၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ သိသင့်တဲ့အချက်တွေ

အမေရိကန်သမ္မတဖြစ်လာသူဟာ နိုင်ငံတကာ အကျပ်အတည်းတွေကို တကမ္ဘာလုံးက ပြန်လည် တုံ့ပြန်ရာမှာ ကြီးကြီးမားမား လွှမ်းမိုးနိုင်သူ ဖြစ်မယ်
ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတဖြစ်လာသူဟာ နိုင်ငံတကာ အကျပ်အတည်းတွေကို တကမ္ဘာလုံးက ပြန်လည် တုံ့ပြန်ရာမှာ ကြီးကြီးမားမား လွှမ်းမိုးနိုင်သူ ဖြစ်မယ်

အမေရိကန်သမ္မတဖြစ်လာသူဟာ နိုင်ငံတကာ အကျပ်အတည်းတွေဖြစ်တဲ့ စစ်ဖြစ်တာတွေ၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တာတွေ၊ နိုင်ငံတကာနဲ့ချီပြီး ကပ်ရောဂါ ပျံ့နှံ့တာတွေကို တကမ္ဘာလုံးက ပြန်လည် တုံ့ပြန်ရာမှာ ကြီးကြီးမားမား လွှမ်းမိုးနိုင်သူဖြစ်ပါတယ်။

ဒါ့ကြောင့် အမေရိကန် အထွေထွေရွေးကောက်ပွဲဟာ တကမ္ဘာလုံးက စောင့်ကြည့်ရမယ့် ရွေးကောက်ပွဲအနေနဲ့ အရေးပါပြီး တပြည်နယ်ချင်းမှာ ရွေးကောက်တဲ့ပုံစံနဲ့ ဘယ်ပြည်နယ်တွေမှာ အကြိတ်အနယ်ပိုဖြစ်သလဲ ဆိုတာတွေက အခြေခံ သိရမယ့် အချက်တွေ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ရွေးကောက်ပွဲစပြီး သမ္မတလောင်းတွေက ဘယ်သူတွေလဲ

အမေရိကန် အထွေထွေရွေးကောက်ပွဲကို ကျင်းပမယ့်နှစ်ရဲ့ နိုဝင်ဘာလအတွင်း ပထမဆုံးကျရောက်တဲ့ အင်္ဂါနေ့မှာ ပြုလုပ်လေ့ရှိတဲ့အတွက် လာမယ့် ၂၀၂၀ နိုဝင်ဘာလရဲ့ ပထမဆုံးကျရောက်မယ့် ၃ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးစနစ်မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီကြီး နှစ်ခုကသာ လွှမ်းမိုးထားပြီး သမ္မတဖြစ်လာသူက ဒီပါတီနှစ်ခုထဲကပဲ ထွက်ပေါ်လာလေ့ရှိပါတယ်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှေးရိုးစွဲဝါဒီ (conservative) ဆန်တဲ့ ရီပတ်ဘလီကန်ပါတီကဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အနိုင်ရခြင်းအားဖြင့် နောက်ထပ် ၄ နှစ် သက်တမ်းတခု ထပ်မံ အုပ်ချုပ်ခွင့်ရဖို့ သူက မျှော်လင့်နေပါတယ်။

ဗီဒီယို ပုံစာ, ထရမ့် အနိုင်ရတဲ့အပေါ် ကွဲပြားတဲ့ အမြင်တွေ

ရီပတ်ဘလီကန်ပါတီကို GOP မဟာပါတီဟောင်းကြီးလို့လည်း ခေါ်ဝေါ်ကြပြီး ဒီပါတီဟာ လတ်တလော ကာလအတွင်းမှာ အခွန်လျှော့ ဖို့၊ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေ ဖြေလျှော့ပေးဖို့နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတင်းကျပ်ဖို့ဘက်တွေကနေ ရပ်တည်နေတဲ့ ပါတီလည်း ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီကို ထောက်ခံမှုဟာ နယ်ဘက်တွေမှာ ပိုများလေ့ရှိပြီး ယခင် သမ္မတဟောင်းတွေဖြစ်တဲ့ ဂျော့ ဒဘလျူ ဘုရှ်၊ ရော်နယ် ရေဂင်နဲ့၊ ရစ်ချတ် နစ်ဆင်တို့ဟာ ရီပတ်ဘလီကန် ပါတီဝင် သမ္မတတွေ ဖြစ်ပါတယ်။

အတွေးအခေါ်သစ် လက်ခံတဲ့ဝါဒ (liberal) ရှိတဲ့ ဒီမိုကရက်တစ်ပါတီဘက်က လာမယ့်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းကတော့ ဂျိုးဘိုင်ဒန် ဖြစ်ပြီး အမေရိကန် သမ္မတဟောင်း ဘရတ် အိုဘားမား လက်အောက်မှာ ဒုသမ္မတအနေနဲ့ ၈ နှစ်ကြာ သက်တမ်းနှစ်ခု ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရင့် နိုင်ငံရေးသမား အဖြစ် လူသိများပါတယ်။

ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံသား အခွင့်အရေး၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တဲ့ကိစ္စတွေမှာ လွတ်လပ်ပြီး အတွေးအခေါ်သစ် လက်ခံတဲ့ အယူအဆရှိတဲ့ ပါတီဖြစ်ပြီး အစိုးရအနေနဲ့ လူတွေကို ကျန်းမာရေး အာမခံ တာဝန်ယူခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေပေးခြင်းအားဖြင့် အများပြည်သူရဲ့ နေ့စဉ်ဘဝတွေမှာ အစိုးရက တာဝန်ကြီးကြီးယူပေးရမယ်လို့ ယူဆတဲ့ ပါတီလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီကို မြို့နေလူထုက ထောက်ခံမှုများလေ့ရှိပြီး ယခင် သမ္မတဟောင်းတွေဖြစ်တဲ့ ဂျွန် အက်(ဖ်) ကနေဒီနဲ့ ဘရတ် အိုဘားမားတို့ဟာ ဒီမိုကရက်တစ်ပါတီဝင်တွေ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် နှစ်ဖက် သမ္မတ နှစ်ဦးစလုံးဟာ အသက် ၇၀ ကျော်တွေ ဖြစ်ကြရာမှာ ဒေါ်နယ်ထရမ့်သာ အနိုင်ရခဲ့ရင် အသက် ၇၄ နှစ်အရွယ် သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး ဂျိုးဘိုင်ဒန်သာ သမ္မတဖြစ်လာရင်တော့ အသက် ၇၈ နှစ်နဲ့ သမိုင်းတလျှောက် အသက်အကြီးဆုံး အမေရိကန်သမ္မတ ဖြစ်လာနိုင်ပါတယ်။

(ပုံ - လူဦးရေအများရှိတဲ့ ကယ်လဖိုးနီးယားပြည်နယ်က electoral college အတွက် ၅၅ နေရာရ)
ဓာတ်ပုံ ပုံစာ, ပြည်နယ်အသီးသီးရဲ့ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတရွေးချယ်ရေး အဖွဲ့ electoral college အဖွဲ့ဝင် စုစုပေါင်း ၅၃၈ ယောက်ရွေးချယ်

သမ္မတအဖြစ် အနိုင်ရမှုကို ဘယ်လို ဆုံးဖြတ်သလဲ

အမေရိကန်သမ္မတရွေးကောက်ရာမှာ တနိုင်ငံလုံးအနေနဲ့ လူထုမဲအများဆုံးရတိုင်း အနိုင်ရဖို့ မသေချာပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာဆိုရင် ဒီမိုကရက်ဘက်က သမ္မတလောင်း ဟီလာရီ ကလင်တန်က ဒေါ်နယ်ထရမ့်ထက် လူထု မဲအရေအတွက် များပေမယ့်လည်း ရှုံးနိမ့်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန်ဟာ အဓိကအားဖြင့် ဒီမိုကရက်တွေ အားကောင်းတဲ့ နယူးယောက်နဲ့ ကယ်လဖိုးနီးယားပြည်နယ်တွေမှာ မဲအရေအတွက် များများနဲ့ အနိုင်ရခဲ့တဲ့အတွက် တနိုင်ငံလုံး အနေအထားနဲ့ မစ္စတာ ထရမ့်ထက် မဲပေါင်း သုံးသန်းနီးပါး အသာရခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်နယ်အသီးသီးရဲ့ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတရွေးချယ်ရေး အဖွဲ့ electoral college အဖွဲ့ဝင် ၅၃၈ ယောက်မှာ ၃၀၄ ယောက်က ဒေါ်နယ်ထရမ့်ကို ရွေးချယ်ပြီး ၂၂၇ ယောက်ကသာ ဟီလာရီ ကလင်တန်ကို ရွေးချယ်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ တကယ်တမ်းနောက်ဆုံး အဆုံးအဖြတ်ပေးတဲ့ သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်ရေး အဖွဲ့ electoral college အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ အနိုင်ရခဲ့တာကြောင့် အခုလို နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် ရွေးကောက်ပွဲကို ဆိုရှယ်မီဒီယာက ဘယ်လို သက်ရောက်ခဲ့သလဲ

အခုလို သမ္မတ ရွေးချယ်ရေး အဖွဲ့ electoral college ကို အခြေခံပြီး သမ္မတရွေးချယ်တဲ့စနစ်မှာ အားနည်းချက်တွေရှိသလို၊ အားသာချက်တွေလည်း ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံ စတင်ထူထောင်ကာစ ကတည်းက အသုံးပြုလာတဲ့ သမိုင်းဝင်စနစ် ဖြစ်တဲ့အတွက် ဒါကို အများစုက လေးစားလက်ခံ ထားကြပါတယ်။

အမေရိကန်မှာ သမ္မတရွေးချယ်ရာမှာ ဒီစနစ်အပေါ် အခြေခံတာကြောင့် မဲပေးသူတဦးက ပေးလိုက်တဲ့မဲဟာ တနိုင်ငံလုံးအတွက် ခြုံပြီး သမ္မတလောင်း ရွေးချယ်ဖို့အတွက် မဲပေးလိုက်တာထက် သူနေတဲ့ ပြည်နယ်အဆင့်အတွက် သမ္မတလောင်းရွေးချယ်ရာမှာပဲ အကျုံးဝင်သွားပါတယ်။

အမေရိကန်မှာ ကျင်းပလာခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အများအားဖြင့် သမ္မတလောင်းအတွက် ရတဲ့ မဲအရေအတွက် ပိုရသူနဲ့ electoral college က ရွေးချယ်တဲ့ သမ္မတတို့ တူလေ့ရှိပေမယ့် ပြီးခဲ့တဲ့ လတ်တလော အမေရိကန် အထွေထွေ ရွေးကောက်ပွဲ ငါးခုထဲက နှစ်ခုမှာတော့ ဒီလို မတူညီခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ် အဲဒီလို တပြေးညီ မဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲကတော့ ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်း အယ်လ် ဂေါ ဟာ သမ္မတလောင်း အဖြစ် တိုက်ရိုက်ရတဲ့ မဲမှာ ဂျော့ ဒဘလျူဘုရှ် ထက်များခဲ့ပေမယ့် ဘုရှ်က electoral college အဖွဲ့ရဲ့ ရွေးချယ်မှုမှာ အသာရလို့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

ပါတီနှစ်ခု အကြိတ်အနယ် ဖြစ်လေ့ရှိတဲ့ (battleground states) တွေမှာ သမ္မတလောင်း အသီးသီးက ပိုပြီး အာရုံစိုက် ယှဉ်ပြိုင်ကြလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါတီနှစ်ခု အကြိတ်အနယ် ဖြစ်လေ့ရှိတဲ့ (battleground states) တွေမှာ သမ္မတလောင်း အသီးသီးက ပိုပြီး အာရုံစိုက် ယှဉ်ပြိုင်ကြလေ့ရှိ

ပြည်နယ်တခုချင်းမှာ သမ္မတနဲ့ ဒုသမ္မတလောင်းရွေးမယ့် ကိုယ်စားလှယ်တွေ ဘယ်လိုရွေးသလဲ

မိန်းပြည်နယ်နဲ့ နဘရက်စကာ ပြည်နယ် နှစ်ခုကလွဲလို့ ကျန်တဲ့ အမေရိကန်နိုင်ငံက ပြည်နယ် ၄၈ ခု တခုချင်းစီမှာ မဲအများဆုံးရတဲ့ သမ္မတလောင်းက သက်ဆိုင်တဲ့ electoral college မဲတွေရတဲ့ စနစ်ကို ကျင့်သုံးပါတယ်။

အမေရိကန်နိုင်ငံအတွင်းက ပြည်နယ်အများစုမှာ ပါတီတခုခုဘက်ကို သိသိသာသာ ပိုပြီးထောက်ခံတာက များတဲ့အတွက် ပါတီနှစ်ခု အကြိတ်အနယ် ဖြစ်လေ့ရှိတဲ့ (battleground states) တွေမှာ သမ္မတလောင်း အသီးသီးက ပိုပြီး အာရုံစိုက် ယှဉ်ပြိုင်ကြလေ့ ရှိပါတယ်။

အဲဒီ အကြိတ်အနယ်ဖြစ်လေ့ရှိတဲ့ ပြည်နယ်တွေကို swing states တွေလို့လည်း ခေါ်ဝေါ်ပြီး ဒီပြည်နယ်တွေမှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် မဲပေးသူ အရေအတွက် မတိမ်းမယိမ်း ဖြစ်လေ့ရှိပါတယ်။

အစဉ်အလာအားဖြင့် ဖလော်ရီဒါနဲ့ အိုဟိုင်းယိုး ပြည်နယ်တွေမှာ အခုလို အကြိတ်အနယ်ဖြစ်လေ့ရှိပြီး လက်ရှိ ရွေးကောက်ပွဲမှာတော့ ယခင် ရီပတ်ဘလီကန် ထောက်ခံမှုများတဲ့ အရီဇိုးနားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ ဒီမိုကရက်ထောက်ခံမှု တက်လာတဲ့အတွက် နှစ်ဖက် အကြိတ်အနယ်ရှိတဲ့ ပြည်နယ်တွေ ဖြစ်လာမယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။

ပုံမှန်အားဖြင့် ပြစ်မှုထင်ရှားကြောင်း အမိန့်ချခံရသူတွေ မဲပေးခွင့် ဆုံးရှုံးလေ့ရှိပြီး ထောင်ဒဏ်သက်တမ်း ကျခံပြီးရင်တော့ မဲပေးခွင့်ပြန်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုံမှန်အားဖြင့် ပြစ်မှုထင်ရှားကြောင်း အမိန့်ချခံရသူတွေ မဲပေးခွင့် ဆုံးရှုံးလေ့ရှိပြီး ထောင်ဒဏ်သက်တမ်း ကျခံပြီးရင်တော့ မဲပေးခွင့်ပြန်ရ

အမေရိကန်မှာ ဘယ်သူတွေ မဲပေးခွင့်ရှိသလဲ

အမေရိကန်နိုင်ငံမှာ ပုံမှန်အားဖြင့် အသက် ၁၈ နှစ်ပြည့်တဲ့ အမေရိကန်နိုင်ငံသားတိုင်း သမ္မတရွေးကောက်ပွဲမှာ မဲပေးခွင့်ရပါတယ်။

အမေရိကန်ပြည်နယ် အတော်များများမှာတော့ အခုလို ၁၈ နှစ်ပြည့်လို့ မဲပေးချင်သူတွေအနေနဲ့ မဲမပေးခင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား ပြဖို့လိုအပ်ကြောင်း ဥပဒေ သတ်မှတ်ထားပါတယ်။

ဒီလို ဥပဒေသတ်မှတ်ချက်နဲ့ ပတ်သက်လို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တွေ သဘောထားကွဲလွဲမှု ရှိနေပါတယ်။

ဒီလို ဥပဒေသတ်မှတ်ရတာဟာ မဲလိမ်ပေးတာကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ရီပတ်ဘလီကန်တွေဘက်က ပြောဆိုကြပေမယ့် ဒီမိုကရက်တွေကတော့ ဒီဥပဒေတွေကြောင့် ယာဉ်မောင်းလိုင်စင်လို အခြေခံအထောက်အထား မပြနိုင်တဲ့ ဆင်းရဲချို့တဲ့သူတွေနဲ့ လူနည်းစုတွေ မဲမပေးနိုင်အောင် ဖိနှိပ်ထားသလို ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

အကျဉ်းသားတွေ မဲပေးခွင့်ရှိမရှိ ဆိုတဲ့ ကန့်သတ်ချက်ကတော့ ပြည်နယ်နဲ့အလိုက် ကွဲပြားမှုရှိနေပြီး ပုံမှန်အားဖြင့် ပြစ်မှုထင်ရှားကြောင်း အမိန့်ချခံရသူတွေ မဲပေးခွင့် ဆုံးရှုံးလေ့ရှိပါတယ်။ ဒါပေမယ့် ကျခံရတဲ့ ထောင်ဒဏ် သက်တမ်းပြည့်ရင်တော့ မဲပေးခွင့် ပြန်ရလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံက ရွေးကောက်ပွဲတွေမှာ မဲပေးကြသူအများစုက မဲရုံတွေကို လူကိုယ်တိုင်လာပြီး မဲပေးကြတာများပေမယ့် လတ်တလောကာလအတွင်းမှာ တခြားနည်းလမ်းနဲ့ မဲပေးသူတွေလည်း များလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ဆိုရင် စာတိုက်ကတဆင့် မဲပေးသူ ၂၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

အခုလာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် လူတွေ ဘယ်လို မဲပေးမလဲ ဆိုတဲ့ကိစ္စက အငြင်းပွားစရာ ဖြစ်လာခဲ့ပြီး ရောဂါ အခြေအနေကြောင့် စာတိုက်က တဆင့် မဲပေးမှု ပိုလုပ်ဖို့ ပြောတဲ့ နိုင်ငံရေးသမားတွေနဲ့ ဒီလိုလုပ်ရင် မဲလိမ်မှုတွေ ရှိလာနိုင်တယ်လို့ဆိုတဲ့ နိုင်ငံရေးသမားတွေလည်း ရှိနေပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဆိုရင် စာတိုက်က မဲပေးမှုတွေကြောင့် မဲလိမ်မှု ပိုများလာနိုင်တယ်ဆိုပြီး သက်သေအထောက်အထား ပြခြင်းမရှိဘဲ ပြောဆိုခဲ့ပါတယ်။

စာတိုက်က မဲပေးမှုကြောင့် မဲလိမ်လို့ ရနိုင်ခြေရှိတယ်လို့ ပြောဆိုတဲ့ နိုင်ငံရေး ဝေဖန်သူတွေ ရှိခဲ့ပြီး အခုလို မဲလိမ်မှုတွေ ရီပတ်ဘလီကန် ထောက်ခံသူတွေဘက်ကရော၊ ဒီမိုကရက်ထောက်ခံသူတွေဘက်မှာပါ ရှိခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လေ့လာမှုတွေမှာတော့ စာတိုက်ကတဆင့် မဲလိမ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတာမျိုး မရှိခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၄၅ သန်းရှိခဲ့ပေမယ့် တကယ်တမ်း မဲပေးခဲ့သူက သန်း ၁၄၀ မပြည့်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ သန်းခေါင်စာရင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ မဲပေးခွင့်ရှိပေမယ့် မဲပေးဖို့ စာရင်းမသွင်းသူ အများစုဟာ နိုင်ငံရေးကို စိတ်မဝင်စားလို့ မသွင်းတာ ဖြစ်တယ်လို့ ပြောဆိုကြပြီး မဲပေးဖို့ စာရင်းသွင်းသူတွေထဲမှာဆိုရင်လည်း သမ္မတလောင်းတွေကို မကြိုက်လို့ မဲမပေးကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်ကို မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် (the House of Representatives) နဲ့ ပြည်နယ်ကိုယ်စားပြု အမတ်များ လွှတ်တော် ဆီးနိတ် (the Senates) ဆိုပြီး လွှတ်တော် နှစ်ရပ် ခွဲထား
ဓာတ်ပုံ ပုံစာ, အမေရိကန် ကွန်ဂရက်လွှတ်တော်ကို မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် (the House of Representatives) နဲ့ ပြည်နယ်ကိုယ်စားပြု အမတ်များ လွှတ်တော် ဆီးနိတ် (the Senates) ဆိုပြီး လွှတ်တော် နှစ်ရပ် ခွဲထား

သမ္မတ ဘယ်သူဖြစ်မလဲဆိုတာပဲ အရေးပါတာလား

အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ဘိုင်ဒန် နှစ်ယောက်ပဲ အဓိက အာရုံစိုက်ခံရတယ် ဆိုပေမယ့် ဒီရွေးကောက်ပွဲက အမေရိကန် လွှတ်တော် ကွန်ဂရက် အမတ်တွေကိုလည်း ရွေးမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွက် ဥပဒေတွေ ပြဋ္ဌာန်း အတည်ပြုပေးတဲ့ ကွန်ဂရက်လွှတ်တော်ကို မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် (the House of Representatives) နဲ့ ပြည်နယ်ကိုယ်စားပြု အမတ်များ လွှတ်တော် ဆီးနိတ် (the Senates) ဆိုပြီး လွှတ်တော် နှစ်ရပ် ခွဲထားပါတယ်။

မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် အမတ်တွေရဲ့ သက်တမ်းက ၂ နှစ် ဖြစ်ပြီး ဆီးနိတ် လွှတ်တော် အမတ်က သက်တမ်းကတော့ ၆ နှစ် ဖြစ်ပါတယ်။

သက်တမ်း ၆ နှစ်ရှိတဲ့ ဆီးနိတ် လွှတ်တော်အမတ်တွေကို အသုတ် သုံးသုတ် ခွဲထားပြီး အဲဒီအထဲက တသုတ်ကို ၂ နှစ် တကြိမ် ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးနေပါတယ်။

လက်ရှိ မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီဝင် အမတ်တွေက လွှမ်းမိုးထားပြီး ဆီးနိတ်လွှတ်တော်ကိုတော့ ရီပတ်ဘလီကန်ပါတီဝင်အမတ်တွေက လွှမ်းမိုးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် တရပ်လုံးဖြစ်တဲ့ အမတ်နေရာ ၄၃၅ နေရာစလုံးကို နှစ်နှစ်တကြိမ် ထုံးစံအတိုင်း ရွေးချယ်နေကျအတိုင်း ရွေးချယ်မှာဖြစ်ပြီး ဆီးနိတ်လွှတ်တော် အတွက်ကိုတော့ အမတ် ၃၃ နေရာပဲ ထုံးစံအတိုင်း ရွေးချယ်မှာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက လွှတ်တော် နှစ်ရပ်စလုံးကို လွှမ်းမိုးနိုင်မယ်ဆိုရင် လက်ရှိ အမေရိကန် သမ္မတ ထရမ့် ပြန်လည် အရွေးခံခဲ့ရရင်တောင်မှ သူရဲ့ အဆိုတင်သွင်းမှုတွေကို ဒီမိုကရက်တွေက တားဆီးတာ၊ နှောင့်နှေးအောင် လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီအမတ် ၂၃၂ ဦး နဲ့ ရီပတ်ဘလီကန်ဘက်က ၁၉၈ ဦး ရှိနေပြီး ဆီးနိတ်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်ဘက်က အမတ် ၅၃ ဦး နဲ့ ဒီမိုကရက်ဘက်က အမတ် ၄၅ ဦး ရှိနေကြပါတယ်။

ဘယ်အချိန်မှာ ရွေးကောက်ပွဲရလဒ် ထွက်လာမလဲ

ဓါတ်ပုံ ၂ ။ ။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် (လက်ဝဲ) ဟာ သမရိုးကျဝါဒီ (conservative) ဆန်တဲ့ ရီပတ်ဘလီကန်ပါတီကဖြစ်ပြီး အတွေးအခေါ်သစ် လက်ခံတဲ့ဝါဒ (liberal) ရှိတဲ့ ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်းကတော့ ဂျိုးဘိုင်ဒန် ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters/Getty

ဓာတ်ပုံ ပုံစာ, လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) ဟာ ရှေးရိုးစွဲဝါဒီ (conservative) ဆန်တဲ့ ရီပတ်ဘလီကန်ပါတီကဖြစ်ပြီး အတွေးအခေါ်သစ် လက်ခံတဲ့ဝါဒ (liberal) ရှိတဲ့ ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်းကတော့ ဂျိုးဘိုင်ဒန်(ယာ) ဖြစ်

အမေရိကန် ရွေးကောက်ပွဲမှာ ပေးကြတဲ့ မဲအရေအတွက်တိုင်းကို ရေတွက်မှု ပြီးစီးဖို့ ရက်ပေါင်းများစွာ ကြာနိုင်တယ်ဆိုပေမယ့် စတင်ကျင်းပပြီး နောက်တနေ့မနက်ပိုင်းလောက်မှာတင် ဘယ်သူနိုင်မလဲဆိုတာ တွက်လို့ရတဲ့ အဖြေထွက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာဆိုရင် ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက် မနက်သုံးနာရီမှာတင်ပဲ လက်ရှိ အမေရိကန် သမ္မတ ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှု မိန့်ခွန်းကို နယူးယောက်မြို့က အောင်ပွဲခံနေကြတဲ့ ထောက်ခံသူတွေရှေ့မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ဒါပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ စာတိုက်ကတဆင့် မဲပေးမှု တက်လာနိုင်တာကြောင့် ဘယ်သူနိုင်မလဲဆိုတာ တွက်လို့ရတဲ့ အဖြေထွက်ဖို့အတွက် ရက် ဒါမှမဟုတ် ရက်သတ္တပတ်နဲ့ချီပြီး ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

စာတိုက်က မဲပေးမှုနဲ့ ပတ်သက်လို့ ပြည်နယ်နဲ့လိုက်ပြီး စည်းကမ်းကွဲပြားမှု ရှိနေပြီး အများအားဖြင့် ဘာ့ကြောင့် လူကိုယ်တိုင် မဲရုံကို လာရောက် မဲမပေးနိုင်သလဲဆိုတာကို အကြောင်းပြချက်ပေးဖို့ လိုအပ်ပါတယ်။

လက်ရှိအနေအထားအရ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို လူကိုယ်တိုင် မဲလာမပေးရတဲ့ အကြောင်းအရင်းအဖြစ် လက်ခံတဲ့ ပြည်နယ်တချို့ရှိပေမယ့် ပြည်နယ်အားလုံးမှာတော့ အခုလို လက်ခံမှု မရှိသေးပါဘူး။

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျင်းပပြီး နောက်တရက်မှာ အဖြေမထွက်ခဲ့တဲ့ လတ်တလော ရွေးကောက်ပွဲကတော့ ၂၀ဝ၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး တလအကြာ တရားရုံးချုပ်ဆုံးဖြတ်ချက်ကျတော့မှ ရွေးကောက်ပွဲနိုင်တဲ့ သမ္မတ ဘယ်သူလဲဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။

၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ အယ်လ်ဂေါက တနိုင်ငံလုံး အနေနဲ့ ဘုရှ်ထက် မဲငါးသိန်းလောက်အထိ မဲပိုရခဲ့ပေမယ့် electoral college မဲမှာ ၅၃၈ မဲထဲက ၂၆၇ သာ ရပြီး ရှုံးနိမ့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ အယ်လ်ဂေါက တနိုင်ငံလုံး အနေနဲ့ ဘုရှ်ထက် မဲငါးသိန်းလောက်အထိ မဲပိုရခဲ့ပေမယ့် electoral college မဲမှာ ၅၃၈ မဲထဲက ၂၆၇ သာ ရပြီး ရှုံးနိမ့်ခဲ့

အဲဒီ ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ဂျော့ ဒဘလျူ ဘုရှ် နဲ့ အယ်လ်ဂေါ တို့ရတဲ့ မဲအရေအတွက် မတိမ်းမယိမ်း ဖြစ်ခဲ့တဲ့အတွက် ဖလော်ရီဒါပြည်နယ် မဲရလဒ်က သူတို့ နှစ်ဦးအကြားမှာ အဆုံးအဖြတ်ဖြစ်ခဲ့ပြီး နှစ်ဖက် မဲကွာခြားချက်က ရာဂဏန်းသာ ရှိခဲ့ပါတယ်။

ဒီလို ဖြစ်ခဲ့တဲ့အတွက် ရက်သတ္တပတ်နဲ့ချီပြီး တရားရုံးတက် အငြင်းပွားရတာတွေ ဖြစ်ခဲ့ရာမှာ ဖလော်ရီဒါပြည်နယ်အတွင်း ပေးခဲ့တဲ့ မဲတွေကိုလည်း ပြန်လည် ရေတွက်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ တရားရုံးချုပ်က မစ္စတာ ဘုရှ်ကို အနိုင်ရသူအဖြစ် ကြေညာခဲ့ရာမှာ ဖလော်ရီဒါပြည်နယ် လူဦးရေအရ သတ်မှတ်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်ရေး အဖွဲ့ electoral college ၂၅ ဦးစာ မဲတွေကို မစ္စတာ ဘုရှ်ရဲ့ ရီပတ်ဘလီကန်ဘက်က ရရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် electoral college ၅၃၈ မဲထဲက ဘုရှ်က ၂၇၁ မဲ ရပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ခံရတာကြောင့် အယ်လ်ဂေါက တနိုင်ငံလုံး အနေနဲ့ ဘုရှ်ထက် မဲငါးသိန်းလောက်အထိ မဲပိုရခဲ့ပေမယ့် electoral college မဲမှာ ၂၆၇ သာ ရပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဝါရှင်တန်မြို့က ကက်ပီတော အဆောက်အအုံရှေ့ လှေကားထစ်တွေမှာ ပြုလုပ်တဲ့ ထုံးစံရှိ
ဓာတ်ပုံ ပုံစာ, သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဝါရှင်တန်မြို့က ကက်ပီတော အဆောက်အအုံရှေ့ လှေကားထစ်တွေမှာ ပြုလုပ်တဲ့ ထုံးစံရှိ

အနိုင်ရသူက ဘယ်အချိန်မှာ စပြီး ရာထူးယူသလဲ

လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်က ဂျိုးဘိုင်ဒန်သာ အနိုင်ရခဲ့မယ့်ဆိုရင် ခေါင်းဆောင်အပြောင်းအလဲကာလမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ရွေးချယ်ဖို့နဲ့ စီမံချက်တွေ ရေးဆွဲဖို့အတွက် ချက်ချင်း သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

တရားဝင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြုလုပ်လေ့ရှိပြီး ဝါရှင်တန်မြို့က ကက်ပီတော အဆောက်အအုံရှေ့ လှေကားထစ်တွေမှာ ပြုလုပ်တဲ့ ထုံးစံရှိပါတယ်။

ဒီအခမ်းအနား ပြီးခဲ့အချိန်ကျမှ သမ္မတသစ်က အိမ်ဖြူတော်မှာ ဝင်ရောက် ရုံးထိုင်ပြီး လေးနှစ်ကြာမယ့် သမ္မတ တာဝန်သက်တမ်းကို စတင် တာဝန်ယူတာ ဖြစ်ပါတယ်။