ထရမ့် ဂါဇာအစီအစဥ်ရဲ့ ရိုက်ခတ်မှု
- ရေးသားသူ, Jeremy Bowen
- ရာထူးတာဝန်, International editor
ဂျယ်ရမီ ဘိုဝင်
နိုင်ငံတကာရေးရာ အယ်ဒီတာ
ဂါဇာကို အမေရိကန်က "လွှဲပြောင်းယူ" ပြီး "ပိုင်ဆိုင်မယ်"၊ အဲဒီက ဒေသခံတွေကို ပြန်လည်နေရာချထားပေးမယ်လို့ ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဥ်က ဖြစ်မလာနိုင်ပါဘူး။
အဲဒီ အစီအစဥ်ကို အာရပ်နိုင်ငံတွေက ကန့်ကွက်နေကြပြီး သူတို့ ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။
အဲဒီနိုင်ငံတွေထဲမှာ ဂျော်ဒန်နဲ့ အီဂျစ်တို့လို နိုင်ငံတွေပါပါတယ်။
ထရမ့်က ဂါဇာက ပါလက်စတိုင်းတွေကို အဲဒီနိုင်ငံတွေက ခေါ်ယူစေချင်တာပါ။ ကုန်ကျစရိတ်တွေအတွက်ကိုလည်း ဆော်ဒီအာရေဗျနိုင်ငံကို စိုက်ထုတ်စေလို နေတာမျိုးပါ။
ဒါပေမဲ့ ဒီအကြံကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မဟာမိတ်အနောက်နိုင်ငံတွေကတောင် ဆန့်ကျင်ကြပါတယ်။
ဂါဇာက ပါလက်စတိုင်းတွေဘက်မှာတော့ အများအပြား ဖြစ်ဖြစ် တချို့ ဖြစ်ဖြစ် သူတို့ကို အခွင့်အလမ်းပေးရင် ထွက်သွားဖို့ ဆန္ဒရှိနိုင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့လည်း လူဦးရေတစ်သန်းလောက် ထွက်သွားရင်တောင် လူ ၁.၂ သန်းလောက်က အဲဒီမှာ ဆက်ရှိနေဦးမှာပါ။
ဒီအတိုင်းဆိုရင် ထရမ့်ပြောတဲ့ "အရှေ့အလယ်ပိုင်းရဲ့ ရစ်ဗီယဲရာ (ကမ်းခြေ )" ရဲ့ ပိုင်ရှင်သစ် အမေရိကန်အနေနဲ့ သူတို့ကို ဖယ်ရှားဖို့ အင်အားသုံးရမယ့်ပုံ ရှိပါတယ်။
သွေးထွက်သံယို အများအပြားရှိခဲ့တဲ့ ၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် ဝင်ရောက်တိုက်ခိုက်ခဲ့မှုအပြီး အလားတူပုံစံမျိုးကို အမေရိကန်မှာ လုံးဝကို လူကြိုက်များမှာတော့ မဟုတ်ပါဘူး။
ဒါဟာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူ ဖြစ်တည်ရေး မျှော်လင့်ချက်တွေကို အဆုံးသတ် သွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ အစ္စရေးနဲ့အတူ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ပြီး ရာစုနှစ်တစ်ခုကျော်ကြာနေတဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်မယ့် မျှော်လင့်ချက် ဖြစ်ပါတယ်။
နက်တန်ယာဟု အစိုးရကတော့ အဲဒီလိုအတွေးအခေါ်ကို အကျောက်အကန်ကို ငြင်းဆန်ထားပြီး နှစ်တွေချီ မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက နှစ်နိုင်ငံစနစ်ကျင့်သုံးရေးဖြေရှင်းမှုဟာ အချည်းအနှီး ဆောင်ပုဒ်အဖြစ်သာ ကျန်နေပါတယ်။
ဒါပေမဲ့ ဒါက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အဖြစ် ၁၉၉၀ အစောပိုင်းနှစ်တွေ ကတည်းက ရှိခဲ့တာပါ။
အခု ထရမ့်ရဲ့ အစီအစဥ်မှာ နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်တာမျိုး ရှိလာနိုင်ပါတယ်။
နိုင်ငံတကာ စည်းမျဥ်းတွေကို ယုံကြည်လက်ခံတယ်ဆိုတဲ့ အမေရိကန်ရဲ့ ခပ်လျော့လျော့ အပြောတွေလည်း ပျက်သွားနိုင်ပါတယ်။ ယူကရိန်းမှာ ရုရှားရဲ့ နယ်မြေချဲ့ထွင်မှုနဲ့ ထိုင်ဝမ်ကို တရုတ်ရဲ့ ကျူးကျော်မှုတွေကတော့ မြန်ဆန်သွားနိုင်ပါတယ်။
ဒေသတွင်းမှာ ဘာတွေဖြစ်လာမယ့် အဓိပ္ပာယ်လဲ
တကယ်လို့ အဲဒါက ဖြစ်မလာနိုင်ဘူးဆိုရင် ဘာကြောင့် စိုးရိမ်နေကြရတာပါလဲ။
အဖြေကတော့ ထရမ့်ရဲ့ ပြောဆိုခဲ့မှုက ကိုးရိုးကားရားနိုင်ပေမဲ့ အကျိုးဆက်တွေတော့ ရှိလာမှာကြောင့်ပါ။
ထရမ့်က အမေရိကန်သမ္မတဖြစ်ပြီး ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
သူက တီဗီတင်ဆက်သူ၊ နိုင်ငံရေး ရည်မှန်းချက်ရှိသူ နဲ့ သတင်းခေါင်းစဥ်ဖြစ်အောင်လုပ်နေရသူ သက်သက် မဟုတ်တော့လို့ပါ။
ရေတိုအားဖြင့် သူ့ရဲ့ အံ့သြစရာ ကြေညာချက်က ဂါဇာက ထိရှလွယ်တဲ့ အပစ်ရပ်ရေးကို ထိခိုက်သွားနိုင်ပါတယ်။
အာရပ်နိုင်ငံတစ်ခုက အရာရှိကြီးတစ်ဦးကတော့ ဒါက "အလုံးစုံ ပျက်သုဥ်းရေး ဖြစ်သွားနိုင်တယ်"လို့ ပြောပါတယ်။
ဂါဇာရဲ့ အနာဂတ်အုပ်ချုပ်မှုအရေး အစီအစဥ်မရှိတာကိုက ဒီသဘောတူညီချက်မှာ အက်ကြောင်းဖြစ်နေပါပြီ။
အခုလည်း ထရမ့်က နောက်ထပ်တစ်ခုကို ထပ်ထည့်လိုက်တာပါ။
အဲဒါက တကယ်လို့ မဖြစ်လာရင်တောင်မှ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အတွက်တော့ အဖုအထစ်ကြီး ဖြစ်စေမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒါက မြေထဲပင်လယ်နဲ့ ဂျော်ဒန်မြစ်ကြား ဒါမှမဟုတ် ကျော်လွန်တဲ့ နယ်မြေအားလုံးဟာ ဘုရားသခင်က ပေးထားတဲ့ ဂျူးတွေပိုင်ဆိုင်မှုလို့ ယုံကြည်ထားကြတဲ့ ဂျူးအမျိုးသားရေးအစွန်းရောက်တွေရဲ့ အစီအစဥ်နဲ့ အိပ်မက်ကို ပိုအားကောင်းစေပါလိမ့်မယ်။
သူတို့တွေရဲ့ ခေါင်းဆောင်တွေဟာ နက်တန်ယာဟု အစိုးရအဖွဲ့ထဲမှာ ရှိနေပြီး သူ့ကို အာဏာမြဲအောင် လုပ်ပေးနေသူတွေပါ။ သူတို့တွေလည်း ကျေနပ်ပျော်ရွှင်နေကြပါတယ်။
သူတို့က ဂါဇာမှာ စစ်ပွဲကို ပြန်စပြီး ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ ပါလက်စတိုင်းတွေကို နယ်မြေထဲကဖယ်ထုတ်ပြီး ဂျူးတွေနဲ့ အစားထိုးတာမျိုး လိုချင်ကြတာပါ။
အောက်တိုဘာ ၇ တိုက်ခိုက်မှုအပြီးမှာ ဂါဇာရဲ့ အနာဂတ်အတွက် အဖြေကို ထရမ့်က ပေးလိုက်ပြီလို့ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘယ်ဇယ်လ် စမိုရစ်ကပြောပါတယ်။
သူရဲ့ထုတ်ပြန်ချက်မှာတော့ "အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျွန်တော်တို့ မြေပေါ်မှာကျူးလွန်တဲ့ ဘယ်သူမဆို သူတို့ကိုယ်တိုင်ရဲ့နယ်မြေကို ဆုံးရှုံးရပါလိမ့်မယ်။ ပါလက်စတိုင်းနိုင်ငံဆိုတဲ့ အန္တရာယ်ရှိတဲ့အတွေးအခေါ်ကို ဘုရားရဲ့အကူအညီနဲ့ အပြီးသတ်မြှုပ်နှံ့ဖို အခုကျွန်တော်တို့လုပ်ဆောင် ရပါလိမ့်မယ် " လို့ ပြောထားပါတယ်။
သဘောထားမပြင်းထန်တဲ့ အစ္စရေးအတိုက်အခံခေါင်းဆောင်တွေကတော့ အဲဒီအစီအစဥ်ကို ထောက်ခံမှုနည်းပါတယ်။ သူတို့ ရှေ့မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို စိုးရိမ်နေတာမျိုးဖြစ်နိုင်ပေမဲ့ ယဥ်ကျေးမှုအရ ကြိုဆိုကြပါတယ်။
ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကတော့ အစ္စရေးကို အင်အားသုံး တစ်ခုခုလုပ်ပြပြီး နဲ့ ထရမ့်ကို တုံပြန်ချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ပါလက်စတိုင်းတွေအတွက်တော့ အစ္စရေးတွေက ပဋိပက္ခနဲ့အတူ သူတို့ကို နယ်မြေလက်မဲ့ဖြစ်စေသလို သွေးထွက်သံယိုဖြစ်စေတဲ့ အယ်လ်နက်ဘာကိုလည်း အမှတ်ရစေတာမျိုး ဖြစ်ပါတယ်။ အဲဒါဟာ စစ်ပွဲမှာ အစ္စရေးက အနိုင်ရပြီး ၁၉၄၈ ခုနှစ်မှာ နိုင်ငံထူထောင်ပြီး ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက်ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်က ပါလက်စတိုင်း ၇ သိန်းကျော်ကို သူတို့ရဲ့အိမ်တွေကနေ အတင်းပြောင်းရွှေ့စေခဲ့တာ၊ ထွက်ပြေးစေခဲ့တာတွေ ဖြစ်စေခဲ့ပါတယ်။
သူတို့ထဲက အနည်းအကျဥ်းပဲ ပြန်လာခွင့်ရခဲ့ပြီး အားလုံး ပြန်လာခွင့်မရခဲ့ပါဘူး။ အစ္စရေးက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး အခုထိလည်း အသုံးပြုနေဆဲ ဖြစ်ပါတယ်။
အဲဒီလိုကြောက်ရွံ့မှုမျိုး အခု နောက်ထပ် ဖြစ်လာနိုင်ပါတယ်။
အစ္စရေးက ဟားမတ်စ်ကို တိုက်ထုတ်တဲ့စစ်ပွဲကို အသုံးချပြီး ဂါဇာကိုဖျက်ဆီးခဲ့တယ်၊ အဲဒီက ပါလက်စတိုင်းတွေကိုလည်း ဖယ်ရှားပစ်တယ်လို့ ပါလက်စတိုင်းအများစုက ယုံကြည်ထားကြပါတယ်။
အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နေတယ်လို့ ပါလက်စတိုင်းတွေဘက်က စွပ်စွဲထားသလို အဲဒီအစ္စရေးရဲ့အစီအစဥ်အပေါ်မှာ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဥ်ကို ထပ်တိုးလုပ်လာတဲ့ ပုံစံမျိုးလို့ ပါလက်စတိုင်းတွေက ပြစ်တင်ပြောဆိုကြပါတယ်။
ထရမ့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ
ထရမ့်က တစ်ခုခုပြောလိုက်ရုံနဲ့ အဲဒါက အမှန်တရားပဲ၊ အဲဒီလို ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။
သူရဲ့ ထုတ်ဖော်ပြောဆိုချက်တွေဟာ များသောအားဖြင့် အမေရိကန်နိုင်ငံရဲ့ တည်ငြိမ်တဲ့ မူဝါဒကိုထုတ်ဖော်ပြောဆိုတာထက် အိမ်ခြံမြေ အရောင်းအဝယ် ညှိနှိုင်းဖို့ တိုက်ကွက်ဖော်တဲ့ ပုံစံနဲ့ ပိုတူပါတယ်။
ထရမ့်က သူ့တခြားအစီအစဥ်တစ်ခု လုပ်ဖို့ လိုအပ်ချိန်မှာ ရှုပ်ထွေးအောင်လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူက နိုဗယ် ငြိမ်းချမ်းရေး ဆုကို အတော်လိုချင်နေတယ်လို့ ဆိုကြပါတယ်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဟာ နောက်ဆုံးမှာ မအောင်မြင်ကြရင်တောင် ဒီဆုရခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိထားပါတယ်။
အခု ဂါဇာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ကြေညာချက်ကို ကမ္ဘာက နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ သူက သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာ အီရန်နဲ့ "တရားဝင် နျူကလီးယား ငြိမ်းချမ်းရေးသဘောတူညီချက်" လိုချင်တဲ့အကြောင်းကို တင်ခဲ့ပါတယ်။
အီရန် အစိုးရက နျူကလီးယားလက်နက် မလိုချင်ဘူးလို့ ပြောထားပေမဲ့ အခုအခါမှာ ခြိမ်းခြောက်ခံနေရတာကြောင့် နောက်ဆုံးခုခံကာကွယ်မှုအနေနဲ့ နျူကလီးယား လိုအပ်နေပြီလားဆိုတဲ့ ပေါ်ပေါ်ထင်ထင်ဆွေးနွေးမှုတွေ အီရန်မှာ ရှိနေပါပြီ။
အီရန်ရဲ့ နျူကလီးယားထုတ်လုပ်ရေးနေရာတွေကို အစ္စရေး အကူအညီကိုသုံးပြီး အမေရိကန်အနေနဲ့ ဖျက်ဆီးပစ်ဖို့ နက်တန်ယာဟုက အလိုရှိနေခဲ့တာပါ။ အီရန်နဲ့ သဘောတူညီချက်တစ်ခုလုပ်ဖို့ သူရဲ့အစီအစဥ်ထဲမှာ လုံးဝမစဥ်းစားထားပါဘူး။
သမ္မတဟောင်းအိုဘားမားနဲ့ အီရန်တို့ချုပ်ဆိုခဲ့ကြတဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက်ကို အမေရိကန်က နုတ်ထွက်စေအောင် သမ္မတ ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း နက်တန်ယာဟုက နားချနိုင်ခဲ့ပါတယ်။
အီရန်တွေကို အချက်ပြဖို့ အစ္စရေးရဲ့ အစွန်းရောက်လက်ယာအုပ်စုကို ကျေနပ်အောင် တစ်ခုခု လုပ်ပေးချင်တာဆိုရင် သူအောင်မြင်သွားပါပြီ။
ဒါပေမယ့်လည်း ဒါဟာ ထရမ့်ဟာ ကမ္ဘာ့မတည်ငြိမ်ဆုံးနေရာမှာ မသေချာမရေရာမှုတွေနဲ့ မတည်ငြိမ်မှုတွေကို ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။












