အမေရိကန် ၂ဝ၂ဝ ရွေးကောက်ပွဲ - ထရမ့်ရဲ့ ရန်က ကာကွယ်ဖို့ ဆိုပြီး ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ ဝင်မယ်

ဂျိုးဘိုင်ဒင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီမိုကရက် သမ္မတလောင်း ဖြစ်ဖို့ တတိယ အကြိမ်မြောက် ကြိုးစားလာသူ ဂျိုးဘိုင်ဒင်

အမေရိကန် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာဖို့ ဝင်ပြိုင်မယ်လို့ ကြေညာလာတဲ့ အတွက်၊ ဒီလို သူရွေးကောက်ပွဲ ဝင်နိုင်တယ် ဆိုပြီး ခန့်မှန်း ပြောဆို နေကြတာတွေ တကယ် မှန်ကန်သွားပြီ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ကြေညာချက်ကို ဗီဒီယို ရိုက်ကူးပြီး ထုတ်လွှင့် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုထဲ "အမေရိကန်ကို အမေရိကန် ဖြစ်စေခဲ့တဲ့ ဒီမိုကရေစီ ဆိုတဲ့ အဓိက အနှစ်သာရ ခြိမ်းခြောက်ခံနေရတယ်" ဆိုပြီး ဒီမိုကရေစီကို ကာကွယ်ရေး အတွက် သူဝင် အရွေးခံမယ့် အကြောင်း ဂျိုးဘိုင်ဒင်က ပြောသွားပါတယ်။

အသက် ၇၆ အရွယ် ဒီမိုကရက်တစ်ဦး ဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ အရင်ကလည်း နှစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာဖို့ ဝင်ပြိုင်မယ် ဆိုပြီး ကြေညာ ထားသူတွေဟာ အခု ဂျိုးဘိုင်ဒင်နဲ့ပါ ဆိုရင် အယောက် ၂ဝ တိတိ ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီသူတွေထဲ ဆီနိတ်တာ အမတ်တွေ ဖြစ်ကြတဲ့ အယ်လ်ဇဘက် ဝါရင်၊ ကင်မလာ ဟဲရစ်နဲ့ ဘာနီ ဆန်ဒါတို့လည်း ပါဝင်ပါတယ်။

ဂျိုးဘိုင်ဒင်
ဓာတ်ပုံ ပုံစာ, သမ္မတလောင်း ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ ၃ ကြိမ်၊ ဂျိုးဘိုင်ဒင်ရဲ့ မတူတဲ့ အရွယ်တွေ။

ဂျိုးဘိုင်ဒင်ရဲ့ ကောက်ကြောင်း

မစ္စတာဘိုင်ဒင်ဟာ သမ္မတအိုဘားမားလက်ထက် ဒုသမ္မတ အဖြစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင် ခဲ့ပါတယ်။

သူ အခု ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲ အမေရိကန် ဒီမိုကရေစီ ခြိမ်းခြောက် ခံနေရပြီ ဆိုတာဟာ လက်ရှိသမ္မတ ထရမ့်ရဲ့ မူဝါဒတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

သူဟာ ထရမ့် မူဝါဒတွေ အပေါ် အမြဲ အပြင်းအထန် ဝေဖန်လေ့ ရှိသူ ဖြစ်ပါတယ်။

လူဖြူကြီးစိုးရေး လူမျိုးကြီး ဝါဒီတွေရဲ့ ရှားလော့ဗေးလ် ၂ဝ၁၇ အဓိကရုဏ်းတုန်းက ထရမ့် အငြင်းပွားဖွယ် ပြောခဲ့တဲ့ "နှစ်ဘက်လုံးမှာ တကယ့်လူတွေ ရှိတယ်" ဆိုတဲ့ နှစ်ဘက်လုံးကို အပြစ်ပုံချတဲ့ စကားကို အခု ဗီဒီယိုထဲမှာ မစ္စတာဘိုင်ဒင်က ပြန်ပြောင်း ထောက်ပြ ပြောဆိုထား ပြန်ပါတယ်။

"အဲဒီ စကားလုံးတွေဟာ အမုန်းတရား ဖြန့်ချီသူတွေနဲ့၊ အမုန်းတရားကို ခုခံ ကာကွယ်သူတွေကို အမေရိကန် သမ္မတ တစ်ယောက်က ညီမျှခြင်းချပြတဲ့ ပြောဆိုမှုမျိုး" ဆိုပြီး မစ္စတာဘိုင်ဒင်က ဗီဒီယိုထဲမှာ ဆိုထားပါတယ်။

ဂျိုးဘိုင်ဒင်

ဓာတ်ပုံ ရင်းမြစ်, Twitter

ဓာတ်ပုံ ပုံစာ, သမ္မတလောင်း ဝင်ပြိုင်မယ်ဆိုတာ အပေါင်းအသင်း အခြွေအရံတွေ အများအပြားနဲ့ ထုတ်ပြန်တာ မဟုတ်ပါဘူး။ လူတွေ သူ့ရဲ့ ဗီဒီယို ကြည့်ရချိန်မှာ မစ္စတာဘိုင်ဒင်ဟာ နယူးယောက်ကို ရထားနဲ့ သွားနေပြီး၊ ဘေးမှာ အကြံပေး တစ်ယောက်စ နှစ်ယောက်စပဲ ပါပါတယ်။

"ထရမ့်လို လူမျိုးကို အိမ်ဖြူတော်မှာ နောက် ၄ နှစ် ဆက်ထားဖို့ ဘယ်လိုမှ မဖြစ်ဘူး၊ ဒီတိုင်းပြည်ရဲ့ စရိုက်လက္ခဏာ မှန်သမျှကို သူပြောင်းပြန်လှန်ပစ်မှာ လက်ပိုက် ကြည့်မနေနိုင်ဘူး" ဆိုပြီး ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

ဒီတော့ သူ သမ္မတလောင်းဖြစ်ဖို့ ဝင်ပြိုင်တာဟာ အဓိက အမေရိကန်ကို ထရမ့် အန္တရာယ်က ကာကွယ်ဖို့ ဖြစ်တယ်ဆိုပြီး မစ္စတာဘိုင်ဒင်က ပြောနေတာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင် အခြေအနေကောင်းနိုင်လား

မစ္စတာ ဘိုင်ဒင်ဟာ အသက် ၂၉ နှစ် ကျော်ကျော်မှာ ၁၉၇၂ ခုနှစ်မှာ အထက်လွှတ်တော် ဆီးနိတ်ရဲ့ အမတ်အဖြစ် စတင် ရွေးကောက်ခံ ခဲ့ရပါတယ်။ ဆီနိတ်တာဖြစ်ဖို့ အနည်းဆုံး အသက် ၃ဝ ပြည့် ရမယ်ဆိုတဲ့ စည်းကမ်း ရှိလို့ ရွေးကောက်ပွဲ နိုင်ပြီး ချက်ခြင်း အမတ်တာဝန် လက်မခံ နိုင်သေးပဲ ၃ဝ ပြည့်အောင် သီတင်းပတ် အနည်းငယ် စောင့် နေခဲ့ရပါတယ်။

ဆီးနိတ်အမတ် တာဝန် ထမ်းဆောင်ကာနီးမှာပဲ ဇနီးဖြစ်သူ နီလီယာနဲ့ ရင်ခွင်ပိုက် အရွယ် သမီးလေး နာအိုမီတို့ ကားမှောက်ပြီး သေဆုံးသွားခဲ့တဲ့ အဖြစ်ဆိုးမျိုး ကြုံခဲ့ရပါတယ်။

မစ္စတာ ဘိုင်ဒင်ဟာ ၁၉၈၈ ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်လာဖို့ စတင် ပြိုင်ခဲ့ပေမယ့် နောက်ပိုင်း ဆက်မပြိုင်တော့ပဲ နုတ်ထွက်သွားပါတယ်။ အကြောင်းကတော့ အဲဒီအချိန်က ယူကေ လေဘာပါတီရဲ့ ခေါင်းဆောင် နီးလ် ကင်းနော့ရဲ့ မိန့်ခွန်းကို ပုံတူကူး ပြောဆိုတာတွေ လုပ်ခဲ့မိလို့ ဆိုပြီး ဝန်ခံရင်း နုတ်ထွက်သွားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ မစ္စတာ ဘိုင်ဒင်ဟာ ဆီးနိတ်ထဲ အင်မတန် ဩဇာညောင်းတဲ့ ရာထူး တာဝန်တွေ ရလာပါတယ်။ ဥပမာ တရားရေးနဲ့ နိုင်ငံခြားရေး ဆိုင်ရာ ဆီးနိတ် ကော်မတီ ဥက္ကဌ ဖြစ်လာပါတယ်။

၂ဝဝ၈ မှာ ဒီမိုကရက် သမ္မတလောင်း ဖြစ်ဖို့ ထပ်ကြိုးစား ခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမှု မရခဲ့ပါဘူး။ ဒါ့ကြောင့် သမ္မတလောင်း ဖြစ်ဖို့ ဝင်ပြိုင်သူတွေ စာရင်းက နုတ်ထွက်ခဲ့ပြန်ပြီး ရေပန်းစားတဲ့ အိုဘားမားရဲ့ လက်ထောက် အဖြစ် ၂ဝဝ၈ ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ပြီး အိုဘားမား နိုင်တဲ့အခါ သူလည်း ဒုသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိုဘားမားရဲ့ လက်ထောက် အဖြစ် ကိုယ်ရှိန်သတ်ခဲ့သူ ဂျိုးဘိုင်ဒင်

၂ဝ၂ဝမှာ သမ္မတလောင်း ဖြစ်လာဖို့ ပြိုင်မယ်လို့ ဆိုထားကြတဲ့ ဒီမိုကရက်တွေထဲ မစ္စတာ ဘိုင်ဒင်ဟာ အတွေ့အကြုံ အရင့်ကျက်ဆုံးသူ ဖြစ်ပါတယ်။ ဆီးနိတ်အမတ် သက်တမ်း ၆ ကြိမ် အရွေးခံထားရပြီး၊ အထက်မှာ ဆိုထားသလို သမ္မတလောင်း ဖြစ်လာဖို့လည်း နှစ်ကြိမ် ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

ထရမ့် သမ္မတ ဖြစ်လာတဲ့ ၂ဝ၁၆ တုန်းကလည်း မစ္စတာ ဘိုင်ဒင် ဝင်ပြိုင်မယ်လို့ မျှော်လင့် ခဲ့ကြပေမယ့် သူ့ရဲ့ သား ဘိုးဘိုင်ဒင် (အသက် ၄၆ နှစ်) ဦးနှောက်အကြိတ် ရောဂါနဲ့ ကွယ်လွန်သွားလို့ မစ္စတာဘိုင်ဒင်ဟာ ရွေးကောက်ပွဲနဲ့ ဝေးဝေး နေခဲ့ပါတယ်။

ဒီမိုကရက်ပါတီတွင်း လူကြိုက်များမှု အခြေအနေကို ကြည့်ရင် မစ္စတာဘိုင်ဒင်ဟာ အခုနှစ်ပိုင်းတွေ အတွင်း အခြေအနေ မဆိုးလှတာကို တွေ့ရပါတယ်။ သူ့လို့ နိုင်ငံရေး နောက်ခံနဲ့ အတွေ့အကြုံ များသူတစ်ဦး၊ လူသိများသူ တစ်ဦး ဝင်ပြိုင်မယ်ဆို မဲဆွယ် ရံပုံငွေတွေလည်း ပုံအော ထည့်ဝင်ကြမယ့်သူ အများအပြား ရှိနိုင်ပါတယ်။

ဟီလာရီကလင်တန်တုန်းကလည်း လူတွေ ဝိုင်းဝန်း ထောက်ခံခဲ့၊ အားပေးခဲ့ပေမယ့် ၂ဝ၁၆ ရွေးကောက်ပွဲ ရလဒ် နောက်ဆုံး ဘယ်လို ဖြစ်ခဲ့လဲ ဆိုတာ အားလုံး အသိပဲမို့ မစ္စတာ ဘိုင်ဒင် အတွက် ဘယ်အရာမှတော့ ၁ဝဝ ရာခိုင်နှုန်း သေချာတယ်ဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး။

၂ဝ၁၆ တုန်းက ဟီလာရီ သူ့ကိုယ်သူ ပုံဖော်ခဲ့သလိုပဲ၊ အခုလည်း မစ္စတာဘိုင်ဒင်က သူ့ကိုယ်သူ ပုံဖော်ပါတယ်။ အဲဒါကတော့ သူဟာ ထရမ့်မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ဒီ အချက်ဟာ ဟီလာရီ့ အတွက်တော့ မလုံလောက်ခဲ့ပါဘူးလို့ ဘီဘီစီရဲ့ မြောက်ပိုင်းအမေရိကဆိုင်ရာ သတင်းထောက် အန်ထော်နီ ဇာရ်ခါက သုံးသပ်ထားပါတယ်။

ဗီဒီယို ပုံစာ, us-midterm