အမေရိကန် ဒုသမ္မတ တရုတ်ပြည်ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာ အလည်အပတ် ခရီးအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာပြီး၊ သူ့ရဲ့ ခရီးစဉ်မှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။
ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တခုကတော့ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံရဲ့ စီးပွားရေး မူဝါဒကို အပြည့်အဝ ထိန်းချုပ် ထားနိုင်တယ် ဆိုတာကို အဓိက အကြွေးရှင် တရုတ်နိုင်ငံ အနေနဲ့ စိတ်ချရစေဖို့ အတွက် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အမေရိကန်ရဲ့ ဘတ်ဂျက်လိုငွေပြနေတာကို လျော့ချဖို့ အမေရိကန်အစိုးရအနေနဲ့ စိတ်ချရ အောင် ပိုမိုလုပ်ဆောင်ပြဖို့ တရုတ်နိုင်ငံက တောင်းဆိုထားတာ ဖြစ်ပါတယ်။
Standard and Poor's credit အေဂျင်စီက အမေရိကန်ရဲ့ credit အဆင့်ကို ဒီလ အစောပိုင်း က လျှော့ချလိုက်တာကြောင့် ဘဏ္ဍာရေး စျေးကွက် မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်ကတော့ ငွေတန်ဖိုး အများကြီးလျှော့ချထားတဲ့ တရုတ်ငွေကြေးအပေါ် စိုးရိမ် မှုတွေ ရှိနေတာကို တင်ပြဆွေးနွေးမယ်လို့ ယူဆရပါတယ်။




