ဂါဇာ စီးတီးကို သိမ်းမယ့် အစ္စရေးရဲ့ အစီအစဉ်သိရသမျှ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကယ်လီ နက်ခ် နဲ့ ဟူဂို ဘရှေးဂါး
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ အရှေ့အလယ်ပိုင်း သတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ နဲ့ ဂျေရုဆလင်
ဂါဇာမှာ အစ္စရေးတို့ရဲ့ စစ်ပွဲ အရှိန်တက်မှုက အငြင်းပွားစရာတွေ ဖြစ်နေတဲ့ကြားမှာပဲ ဂါဇာ စီးတီး (Gaza City) ကို သိမ်းပိုက်ထိန်းချုပ်မယ့်အစီအစဥ် တစ်ရပ်ကို အစ္စရေး အစိုးရတွင်း လုံခြုံရေးဆိုင်ရာဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပါတယ်။
ဂါဇာမြောက်ပိုင်းမှာရှိတဲ့ အဲဒီစီးတီးမှာ ပါလက်စတိုင်း သိန်းနဲ့ချီနေထိုင်ကြတာပါ။ စစ်ပွဲ မတိုင်မီက အဲဒီအရပ်ဟာ ဂါဇာမှာ လူနေအထူထပ်ဆုံး အရပ်ပါ။
ဂါဇာစီးတီးကို သိမ်းပိုက်မယ်ဆိုတဲ့ ဒီအစီအစဉ်ကို အစ္စရေးစစ်တပ်အရာရှိတွေ၊ ဓားစာခံတွေရဲ့ မိသားစုတွေအပါအဝင် အစ္စရေးနိုင်ငံတွင်းက လူအများအပြားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
အစ္စရေး ဝန်ကြီးချူပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်တခုလုံးကို သိမ်းပိုက်ဖို့ စီစဥ်ထားတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ "ဂါဇာကို အာရပ်အင်အားစုတွေရဲ့ လက်ထဲကို လွှဲပေးမယ်" လို့ ဖောက်စ် သတင်းဌာနကို အစောပိုင်းက ပြောဖူးပါတယ်။
အစီအစဥ် အသေးစိတ်မှာ ဘာတွေ ပါဝင်လဲ
အဲဒီအစီအစဥ် ဒါမှမဟုတ် စစ်ပွဲအဆုံးသတ်ရေး မူ ၅ ချက်မှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
- ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းခြင်း
- ဓားစာခံတွေ (သေသူ၊ ရှင်သူ) အားလုံးကို ပြန်လည်ရယူခြင်း
- ဂါဇာ ကမ်းမြောင်ကို စစ်မဲ့ဇုန် လုပ်ခြင်း
- ဂါဇာ ကမ်းမြောင်ကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့က ထိန်းချုပ်ခြင်း
- ဟားမတ်စ်နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့တို့ မပါဝင်တဲ့ အရပ်သား အုပ်ချုပ်ရေးအဖွဲ့ကို ထူထောင်ခြင်း
"တိုက်ပွဲဇုန် ပြင်ပက အရပ်သားတွေကို "လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အချိန်မှာပဲ ဂါဇာစီးတီးကို ထိန်းချုပ်ဖို့ စစ်တပ်က ပြင်ဆင်ထားမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဆိုတာက အကူအညီအသစ်တွေ ပေးမှာလား၊ အငြင်းပွားစရာ ဖြစ်နေတဲ့ အမေရိကန်ရဲ့ ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (Gaza Humanitarian Foundation - GHF)နဲ့ ပေးတာ ဒါမှမဟုတ် နောက်အစီအစဥ် တခုနဲ့ ပေးမှာလားဆိုတာတွေက မရှင်းလင်းသေးပါဘူး။
ဘာကြောင့် ဂါဇာ စီးတီးကို သိမ်းပိုက်ချင်တာလဲ
လုံခြုံရေးဆိုင်ရာဝန်ကြီးအအဖွဲ့တွင်း အစည်းအဝေးမတိုင်ခင်မှာ နေတန်ညာဟုက သူ ဂါဇာ နယ်မြေအားလုံးကို အစ္စရေးအနေနဲ့ ထိန်းချုပ်လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒီ အစီအစဉ်သစ်မှာတော့ ဂါဇာ စီးတီးတခုကိုပဲ ဖော်ညွှန်းကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစ္စရေးက သူတို့လောလောဆယ်မှာ ဂါဇာရဲ့ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ပြောပေမဲ့ ကုလသမဂ္ဂကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးဇုန်၊ လူတွေ ရွှေ့ပြောင်းထွက်ဖို့ အမိန့်ပေးထားတဲ့ ဇုန်တွေ စတဲ့ ဧရိယာ စုစုပေါင်းဆိုရင် အစ္စရေးက ထိန်းချုပ်ထားတာ ဂါဇာရဲ့ ၈၆ ရာခိုင်နှုန်းလို့ ဆိုပါတယ်။
ဒီပဋိပက္ခအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးက ဒီဒေသအတွင်း အကြီးဆုံးမြို့ကို ထိန်းချုပ်ဖို့ ရည်ရွယ်တာပါ။
ဒီဧရိယာအတွင်းမှာ ဒေသခံ ၁ သန်းလောက် နေထိုင်နေကြတာဖြစ်ပြီး အဲဒီဘေးပတ်ပတ်လည်က မြေတွေကို အစ္စရေးစစ်တပ်က သိမ်းထား သို့မဟုတ် လူတွေ နေရာရွှေ့ထားကြဖို့ အမိန့်ထုတ်ပြီးသားပါ။
ဒီစီးတီးကို သိမ်းမယ်ဆိုတာက ဂါဇာ ကမ်းမြောင်တခုလုံးကို အင်အားအပြည့်နဲ့ သိမ်းမယ့်အစီအစဉ်ရဲ့ ပထမအဆင့်ပဲလို့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဘီဘီစီသတင်းထောက် ဟူဂို ဘရှေးဂါက ပြောပါတယ်။
အားလုံးသိမ်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ ရပ်တန့်နေတဲ့ဆွေးနွေးသဘောတူညီမှုတွေ ဟားမတ်စ်တို့ ပြန်လုပ်အောင် ဖိအားပေးတဲ့ ဗျူဟာဖြစ်နိုင်ကြောင်း တချို့က ခန့်မှန်းပါတယ်။
အစ္စရေးက " ဂါဇာကို အမြဲထိန်းထားမှာ မဟုတ်ဘူး" ၊ " အာရပ် အင်အားစုတွေကို" လွှဲပေးဖို့ ဆန္ဒရှိတယ်လို့ နေတန်ညာဟုက ဖောက်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
"ကျွန်တော်တို့က လုံခြုံရေး ဘောင်သတ်တဲ့ နယ်နမိတ်တခုကို လိုချင်တာ၊ ကျွန်တော်တို့က အုပ်ချုပ်ချင်တာ မဟုတ်ဘူး" လို့ သူက အဲဒီ သတင်းဌာနကို ပြောပါတယ်။
ဂါဇာကို အစ္စရေးက ဘယ်တော့ သိမ်းမှာလဲ
အစ္စရေးက ဂါဇာစီးတီးကို သူတို့ ဘယ်တော့ သိမ်းမလဲဆိုတာကို မပြောပါဘူး။ ဒါပေမဲ့ အစ္စရေး စစ်တပ်ဟာ ဂါဇာ စီးတီးထဲကို ခပ်မြန်မြန်အချိန်ကာလအတွင်း ဝင်မှာ မဟုတ်ဘူးလို့ အစ္စရေး မီဒီယာတွေက ရေးနေပါတယ်။ နောက်ပြီး အဲဒီထဲက ဒေသခံတွေကိုလည်း အရင် ဖယ်ထုတ် ရွှေ့ပြောင်းရဦးမှာလို့ မှန်းကြပါတယ်။
အစ္စရေးက သူတို့ အစိုးရဆီကို တင်ပြထားတဲ့ "တခြား အစီအစဉ်က" "ဟားမတ်စ်တွေအပေါ် အောင်ပွဲရမှာ မဟုတ်သလို ဓားစာခံတွေကိုလည်း ပြန်ရနိုင်ခြေမရှိဘူး " လို့ မြင်ထားပါတယ်။
ဒါပေမဲ့ အဲဒီတခြားအစီအစဉ်ဆိုတာက ဘာလဲ၊ ဘယ်သူက တင်ပြထားတာလဲ ဆိုတာက ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါက ပိုပြီး ထိန်းထိန်းသိမ်းသိမ်း အကန့်အသတ်နဲ့ လုပ်မယ့် အစီအစဉ်ဖြစ်ပြီး စစ်တပ်အကြီးအကဲက တင်ပြထားတာလို့ အစ္စရေး မီဒီယာတွေက ဆိုပါတယ်။
အာရပ် အင်အားစုတွေက ဘယ်သူလဲဆိုတာကိုလည်း နေတာညာဟုက "တမင်သက်သက် ဖုံးထားတယ်" လို့ ဘီဘီစီ နိုင်ငံတကာရေးရာသတင်းထောက်ချုပ် လစ်ဇ် ဂျုဆက်က ဆိုပြီး ဂါဇာနဲ့ပတ်သက်လို့ သူ့အစီအစဉ်က အရင်ကတည်းက ရှိပြီးသားလို့ ပြောပါတယ်။
အစ္စရေးနဲ့ အလုပ်အတူလုပ်လိုသူ အာရပ်တွေက ဂျော်ဒန်နဲ့ အီဂျစ်လို့ နက်တန်ညာဟုက ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက အစ္စရေးရဲ့ ဂါဇာသိမ်းမယ့်အစီအစဉ်ကို သဘောမတူကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။
ဂါဇာကို သိမ်းပြီး ဖြစ်လာမယ့် အစိုးရက ဘယ်အချိန်ကျရရင် ဘာလုပ်မယ်ဆိုတဲ့ အချိန်စာရင်းကို အသေးစိတ်ပြောတာမျိုး မရှိသေးသလို ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဟားမတ်စ်က တစုံတရာ မတုံ့ပြန်သေးပါဘူး။
ဘယ်သူတွေ ဘယ်လို တုံ့ပြန်နေကြလဲ
ဓားစာခံတွေရဲ့ မိသားစုတွေဆီက၊ ကမ္ဘာ့ခေါင်းဆောင်တွေဆီက ထုတ်ဖော်ပြောလိုက်တဲ့ အပြင်းအထန် ဝေဖန်ချက်တွေကို နက်တန်ညာဟု ရင်ဆိုင်နေရပါတယ်။
ဟားမတ်စ်တို့က စစ်အင်အားနဲ့ ခြိမ်းခြောက်တာတွေ မရှိနိုင်တဲ့အချိန်ကျမှ ဂါဇာမှာ သူတို့ လုပ်နေတာတွေက အောင်မြင်မှာလို့ အစ္စရေး စစ်ရေးခေါင်းဆောင်မှုပိုင်းက ပြောလာနေတာ အချိန်အတော်ကြာ ရှိလာနေပါပြီ။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက အစ္စရေးတို့ "စစ်ရှိန်မြှင့်မှာက" အမှားလုပ်တာပဲလို့ ဆိုပြီး အဲဒီလို လုပ်ရင် "သွေးမြေကျမှု ပိုများလာမှာသာ ဖြစ်မယ်" လို့ ပြောပါတယ်။
ဂါဇာမှာ စစ်ဆင်ရေး တိုးချဲ့ဖို့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ "စစ်ရာဇဝတ်မှုတွေလုပ်ဖို့ ကြေညာချက်" ဖြစ်တယ်လို့ ပါလက်စတိုင်း အမျိုးသားရေး လှုပ်ရှားမှု (Palestinian National Initiative) ရဲ့ ဥက္ကဋ္ဌ မူစတာဖာ ဘာဂေါတီက ပြောပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးဟာ "ပါလက်စတိုင်းတွေကို ပါလက်စတိုင်းတို့ရဲ့ ကိုယ်ပိုင်မြေကနေ အတင်းအဓမ္မ ဖယ်ထုတ်ဖို့" ရည်ရွယ်နေတာဖြစ်ကြောင်း ပြောသလို၊ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး အယ်လီနာ ဗဲလ်တိုနန်က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဖို့၊ အစ္စရေး ဓားစာခံတွေကို ချက်ချင်း လွှတ်ဖို့ သူ မျှော်လင့်ကြောင်း ပြောပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းက ဂါဇာစီးတီးကို သိမ်းပိုက်မယ်ဆိုရင် အဲဒါက "ဂါဇာမှာ ဖြစ်နေတဲ့ လူမှုကပ်ဆိုးကို ပိုပြီးဆိုးရွားသွားစေဖို့ပဲ ဖြစ်လာလိမ့်မယ်" လို့ ဆိုရင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်ကာ တုခ်က "ဂါဇာက စစ်ပွဲကို အခု ရပ်ဆိုင်းရမယ်" လို့ ဆိုကာ နောက်ထပ် စစ်ရှိန်မြှင့်မှုတွေက "အတင်းအဓမ္မ ရွှေ့ပြောင်းစေတာတွေ ပိုဖြစ်လာမယ်၊ လူတွေ ပိုပြီးသေကြေမယ်၊ ပိုပြီး ဒုက္ခများကြမယ်၊ အဓိပ္ပါယ်မဲ့ ပျက်စီးမှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ပိုဖြစ်လာစေလိမ့်မယ်" လို့ သတိပေးပါတယ်။
ဒါးစာခံ မိသားစုများ ဖိုရမ်ရဲ့ ဌာနချုပ်က အစ္စရေး အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ " ကျွန်ုပ်တို့ရဲ့ ဒါးစာခံတွေရော၊ ကျွန်ုပ်တို့ရဲ့ စစ်သားတွေကိုပါ ကပ်ဘေးကြီး ဆိုက်အောင် လုပ်လိုက်တာပဲ" လို့ ပြောပါတယ်။
အမေရိကန်တို့ကတော့ အစ္စရေးရဲ့ ဂါဇာ စီးတီး သိမ်းဖို့ အစီအစဥ်ကို ရှေ့ဆက်လုပ်ဖို့ နေတန်ညာဟု ကို ခွင့်ပြုထားကြောင်း တချို့ သတင်းတွေမှာ ရေးကြပါတယ်။
ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နေတန်ညာဟုတို့ ဇူလိုင်လကုန်မှာ ပြောကြတဲ့ ထိတ်လန့်စရာ စကားတွေကို ရည်ညွှန်းပြီး အန်ဘီစီ သတင်းဌာနကရေးတဲ့ ဒီအကြောင်းကို အမေရိကန် သမ္မတက "သတင်းတုတွေ" လို့ ဆိုထားပါတယ်။












