဲ့ကြပါတယ်။

ဒီလို ကြေညာအပြီး နေ့တွေ၊ ရက်သတ္တပတ်တွေ ကြာလာတဲ့အခါမှာ ရေတွက်ရရှိတဲ့ မဲအရေအတွက် အတွင်း ဒီမိုကရက်တွေရတဲ့ မဲက ပိုပို များလာပြီး နောက်ဆုံးမှာ ဒီမိုကရက်ဘက်က သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ရတဲ့ မဲအရေအတွက်က ဒေါ်နယ် ထရမ့်က များသွားခဲ့ပါတယ်။ ဒါပေမဲ့ electoral college မဲအရတော့ ဟီလာရီ ကလင်တန်က ရှုံးနိမ့်သွားခဲ့ပြီးသား ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက မမှန်ကန်တာတွေရှိတယ်လို့ စိန်ခေါ်ခံရတဲ့ မဲတွေကို မဲရုံဝန်ထမ်းတွေဘက်က ဘေးဖယ်ထားပြီး ပြန်လည် စစ်ဆေးရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက မမှန်ကန်တာတွေရှိတယ်လို့ စိန်ခေါ်ခံရတဲ့ မဲတွေကို မဲရုံဝန်ထမ်းတွေဘက်က ဘေးဖယ်ထားပြီး ပြန်လည် စစ်ဆေးရ

ယခင်ထက်ပိုပြီး အရေးပါနိုင်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူများရဲ့ အခန်းကဏ္ဍ

ဒီနှစ် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ် ထွက်လာတဲ့ လုပ်ငန်းစဉ် နှောင့်နှေးစေတဲ့ အကြောင်းအရင်းကတော့ မှန်ကန်တဲ့ မဲ ဟုတ်မဟုတ် ယခင်အကြိမ်တွေထက် ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အမေရိကန်က ရွေးကောက်ပွဲ စောင့်ကြည့်သူတွေဟာ စေတနာ့ဝန်ထမ်း လုပ်အားပေးအနေနဲ့ မဲရုံဝန်ထမ်းတွေက စစ်မှန် မှန်ကန်တဲ့ မဲဟုတ်မဟုတ် စစ်ဆေးမှုကို တန်ပြန် စောင့်ကြည့် စစ်ဆေးနိုင်ပြီး မမှန်ကန်တာတွေ ရှိတယ်လို့ သူတို့က စိန်ခေါ်ခံရတဲ့ မဲတွေကို ဝန်ထမ်းတွေဘက်က ဘေးဖယ်ထားပြီး ပြန်လည် စစ်ဆေးရပါတယ်။

အခုလို စောင့်ကြည့်သူတွေ ထားရှိတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်အရ တရားမျှတတယ် ဆိုပေမဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မဲရေတွက်မှုနှောင့်နှေးအောင် လုပ်လာတာတွေ ရှိလာနိုင်တာကို နိုင်ငံရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒီလို ရွေးကောက်ပွဲ စောင့်ကြည့်သူ အနေနဲ့ ကူညီပေးဖို့ ရီပတ်ဘလီကန်ရော ဒီမိုကရက်တွေဘက်ကပါ စည်းရုံးခေါ်ယူမှုတွေ ရှိပါတယ်။

အမေရိကန် အစိုးရ စာပို့စနစ်အတွင်း ရန်ပုံငွေ လိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပြနေတဲ့အတွက် လုပ်ငန်း လည်ပတ်မှု အင်အား လျှော့ချနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန် အစိုးရ စာပို့စနစ်အတွင်း ရန်ပုံငွေ လိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပြနေတဲ့အတွက် လုပ်ငန်း လည်ပတ်မှု အင်အား လျှော့ချနေ

စာတိုက်က ပေးတဲ့မဲတွေ မကြုံဘူးလောက်အောင် များပြားလာနိုင်လို့ မဲရေတွက်ဖို့ ပိုမိုကြာမြင့်နိုင်ခြင်း

ပုံမှန်အားဖြင့် စာတိုက်က မဲပေးခွင့်ကို အသက် ၆၅ နှစ်ကျော်သူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဒါမှမဟုတ် စစ်တပ်ဖွဲ့ဝင် အစရှိတဲ့ ကိုယ်နေထိုင်တဲ့ ပြည်နယ်ရဲ့ အပြင်ဘက်ကို ရောက်နေသူတွေသာလျှင်ရရှိပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေမှာဆိုရင် စာတိုက်ကနေ မဲပေးသူ အရေအတွက် အလွန်များလာနိုင်ပါတယ်။

အမေရိကန်အစိုးရ စာပို့စနစ် အနေနဲ့ ပြည်နယ်တစ်ခုစီအလိုက် ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ မဲပေးဖို့ ဖောင်တွေကို လိုအပ်သူတွေဆီကို ရောက်အောင် အသီးသီး ပို့ပေးရမယ့် တာဝန်အပြင် ဖြည့်ပြီး ပို့လာတဲ့ မဲတွေကိုလည်း အချိန်မီ ပြန်ရောက်အောင် ပို့ပေးရမယ့် တာဝန်ရှိပါတယ်။

ဒီလို ဖြစ်လာနိုင်ခြေတွေရှိတဲ့အချိန်ဟာ အမေရိကန် အစိုးရ စာပို့စနစ်အတွင်း ရန်ပုံငွေ လိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပြနေတဲ့အတွက် လုပ်ငန်း လည်ပတ်မှု အင်အား လျှော့ချနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေလို့ ဒါကို အမေရိကန် စာပို့စနစ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ မသေချာတဲ့ အခြေအနေလည်း ရှိနေပါတယ်။

အမေရိကန်နိုင်ငံအတွင်းက တချို့ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် လူကိုယ်တိုင်မဲပေးမှုကို လုံးဝတားမြစ်ထားပြီး ဒါကို လက်ရှိ ခွင့်ပြုထားတဲ့ ပြည်နယ်အတွင်းမှာ ဆိုရင်လည်း မဲရုံအတွင်းကို လက်ခံမယ့် လူအရေအတွက်ကို ကန့်သတ်ဖို့ လိုလားနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုစီမှာ မဲပေးတဲ့ ပုံစံကို ပြောင်းလဲခွင့် အာဏာ ရှိတဲ့အတွက် လည်း စာတိုက်က မဲပေးမှု ပုံစံကို အသားပေးမယ့် ပြည်နယ်တွေ ပိုများလာနိုင်ပါတယ်။

အမေရိကန်က ရွေးကောက်ပွဲတွေမှာ စာတိုက်ကတစ်ဆင့် မဲပေးနှုန်းက လတ်တလောကာလတွေမှာ တက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုက စုစုပေါင်းရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ မဲပေါင်း သန်း ၄၀ လောက် ရှိခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲဒီထက် နှစ်ဆ စာတိုက်မဲ သန်း ၈၀ လောက်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး စံချိန်တင် အများဆုံးဖြစ်လာနိုင်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေမှာ မဲရုံတွေကို လာပေးသူတွေ ခပ်ခွာခွာလုပ်ပြီး တန်းစီရတဲ့အတွက် မဲတွေကို စတင်ရေတွက်တဲ့ အချိန် နောက်ဆုတ် သွားနိုင်ခြေရှိ

ဓာတ်ပုံ ရင်းမြစ်, INC VIA Getty Images

ဓာတ်ပုံ ပုံစာ, ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေမှာ မဲရုံတွေကို လာပေးသူတွေ ခပ်ခွာခွာလုပ်ပြီး တန်းစီရတဲ့အတွက် မဲတွေကို စတင်ရေတွက်တဲ့ အချိန် နောက်ဆုတ် သွားနိုင်ခြေရှိ

အမေရိကန်နိုင်ငံက ပြည်နယ်အသီးသီးမှာ စာတိုက်မဲ လက်ခံတဲ့ နောက်ဆုံးအချိန် သတ်မှတ်မှုကလည်း တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ကွဲပြားမှု ရှိနေပါတယ်။

ဥပမာအားဖြင့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ရွေးကောက်ပွဲနေ့ ဒေသစံတော်ချိန် ည ၈ နာရီ မတိုင်မီ အချိန်မီရောက်လာတဲ့ မဲတွေကိုသာ လက်ခံပြီး ကယ်လဖိုးနီးယားပြည်နယ်မှာ ဆိုရင်တော့ ပို့လိုက်တဲ့ ရက်က ရွေးကောက်ပွဲနေ့ဖြစ်ကြောင်း တံဆိပ်တုံးပါတဲ့ မဲတိုင်းကို ရက်သတ္တပတ်နဲ့ ချီပြီး နောက်ကျလည်း လက်ခံတဲ့ စည်းကမ်း သတ်မှတ်ထားတဲ့အတွက် ဒီလို ကြီးမားတဲ့ ပြည်နယ်မှာ မဲရေတွက်မှု ပြီးစီးဖို့ အချိန်အတော်ကြာလေ့ ရှိပါတယ်။

အဲဒီ စာတိုက်မဲတွေကို စစ်ဆေးရာမှာ မဲမှာ ထိုးထားတဲ့ လက်မှတ်နဲ့ မဲပေးဖို့ စာရင်းသွင်းတဲ့ မှတ်ပုံတင်မှာ ထိုးထားတဲ့ လက်မှတ်နှစ်ခု တူမတူ တိုက်ကြည့်ရတာ ဖြစ်တဲ့အတွက် စာတိုက်မဲ များလေ ရေတွက်ဖို့ အချိန်ပိုကြာလေ ဖြစ်နိုင်ပါတယ်။

လူကိုယ်တိုင် လာပေးတဲ့ မဲတွေကို ရေတွက်ရာမှာလည်း နှောင့်နှေးမှု ဖြစ်နိုင်ခြေရှိပြီး ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေမှာ မဲရုံတွေကို လာပေးသူတွေ ခပ်ခွာခွာလုပ်ပြီး တန်းစီရတဲ့အတွက် မဲရုံတွေ ဖွင့်တဲ့အချိန်ကို တိုးချဲ့ရပြီး နောက်ဆက်တွဲ အနေနဲ့ မဲတွေကို စတင်ရေတွက်တဲ့ အချိန် နောက်ဆုတ် သွားနိုင်ခြေ ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဟီလာရီ ရှုံးနိမ့်ရတဲ့ အကြောင်းတချို့

ရှုံးတဲ့ သမ္မတလောင်းက ရှုံးနိမ့်ကြောင်း ဝန်ခံမှု လုပ်တာ နောက်ကျနိုင်ခြင်း

ဒီတစ်ခေါက် အမေရိကန် အထွေထွေ ရွေးကောက်ပွဲရဲ့ အထက်ဖော်ပြပါ ထူးခြားတဲ့ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ မနက်အစောပိုင်းမှာ ထွက်ပေါ်လေ့ရှိတဲ့ ခန့်မှန်း ရှုံးနိမ့်သူ ပေါ်ထွက်လာရင် ဒေါ်နယ်ထရမ့်ပဲ ဖြစ်ဖြစ်၊ ဂျိုးဘိုင်ဒန်ကပဲ ဖြစ်ဖြစ် ဒီလိုခန့်မှန်း ခံရပေမယ့် ထုံးစံအတိုင်း အရှုံးဝန်ခံတဲ့ မိန့်ခွန်း မပြောဘဲ တရားဝင်ရလဒ် ထွက်တဲ့အထိ စောင့်တာမျိုး ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် မဲဆွယ်စည်းရုံးတဲ့ ကာလတလျှောက် လူထုသဘောထား ကောက်ခံမှု စစ်တမ်းတွေမှာ ဒေါ်နယ်ထရမ့်ထက် အနည်းနဲ့အများ တောက်လျှေက်အသာရနေခဲ့တဲ့ ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲအပြီးညမှာ အခြေအနေမကောင်းပေမဲ့ နည်းဗျူဟာ အကြောင်းပြချက်နဲ့ အရှုံး ဝန်ခံတဲ့ မိန့်ခွန်း မပြောသေးတာမျိုး လုပ်နိုင်ပါတယ်။

အမေရိကန်အထွေထွေ ရွေးကောက်ပွဲတွေမှာ စာတိုက်ကတစ်ဆင့် မဲပေးမှုကို သက်ကြီးပိုင်းတွေလုပ်တာများပြီး ရီပတ်ဘလီကန်ဘက်ကို မဲပေးကြသူလည်းများတဲ့ ထုံးစံရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စာတိုက်ကတစ်ဆင့် မဲပေးမှုကို အလုပ်ဖျက်ပြီး မဲရုံမလာနိုင်တဲ့ သက်လတ်ပိုင်းတွေကလည်း လုပ်လာကြပြီး ဒီလိုလုပ်လာတဲ့သူတွေထဲမှာ ဒီမိုကရက်ကို မဲပေးသူတွေကလည်း အများစု ဖြစ်လာပါတယ်။

ဒီလို အခြေအနေရှိတာကြောင့် လာမယ့် ရွေးကောက်ပွဲအပြီးညမှာ ဒေါ်နယ်ထရမ့်က အသာရနေရင်တောင်မှ နောက်ပိုင်း ရေတွက်ပြီးစီးတဲ့ မဲတွေအရ ဂျိုးဘိုင်ဒန်က ပြန်အသာရပြီး နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ချေ ရှိနေပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် ရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေ

ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှု ရှိလာနိုင်ခြင်း

ဒီလို လာမယ့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ရှိလာနိုင်တဲ့ တစ်မူထူးခြားမှုတွေကြောင့် ပြတ်ပြတ်သားသား အနိုင်ရသူ ထွက်မလာမျိုး ဖြစ်နိုင်ခြေနဲ့အတူ နောက်ဆုံး ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှုတွေလည်း ရှိလာနိုင်ပါတယ်။

ဒီရွေးကောက်ပွဲ မစခင်မှာကိုပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရုံးတင်စွဲဆိုမှု ၁၉၀ ကျော် ရှိထားပြီး ဖြစ်ရာမှာ စာတိုက်မဲ မှန် မမှန် သတ်မှတ်ဖို့ အထောက်အထားနဲ့ ပတ်သက်တဲ့ အမှုက စလို့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြည်နယ်အတွင်း သမ္မတလောင်း မဲပေးရွေးချယ်မှု ပုံစံပြောင်းရတာကို တရားဝင် မဝင် တရားစွဲမှုတွေအထိ ပါဝင်ပါတယ်။

ရွေးကောက်ပွဲနေ့အပြီး နောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ တရားရုံးတက် ကန့်ကွက်မှုတွေထဲမှာ နောက်ကျမဲနဲ့ ပတ်သက်တဲ့ အမှု၊ မဲရလဒ် ထုတ်ပြန်မှုနဲ့ ပတ်သက်တဲ့ အမှု အစရှိသဖြင့် အမျိုးမျိုးပါဝင်နိုင်ပြီး တကယ်တမ်း ဘယ်လို အမှုတွေ တက်လာနိုင်သလဲ ဆိုတာကတော့ ခန့်မှန်းရ ခက်ပါတယ်။

ဒီလို ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ နောက်ဆုံး လတ်တလော တရားရုံးချုပ်က ပါဝင်ဆုံးဖြတ်ပေးမှ အဖြေထွက်တဲ့ ရွေးကောက်ပွဲကတော့ ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာဆိုရင် ရွေးကောက်ပွဲည ခန့်မှန်းရလဒ်အရ ဒီမိုကရက်ဘက်က အယ်လ်ဂေါက ရှုံးနိမ့်ကြောင်း မိန့်ခွန်းပြောလိုက်ပြီးမှ နောက်ပိုင်းမှာ ပြန်လည် ရုတ်သိမ်းပြီး ဖလော်ရီဒါပြည်နယ်အတွင်း မဲရလဒ်ကို ပြန်လည်ရေတွက်စေဖို့ တရားရုံးတက် တောင်းဆိုခဲ့ပါတယ်။

၂၀ဝ၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်က အယ်လ်ဂေါက ရှုံးနိမ့်ကြောင်း မိန့်ခွန်းပြောလိုက်ပြီးမှ နောက်ပိုင်းမှာ ပြန်လည် ရုတ်သိမ်းပြီး တရားရုံးတက် ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, ANTHONY HARVEY

ဓာတ်ပုံ ပုံစာ, ၂၀ဝ၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်က အယ်လ်ဂေါက ရှုံးနိမ့်ကြောင်း မိန့်ခွန်းပြောလိုက်ပြီးမှ နောက်ပိုင်းမှာ ပြန်လည် ရုပ်သိမ်းပြီး တရားရုံးတက် ကန့်ကွက်

အယ်လ်ဂေါက အရှုံးမိန့်ခွန်းကို ပြန်လည် ရုပ်သိမ်းရတဲ့ အကြောင်းရင်းကတော့ နောက်ပိုင်း ပြန်လည် ရေတွက်ရရှိတဲ့ ဖလော်ရီဒါပြည်နယ်အတွင်း သူရတဲ့မဲက အနိုင်ရတယ်လို့ ခန့်မှန်းကြေညာခံရတဲ့ ဂျော့ ဒဘလျူ ဘုရှ် ရတဲ့ မဲအရေအတွက်ထက် ၂၀ဝ၀ ပတ်ဝန်းကျင်လောက်ပဲ ကွာတဲ့အတွက် ဖြစ်ပါတယ်။

ဒီလို ကွာဟမှု ကျဉ်းမြောင်းတဲ့အတွက် ဖလော်ရီဒါ ပြည်နယ် တရားရုံးချုပ်ရဲ့ အမိန့်နဲ့ မဲတွေကို စက်နဲ့ ပြန်လည် ရေတွက်ခဲ့ပြီး ဒီလို ရေတွက်အပြီးမှာ ဘုရှ်က မဲ ၃၀ဝ ကျော်လောက်သာ အသာရနေတဲ့ ရလဒ် ထွက်လာခဲ့ပါတယ်။

ဒီလိုဖြစ်လာတာကြောင့် မဲတွေကို စက်နဲ့ မဟုတ်ဘဲ လူနဲ့ ပြန်လည်ရေတွက်ဖို့ အယ်လ်ဂေါ ဘက်က ဆက်လက် ရုံးတက်ခဲ့ပြီး ဖလော်ရီဒါပြည်နယ်အတွင်းက နယ် လေးနယ်မှာ အခုလို ပြန်လည် ရေတွက်ခဲ့ရပြန်ပါတယ်။

ဒါပေမဲ့ အခုလို ပြန်လည် ရေတွက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး သတ်မှတ်ရက်မီအောင် မပြီးစီးနိုင်မှု အပါအဝင် အဲဒီ ပြန်လည် ရေတွက်မှုရဲ့ တရားဝင်မှု ရှိမရှိ ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် တရားရုံးချုပ်က ကြားဝင်ခဲ့ပြီး မူလရလဒ်ကိုပဲ ပြန်လည် အတည်ပြုခြင်းအားဖြင့် ဘုရှ်ကိုသာ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၂၀ဝ၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်းမှာ ပြည်ပက လှမ်းပေးတဲ့မဲနဲ့ ပတ်သက်လို့ ဘုရှ်ကို ပေးတဲ့မဲတွေ အချိန်မီ မရောက်ဘဲ ဒါမှမဟုတ် နောက်ဆုံးရက်စွဲ အချိန်မီ ပို့တယ်ဆိုတဲ့ တံဆိပ် မပါဘဲ လက်ခံခဲ့တယ် ဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိခဲ့တဲ့အတွက် စာတိုက်မဲများမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက် ရှုပ်ထွေးတဲ့ အငြင်းပွားဖွယ်ရာတွေပါ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။