၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ဘိုင်ဒန်တို့ ဘယ်လို စကားစစ်ထိုးကြမှာလဲ

လူပုံအလယ် စင်မြင့်ပေါ်မှာ သူတို့နှစ်ဦး စကားစစ်ထိုးကြချိန်မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးကြရမှာဖြစ်
ဓာတ်ပုံ ပုံစာ, လူပုံအလယ် စင်မြင့်ပေါ်မှာ သူတို့နှစ်ဦး စကားစစ်ထိုးကြချိန်မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးကြရမှာဖြစ်

၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် သမ္မတလောင်းတွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ရဲ့ စည်းရုံးရေးအဖွဲ့အသီးသီးက အသေအချာ အကွက်ချ စီစဉ်ပြီးမှ လုပ်တဲ့ မဲဆွယ် စည်းရုံးမှုတွေကို မြင်ကြရအပြီးမှာ ဒီလို ကြိုတင်စီစဉ်လို့မရတဲ့ နှစ်ဦးရင်ဆိုင် စကားစစ်ထိုးကြတာကို မြင်ရတော့မှာ ဖြစ်ပါတယ်။

အခုလို လူပုံအလယ် စင်မြင့်ပေါ်မှာ သူတို့နှစ်ဦး စကားစစ်ထိုးကြချိန်မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးကြရမှာဖြစ်ပြီး သူတို့ မဲဆွယ်စည်းရုံးလာကြတဲ့ ကာလတစ်ခုလုံးမှာ ခြေချော်လက်ချော် အဖြစ်နိုင်ဆုံး အချိန်လည်း ဖြစ်ပါတယ်။

ထရမ့်နဲ့ ဘိုင်ဒန်တို့ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ စကားစစ်ထိုးကြမှာလဲ

ထရမ့်နဲ့ ဘိုင်ဒန်တို့ဟာ စကားစစ်ထိုးပွဲ သုံးခု လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး တစ်ခုကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ အိုဟိုင်းယိုးပြည်နယ် ကလိဗလန်းမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒုတိယတစ်ခုကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖလောရီဒါပြည်နယ် မိုင်ယာမီမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ တန်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒုသမ္မတလောင်း အဖြစ် အရွေးခံမယ့် လက်ရှိ ဒုသမ္မတ မိုက်ခ် ပန့်စ်နဲ့ ဒီမိုကရက်ဘက်က ဒုသမ္မတလောင်းအဖြစ် အရွေးခံမယ့် ဆီးနိတ်လွှတ်တော်အမတ် ကာမာလာ ဟဲရစ်စ် တို့ကတော့ အောက်တိုဘာလ ၇ ရက်နေ့မှာ ယူတားပြည်နယ် ဆော့လ်တ် လိတ်ခ် မြို့မှာ စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲတွေ အားလုံးကို ဒေသစံတော်ချိန် ည ၉ နာရီ ကနေ ည ၁၀ နာရီခွဲအထိ တစ်နာရီခွဲကြာ ပြုလုပ်မှာဖြစ်ပြီး ကြားမှာ နားချိန် မထားရှိပါဘူး။

ဗီဒီယို ပုံစာ, အမေရိကန်မှာ သမ္မတကို ဘယ်လိုရွေးကြသလဲ၊ ဘယ်သူတွေက ရွေးပေးရတာလဲ။

ပထမဆုံးလုပ်မယ့် စကားစစ်ထိုးပွဲကို ဘယ်လို ပုံစံနဲ့ လုပ်မှာလဲ

စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာ မေးခွန်း ခြောက်ခုနဲ့ တစ်ခုစီကို ဆယ့်ငါးမိနစ်စီ ပြောဖို့ အချိန်ပိုင်းခြား ထားပါတယ်။

အခုလို ပါဝင်မယ့် မေးခွန်း ခြောက်ခုကတော့

(၁) ထရမ့်နဲ့ ဘိုင်ဒန်တို့ တစ်ဦးစီရဲ့ လုပ်ဆောင်မှု မှတ်တမ်း

(၂) တရားရုံးချုပ်နဲ့ သက်ဆိုင်တဲ့ မေးခွန်း

(၃) ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေနဲ့ သက်ဆိုင်တဲ့ မေးခွန်း

(၄) အမေရိကန်က မြို့အသီးသီးမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအခြေခံ အကြမ်းဖက် ဆန္ဒပြမှုများနဲ့ ပတ်သက်တဲ့ မေးခွန်း

(၅) သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးဆိုင်ရာ မေးခွန်း

(၆) စီးပွားရေးဆိုင်ရာ မေးခွန်း

တို့ဖြစ်ကြပါတယ်။

မစ္စတာ ထရမ့်နဲ့ မစ္စတာ ဘိုင်ဒန်တို့ဟာ အဲဒီ မေးခွန်းတစ်ခုစီနဲ့ ပတ်သက်လို့ တစ်ဦးကို နှစ်မိနစ်စီ ဖြေဆိုခွင့် အရင်ရကြမှာဖြစ်ပြီး ဒီလို ဖြေဆိုပြီးတော့မှ သက်ဆိုင်ရာ မေးခွန်းအလိုက် အပြန်အလှန် စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ ၂၀၁၆ အမေရိကန်သမ္မတလောင်းများ စကားစစ်ထိုးပွဲမှာ ခရစ်စ် ဝေါလေ့စ်က သဘာပတိလုပ်ခြင်းအားဖြင့် Fox သတင်းဌာန ကိုယ်စားပြု ဒီလို ပထမဆုံး လုပ်ပေးသူ ဖြစ်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ ၂၀၁၆ အမေရိကန်သမ္မတလောင်းများ စကားစစ်ထိုးပွဲမှာ ခရစ်စ် ဝေါလေ့စ်က သဘာပတိလုပ်ခြင်းအားဖြင့် Fox သတင်းဌာန ကိုယ်စားပြု ဒီလို ပထမဆုံး လုပ်ပေးသူ ဖြစ်လာခဲ့

စကားစစ်ထိုးပွဲ သဘာပတိရဲ့ အခန်းကဏ္ဍ

ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာ သဘာပတိလုပ်မယ့်သူကတော့ Fox သတင်းဌာန တနင်္ဂနွေနေ့ သတင်းစဉ် ကြေညာသူ ခရစ်စ် ဝေါလေ့စ် ဖြစ်ပါတယ်။

ရှေးရိုးစွဲဝါဒီဆန်ပြီး ရီပတ်ဘလီကန်ဘက်ကို ယိမ်းတယ်လို့ အများယူဆခံရတဲ့ Fox သတင်းဌာနက သတင်းကြေညာသူက အခုလို သဘာပတိလုပ်မှာ ဖြစ်လို့ ထရမ့်အတွက် သက်သာရာ ရလိမ့်မယ်လို့ အများက ယူဆစရာ ရှိပါတယ်။

ဒါပေမဲ့ အခု သဘာပတိလုပ်မယ့်သူက ထရမ့်နဲ့ လေကြောတည့်လေ့ရှိတဲ့ Fox သတင်းဌာနကပဲ ဖြစ်သူ ရွှန်ဟန်နတီ လို မဟုတ်တဲ့အပြင် အသေးစိတ် တိတိကျကျ ထောက်ပြတတ်သူ ဖြစ်တာကြောင့် ထရမ့်နဲ့ အဲဒီ ခရစ်စ် ဝေါလေ့စ်တို့ သတင်းအစီအစဉ် တစ်ခုခုမှာ အတူတူရှိကြတိုင်း ထရမ့်ဘက်က ကသိကအောက် ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဝေါလေ့စ်က ထရမ့်နဲ့ အမေးအဖြေလုပ်ချိန်မှာ ဒေါ်နယ်ထရမ့်က သူ အောင်မြင်ခဲ့တဲ့ သိမှတ်မှုဆိုင်ရာ စစ်ဆေးမှုတစ်ခုကို ဂျိုးဘိုင်ဒန်သာ ဖြေရင် မအောင်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးမှုကို လေ့လာ ဖြေဆိုကြည့်ထားတဲ့ ဝေါလေ့စ်က “အခက်ဆုံး စစ်ဆေးမှုတစ်ခုလို့ မဆိုနိုင်ပါဘူး” ဆိုပြီး တုံ့ပြန်ခဲ့တဲ့အတွက် ဒေါ်နယ်ထရမ့်ဘက်က အောက်သက်သက် ဖြစ်ခဲ့ရတဲ့ အခြေအနေရှိခဲ့ပြီး သူတို့ရဲ့ မေးမြန်းခန်းကလည်း ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ ပုံမှန်အားဖြင့် Fox သတင်းဌာနကို မျက်နှာသာပေးသူ ဖြစ်ပေမယ့် ဝေါလေ့စ်ကိုတော့ ဝေါလေ့စ်ရဲ့ ဖခင်ဖြစ်သူဖြစ်ပြီး CBS သတင်းဌာနရဲ့ နာမည်ကျော် မိနစ် ၆၀ သတင်းမဂ္ဂဇင်း ထုတ်လွှင့်မှု ပထမဆုံး စတင် တင်ဆက်သူတွေထဲက တစ်ဦးလည်း ဖြစ်တဲ့ မိုက်ခ်ဝေါလေ့စ်ကို အတုခိုးနေတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဝေါလေ့စ်ဟာ ဒီမိုကရက်ထောက်ခံသူအဖြစ် စာရင်းသွင်းထားသူဖြစ်ပြီး အခုလို စကားစစ်ထိုးပွဲတွေမှာ သဘာပတိ လုပ်ရတာဟာ သန်းပေါင်းများစွာသော ပြည်သူတွေက ဘယ်သူ့ကို ရွေးကောက် တင်မြှောက်ရမယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အကူအညီပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက် အရေးကြီးတဲ့ သတင်းသမား အလုပ်တစ်ခုဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ ဒုတိယမြောက် စကားစစ်ထိုးပွဲမှာတော့ C-Span သတင်းဌာနနဲ့ နိုင်ငံရေးအယ်ဒီတာ စတိဗ် စကာလ်လီ က သဘာပတိလုပ်မှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲဟာ မြို့တော်ခန်းမအတွင်းမှာ လုပ်တဲ့ စကားစစ်ထိုးပွဲ ပုံစံအနေနဲ့ လာရောက်နားထောင်သူတွေကို ပါဝင်ပြောဆိုခွင့်ပေးမှာ ဖြစ်တဲ့အတွက် တစ်မျိုးစိတ်ဝင်စားစရာ ကောင်းနိုင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထရမ့်နဲ့ ဟီလာရီ ကလင်တန်တို့ အခုလို ပုံစံမျိုးနဲ့ လုပ်ခဲ့တဲ့ ဒုတိယမြောက် စကားစစ်ထိုးပွဲမှာဆိုရင် ပါဝင်ပြောဆိုသူတဦးဖြစ်တဲ့ မစ္စတာ ကန်ဘုန်းရဲ့ ဝင်ရောက် ဆွေးနွေးမှုကို လူအများသဘောကျ နှစ်ခြိုက်ကြပြီး နောက်ပိုင်း တခြား ရုပ်သံအစီအစဉ်တွေမှာ ပါဝင်လာတဲ့အထိ နာမည်ကျော်သွားခဲ့ဖူးပါတယ်။

ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ နောက်ဆုံး စကားစစ်ထိုးပွဲကိုတော့ NBC သတင်းဌာနရဲ့ အိမ်ဖြူတော် ရုပ်သံ သတင်းထောက် ခရစ်စတန် ဝယ်လ်ကာ က သဘာပတိလုပ်မှာ ဖြစ်ပါတယ်။

တစ်ကြိမ်တည်းသာလုပ်မယ့် လက်ရှိ ဒုသမ္မတ မိုက်ခ် ပန့်စ်နဲ့ ဒီမိုကရက်ဘက်က ဒုသမ္မတလောင်း ကာမာလာ ဟဲရစ်စ်တို့ရဲ့ စကားစစ်ထိုးပွဲကိုတော့ USA Today သတင်းဌာနရဲ့ ဝါရှင်တန် ဌာနခွဲ အကြီးအမှူး ဆူဆန် ပေ့ဂျ် က သဘာပတိလုပ်မှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် ရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေ

ဒီ စကားစစ်ထိုးပွဲတွေ အပေါ် နှစ်ဖက် ထောက်ခံသူတချို့ရဲ့ အမြင်များ

နယူးယောက်မြို့မှာ နေထိုင်ပြီး စာရေးဆရာလည်း ဖြစ်သူ၊ ယူကျူ့မှာလည်း သုံးသပ် ပြောဆိုသူလည်း ဖြစ်သူ မိုက်ခ် ဟားလိုးဟာ ထရမ့် ထောက်ခံသူ တစ်ဦးဖြစ်ပြီး ဘိုင်ဒန်ဘက်က နိုင်အောင် ပြောနိုင်မယ်လို့ မျှော်လင့်ထားမှု နည်းတဲ့ အနေအထားရှိတယ်လို့ သူက သုံးသပ်ပါတယ်။

အခုလို အများဘက်က မျှော်လင့်ချက်နည်းတဲ့အတွက် ဘိုင်ဒန်က ဒီစကားစစ်ထိုးပွဲတွေမှာ တကယ်တမ်း မားမားရပ်ပြီး စကား စပြောနိုင်ရုံနဲ့ပဲ စွမ်းဆောင်ရည် ကောင်းလှပြီ ဆိုပြီး ထင်စရာ ရှိတယ်လို့လည်း မိုက်ခ် ဟားလိုးက ဆိုပါတယ်။

ဆီယက်တယ်မြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဘွဲ့လွန် ကျောင်းသူတစ်ဦးဖြစ်သူ ရီးမ် ဆာဘာ ကလည်း မိုက်ခ် ဟားလိုး ပြောခဲ့သလိုပဲ စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်အပေါ် မျှော်လင့်ထားမှု နည်းတယ်လို့ ဆိုပါတယ်။

ဒီမိုကရက် ဘိုင်ဒန်ရဲ့ စကားစစ်ထိုးပွဲမှာ စွမ်းဆောင်ရည်ကို မစ္စ ဆာဘာက သံသယရှိနေပြီး ဘိုင်ဒန်ရဲ့ မူဝါဒ အကြံအစည်တွေ သက်သက်နဲ့ ထောက်ခံမဲ ရချင်မှ ရမှာကို စိုးရိမ်နေပါတယ်။

‘ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတဖြစ်ဖို့ စိတ်ဓါတ်ခွန်အား မရှိဘူး’ ဒါမှမဟုတ် ‘သမ္မတဖြစ်ဖို့ဆိုရင် အသက်ကြီးလွန်းတယ်’ ဒါမှမဟုတ် ‘ဂျိုးဘိုင်ဒန်မှာ သူတစ်ပါးကို ဆွဲဆောင်နိုင်တဲ့ စရိုက်ဟန်ပန် မရှိဘူး’ ဆိုပြီး ဒီ စကားစစ်ထိုးပွဲကို ကြည့်တဲ့လူတွေက ပြောလာကြမှာကို စိုးရိမ်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံမှုတွေ ပြောင်းလာနိုင်သလား

ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာ ဘယ်လို ပြောဆိုမှုတွေ ရှိလာနိုင်သလဲ

(မြောက်အမေရိက အခြေစိုက် ဘီဘီစီသတင်းထောက် အန်ထနီ ဇာခါရဲ့ သုံးသပ်ချက်)

လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူပုံအလယ်မှာ ပြောဆိုပြုမူရာမှာ လွှမ်းမိုးချုပ်ကိုင်တဲ့ အနေအထားကို ရယူခြင်းအားဖြင့် လူအများက အာရုံစိုက်လာအောင် ကြိုစားလေ့ရှိပြီး သူ ဘယ်လို ပြောဆို ပြုမူတတ်တယ် ဆိုတာကို အမေရိကန်ပြည်သူအများစုက သိထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေမှာ ဂျိုးဘိုင်ဒန်က လူပုံအလယ်မှာ ဘယ်လို စွမ်းဆောင်မလဲ ဆိုတာကို အများက ပိုပြီး အာရုံစိုက် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သေချာမှု ရှိရှိနဲ့ မှန်တမ်း စွမ်းဆောင် ပြရမှာဖြစ်ပြီး လူအများက သူ သမ္မတရုံးခန်းထိုင်တဲ့အပေါ် ပုံမှန်အဖြစ် လက်ခံနိုင်တဲ့ အနေအထားရအောင် ဆွဲဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်ဟာ သူ့ရဲ့ အသက်အရွယ်ကြီးရင့်မှုနဲ့ စိတ်မြန်မြန်နဲ့ လုပ်တတ်မှုတွေကို သိပ်စိုးရိမ်မနေဖို့ လိုပြီး တစ်ဖက်မှာလည်း သူ့ကို ယခင်က ဒုက္ခရောက်စေခဲ့တဲ့ စကားချွတ်ချော်မှုတွေကို ရှောင်ရှားဖို့ လိုပါတယ်။

ထရမ့်ဘက်က အသာရဖို့ဆိုရင် သူလုပ်နိုင်တာက ပြိုင်ဘက်ကို စကားထောက်ပြီး ဟန်ချက်ပျက်အောင် လုပ်တာဖြစ်ပါတယ်။

ဟီလာရီ ကလင်တန်အပါအဝင် ထရမ့်ရဲ့ အဓိက ပြိုင်ဘက်တွေ သက်သေခံနိုင်တာကတော့ သူ စင်မြင့်ပေါ်မှာ ဘာလုပ်ပြီး ဘာပြောမယ်ဆိုတာ ခန့်မှန်းရခက်တဲ့အတွက် တခြားသူ ရုတ်တရက် အခြေပျက်သွားစေတဲ့ ဟန်ပန် အနေအထား ရှိမှုပဲ ဖြစ်ပါတယ်။

ထရမ့်ကသာ ဘိုင်ဒန်ကို စိတ်ရှုပ်ထွေးပြီး ဒေါသထွက်သွားအောင် လုပ်နိုင်မယ်ဆိုရင် ဘိုင်ဒန်ကို အားကြိုးမာန်တက် မဟုတ်ဘဲ ထောက်ခံသူတွေရဲ့ စိတ်ထဲမှာ ဘိုင်ဒန်ကို ဆက်ပြီး ထောက်ခံဖို့ သံသယဝင်သွားနိုင်ပါတယ်။

တစ်ချိန်တည်းမှာလည်း ထရမ့်အနေနဲ့ သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေ ကိုင်တွယ်ပုံ၊ စီးပွားရေးနဲ့ တကွ သမ္မတတာဝန်တွေ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ ဘိုင်ဒန်ဘက်က တန်ပြန်ထောက်ပြလာမှာတွေကို ပြန်လည် တုံ့ပြန်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ သူတို့နှစ်ဦး စကားစစ်ထိုးမှုမှာ ပြင်းပြင်းထန်ထန်နဲ့ ကျယ်ကျယ်လောင်လောင် ပြောဆိုမှုတွေ ပါဝင်လာနိုင်တဲ့ အနေအထား ရှိနေပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပ

ဒီလို စကားစစ်ထိုးပွဲတွေက အမေရိကန် အထွေထွေရွေးကောက်ပွဲတွေကို တကယ်တမ်း သက်ရောက်မှု ရှိခဲ့ရဲ့လား

အမေရိကန် သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေကို အမေရိကန် ပြည်တွင်းမှာ ကြည့်ရှုသူ အရေအတွက် ကျဆင်းလာတယ် ဆိုပေမဲ့ မဲပေးခွင့်ရှိသူ သန်း ၂၅၀ ပတ်ဝန်းကျင်ရှိတဲ့ အမေရိကန်နိုင်ငံမှာ ဒီ စကားစစ်ထိုးပွဲတွေကို ကြည့်ရှုသူ သန်း ၅၀ ပတ်ဝန်းကျင်တော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲကို အမေရိကန်ပြည်သူတွေက ဖျော်ဖြေရေး အနေနဲ့ရော တကယ်တမ်း ဘယ်သမ္မတလောင်းကို ရွေးမလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် အချက်အလက်တွေ နားထောင် သုံးသပ်ဖို့အတွက်ပါ နားထောင်ကြပါတယ်။

အမေရိကန်နိုင်ငံမှာ ပထမဆုံး ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲကို ၁၉၆၀ ပြည့်နှစ်မှာ ပြုလုပ်ခဲ့ပြီး ဒီမိုကရက်ဘက်က ဆီးနိတ်အမတ် သမ္မတလောင်း ဂျွန်အက်ဖ် ကနေဒီနဲ့ အဲဒီအချိန်က ဒုသမ္မတရာထူး ထမ်းဆောင်ဆဲ ရစ်ချတ်နစ်ဆင် တို့ စကားစစ်ထိုးကြတာ ဖြစ်ပါတယ်။

အဲဒီ စကားစစ်ထိုးပွဲမှာ မစ္စတာ ကနေဒီရဲ့ မဲဆွယ်အဖွဲ့က မစ္စတာ ကနေဒီကို ကင်မရာက အနီးကပ် ရိုက်ပြတဲ့အချိန်မှာ လန်းလန်းဆန်းဆန်း ဖြစ်နေတဲ့ပုံပေါ်အောင် အသေအချာ ပြင်ဆင်ပေးခဲ့ပြီး အဲဒီအချိန်က မကျန်းမမာ ဖြစ်ခဲ့ရာက သက်သာကာစ မစ္စတာ နစ်ဆင်ကတော့ ချပ်ချပ်ရပ်ရပ် မရှိတဲ့ ဝတ်ပုံစားပုံနဲ့အတူ၊ မျက်ခုံးပေါ်က ချွေးတွေ စီးကျလာလို့ သုတ်ရတဲ့ အနေအထားကလည်း ရုပ်မြင်သံကြားမှာ အထင်းသား ဖြစ်သွားခဲ့ပါတယ်။

သူတို့ နှစ်ဦး စကားစစ်ထိုးကြတာကို ရုပ်သံက ကြည့်ရှုသူ သန်း ၇၀ ထဲက အများစု ငယ်ရွယ်နုပျိုသူ မစ္စတာ ကနေဒီက အနိုင်ရတယ်လို့ ယူဆကြပြီး ဒီစကားစစ်ထိုးပွဲကို ရေဒီယိုကနေသာ နားထောင်သူတွေကတော့ ပိုပြီး အတွေ့အကြုံရင့်တဲ့ မစ္စတာ နစ်ဆင်က နိုင်သွားတယ်လို့ ယူဆကြတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရပါတယ်။

အခုလို စကားစစ်ထိုးပွဲတွေအပြီးမှာ မစ္စတာ ကနေဒီ အပေါ် လူထုထောက်ခံမှု စစ်တမ်းအရ ရလဒ်လည်း တက်လာခဲ့တယ် ဆိုပေမဲ့ ရုပ်မြင်သံကြားမှာ စကားစစ်ထိုးမှုအတွင်း ဟန်ကောင်းခဲ့လို့ ဒီလို တက်လာတယ်လို့လည်း အသေအချာ ပြောလို့ မရပါဘူး။

၁၉၈၀ အမေရိကန် သမ္မတလောင်းများ စကားစစ်ထိုးပွဲမှာတော့ အဲဒီအချိန်က ဒီမိုကရက်ဖြစ်သူ လက်ရှိသမ္မတ ဂျင်မီကာတာကို ရီပတ်ဘလီကန်ဘက်က စိန်ခေါ်သူ သမ္မတလောင်း ရော်နယ်လ် ရေဂင်က တိုတိုနဲ့ ထိထိမိမိ တုံ့ပြန်ပြောဆိုပြီး အနိုင်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။

သူတို့ရဲ့ စကားစစ်ထိုးပွဲတွေမှာ မစ္စတာ ကာတာက သူရဲ့ မူဝါဒနဲ့ သမိုင်းကြောင်းကို အဓိက မီးမောင်းထိုးပြပြီး ပြောဆိုခဲ့ပေမယ့် မစ္စတာ ရေဂင်ကတော့ သူပိုင်နိုင်တဲ့ ထိထိမိမိ တစ်ခွန်းတည်းနဲ့ တုံ့ပြန်ပုံကို အသုံးပြုခဲ့ပါတယ်။

မစ္စတာ ရေဂင်ဟာ မစ္စတာ ကာတာဘက်က သူ့အပေါ် ရှည်ရှည်လျားလျား ဝေဖန် ပြောဆိုမှုတစ်ခုကို တုံ့ပြန်ရာမှာဆိုရင် အချက်အလက်တွေကို ဖြေရှင်းမနေဘဲ “ခင်ဗျားကတော့ ကျွန်တော်ပြောခဲ့တဲ့ ပုံစံအတိုင်းပဲ လုပ်ပြန်ပြီဗျာ” ဆိုတဲ့ တစ်ခွန်းတည်းနဲ့ တစ်ဖက်လူ အပြောခက်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

၂၀ဝ၀ ပြည့်နှစ် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ဆိုရင်လည်း ဒီမိုကရက်တစ် သမ္မတလောင်း အယ်လ် ဂေါဟာ သူ့ရဲ့ စကားစစ်ထိုးပွဲအတွင်း အမူအရာတွေကြောင့် သမ္မတ ဖြစ်မလာခဲ့တာ ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

ရီပတ်ဘလီကန်ဘက်က ဂျော့ ဒဘလျူ ဘုရှ်ရဲ့ ပြောဆိုမှုတွေကို အယ်လ်ဂေါက တုံ့ပြန်ရာမှာ သူတစ်ပါးကို အထင်သေးကြောင်း ပြတဲ့ အနောက်တိုင်း ထုံးစံ အမူအရာ ဖြစ်တဲ့ မျက်လုံးကို အပေါ်ထောင့် တစ်နေရာကပ်ပြီး သက်ပြင်းချပြတာတွေ လုပ်ခဲ့လို့ မဲပေးသူအများစုရဲ့ အမြင်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး တစ်ပါးသူအပေါ် အထင်သေးတဲ့ ပုံစံလည်း ဖြစ်နေခဲ့ပါတယ်။

ဒီလို သမိုင်းကြောင်းတွေရှိခဲ့တဲ့ အနေအထားကြောင့် ထရမ့်နဲ့ ဘိုင်ဒန်တို့အနေနဲ့ စကားစစ်ထိုးပွဲမှာ အချက်ကျကျက တုံ့ပြန် ပြောဆိုနိုင်ဖို့သာမက ဝတ်ပုံစားပုံနဲ့တကွ ဟန်ပန်အမူအရာတွေလည်း မပျက်အောင် သတိထားကြနိုင်ပါတယ်။