ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုမှုနဲ့အတူ ထွက်လာတဲ့မေးခွန်း

- ရေးသားသူ, ပေါလ် အဒမ်
- ရာထူးတာဝန်, သံတမန်ရေးရာသတင်းထောက်
အခုလအစောပိုင်းတုန်းက လန်ဒန်မြို့မှာရှိတဲ့ တတ်သိပညာရှင်အဖွဲ့ ချာသမ်ဟောက်စ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ပွဲကို ပါလက်စတိုင်း သံတမန် ဟူဆမ် ဇမ်လော့ကို ဖိတ်ကြားခဲ့ပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ကတိပေးတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေထဲ ဘယ်လ်ဂျီယံကလည်း သူလည်း ပါဝင်မယ်လို့ ပြောပါတယ်။ ဒေါက်တာ ဇမ်လော့ကတော့ ဒါဟာ ထူးခြားသိသာတဲ့အခိုက်အတန့်လို့ပြောပါတယ်။
''နယူးယောက်မြို့မှာ မြင်ရမယ့် ကြိုးပမ်းချက်ဟာ နှစ်နိုင်ငံပေါ်ထွန်းရေးမူ အထမြောက်ဖို့ တကယ့်ကိုရည်ရွယ်ရင်းရှိရှိနဲ့ နောက်ဆုံးအကြိမ်ကြိုးပမ်းချက်ဖြစ်လာနိုင်တာကို ခင်ဗျားမြင်ရလိမ့်မယ်'' လို့ သူက ကျွန်တော့်ကို အဲဒီတုန်းက ပြောပါတယ်။
''အောင်မြင်ဖို့ပဲ မျှော်မှန်းကြရတာပေါ့ဗျာ''
အခုတော့ သီတင်းပတ်အတော်ကြာပြီးတဲ့နောက် ဒါနဲ့ဆက်နွှယ်တဲ့သတင်းတွေ ထွက်လာပါတယ်။ အစ္စရေးနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာရင်းစွဲရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျတို့ဟာ အခုတော့ ခြေလှမ်းတစ်ခုကို တက်လှမ်းလိုက်ပြီ။
ဗြိတိန်က ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတားမာက လူမှုကွန်ရက်မှာ ရုပ်သံနဲ့ ကြေညာပါတယ်။
အဲဒီထဲမှာ သူပြောတာက ''အရှေ့အလယ်ပိုင်းမှာ စိုးထိတ်စရာတွေ ကြုံလာရချိန်မှာ နှစ်နိုင်ငံ ပေါ်ထွန်းရေးမူနဲ့ ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ ဆောင်ကျဉ်းနိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်''
''ဒါဟာ ဘေးကင်း လုံခြုံတဲ့ အစ္စရေးနဲ့အတူ ပါလက်စတိုင်းနိုင်ငံတစ်နိုင်ငံလည်း ပေါ်လာဖို့ ရည်သန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တစ်ခုကိုမှ မမြင်ရသေးပါဘူး''
နိုင်ငံပေါင်း ၁၅၀ ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်ရော တခြားနိုင်ငံတွေကပါ ပါဝင်အသိအမှတ်ပြုလာတာဟာ ကြီးမားတဲ့အခိုက်အတန့်လို့ အများက မြင်ကြပါတယ်။
''ပါလက်စတိုင်းဟာ ကမ္ဘာမှာ အခုလောက် အင်ပြည့်အားပြည့်ဖြစ်တာမျိုး မရှိခဲ့ဖူးဘူး'' လို့ ပါလက်စတိုင်းအရာရှိဟောင်း ဟာဗီယာ အဘူ အိဒ်က ပြောပါတယ်။
''ကမ္ဘာကြီးဟာ ပါလက်စတိုင်းအတွက် အသံထွက်ပေးနေပါပြီ''
ဒါပေမဲ့ ဖြေဖို့ရာ ရှုပ်တဲ့မေးခွန်းတွေ ရှိနေပါတယ်။ အဲဒီထဲမှာ ပါလက်စတိုင်းဆိုတာ ဘာလဲ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ရာတောင်ကျန်သေးလားဆိုတာတွေပါ။

ဓာတ်ပုံ ရင်းမြစ်, Shutterstock
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ရာ လိုအပ်တဲ့အချက် ၄ ချက်ကို ၁၉၃၃ မွန်တီဗီဒီယို ညီလာခံကနေ သတ်မှတ်ထားပါတယ်။ အဲဒီအချက်လေးချက်ထဲမှာ ပါလက်စတိုင်းဟာ ၂ ချက်ကိုပဲ ကိုက်ညီတယ်လို့ ဆိုရမှာပါ။ နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ လိုအပ်တဲ့ အမြဲတမ်းနေထိုင်တဲ့ လူဦးရေပါ(တဖက်မှာလည်း ဂါဇာစစ်ပွဲက ဒါအတွက် အန္တရာယ်များစေပါတယ်)။ ပြီးတော့ နောက်တစ်ချက်က နိုင်ငံတကာ ဆက်ဆံရေးထဲကို ဝင်ရောက်နိုင်စွမ်းပါ။ ဒေါက်တာ ဇမ်လော့ကတော့ ဒုတိယအချက်အတွက် သက်သေလို့ မြင်နိုင်ပါတယ်။
ဒါပေမဲ့ ပါလက်စတိုင်းဟာ ''သတ်မှတ်ထားတဲ့နယ်နိမိတ်'' ဆိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုအပ်ချက်နဲ့တော့ လိုက်လျောညီထွေ မဖြစ်သေးပါဘူး။
ပိုင်နယ်နယ်နိမိတ်ဆိုင်ရာ နောက်ဆုံးသဘောတူညီချက် (တကယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းမရှိ) သေးတာကြောင့် ပါလက်စတိုင်းဆိုတာ ဘာကို ဆိုလိုလဲဆိုတာ ရေရာသေချာမှုရှိဖို့ ခက်နေပါတယ်။
ပါလက်စတိုင်းတွေအတွက်တော့ သူတို့လိုချင်တဲ့ နိုင်ငံနယ်နိမိတ်ဟာ သုံးပိုင်းရှိပါတယ်။ အဲဒါတွေက အရှေ့ဂျေရုဆလင်၊ အနောက်ဘက်ကမ်းနဲ့ ဂါဇာတို့ဖြစ်ပါတယ်။ ဒီနေရာတွေအားလုံးကို အစ္စရေးက ၁၉၆၇ ခုနှစ် ၆ ရက်ကြာ စစ်ပွဲမှာ သိမ်းထားပြီးဖြစ်ပါတယ်။
မြေပုံတစ်ပုံမှာ ဖော်ပြထားတဲ့ နယ်နိမိတ်သတ်မှတ်ရာ အစက်အပြောက်လေးတွေကို တချက်ကြည့်ရုံနဲ့တင် ပြဿနာတွေကို မြင်နိုင်ပါတယ်။
အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ပိုင်းခြားထားလို့ ပထဝီဝင်အနေအထားရ တခြားစီဖြစ်နေတာ ရာစုနှစ် တစ်ခုကို လေးပုံ ပုံရင် သုံးပုံလောက်ကြာနေပြီဖြစ်ပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေး စစ်တပ်နဲ့ ဂျူးအခြေချနေထိုင်သူတွေ ရှိနေတာကိုကြည့်ရင် အော်စလို သဘောတူညီချက်တွေလို့သိကြပြီး ၁၉၉၀ ပြည့်နှစ်တွေမှာရခဲ့တဲ့ငြိမ်းချမ်းရေး သဘောတူညီချက်တွေကြောင့် ထွက်ပေါ်လာတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ အနောက်ဘက်ကမ်းရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ စီမံတယ်လို့ ရည်ရွယ်တာဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်ကတည်းက အနောက်ဘက်ကမ်းမှာ အခြေနေထိုင်မှုတွေ ကျယ်ပြန့်လာတာတဲ့အမျှ အနောက်ဘက်ကမ်းဟာ နိုင်ငံရေးနဲ့စီးပွားရေး ပိုင်းခြားခံရတဲ့နေရာတစ်ခုဖြစ်လာပါတယ်။
ဒီအတောအတွင်းမှာပဲ ပါလက်စတိုင်းတွေက သူတို့ရဲ့မြို့တော်လို့ သတ်မှတ်ထားတဲ့ အရှေ့ဂျေရုဆလင်ဟာ ဂျူးအခြေချနေထိုင်မှုတွေကြောင့် အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင်မြို့တော်ဟာ တဖြည်းဖြည်းပိုင်းခြားလိုက်သလို ဖြစ်စေပါတယ်။
ဒီထဲမှာ ဂါဇာရဲ့ ကံကြမ္မာကတော့ အဆိုးရွားဆုံးလို့ ဆိုနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ဟားမတ်စ်အဖွဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ ၂ နှစ်နီးပါးကြာလာတဲ့စစ်ပွဲကြောင့် ဂါဇာနယ်မြေအများစုဟာ ပျက်ပြုန်းမယ့်အခြေရောက်နေပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးဟာ ပြုပြင်ဖို့ရာ မစွမ်းသာဘူးဆိုရင် မွန်တီဗီဒီယို ညီလာခံအရ နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုခံရဖို့ ကိုက်ညီရမယ့် ၄ ခုမြောက် သတ်မှတ်ချက်တစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ အင်္ဂါစုံတဲ့အစိုးရတစ်ရပ် ရှိမှုဖြစ်ပါတယ်။
ပြီးတော့ ဒါကပဲ ပါလက်စတိုင်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်ချက် ရှိနေပါတယ်။
'ခေါင်းဆောင်မှုအသစ်ကို ပိုလိုအပ်တယ်'
၁၉၉၄ ခုနှစ်တုန်းက အစ္စရေးနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး(PLO) ကြားက သဘောတူညီချက်တစ်ခုကြောင့် ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့ (ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဒါမှမဟုတ် PA လို့ အများသိကြတဲ့) ပေါ်ထွန်းပါတယ်။ အဲဒီအဖွဲ့ဟာ ဂါဇာနဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေအပေါ် အရပ်ဘက် ထိန်းချုပ်မှုဆိုင်ရာ တစ်စိတ်တစ်ပိုင်းပြုလုပ်ပါတယ်။
ဒါပေမဲ့ ဟားမတ်အဖွဲ့နဲ့ PLO အစိတ်အပိုင်း ဖာတာတို့ကြားက မြေသွေးစွန်းတဲ့ ၂၀၀၇ ပဋိပက္ခကြောင့် ဂါဇာနဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေကို စင်ပြိုင် အုပ်စိုးသူ နှစ်ဖွဲ့ ရှိလာပါတယ်။ ဟားမတ်စ်က ဂါဇာကို အုပ်စိုးပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကတော့ အနောက်ဘက်ကမ်းမှာ အုပ်စိုးပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတက မာမွတ် အဘတ်စ် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
ပထဝီဝင်အနေအထားအရ ၇၇ နှစ်ကြာအောင် ပိုင်းခြားခံရတာနဲ့ ၁၈ နှစ်ကြာပြီဖြစ်တဲ့နိုင်ငံရေးအကွဲအပြဲတွေကိုကြည့်ရင် အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်တို့ကြား ကွာဟချက်ဟာ အဟကြီးမားနေတာကို မြင်နိုင်ပါတယ်။
တခါ ဒီအတောအတွင်း ထူးမခြားနားဇာတ်ပျိုးလာတဲ့ ပါလက်စတိုင်းနိုင်ငံရေးကြောင့် ပါလက်စတိုင်းအများစုအတွက် နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရေးထက် သူတို့ရဲ့ခေါင်းဆောင်ပိုင်းကို မြင်တဲ့အမြင်ဟာ သံသယပွားစရာဖြစ်လာပြီး အတွင်းပိုင်း ရင်ကြားစေ့နိုင်ရေးလည်း ဖြစ်လာဖို့ရာ လမ်းမမြင်သေးဘူးလို့ ထင်ကြပါတယ်။
ပါလက်စတိုင်းတို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ အသက် ၃၆ နှစ်အောက်ရှိတဲ့ ပါလက်စတိုင်းတွေထဲ ဘယ်သူကမှ အနောက်ဘက်ကမ်နဲ့ ဂါဇာအတွက် မဲမပေးခဲ့ကြဖူးဘူးလို့ ဆိုလိုရာလည်းရောက်နေပါတယ်။
''ဒီလောက်ကာလ တစ်လျှောက်ကြီး ကျွန်မတို့ ရွေးကောက်ပွဲ တခါမှ မဖြစ်ဖူးဘူးလို့ တွေးမိရင် စိတ်အဆင်မပြေလှဘူး'' လို့ ပါလက်စတိုင်း ရှေ့နေတစ်ဦးဖြစ်တဲ့ ဒိုင်ယာနာ ဘက်တု က ပြောပါတယ်။
"ကျွန်မတို့မှာ ခေါင်းဆောင်မှုအသစ်ရှိဖို့ လိုအပ်နေပြီ"

ဓာတ်ပုံ ရင်းမြစ်, MAHMUD HAMS/AFP via Getty Images
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ဂါဇာမှာ စစ်ပွဲဖြစ်လာတဲ့အခါမှာ ဒီပြဿနာဟာ ပိုပြီးတော့တောင် အရေးကြီးလာပါတယ်။
ပါလက်စတိုင်းဒေသခံ ထောင်သောင်းချီ သေဆုံးမှု ကြုံရပြီးတဲ့နောက် အဘတ်စ်ရဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ သူ့ဌာနချုပ်ရှိရာ အနောက်ဘက်ကမ်းမှာ ဖြစ်ပျက်နေတာတွေကို ရပ်ကြည့်ရုံမှအပ ဘာမှမလုပ်နိုင်တဲ့အခြေဆိုက်သွားပါတယ်။
အတွင်းကြိတ်ဖြစ်ကြတာ နှစ်ရှည်ကြာ
ခေါင်းဆောင်မှုနေရာယူထားကြသူတွေကြားက တင်းမာမှုတွေဟာ နှစ်ပေါင်းများစွာရှိနေပါပြီ။
PLO ဥက္ကဋ္ဌ ယက်ဆာ အာရာဖတ်ဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ဦးဆောင်ဖို့ ပြင်ပကနေ ပြည်တော်ဝင်လာတဲ့အခါမှာ အထဲမှာရှိတဲ့ ရှိရင်းစွဲနိုင်ငံရေးသမားတွေဟာ ဘေးဘက်ကို ရောက်သွားတဲ့အခြေဖြစ်သွားပါတယ်။
''အတွင်းလူတွေဟာ'' အာရာဖတ်ရဲ့ ''အပြင်ကလူတွေ'' ဆိုတဲ့အဝန်းအဝိုင်း နေရာယူလာတာကို မကျေမနပ် ဖြစ်လာကြပါတယ်။ အာရာဖတ်ရဲ့အဝန်းအဝိုင်းထဲက အဂတိလိုက်စားမှု ကောလာဟလတွေကလည်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဂုဏ်သတင်းကျော်ဇောဖို့ တန့်ရာ တန့်ကြောင်းဖြစ်ခဲ့ပါတယ်။
ဒီထက်ပိုတာက အသစ်ဖွဲ့ခါစ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့တဖြည်းဖြည်းနယ်ချဲ့လာမှုကို ရပ်သွားအောင် မစွမ်းသာတဲ့ပုံပေါ်ပါတယ်။ နောက်ပြီး ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတုန်းက အိမ်ဖြူတော် မြက်ခင်းပြင်မှာ အစ္စရေးဝန်ကြီးချုပ် ရာဘင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ အာရာဖတ်အတွက် ပါလက်စတိုင်း အချုပ်အခြာနဲ့ လွတ်လပ်ရေး ကတိကဝတ်ကို ဆောင်ကျဉ်းဖို့ရာလည်း မစွမ်းသာဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Gary Hershorn
အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ မအောင်မြင်တဲ့ငြိမ်းချမ်းရေးရှေ့ဆောင်အစီအစဉ်တွေ၊ ဂျူးအခြေချနေထိုင်နေရာတွေချဲ့ထွင်လာမှုတွေ၊ နှစ်ဖက် အစွန်းရောက်တွေရဲ့အကြမ်းဖက်မှု၊ အစ္စရေးနိုင်ငံရေး လက်ယာယိမ်းလာမှု၊ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်နဲ့ ဖာတာကြား ထိပ်တိုက်တွေ့မှုတွေကြောင့် နိုင်ငံရေးဖြစ်စဉ်ဟာလည်း မချောမွေ့ခဲ့ပါဘူး။
''ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေမှာဆိုရင်တော့ ဦးဆောင်နိုင်မယ့်သူအသစ်တွေ၊ မျိုးဆက်သစ်တွေ ပေါ် ထွန်းခဲ့မှာ'' လို့ ပါလက်စတိုင်း သမိုင်းပညာရှင် Yezid Sayigh က ပြောပါတယ်။
"ဒါပေမဲ့ ဒါတွေဟာ မဖြစ်နိုင်ခဲ့ဘူး ... သိမ်းပိုက်ခံနယ်မြေတွေထဲက ပါလက်စတိုင်းတွေဟာ ကိုယ့်နေရာ ကိုယ့်အစုနဲ့ အကွဲအကွဲအပြားပြားဖြစ်ကုန်တယ်။ ဒီအခြေအနေကြောင့်ပဲ ဦးဆောင်မယ့်သူအသစ် ပေါ်ထွက်လာဖို့ ခက်ခဲသွားသလိုဖြစ်စေခဲ့တယ်"

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်တော့ ထွက်လာပါတယ်။ သူက မာဝန် ဘာဂူတီ ဖြစ်ပါတယ်။
အနောက်ဘက်ကမ်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သူဟာ အသက် ၁၅ နှစ်အရွယ်မှာ ဖာတာမှာ တက်ကြွသူဖြစ်လာပါတယ်။ ဖာတာဟာ အာရာဖတ်ဦးဆောင်တဲ့ PLO အဖွဲ့ရဲ့ ကွဲထွက်အဖွဲ့ဖြစ်ပါတယ်။
ဘာဂူတီဟာ ဒုတိယမြောက် ပါလက်စတိုင်း လူထုအုံကြွမှုမှာ လူသိများတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။ အဲဒီနောက်သူဟာ အစ္စရေး ၅ ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေကို ကြံစည်မှုနဲ့ စွပ်စွဲဖမ်းဆီးခံရပါတယ်။
သူကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၀၂ ခုနှစ်ကတည်းက အစ္စရေး အကျဉ်းထောင်ထဲ အကျဉ်းချခံထားရပါတယ်။
တဖက်မှာလည်း ပါလက်စတိုင်းတွေ သူတို့ရဲ့ အနာဂတ် ခေါင်းဆောင်အကြောင်းကို ပြောကြတဲ့အခါ နှစ်အစိတ်လောက် ထောင်ထဲ ထည့်ခံထားရတဲ့ အမျိုးသားတစ်ယောက်အကြောင်း ပြောရင်းနဲ့ပဲ အဆုံးသတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်း မူဝါဒနဲ့ စစ်တမ်းသုတေသနအဖွဲ့က ကောက်ယူခဲ့တဲ့ အမြင်သဘောထား စစ်တပ်မှာတော့ ပါလက်စတိုင်း ၅၀ ရာခိုင်နှုန်းဟာ ဘာဂူတီကို သမ္မတ အဖြစ်တင်မြောက်လိုကြပြီး ဘာဂူတီဟာ ၂၀၀၅ ခုနှစ်ကတည်းက သမ္မတရာထူးယူထားတဲ့ အဘတ်စ်ထက် ထောက်ခံမှုပိုရတာကို တွေ့ရပါတယ်။
ဟားမတ်စ်အဖွဲ့နဲ့ ပဋိပက္ခဖြစ်နေတာကြာပြီဖြစ်တဲ့ ဖာတာအဖွဲ့ရဲ့ အကြီးတန်ခေါင်းဆောင်ဖြစ်ပေမဲ့ သူ့ နာမည်ဟာ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့အစ္စရေး ဓားစာခံတွေကိုပြန်လွှတ်ပေးရင် ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးစေချင်တဲ့နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ဘာဂူတီလည်း ပါဝင်တယ်လို့ နားလည်ရပါတယ်။
ဒါပေမဲ့ အစ္စရေးဘက်ကတော့ သူ့ကို ပြန်လွှတ်ပေးဖို့ စိတ်ဆန္ဒ ပြတာမျိုး မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
သြဂုတ်လလယ်ပိုင်းတုန်းကတော့ အစ္စရေးလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ရဲ့ ထိကပါး ရိကပါး ပြောဆိုမှုကို ကြုံနေရတဲ့ အသက် ၆၆ နှစ်အရွယ် ဘာဂူတီရဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း ဘာဂူတီကို လူမြင်ကွင်းမှာ ပထမဆုံးမြင်ရမှုလည်းဖြစ်လာပါတယ်။
နေတန်ညာဟု နဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေး
ဂါဇာ စစ်ပွဲ မဖြစ်ခင်ကတည်းက ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေးနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုရဲ့အမြင်ကတော့ ပြတ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သူက ''ကျွန်တော်တို့ ဖြစ်တည်မှုအတွက် အန္တရာယ်ရှိတဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေးမဖြစ်မြောက်အောင် ကျွန်တော် တစ်ယောက်ပဲ တားထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်'' လို့ ဆိုပါတယ်။
ဂါဇာကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ပြန်လည် ထိန်းချုပ်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမဲ့ နေတန်ညာဟုကတော့ ဂါဇာရဲ့ အနာဂတ် အုပ်ချုပ်စီမံမှုမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ အခန်းကဏ္ဍမရှိဘူးလို့ ပြောသလို အဘတ်စ်ဟာ အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုကို မရှုတ်ချဘူးဆိုပြီး သူက ထောက်ပြပါတယ်။
သြဂုတ်လမှာတော့ အစ္စရေးဟာ အနောက်ဘက်ကမ်းကို အရှေ့ဂျေရုဆလင်ကို ပိုင်းခြားမှုဖြစ်စေတဲ့ အခြေချနေထိုင်မှုစီမံကိန်းတစ်ခုကို နောက်ဆုံးအတည်ပြုပေးလိုက်ပါတယ်။ အိမ်အလုံးရေ ၃,၄၀၀ ဆောက်လုပ်မယ့် အစီအစဉ်ကို အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ''ဘယ်သူမှလည်း အသိအမှတ်ပြုစရာမရှိလို့ ဘာမှ အသိအမှတ်ပြုစရာမရှိဘူး'' လို့ဆိုကာ ပါလက်စတိုင်း နိုင်ငံပေါ်ထွန်းရေး စိတ်ကူးကို အမှောင်ချဖို့ အခုလို ခွင့်ပြုတာဖြစ်တဲ့အကြောင်း ပြောပါတယ်။
မစ္စတာ Sayigh ကတော့ ''ဒါဟာ နိုင်ငံ့ရေးရာနဲ့ ဆက်နွှယ်ဖို့ မြင်စရာမရှိဘူး'' လို့ ဆိုပါတယ်။
''ကောင်းကင်တမန် နတ်မင်း မိုက်ကယ် မြေကမ္ဘာကို ဆင်းသက်လာစေပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို သူ့ခေါင်း ပေးအပ်စေခဲ့မယ်ဆိုရင်တောင် ဘာမှမထူးဘူး။ ဘာကြောင့်လဲဆိုရင် ဖြစ်ဖို့ရာ မစွမ်းသာတဲ့ အခြေအနေတွေအောက်မှာ လုပ်ရ ကိုင်ရမှာကိုး'' လို့ သူက ပြောပါတယ်။
''ဒါကပဲ တကယ့်အခြေအနေဖြစ်နေတာ ကြာလှပြီ''

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ သေချာတာတစ်ခုကတော့ ပါလက်စတိုင်းနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာတယ်ဆိုရင် ဟားမတ်အဖွဲ့ဟာ အဲဒီနိုင်ငံကို စီမံမှာ မဟုတ်ပါဘူး။
ပြင်သစ်နဲ့ ဆော်ဒီအာရေးဗျတို့ ကြားဝင်မှုနဲ့ ဇူလိုင်လတုန်းက ပြုလုပ်ခဲ့တဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲမှာ ကြေညာချက်တစ်ခု ရေးခဲ့ပါတယ်။ အဲဒီအထဲ ''ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ အုပ်ချုပ်မှု အဆုံးသတ်ရမှာဖြစ်ပါတယ်။ ပြီးတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ လက်နက်လွှဲပြောင်းရပါမယ်'' လို့ ပါရှိပါတယ်။
''နယူးယောက် ကြေညာချက်'' လို့ သိကြတဲ့အဲဒီကြေညာချက်ကို အာရပ်နိုင်ငံတွေအားလုံးက ထောက်ခံပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၁၄၂ နိုင်ငံက သဘောတူကြပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ ဂါဇာမှာ သူ့ရဲ့ အာဏာကို သီးခြားလွတ်လပ်တဲ့အုပ်ချုပ်ရေးအဖွဲ့ကို လွှဲပြောင်းပေးဖို့ အသင့်ပဲလို့ပြောပါတယ်။
အသိအမှတ်ပြုမှု ပြယုဂ်အားကောင်းရဲ့လား
ဘာဂူဒီ ထောင်ကျနေတာ၊ အဘတ်စ် တစ်ယောက် အသက် ၉၀ နားကပ်လာတာ၊ ဟားမတ်စ်အဖွဲ့ သေကြေနေရတာနဲ့ အနောက်ဘက်ကမ်း တစ်စစီဖြစ်နေတာတွေကြောင့် ပါလက်စတိုင်းမှာ ခေါင်းဆောင်မှုအပိုင်းနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်မှုအပိုင်း ကင်းမဲ့နေတာ မြင်သာပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံကာက အသိအမှတ်ပြုမှု အဓိပ္ပါယ်မရှိတဲ့သဘော မဆောင်ပါဘူး။
''ဒါကပဲ တဖြည်းဖြည်း အဖိုးတန်လာမှာဖြစ်ပါတယ်''လို့ ဒိုင်ယာနာ ဘက်တုက ပြောပါတယ်။ ဒါပေမဲ့ သူ သတိထားတဲ့အချက်က ''ဒီလိုအသိအမှတ်ပြုလိုက်တဲ့ နိုင်ငံတွေ ဘာလို့ ဒီလိုလုပ်လဲနဲ့ ရည်ရွယ်ရင်းအပေါ် အများကြီး သက်ဆိုင်တယ်'' လို့ ဆိုပါတယ်။
အမည်မဖော်လို့တဲ့ဗြိတိသျှ အစိုးရအရာရှိတစ်ဦးကတော့ သာမန်ကာလျှံကာ အသိအမှတ်ပြုမှုနဲ့ မလုံလောက်ဘူးလို့ ကျွန်တော့်ကို ပြောပါတယ်။
''ဒီကနေတဆင့် တိုးတက်မှုတစ်စုံတရာရဖို့ လိုတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံဆိုတာ အသိအမှတ်ပြုတဲ့အဖွဲ့တစ်ဖွဲ့ဆိုတာမျိုးပဲ ပုံမပေါ်အောင်ပေါ့''

ဓာတ်ပုံ ရင်းမြစ်, Shutterstock
နယူးယောက်ကြေညာချက်မှာ ဗြိတိန်အပါအဝင် ပါဝင်လက်မှတ်ထိုးတဲ့နိုင်ငံတွေဟာ ''ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး ငြိမ်းချမ်းစွာ အဖြေရှာဖို့ လက်ဆုပ်လက်ကိုင်ပြစရာ၊ အချိန်ကာလနဲ့ နောက်ကြောင်းပြန်မလှည့်နိုင်အဆင့်တွေလုပ်ကြဖို့'' ကတိကဝတ်ပြုထားကြပါတယ်။
လန်ဒန်မှာရှိတဲ့ အစိုးရအရာရှိတွေကတော့ ကြေညာချက်နဲ့ ဆက်နွှယ်လို့ ဂါဇာနဲ့ အနောက်ဘက်ကမ်း ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ပါလက်စတိုင်းတွေရဲ့ရွေးကောက်ပွဲကို ထောက်ခံတဲ့အကြောင်း(အဲဒီထဲ ဂါဇာ ပြန်လည်တည်ဆောက်ရေးအတွက် အာရပ်နိုင်ငံတွေက လုပ်ဆောင်မှာ)ကို ထောက်ခံတယ်လို့ပြောပါတယ်။ ဒါတွေဟာ အသိအမှတ်ပြုမှုပြီးရင် ဆက်ပါလာဖို့လိုအပ်တဲ့အဆင့်တွေဖြစ်တာကြောင့်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အတားအဆီးတွေ ရှိနေတာကိုတော့ သူတို့လည်း လက်ခံပါတယ်။
အစ္စရေးဘက်ကတော့ မကျေမချမ်းနဲ့ကန့်ကွက်ပြီး အနောက်ဘက်ကမ်းကနေရာအချို့ ဒါမှမဟုတ် အားလုံးကို ကျူးကျော်မှုနဲ့ လက်တုံ့ပြန်မှုနဲ့ခြိမ်းခြောက်ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီအရေးနဲ့ပတ်သက်ပြီး သူ့စိတ် ဘယ်လိုရှိတဲ့အကြောင်း ကြာသပတေးနေ့တုန်းက အခုလို ပြောပါတယ်။ ''ဒီအပေါ်မှာ ဝန်ကြီးချုပ်နဲ့ ကျွန်တော် သဘောထား မတူမှုတော့ ရှိတယ်''

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြဂုတ်လတုန်းကတော့ အမေရိကန်ဟာ မကြုံစဖူး ထူးခြားတဲ့အရွေ့တစ်ခုကို လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ ပါလက်စတိုင်းအာဏာပိုင် ဒါဇင်ချီကို ဗီဇာ ရုပ်သိမ်းတာနဲ့ ပြည်ဝင်ခွင့်ငြင်းဆိုတာတွေ လုပ်ခဲ့တာပါ။
ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးမှာ ကုလသမဂ္ဂမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ သမ္မတ ထရမ့်ဟာ အမေရိကန်ဟာ ဂါဇာကို ကာလရှည်လက်လွှဲယူပြီး ''သာမောတဲ့ကမ်းခြေ'' ဖြစ်အောင် ပြောင်းလဲမယ်ဆိုတဲ့ သူ့ကိုယ်ပိုင် စိတ်ကူးလည်း ရှိနေပါတယ်။
ဒီနေရာမှာ အဓိကအချက်က အဲဒီအစီအစဉ်ထဲမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အကြောင်းနဲ့ ဂါဇာနဲ့ အနောက်ဘက်ကမ်းကြား အနာဂတ်မှာချိတ်ဆက်မှုအကြောင်း မပြောထားဘဲ ''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ပါလက်စတိုင်းဖြစ်အောင်ပြောင်းလဲမယ်''လို့ပဲ ရည်ညွှန်းပြောဆိုထားပါတယ်။
နယူးယောက်ကြေညာချက်၊ ထရမ့်ရဲ့အစီအစဉ်နဲ့ အာရပ်ရဲ့ပြန်လည်တည်ဆောက်ရေးအစီအစဉ်ကြားမှာ ဂါဇာရဲ့ အနာဂတ်ကတော့ တစ်နေရာရာရှိနေမှာသေချာပါတယ်။
ဒီအစီအစဉ်တွေအားလုံးဟာ သူ့နည်းသူ့ဟန်ကွဲပြားနေပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ချောက်ထဲကျသွားတဲ့ဂါဇာကို တနည်းတဖုံ ပြန်ဆွဲတင်ကြဖို့ မျှော်လင့်ထားကြပါတယ်။ ပြီးတော့ ဘယ်လို အစီအစဉ်ပဲ ထွက်လာပါစေ၊ ပါလက်စတိုင်းဟာ ဘယ်လိုနိုင်ငံအဖြစ်ပေါ်ထွန်းလာမလဲ၊ နောက်ပြီး သူ့ကို ဘယ်သူက ဦးဆောင်မလဲဆိုတဲ့မေးခွန်းတွေ ဆက်ရှိနေဆဲပါ။
ဒါပေမဲ့ ဒိုင်ယာနာ ဘက်တု တို့လို ပါလက်စတိုင်းတွေအတွက်တော့ ဒီထက်ပိုအရေးကြီးတဲ့ကိစ္စ ရှိနေပါတယ်။ သူ့ အပြောအရ သူဆန္ဒရှိတာကတော့ ပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းရေး အသိအမှတ်ပြုတဲ့နိုင်ငံတွေအနေနဲ့ ဂါဇာမှာဖြစ်နေတဲ့သတ်ဖြတ်မှုတွေ နောက်ထပ် မဖြစ်အောင် ဟန့်တားပေးဖို့ဖြစ်ပါတယ်။
''ဒါကြီး ရပ်တန့််သွားအောင် တစ်ခုခုလုပ်ကြပါ။ နိုင်ငံပေါ်ထွန်းရေးဆိုတဲ့ပြဿနာကို အာရုံစိုက်နေတာထက်လေ''









