ထရမ့်ရဲ့ 'ငြိမ်းချမ်းရေး ဘုတ်အဖွဲ့' ဘာ့ကြောင့် အငြင်းပွားစရာဖြစ်နေလဲ

သမ္မတ ဒေါ်နယ်ထရမ့် က အလယ်မှာရပ်နေပြီး အမဲရောင် အနောက်တိုင်း အင်္ကျီ ကို ဝတ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ အနောက်တိုင်း အင်္ကျီ ကို ဝတ်ဆင်ထားပါတယ်။ အနောက်တိုင်း အင်္ကျီ ကို ဝတ်စားဆင်ယင်ထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကိုလည်း ညာဘက်မှာ တွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ 'ငြိမ်းချမ်း ဘုတ်အဖွဲ့' ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (ဘယ်) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (ညာ) တို့ကို ခန့်အပ်လိုက်ပါတယ်။
    • ရေးသားသူ, ပေါ်လာ အဒေမို အိုင်ဒိုတာ
    • ရာထူးတာဝန်, BBC News World Service

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ဒီဘုတ်အဖွဲ့ကို ကုလသမဂ္ဂက ထရမ့် ဦးဆောင်တဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ကနဦးထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် အသေးစိတ် အချက်အလက် တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သမ္မတ ထရမ့်ရဲ့ "နိုင်ငံတကာ ပြုပြင်ပြောင်းလဲရေး အဖွဲ့အသစ်" ဟာ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။

ဘုတ်အဖွဲ့ထဲမှာ ၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်တိုက်တဲ့စစ်ကို ထောက်ခံခဲ့သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားလိုလူပါလာပြီး ပါလက်စတိုင်းဘက်က တစ်ယောက်မှ မပါတာ၊ ကန်ဒေါ်လာ ၁ ဘီလျံ ပေးရမယ့် ရာသက်ပန် ဘုတ်အဖွဲ့ဝင်ကြေး၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ဘာဖြစ်သွားမလဲ စတဲ့ အငြင်းပွားဖွယ်ဖြစ်လာတဲ့ မေးခွန်းတွေကို ရှင်းပြပေးပါမယ်။

ထရမ့် ရဲ့ ဘုတ်အဖွဲ့ထဲပါဖို့ ဘယ်သူတွေကမ်းလှမ်းခံထားရလဲ

အမေရိကန် သမ္မတ ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲပါဝင်ဖို့ ဒါဇင်နဲ့ ချီတဲ့ ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင် တွေကို ဖိတ်ကြားထားပြီးပါပြီ။ အခုအထိ သိရသမျှထဲမှာ -

  • ဩစတေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဗန်းနိစ်
  • ဘရာဇီး သမ္မတ လူလာ ဒါ ဆေးလ်ဗား
  • ဆိုက်ပရပ်စ် သမ္မတ နီကိုးစ် ခရစ္စတိုဒူလိုက်စ်
  • အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီ
  • ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယွန်
  • ဂရိ ဝန်ကြီးချုပ် ကီရီယားကို့စ် မစ်ဆိုတာကစ်
  • အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ
  • ဂျော်ဒန် ဝန်ကြီးချုပ် ဂျဖာ ဟာဆန်
  • ပါကစ္စတန် သမ္မတ အာစစ်ဖ် အလီ ဇာဒါရီ
  • ပိုလန် သမ္မတ ကာရိုး နော်ရော့ကီ
  • ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်
  • တူရကီ သမ္မတ ရီဂျပ် တာယစ် အာဒိုဝမ်
  • ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတားမာ နဲ့
  • ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကာ တို့ပါဝင်ပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာ လပ်ဇွန်လည်း ဖိတ်ကြားခံရပြီး "စဉ်းစားနေတယ်" လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အသေးစိတ် အချက်အလက်တွေကို သုံးသပ်နေဆဲ လို့ တုံ့ပြန် ထားပါတယ်။

ယူကေကတော့ ရုရှားသမ္မတပါနေလို့ စောင့်ကြည့်ဦးမယ်လို့ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက် တွေ ရဲ့ မေးခွန်းတွေကို ပြန်ဖြေနေတာပါ။ အနောက်မှာတော့ သမ္မတ ဒေါ်နယ် ထရမ့် အနောက်တိုင်း ဝတ်စုံဝတ်ထားပြီး မတ်တတ် ရပ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ဂါဇာအရေး နောက်တစ်ဆင့် ဖြစ်တဲ့ ပြန်လည် တည်ဆောက်ရေးကို ကိုင်တွယ်မယ့် "အမှုဆောင် ဘုတ်အဖွဲ့ဝင်" ၇ ဦးထဲမှာ ပါဝင်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။

ထရမ့်ရဲ့ဘုတ်အဖွဲ့ထဲ ပါဖို့ သဘောတူထားပြီးသူတွေ

အဖွဲ့ဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံထားပြီးသူတွေကတော့

  • အယ်ဘေးနီးယား ဝန်ကြီးချုပ် အက်ဒီ ရာမ
  • အာဂျင်တီးနား သမ္မတ ဟာဗီးယား မီလေး
  • ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်
  • ကာဇက်စတန် သမ္မတ ကာဆင် ဂျမား တိုကာရော့ဗ်
  • ပါရာဂွေး သမ္မတ ဆန်တီယာဂို ပန်ညာ
  • ဥဇဘက်ကစ္စတန် သမ္မတ ရှကက် မာဇီယိုရော့ဗ်

ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး တိုလန်း ကလည်း လက်ခံ လိုက်ပြီ လို့ သိရပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းမှုအပြီး ရောက်လာခဲ့တဲ့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို ကလည်း "ပါဝင်ဖို့ အသင့်ပဲ" လို့ ပြောထားပါတယ်။

ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီ ကလည်း အဖွဲ့ဝင်ဖို့ လက်ခံလိုက်ကြောင်း ပြောပေမယ့် အဖွဲ့ဝင်ကြေးတော့ ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ထရမ့် ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ထဲဝင်ဖို့ ဘာတွေလိုအပ်လဲ?

အမေရိကန်အစိုးရ အရာရှိတစ်ဦးကတော့ အဖွဲ့ဝင်ဖို့ ဘာမှမလိုဘူးလို့ CBS News သတင်းဌာနကို ပြောထားပါတယ်။ သုံးနှစ်တာ သာမန်အဖွဲ့ဝင်အစား ရာသက်ပန်အဖွဲ့ဝင်မယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၁ ဘီလျံပေးရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီ အဖွဲ့ဝင်ကြေးတွေကို ဂါဇာ ပြန်လည်တည်ဆောက်ရေးအတွက် သုံးစွဒသွားမယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ပြောပါတယ်။

ထရမ့်က သူ သမ္မတမဖြစ်တော့ရင်တောင် ထာဝရဥက္ကဋ္ဌအဖြစ် ဆက်ပြီးဦးဆောင်နေမယ့် ဘုတ်အဖွဲ့က နောက်ပိုင်းမှာ တခြား ပဋိပက္ခတွေကိုလည်း ကိုင်တွယ်သွားမယ်လို့ ရိုက်တာသတင်းဌာနက တွေ့ခဲ့ရတဲ့ စာနဲ့ အဖွဲ့ဖွဲ့စည်းပုံ ပဋိဥာဥ်မူကြမ်းမှာ ဖော်ပြထားပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်က နက်ပြာရောင် အနောက်တိုင်း ဝတ်စုံ ကို ဝတ်ထားပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလအထွေထွေ ညီလာခံ မှာ မိန့်ခွန်းပြောနေပုံ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇ မှာ သမ္မတ ဒေါ်နယ်ထရမ့်က ကုလအဖွဲ့အစည်း ၃၁ ခုကနေ နုတ်ထွက်စာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကုလသမဂ္ဂ အခန်းကဏ္ဍ မှေးမှိန်သွားမလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စာထဲမှာတော့ သမ္မတထရမ့်က ဒီဘုတ်အဖွဲ့ဟာ "ကမ္ဘာ့ပဋိပက္ခတွေ ဖြေရှင်းဖို့ ရဲဝံ့တဲ့ ချဉ်းကပ်မှုအသစ်တွေလုပ်မယ်" လို့ ပြောထားပါတယ်။ ဒီအချက်ဟာ ငြိမ်းချမ်းရေးတည်ဆောက်ရေး နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရတဲ့ ကိစ္စရပ်တွေအတွက်ရော နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့မှာပါ တာဝန်ရှိ တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေနိုင်တယ်လို့ ရှုမြင်ကြပါတယ်။

အစ္စရေးသတင်းစာ Haaretz ကတော့ ဘုတ်အဖွဲ့ရဲ့ ပဋိဥာဥ်အဖွင့်မှာ "ပိုပြီး မြန်ဆန်၊ ထိရောက်အောင် လုပ်နိုင်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ " လိုအပ်နေတယ်လို့ အထူးပြုပြောထားပြီး ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး ရဖို့ဆိုရင် "မကြာခဏဆိုရင် မအောင်မမြင်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေကနေ ခွဲထွက်ရဲတဲ့ သတ္တိရှိရမယ်"လို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ "ဒီအဖွဲ့ရဲ့ ရည်မှန်းချက်ဟာ ကုလသမဂ္ဂဆုံးဖြတ်ချက် အမှတ်၂၈၀၃ နဲ့ အလွန်ကိုက်ညီတယ်" လို့ ဖော်ပြထားပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က "ဒါဟာ ဂါဇာအတွက် ချမှတ်ထားတဲ့ မူဘောင်ထက်ကို ကျော်လွန်နေတယ်" လို့ AFP သတင်းဌာနကို ပြောပါတယ်။ "အထူးသဖြင့် ကုလသမဂ္ဂရဲ့ အခြေခံမူတွေ နဲ့ ဖွဲ့စည်းပုံတွေအပေါ် လေးစားမှုကို မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်၊ ဒါတွေက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မေးခွန်းထုတ်စရာမလိုတဲ့ကိစ္စတွေ" လို့ သူက ထပ်ပြောပါတယ်။

Quincy Institute for Responsible Statecraft က ခါလစ် အယ်ဂင်ဒီ ကတော့ "အမေရိကန် အစိုးရရဲ့ ပြောပုံတွေကိုကြည့်ရင် ဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပေါက်ရောက်မှုကို ပိုပြီး မြှင့်တင်ချင်ပုံရပါတယ်။ ကုလသမဂ္ဂရဲ့ လက်ရှိ စနစ်ကိုပါ အစားထိုးဖို့ အထိကို ပြောနေတာ" လို့ ပြောပါတယ်။

"ဆိုတော့ ဒါက ရှင်းသွားပါတယ်။ ဂါဇာအရေးက သူတို့အတွက် အစဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ စဉ်းစားချက်အရ ဘုတ်အဖွဲ့က ဒီမှာတင်ပြီးသွားမယ်လို့ မထင်ဘူး။"

ကုလသမဂ္ဂအတွက် ရန်ပုံငွေတွေကို ထရမ့်အစိုးရက အခုကတည်းက ဖြတ်တောက်နေပါပြီ။ ဂါဇာ စစ်ပွဲချုပ်ငြိမ်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်မှာတော့ "အမေရိကန် အကျိုးစီးပွားနဲ့ ဆန့်ကျင်တယ်" ဆိုပြီး ကုလသမဂ္ဂအဖွဲ့အစည်း ၃၁ ခုကနေ နုတ်ထွက်စာကို သမ္မတထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂရဲ့မူဘောင်နဲ့ ကုလသမဂ္ဂ ဒီမိုကရေစီရန်ပုံငွေအဖွဲ့တွေ ပါပါတယ်။

အနောက်တိုင်း ဝတ်စုံဝတ်ဆင်ထားတဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (ဘယ်) က သမ္မတ ဒေါ်နယ်ထရမ့် နဲ့ လက်ဆွဲနှုတ်ဆက်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ကို "ဗဟိုအမှုဆောင် ဘုတ်အဖွဲ့" မှာ ခန့်အပ်လိုက်တာဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဘယ်လိုအလုပ်လုပ်မလဲ

ငြိမ်းချမ်းရေးဘုတ်ဖွဲ့နဲ့အတူ သူ့ကို အထောက်အကူပြုဖို့ အကြီးတန်းဘုတ်အဖွဲ့ နှစ်ခုကိုလည်း ကြေညာလိုက်ပါတယ်။

  • "အမှုဆောင် ဘုတ်အဖွဲ့" ကတော့ ရင်းနှီးမြှုပ်နှံမှု နဲ့ သံတမန်ရေးရာတွေကို အထူးပြုလုပ်မှာပါ။
  • "ဂါဇာ အမှုဆောင်ဘုတ်အဖွဲ့" ကတော့ ဂါဇာ စီမံခန့်ခွဲရေးအတွက် မြေပြင်မှာ လုပ်ဆောင်မယ့် အမျိုးသားကော်မတီကို ကြီးကြပ်မှာပါ။ အဲဒီ ကော်မတီကို ဂါဇာ ပြန်လည်တည်ဆောက်ရေးနဲ့ ယာယီအုပ်ချုပ်ရေးအတွက် တာဝန်ပေးထားတဲ့ နည်းပညာကျွမ်းကျင်သူတွေနဲ့ ဖွဲ့ စည်းထားတာပါ။

ဘုတ်အဖွဲ့ မှာ ရွေးချယ်ခံထားရသူတွေက ဂါဇာမှာ ထိရောက်တဲ့ အုပ်ချုပ်မှုတွေ ပေးရမယ်။ နောက်ပြီး ဂါဇာပြည်သူတွေအတွက် ကြွယ်ဝချမ်းသာမှု၊ တည်ငြိမ်မှု နဲ့ ငြိမ်းချမ်းရေးတွေ ဆောင်ကျဥ်းပေးနိုင်မယ့် အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးနိုင်အောင်လုပ်ရမယ် လို့ အိမ်ဖြူတော်ကပြောပါတယ်။

ဂါဇာပြန်လည်တည်ဆောက်ရေး နောက်တစ်ဆင့်ကို ကြီးကြပ်မယ့် အဖွဲ့ဝင် ၇ ဦးပါတဲ့ "အမှုဆောင်ဘုတ်အဖွဲ့" ကို သမ္မတထရမ့်က ဦးဆောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဖော်ပြပါတယ်။

အဲဒီအဖွဲ့ထဲပါမယ့်သူတွေက -

  • နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို
  • အရှေ့အလယ်ပိုင်းဒေသအတွက် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့
  • ထရမ့်ရဲ့ သားမက် ဂျာရတ် ကွတ်ရှ်နား တို့ဖြစ်ပြီး

ဒီ ဘုတ်အဖွဲ့ထဲ မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ပါဝင်နေမှုကလည်း အငြင်းပွားစရာဖြစ်နေပါတယ်။ သူဟာ အီရတ်မှာ လူအမြောက်အမြားကို ပျက်သုဉ်းစေနိုင်တဲ့ လက်နက်တွေ (Weapons of Mass Destruction) ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် အခြေခံပြီး အီရစ်စစ်ပွဲထဲ ဗြိတိန်နိုင်ငံကို ဆွဲထည့် ခဲ့တာပါ။ အဲဒီ ပြောဆိုမှုတွေမမှန်ဘူးဆိုတာ နောက်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။

အဖွဲ့ဝင်တစ်ဦးချင်းစီမှာ "ဂါဇာဒေသ တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့" လုပ်ငန်းဆောင်တာ တွေ ရှိကြမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ မှာ ပါလက်စတိုင်း နဲ့ အစ္စရေးတွေ ပါဝင်လား

အမှုဆောင်ဘုတ်အဖွဲ့မှာ ပါလက်စတိုင်းတွေတော့ မပါဝင်ပေမယ့် ဂါဇာဘုတ်အဖွဲ့မှာ အစ္စရေးနိုင်ငံသား တစ်ဦးတော့ ပါဝင်ပါတယ်။ သူဟာ အစ္စရေးနိုင်ငံမှာမွေးပြီး ဆိုက်ပရပ်စ်မှာ အခြေချတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး ယာကီယာဂါဘေး ဖြစ်ပါတယ်။

ဒါပေမယ့် ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ကာတာ နဲ့ တူရကီ နိုင်ငံတွေက ဝါရင့် နိုင်ငံရေးသမားတွေ တော့ ပါဝင်ပါတယ်။

ပါလက်စတိုင်းတွေဘက်ကတော့ "အခုထက် ပိုပြီးကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု" ကို မျှော်လင့်ခဲ့ကြတာလို့ နိုင်ငံရေးသမား မူစတာဖာ ဘာဂူတီက ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို ပြောပါတယ်။

"အမေရိကန် ဘုတ်အဖွဲ့ လို့တောင် ပြောလို့ရတယ်။ အဲဒီထဲ နိုင်ငံတကာက ပုဂ္ဂိုလ်တချို့ နည်းနည်း ထည့်လိုက်တယ် ဆိုရုံပါပဲ " လို့ သူကပြောပါတယ်။

ကိုင်ရို မြို့က ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ ရဲ့ အခန်းကဏ္ဍကို အတည်ပြုလိုက်တဲ့ အချက်ကလည်း "မရှင်းလင်းဘူး" လို့ သူက ပြောပါတယ်။ ဒါဟာ "ပြဿနာတွေ" ကို ပိုပြီးဦးတည်စေတယ်လို့ ဆိုပါတယ်။

နောက်ပြီး ဂါဇာ ပြန်လည်တည်ဆောက်ရေးအတွက် ရာဖာမြို့ နယ်စပ်ဂိတ်ကို အစ္စရေးက ပြန်ဖွင့်ပေးချင်ပါ့မလားဆိုတာကိုလည်း သံသယဖြစ်မိတယ်လို့ သူက ပြောပါတယ်။

အစ္စရေးကတော့ အမှုဆောင်ဘုတ်အဖွဲ့ တွေကိုဘယ်သူတွေနဲ့ ဖွဲ့စည်းမလဲဆိုတဲ့ ဆွေးနွေးမှုတွေထဲ သူတို့ကို ဖယ်ထားခဲ့တယ်လို့ဆိုပါတယ်။ "အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ မရှိပါဘူး။ အစ္စရေးရဲ့ မူဝါဒတွေ နဲ့ လည်းဆန့်ကျင်နေတယ်" လို့ အစ္စရေးဝန်ကြီးချုပ် နေတာညာဟု ရုံးက ပြောပါတယ်။

အစ္စရေးအတိုက်အခံခေါင်းဆောင် ယဲလာပစ်ကတော့ ဒီဘုတ်အဖွဲ့ဖွဲ့စည်းတယ်လို့ ကြေညာချက်ဟာ "အစ္စရေးရဲ့ သံတမန်ရေးရှုံးနိမ့်မှု" လို့ ပြောပါတယ်။ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာ ဘန်ဂဘီယာကလည်း "ဂါဇာကမ်းမြှောင် ပြန်လည်တည်ထောင်ရေး အတွက် ဘယ်အုပ်ချုပ်ရေး ကော်မတီမှ မလိုဘူး။ ဟားမတ်စ် အကြမ်းဖက်တွေကို ရှင်းပစ်ဖို့ပဲလိုတာ" လို့ သူ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။

မီးခိုးရောင် အနွေးထည် နဲ့ အမဲရောင်ဘောင်းဘီဝတ်ထားတဲ့ မိန်းကလေးငယ် က ပိုက်ကထွက်လာ တဲ့ ရေတွေသောက်နေတာပါ။ အနီးနားမှာလည်း အပျက်အစီးပုံကြီးပါ။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာမှာရှိတဲ့ အဆောက်အဦ ၈၀ ရာခိုင်နှုန်းက ထိခိုက်ပျက်စီးသွားပြီလို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါဟာ တန်ပေါင်း သန်း ၆၀ လေးတဲ့ အပျက်အစီးပုံကြီးဖြစ်သွားတယ်လို့ ဆိုပါတယ်။

ထရမ့် ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ က ဂါဇာအရေး ဖြေရှင်းနိုင်မှာလား

ဂါဇာမှာရှိတဲ့ အဆောက်အဦ ၈၀ ရာခိုင်နှုန်းက ထိခိုက်ပျက်စီးသွားပြီလို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ တန်ပေါင်း သန်း ၆၀ လေးတဲ့ အပျက်အစီးပုံကြီးဖြစ်သွားတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်မိသားစု တွေဟာ စားစရာ၊ အမိုးအကာ မလုံလောက်ဘဲ အေးချမ်းတဲ့ ဆောင်းရာသီကို ကျော်ဖြတ်နေရပါတယ်။

ကူညီရေးလုပ်ငန်းတွေ မှာ တိုးတက်မှုတချို့ရှိပေမယ့် အစ္စရေးက ကန့်သတ်မှုတွေ လုပ်ထားတုန်းပဲလို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အစ္စရေးကတော့ လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ပေးနေပြီး ကန့်သတ်မှုတွေလုပ်ရတာဟာ ဟားမတ်စ်တွေ လက်ထဲ အကူအညီပစ္စည်းတွေရောက်သွားပြီး အလွဲသုံးစားလုပ်မှုတွေကို ရပ်တန့်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း ဂါဇာထဲ ရောက်နှင့်ပြီးသား အထောက်အပံ့တွေ မဖြန့်ဝေနိုင်တာကို အစ္စရေးက ကုလသမဂ္ဂကို အပြစ်တင်ပါတယ်။

အကြီးဆုံး စိန်ခေါ်မှုကတော့ ထိလွယ်၊ ပြတ်လွယ်တဲ့ ငြိမ်းချမ်းရေး ချည်မျှင်လေးကို ဆက်ထိန်းထားနိုင်ဖို့ပါ။

ဟားမတ်စ်ကတော့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပဲ လက်နက်တွေစွန့်မယ်လို့ ပြောထားပါတယ်။ ဂါဇာကမ်းမြှောင် ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ အစ္စရေးကတော့ ဟားမတ်စ်တွေ လက်နက်စွန့် ရင် အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးမယ်လို့ ပြောထားပါတယ်။

သမ္မထရမ့် ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ က အပြောင်းအလဲတွေ ဘယ်လောက်မြန်မြန် လုပ်ပေးနိုင်မလဲ၊ ပိုပြီးအရေးကြီးတာက ရေရှည်ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ ခြေလမ်းတွေ ဘယ်လောက်တိုးလုပ်ဆောင်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘီဘီစီကမ္ဘာတလွှားအစီအစဥ်က ဆိန်းပက်ခ်ပါဝင်ရေးသားသည်။