အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံ ပေါ်ထွန်းရေးမူ ဆိုတာဘာလဲ

သေနတ်ကိုင်ထားတဲ့ စစ်သားတွေနဲ့ မွတ်ဆလင် ဝတ်ပြုသူတွေ ကျောချင်းကပ်ထားတဲ့ အရိပ်ပုံစံ ဓာတ်ပုံတွေကို Temple Mount ခေါင်မိုးခုံးနဲ့အတူ ပေါင်းစပ်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ လူပုံတွေကို အမည်းဖြစ်ပြီး ခေါင်မိုးကတော့ ရွှေဝါရောင်ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images / BBC

    • ရေးသားသူ, ဘီဘီစီသတင်းအာရေဗျ၊ဂလိုဘယ်ဂျာနယ်လစ်ဇင်

ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်းကြား နှစ်နိုင်ငံပေါ်ထွန်းရေးမူကို ဦးတည်မယ့် အဆင့်တွေကို အကြမ်းပြောထားတဲ့ ကြေညာချက် တစ်ရပ်ကို သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

ဒါဟာ ဆော်ဒီအာရေးဗျနဲ့ ပြင်သစ်တို့ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိညီလာခံကနေ ထွက်လာတဲ့ ကြေညာချက်မူကြမ်းကို အထွေထွေညီလာခံက အတည်ပြုမှုဖြစ်ပါတယ်။

ဇူလိုင်လတုန်းက ပြုလုပ်တဲ့ညီလာခံဟာ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်တဲ့ အာရပ်-အစ္စရေး ပဋိပက္ခမှာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်ရေး အခြေခံအုတ်မြစ်ချနိုင်ဖို့ ရည်ရွယ်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဂါဇာမှာ အစ္စရေးနဲ့ စစ်ပွဲဖြစ်ပွားတဲ့နောက် နှစ်နိုင်ငံတည်ရှိရေးမူ ဖြေရှင်းချက်က ပိုပြီးအလှမ်းဝေးလာခဲ့တာပါ။

ဒါပေမဲ့ ဂါဇာမှာ အဆိုးဆုံးဖြစ်လာတဲ့ အခြေအနေတွေကြောင့် အာရပ်နဲ့ ဥရောပတို့ဟာ နှစ်နိုင်ငံတည်ရှိရေးမူကို ပြန်စဖို့ တွန်းအားပေးလာပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ပြင်သစ်က ပြောပြီး ဗြိတိန်ကလည်း အစ္စရေးအနေနဲ့ လုပ်ဖို့လိုအပ်တာတွေကို လိုက်မလုပ်ဘူးဆိုရင် ဗြိတိန်ကလည်း ပါလက်စတိုင်းကို အသိအမှတ်ပြုမယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့၊ ၂၀၂၅ ခုနှစ် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီ(ဘယ်) နဲ့ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ(ညာ) တို့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်ပွေ့ဖက်နုတ်ဆက်ကြစဥ်။

ဓာတ်ပုံ ရင်းမြစ်, Sarah Yenesel / EPA / Shutterstock

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီ(ဘယ်) နဲ့ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ တို့ ပွေ့ဖက်နုတ်ဆက်ကြစဥ်။ အစ္စရေးက အထူးအခြေအနေတွေကို မလိုက်နာခဲ့ဘူးဆိုရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုမယ်လို့ ယူကေကိုယ်စားပြု လမ်မီက ကတိပြုခဲ့ပါတယ်

ဇူလိုင်လတုန်းက ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ညီလာခံကိုတော့ အစ္စရေးရော၊ သူ့မဟာမိတ် အမေရိကန်ပါ သပိတ်မှောက်ခဲ့ပါတယ်။ ဝါရှင်တန်ဘက်ကတော့ ဒါဟာ စစ်ပွဲအဆုံးသတ်ရေးလုပ်နေတဲ့ သူ့ အားထုတ်မှုတွေကို ''လမ်းလွဲစေတယ်'' ဆိုပြီး ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က "အဆုံးအဖြတ် အချိုးအကွေ့တစ်ခုဖြစ်ရမှာပါ။ သိမ်းပိုက်မှုကို အဆုံးသတ်ရေးအတွက် နောက်မဆုတ်တမ်း တိုးတက်မှု ဖြစ်ရမယ်။ အလားအလာရှိတဲ့ နှစ်နိုင်ငံမူ ဖြေရှင်းချက်အတွက် ကျွန်တော်တို့ရဲ့တူညီသောဆန္ဒကို အကောင်အထည်ဖော်ရမှာပါ" လို့ အဲဒီ တုန်းက ပြောခဲ့ပါတယ်။

နှစ်နိုင်ငံပေါ်ထွန်းရေး ဖြေရှင်းချက်က ဘာလဲ

နှစ်နိုင်ငံပေါ်ထွန်းရေး ဖြေရှင်းချက်ကတော့ ပါလက်စတိုင်းအတွက် အစ္စရေးနိုင်ငံနဲ့ အတူယှဉ်တွဲတည်ရှိနိုင်တဲ့ လုံခြုံပြီး၊ အသိမှတ်ပြုတဲ့ နယ်မြေ ထူထောင်နိုင်ဖို့ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း အစ္စရေးကသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ (West Bank) ၊ အရှေ့ ဂျေရုဆလင်နဲ့ ဂါဇာကမ်းမြောင်ဒေသတွေ ပါဝင်တဲ့ နိုင်ငံတစ်ခုကို ပါလက်စတိုင်းတွေက လိုလားပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အစ္စရေးအစိုးရက ပါလက်စတိုင်းတွေရဲ့နိုင်ငံပေါ်ထွန်းရေးနဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်ပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၁၉၉၀ ခုနှစ်တွေမှာ အစ္စရေးဝန်ကြီးချုပ် ရာဘင် (ညာ) နဲ့ အာရာဖတ်တို့အကြား လက်မှတ်ထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, PLO ဥက္ကဋ္ဌ ရာဆာ အာရာဖတ်(ညာ)နဲ့ အစ္စရေးဝန်ကြီးချုပ် ရစ်ဇတ်ရာဘင်(ညာ) တို့က လက်ဆွဲနုတ်ဆက်နေစဥ်။ သူတို့နှစ်ဦးအလယ်မှာတော့ အမေရိကန်သမ္မတ ဘီလ်ကလင်တန် မတ်တပ်ရပ်နေ

အစ္စရေးတွေရဲ့ ရပ်တည်ချက်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု ကတော့ ပါလက်စတိုင်းလွတ်မြောက်ရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ထားပြီး နှစ်နိုင်ငံတည်ရှိမှုကို သူ့ နိုင်ငံရေးဘဝ တလျှောက်လုံး ကန့်ကွက်လာခဲ့တာပါ။

၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်ခင် ၂ ပတ်အလိုက ကုလသမဂ္ဂအထွေထွေညီလာခံကို နေတန်ညာဟု တက်ရောက်ခဲ့ပါတယ်။

အစ္စရေးနဲ့ အာရပ်အိမ်နီးချင်းနိုင်ငံတွေအကြား "ငြိမ်းချမ်းရေး ခေတ်သစ်တစ်ခုရဲ့ အရုဏ်ဦး" ကိုရောက်နေပြီလို့ နေတုန်ညာဟုက အထွေထွေညီလာခံမှာ ကြွေးကြော်ခဲ့ပါတယ်။

နေတန်ညာဟုကတော့ ရာစုနှစ်လေးပုံတစ်ပုံလောက်မှာ "ကျွမ်းကျင်သူလို့ ဆိုသူတွေ" က သူတို့ ရဲ့ "ချဉ်းကပ်မှု" ကို မြဲမြဲဆုပ်ကိုင်ထားကြတယ်လို့ ပြောပါတယ်။ အဲဒါကတော့ ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်အကြားက နယ်မြေမျှဝေဖို့ဆိုတဲ့ နှစ်နိုင်ငံ ပေါ်ထွန်းရေး ဖြေရှင်းချက်ကို အစ္စရေး နဲ့ အနာဂတ်ပါလက်စတိုင်းတို့နဲ့ ဆွေးနွေးခဲ့ကြတာပါ။

"ငြိမ်းချမ်းရေးစာချုပ် တစ်ခု" တောင် မဖြစ်ထွန်းခဲ့ဘူးလို့ နေတန်ညာဟုက ပြောပါတယ်။

"၂၀၂၀ ခုနှစ်အတွင်း ကျွန်တော်အကြံပြုခဲ့တဲ့ ချဥ်းကပ်မှုအောက်မှာတော့ အံ့သြဖွယ်ကောင်းတဲ့ ကိစ္စတွေကို ကျွန်တော်တို့ ရယူနိုင်ခဲ့တယ်။ အာရပ်နိုင်ငံ ၄ နိုင်ငံနဲ့ လေးလ အတွင်းငြိမ်းချမ်းရေးသဘောတူစာချုပ်လေးခုပါ" လို့ သူကဆိုပါတယ်။

သူပြောတာက ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း ကြားဝင်ညှိနှိုင်းမှုတွေနဲ့ ရလာတဲ့ အေဗရာဟင်သဘောတူညီ ချက်လို့ ခေါ်ကြ တဲ့ သဘောတူညီချက်တွေပါ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၊ ၇၈ ကြိမ်မြောက် အထွေထွေညီလာခံမှာ မိန့်ခွန်းပြော နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်းနိုင်ငံလို့ သတ်မှတ်မှုမပါဘဲ အိမ်နီးချင်းအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးကို နေတန်ညာဟုက မျှော်မှန်းခဲ့ပါတယ်။ သူရေးဆွဲခဲ့တဲ့ မြေပုံကလည်း အလားတူပါ

သဘောတူညီချက်တွေဟာ ပါလက်စတိုင်းတွေရဲ့ "အစ္စရေးကို ဖျက်ဆီးမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုကို စွန့်လွှတ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို နောက်ဆုံးမှာ လက်ခံကျင့်သုံးဖို့ " ဆွဲဆောင်နိုင်လိမ့်မယ်လို့ နေတန်ညာဟုက ပြောခဲ့ပါတယ်။

အဲဒီလိုပြောပြီးသူက "အရှေ့အလယ်ပိုင်းအသစ်" ရဲ့ မြေပုံတစ်ခုကို ဆွဲကိုင်ပြလိုက်ပါတယ်။

နှစ်နိုင်ငံတည်ရှိရေးမူရဲ့ အဆုံးသတ်အဖြစ်ပုံဖော်ခဲ့တာပါ။

ဒါပေမယ့်လည်း နှစ်နိုင်ငံပေါ်ထွန်းရေး ဖြေရှင်းချက်ဟာ ငြိမ်းချမ်းရေးအတွက်ရွေးချယ်စရာ တစ်ခု ဘယ်လို ဖြစ်လာလဲ။

နှစ်တွေနဲ့အမျှ ဒီအပေါ်မှာ ဘယ်လိုသဘောထားတွေရှိခဲ့ကြပါသလဲ။

ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ ဘယ်လိုပျက်သုဥ်းခဲ့လဲ

၁၉၄၇ ခုနှစ် ကုလသမဂ္ဂရဲ့ နယ်မြေပိုင်းခြားခြင်းအစီအစဥ်အတွင်း နှစ်နိုင်ငံပေါ်ထွန်းရေး ဖြေရှင်းချက် ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးစကားဝိုင်းတွေ စတင်ခဲ့ပြီးတဲ့နောက် အစ္စရေးနဲ့ ပါလက်စတိုင်းတွေဟာ သီးခြားနိုင်ငံတွေအဖြစ် ဘေးချင်းယှဉ် နေထိုင်နိုင်တဲ့ နှစ်နိုင်ငံဖြေရှင်းချက်တစ်ခုအတွက် ရည်မှန်းချက်တွေကို ချမှတ်ခဲ့ကြပါတယ်။

ဗြိတိသျှရဲ့ လုပ်ပိုင်ခွင့်နယ်မြေ ပါလက်စတိုင်းကို သီးခြားပြည်နယ် ပိုင်းခြားဖို့ အဆိုပြုခဲ့ပါတယ်။

အစ္စရေးနဲ့ ရာဆာ အာရာဖတ်ရဲ့ ဖာတာအဖွဲ့ဦးဆောင်တဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ဟာ နော်ဝေအစိုးရက ကျောထောက်နောက်ခံလုပ် ကြားဝင်ညှိနှိုင်းပေးခဲ့မှုကြောင့် နှစ်ဖက်လက်ခံတဲ့ အသိအမှတ်ပြုခြင်းကနေ နှစ်နိုင်ငံ ပေါ်ထွန်းရေးမူ အကြမ်းဖျဥ်း သဘောတူညီချက်ကို ၁၉၉၃ ခုနှစ်မှာ အခြေခိုင်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း အော်စလိုလုပ်ငန်းစဉ်ဟာ တကယ်လက်တွေ့ ကျကျတဲ့အဆုံးသတ်အထိကိုမရောက်ခဲ့ဘဲ အရင်ထက် ဖြေရှင်းဖို့ မလွယ်တဲ့အခက်အခဲတွေပဲ ကျန်ခဲ့ပါတယ်။

၁၉၆၇ စစ်ပွဲမှာ အစ္စရေး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ငြိမ်းချမ်းရေးနယ်မြေ သဘာတူညီချက်တွေကနေ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့(PA)အတွက် ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ နယ်မြေ ထူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စေ့စပ်ညှိနှိုင်းမှုတွေအတွက် "အမြဲတမ်းဖြစ်ပွားနေတဲ့ ပြဿနာများ" လို့ခေါ်တဲ့ စစ်ရေးအရ သိမ်းပိုက်မှုနဲ့ ဂျူးအခြေချတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

၁၉၄၈ ပထမ အစ္စရေး- အာရပ် စစ်ပွဲအပြီး အစ္စရေးနိုင်ငံရယ်လို့ ဖြစ်ပြီးချိန်နဲ့ ကုလမဲခွဲဆုံးဖြတ်ခဲ့တဲ့ နယ်မြေပိုင်းခြားမှုတွေနောက်ပိုင်းက ပါလက်စတိုင်းဒုက္ခသည်ဆိုတဲ့ သတ်မှတ်ချက် အရေးလည်းပါဝင်ပါတယ်။

အစ္စရေးဟာ အရှေ့ဂျေရုဆလင်ကို ၁၉၆၇ ခုနှစ်မှာ ကျူးကျော်ခဲ့တာကြောင့် ဒါဟာ နောက်ထပ် အရှုပ်အထွေးတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီနေရာကို နှစ်ဖက်စလုံးက ဘာသာရေးအရ အထွတ်အမြတ်ထားကြတာကြောင့်ဖြစ်ပြီး ဘယ်သူမှ နောက်မဆုတ်ချင်ကြတာကြောင့်ပါ။

Temple Mount ကို ပြသတဲ့နေရာပြ မြေပုံ

ဟန်ပြရုံသက်သက် သံခင်းတမန်ခင်းတွေ နှစ်တွေချီကြာလာပြီးနောက် ၂၀၀၀ ခုနှစ်မှာတော့ အမေရိကန် သမ္မတ ဘီလ် ကလင်တန် ဦးဆောင်ပြီး သမ္မတရဲ့ စတည်းချနေရာတစ်ခုဖြစ်တဲ့ Camp David မှာ တံခါးပိတ်အစည်းအဝေးပြုလုပ်ပြီး ဒီပြဿနာတွေကို ဆွေးနွေးအဖြေရှာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်က အစ္စရေးဝန်ကြီးချုပ် အီဟုဒ် ဘာရတ်နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ အာရာဖတ်တို့ကြားမှာ ကွာဟချက်တွေ ကြီးခဲ့ပါတယ်။

တခြားသူရဲ့ စီစဉ်ပေးမှုမှာ မအောင်မြင်မှုတွေအတွက် လူတိုင်းက အပြစ်တင်ကြပါတယ်။

အာရာဖတ်က သူဘယ်တုန်းကမှမရတဲ့ အရက်အရောဆုံးသော သဘောတူညီချက် တစ်ခုကို ပယ်ချခဲ့တယ်လို့ အစ္စရေးနဲ့ အမေရိကန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ပါလက်စတိုင်းတွေကတော့ ဒါဟာ အတုအယောင်ဆိုပြီးပြောပါတယ်။ အရှေ့ဂျေရုဆလင်ကို သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ချက်မျိုးလို သူတို့လိုလားချက်တွေ မပါဘူးလို့ ပြောပါတယ်။

အစ္စလာမ္မစ် ခုခံရေးလှုပ်ရှားမှု ဟားမတ်စ်ကို ၁၉၈၇ ခုနှစ်မှာ ဂါဇာမှာ တည်ထောင်ခဲ့ပါတယ်။ ပြိုင်ဖက် ဖာတာ ရဲ့ ငြိမ်းချမ်းရေး အလျော့ပေးမှုတွေကို သဘောမတူခဲ့သလို ဆွေးနွေးပွဲတွေကိုလည်း လမ်းချော်အောင် အသေခံဗုံးခွဲမှုတွေကို ၁၉၉၄ ခုနစ်အစောပိုင်းတွေမှာ လုပ်ခဲ့ပါတယ်။

ဘာသာရေးဆိုင်ရာအခြေချသူတွေဟာလည်း အစ္စရေးခွင့်ပြုချက်ကို အသုံးချကာ ဘုရားကောင်းချီးပေးတဲ့မြေဆိုပြီး ဂျူးလူမျိုးတွေတည်ရှိမှုကို ပိုတိုးချဲ့ခဲ့ပါတယ်။

သမ္မတ ကလင်တန်နဲ့ အစ္စရေးဝန်ကြီးချုပ်နဲ့ ပလက်စတိုင်းခေါင်းဆောင်တို့ကို ကမ့် ဒေးဗစ်မှာ ၂၀၀၀ ပြည့်နှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၀၀ ပြည့်နှစ်မှာ ကမ့် ဒေးဗစ်မှာလုပ်တဲ့ ဆွေးနွေးပွဲတွေဟာ ပါလက်စတိုင်းတွေလိုချင်တာနဲ့ အစ္စရေးဘက်က ကမ်းလှမ်းတာတွေကြား ကွာဟချက်ကို မစေ့နိုင်ခဲ့

အော်စလိုပြီးနောက် ဘာတွေဖြစ်ခဲ့လဲ

၂၀၀၀ ခုနှစ် ပါလက်စတိုင်းတော်လှန်ပုန်ကန်မှုတွေလို့သိကြတဲ့ ဒုတိယ အင်တီဖာဒါ ပေါ်ထွက် ပြီးတဲ့နောက် အစ္စရေးတွေရဲ့ နိုင်ငံရေးယူဆချက်တွေဟာလည်း သိသိသာသာ လက်ယာယိမ်းလာခဲ့ပါတယ်။

အောက်စလို ငြိမ်းချမ်းရေးကို ဦးဆောင်တဲ့ အစ္စရေးအလုပ်သမားပါတီလည်း ရွှေ့ပြောင်းအခြေချမှုကို ထောက်ခံတဲ့ လက်ယာယိမ်းတွေ ကြီးထွားလာတဲ့အချိန် တဖြည်းဖြည်းနဲ့ အရာမဝင်တော့ပါဘူး။

၁၉၉၂ ၂၀၀၃ ၂၀၁၃ နဲ့ ၂၀၂၂ ခုနှစ်ကြား အစ္စရေးပါလီမန်မှာ ပါတီတွေ နေရာရရှိမှု ဇယာားဖြစ်ပါတယ်။ အခုတော့ လက်ယာယိမ်းပါတီနေရာယူထားပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၉၂ ၂၀၀၃ ၂၀၁၃ နဲ့ ၂၀၂၂ ခုနှစ်ကြား အစ္စရေးပါလီမန်မှာ ပါတီတွေ နေရာရရှိမှု ဇယားဖြစ်ပါတယ်။ အခုတော့ လက်ယာယိမ်းပါတီနေရာယူထားပါတယ်

တော်လှန်ပုန်ကန်တဲ့ ပါလက်စတိုင်း လူဦးရေဟာ အစ္စရေးစစ်တပ်နဲ့ ရင်ဆိုင်ရတော့တယ်။

တချိန်တည်းမှာပဲ ရှရွန်အစိုးရက ပါလက်စတိုင်းတွေကို အစ္စရေးနဲ့ အနောက်ဘက်ကမ်းဒေသတွေက အခြေချမှုတွေကနေ ခွဲထုတ်ဖို့ အစီအမံတွေ လုပ်ခဲ့ပါတယ်။ အာရာဖတ်လည်း ရာမလာ မြို့မှာ ၂၀၀၄ ခုနှစ် သူမကွယ်လွန်ခင်အချိန်အထိ ထိန်းသိမ်းခံခဲ့ရပါတယ်။

ရှရွန်ဟာ အခြေချသူ ထောင်ချီကို ၁ ဒသမ ၅ သန်းသော ပါလက်စတိုင်းတွေနေတဲ့ ဂါဇာကနေ ဖယ်ထုတ်လိုက်ပါတယ်။

နယ်စပ်အနီးတဝိုက်မှာလည်း တပ်တွေချလိုက်ပါတယ်။ အနောက်မြစ်ကမ်းဒေသက အခြေချနေရာ ၄ ကိုလည်း ခေါ်ထုတ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်၊ နယ်မြေအသစ်အခြေချသူတွေကို ရှာဖွေနေရင်း အနောက်မြစ်ကမ်းဒေသရဲ့ မြို့ ဟီဘရွန်းအတွင်း အစ္စရေးစစ်သားတွေက အာရပ်စျေး တစ်ခုအတွင်း ကင်းလှည့်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, Uriel Sinai / Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၆ ခုနှစ်၊ နယ်မြေအသစ်အခြေချသူတွေကို ရှာဖွေနေရင်း အနောက်မြစ်ကမ်းဒေသရဲ့ မြို့ ဟီဘရွန်းအတွင်း အစ္စရေးစစ်သားတွေက အာရပ်စျေး တစ်ခုအတွင်း ကင်းလှည့်နေစဥ်

"ခွဲခွာမှု" အစီအစဥ်ဟာ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အဓိကရည်ရွယ်ရင်းကတော့ ဂျူးလူမျိုးတွေကို လူဦးရေ အဆမတန်ထူထပ်တဲ့ ပါလက်စတိုင်းဒေသမှာ မထားဘဲ အစ္စရေးထဲမှာပဲ လုံလုံခြုံခြုံထား ရှိဖို့ပါ။

ရှရွန်ရဲ့ ထိပ်ပိုင်းအကြံပေးက သတင်းထောက်တစ်ယောက်ကို ဒါဟာ နိုင်ငံရေးညှိနှိုင်းမှုတွေကို အဆုံးသတ်ဖို့အတွက် "လိုအပ်တဲ့ တာရှည်ခံဆေးပမာဏ" ဖြစ်တယ်လို့ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ဟာ လီကွတ်ပါတီ နဲ့ ဒေါသထွက်နေတဲ့ အခြေချနေထိုင်မှု ထောက်ခံသူတွေအကြား အကွဲအပြဲဖြစ်သွားစေပါတယ်။

ရှရွန်ဟာ လက်မလျှော့သေးဘဲ ပါတီသစ်တစ်ခုကို တည်ထောင်ပြီး ၂၀၀၆ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

မဲပေးမှုတွေမစခင် သီတင်းပတ်တွေမှာတော့ အနောက်မြစ်ကမ်းဒေသအတွက် အလားတူအစီအစဥ်မရှိဘူးလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိခဲ့ပါဘူး။

အာရာဖတ်ကို ဆက်ခံသူ မိုဟာမတ် အဘတ်စ်ကတော့ ခွဲထွက်မှုဟာ အော်စလိုစည်းမျဥ်းတွေကို သစ္စာဖောက်တာလို့ ဝေဖန်ပါတယ်။ တစ်ဖက်မှာတော့ ဂါဇာက ဟားမတ်စ် ခေါင်းဆောင်တွေက ဒါကို သူတို့တော်လှန်ရေးရဲ့ အောင်ပွဲလို မှတ်ယူကြပါတယ်။

ဒါပေမယ့် အီဂျစ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အစ္စရေးက ဂါဇာကို ပိတ်ဆို့မှု တင်းတင်း ကျပ်ကျပ်လုပ်ထားခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကတော့ ဆက်ပြီးကြီးထွားလာခဲ့တာပါ။ လက်နက်ကိုင်တွေရဲ့စီးနင်းမှုတွေ၊ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတာပါ။

အစ္စရေးဘက်ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ခုခံမှုတွေကို ထိန်းချုပ်နိုင်ဖို့ တန်ပြန် စစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အနောက်ဘက်ကမ်းမှာ ဟားမတ်စ်အဖွဲ့က တန်ခိုးထွား ကြီးမားလာပါတယ်။

 ၂၀၀၆ ခုနှစ်အတွင်း အနောက်ဘက်ကမ်း နာဘလူစ်မြို့က စုဝေးမှုအတွင်း လက်နက်ကိုင် ပါလက်စတိုင်း စစ်သွေးကြွတွေဟာ ဟားမတ်စ်လှုပ်ရှားမှုကို ထောက်ခံတဲ့အနေအနေနဲ့ ဆန္ဒပြပွဲ အတွင်း ပါဝင်ခဲ့ကြပါတယ်၊

ဓာတ်ပုံ ရင်းမြစ်, Jaafar Ashtiyeh / AFP via Getty Image

ပါလက်စတိုင်းလွတ်လပ်ရေး ဒါမှမဟုတ် အကျင့်ပျက် ခြစားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာမအုပ်ချုပ်နိုင်ခဲ့တဲ့ ဖာတာကို မဲပေးသူတွေက စိတ်ပျက်ခဲ့ကြပြီး ၂၀၀၆ ခုနှစ် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့(PA) ရွေးကောက်ပွဲတွေမှာ ဟားမတ်စ်ကပဲ မဲပေးမှုအများစု ရရှိခဲ့တာပါ။

ဟားမတ်စ်ဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ဂါဇာကနေ ထွက်သွားဖို့ အင်အားသုံးဖယ်ရှားခဲ့ပါတယ်။ အဲဒါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို အလေးပေးတဲ့ ဖာတာ အုပ်ချုပ်ခွင့်ရ အနောက်မြစ်ကမ်းဒေသနဲ့ လက်နက်ကိုင်ခုခံမှုရဲ့ဗဟိုချက်မ ဆိုပြီး ဂါဇာကို နှစ်ခြမ်းကွဲသွားစေခဲ့ပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ရဲ့ သဘောထားကိုကြည့်ရင် အနာဂတ်နိုင်ငံရေးမှာ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိတာ တွေ့ရတယ်။ သူတို့လိုလားချက်ကတော့ အပြီးတိုင် အကြမ်းဖက်မှု ချုပ်ငြိမ်းရေး၊ နိုင်ငံတစ်နိုင်ငံ ထူထောင်တဲ့အခါမှာ အဲဒီနိုင်ငံ နယ်နိမိတ်ထဲမှာ ၁၉၆၇ ခုနှစ်တုန်းက အစ္စရေးသိမ်းပိုက်ထားတဲ့ နယ်မြေတွေလည်း ပါရမယ်ဆိုတာတွေ ဖြစ်လာပါတယ်။

ဒါပေမယ့်လည်း အစ္စရေးကိုပယ်ဖျက်ရေးဆိုတဲ့ သူတို့ရဲ့ပဋိဉာဉ်ကိုတေ့ာ ဟားမတ်စ်အဖွဲ့က မပြောင်းလဲခဲ့ပါဘူး။

အစ္စရေးကတော့ အနောက်မြစ်ကမ်းဒေသမှာ လူဦးရေနဲ့ နယ်မြေဧရိယာ ချဲ့ထွင်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီအခြေအနေက ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေတာပါ။

ဂါဇာမှာ အာရုံစိုက်စောင့်ကြည့်မှုတွေ မရှိတော့တာကို အခွင့်အကောင်းယူကာ ဟားမတ်စ်က သူ့ရဲ့ စစ်တပ်အင်အားကို လက်ဘနွန်က ဟတ်ဇ်ဘိုလာ အကူအညီနဲ့ တည်ဆောက်ခဲ့ပါတယ်။

နောက်ပိုင်း မှာ Axis of Resistance လို့ အမည်ပေးထားတဲ့ ခုခံမှုဝင်ရိုးဆိုပြီး ဖြစ်လာပါတယ်။

အကြောင်းရင်းခံ အသစ်တွေ

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ ဂါဇာစစ်ပွဲအပြီးမှာတော့ အကြောင်းအရင်းခံပေါင်းများစွာ ထပ်ပေါ်လာခဲ့ပါတယ်။

နေတန်ညာဟုကတော့ ပါလက်စတိုင်း နိုင်ငံဖြစ်တည်ရေး သူ့ ဆန့်ကျင်မှုဟာက အောက်တိုဘာ ၇ တိုက်ခိုက်မှုအပြီးမှာ ပိုပြီး ပြင်းထန်လာခဲ့တယ်လို့ ပြောပါတယ်။

"သူတို့ မျှော်မှန်းချက်ကိုက အစ္စရေးဖြစ်တည်မှုအတွက် အန္တရာယ်" ရှိစေတာလို့ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ အနောက်မြစ်ကမ်းဒေသအပါအဝင် "ဂျော်ဒန်မြစ်ရဲ့အနောက်ပိုင်းက နယ်မြေ အားလုံးအပေါ် လုံခြုံရေးအပြည့်အဝထိန်းသိမ်းဖို့" လို့ သူက ကတိပြုထားပါတယ်။

ပါလက်စတိုင်း နိုင်ငံတည်ထောင်ရေး ပယ်ချတဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးလွှတ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ အတည်ပြုခဲ့ပါတယ်။

နေတန်ညာဟုရဲ့ လက်ယာယိမ်းထောက်ခံသူတွေကတော့ ပါလက်စတိုင်းတွေ နိုင်ငံထူထောင်ချင် တယ်လို့ပြောနေတဲ့နေရာတွေကိုပါ ကျူးကျော်ဖို့ တိုက်တွန်းနေပါတယ်။ အဲဒီနယ်မြေထဲမှာ ဂါဇာက တချို့နေရာအစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။

တချို့ထောက်ခံသူတချို့ဆိုရင် ဂါဇာလူဦးရေ တစ်ခုလုံးကို လုံးဝဖယ်ရှားစေချင်ကြောင်း ပြောကြတာတောင်ရှိပါတယ်။

အစ္စရေးနိုင်ငံအတွင်း ဘုံသဘောထားကတော့ ဟားမတ်စ်ကို လုံးဝ ပျက်သုဉ်းစေချင်တာပါ။

ဒါပေမယ့်လည်း အဲဒီလိုဖြစ်လာဖို့ဆိုရင် ဂါဇာပြည်သူတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။

West Bant အတွင်းက နေရာသစ်ခြေချနေထိုင်သူအစ္စရေးတွေနဲ့ တပ်စခန်းတွေဟာ ၁၉၆၈ မှာ ၂၅၀ ရှိရာက ၅၀၃,၇၃၂ အထိ ၂၀၂၃ ခုနှစ်အတွင်း တိုးပွားလာခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, အနောက်ဘက်ကမ်းမှာ အစ္စရေး အခြေချ နေရာသစ်တွေနဲ့ တပ်စခန်းတွေဟာ ၁၉၆၈ မှာ ၂၅၀ ရှိရာက ၂၀၂၃ ခုနှစ်မှာ ၅၀၃,၇၃၂ အထိ တိုးပွားတယ်ဆိုတာကို ပြသနေပါတယ်

အစ္စရေးက ဟားမတ်စ် ခေါင်း‌ဆောင်တွေကို သတ်ဖြတ်ခဲ့မှု၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေကို အင်အားချိနဲ့အောင်လုပ်ခဲ့ပြီး အစ္စရေးအနေနဲ့ ငြိမ်းချမ်းရေးကို ဦးတည်လုပ်ဆောင်ဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေ ပိုတိုးလုပ်လာခဲ့ပါတယ်။

အာရပ်နဲ့ ဥရောပနိုင်ငံတွေ ဦးဆောင်ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေး၊ ပြင်သစ်နဲ့ ဗြိတိန်တို့လို နိုင်ငံတွေရဲ့ ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရေး ထုတ်ပြန်ချက်တွေကို ကြည့်ရင် ချဉ်းကပ်မှုပြောင်းလဲလာပြီး အစ္စရေးကို နှစ်နိုင်ငံပေါ်ထွန်းရေးဆီ ဦးတည်ဖို့ ဖိအားပေးမှုတွေ ဖြစ်လာစေပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံပေါ်ထွန်းရေးကို တောက်လျှောက် အဓိက အားပေးလာခဲ့တဲ့ အမေရိကန်ကတော့ အခုချိန်မှာတော့ ပြောင်းပြန်ပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီအရေးနဲ့ပတ်သက်လို့ သူ့ရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းမှုမရှိပေမယ့် အစိုးရအဖွဲ့ကတော့ ကုလညီလာခံကို ဆန့်ကျင်ပါတယ်။

ရိုက်တာက ကြည့်ရှုခွင့်ရခဲ့တဲ့ အမေရိကန်အစိုးရက သံရုံးတွေအချင်းချင်းပေးပို့တဲ့ လျှို့ဝှက် စာလွှာမှာတော့ "ပါလက်စတိုင်းကိုနိုင်ငံလို့ တစ်ဖက်သတ်အသိအမှတ်ပြုတဲ့ ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်ပါတယ်။ ဒါဟာ ပဋိပက္ခဖြေရှင်းဖို့အတွက် ဥပဒေအရရော နိုင်ငံရေးအရပါ အခက်အခဲ တွေ ဖြစ်စေမှာပါ။ နောက်ပြီး စစ်ပွဲအတွင်း အစ္စရေးကို ဖိအားပေးပြီး သူ့ရဲ့ ရန်သူကို အားပေးရာရောက်မှာပါ" လို့ ပြောထားပါတယ်။

အစ္စရေးကို ရေရှည်ဖြေရှင်းမှုတစ်ခုအတွက် ပိုပြီးဖိအားပေးသင့်သလားလို့ ဇူလိုင် ၂၉ ရက်မှာမေးတဲ့ အခါမှာတော့ ဟားမတ်စ်ကို ဆုချီးမြှင့်သလို ဖြစ်သွားလိမ့်မယ်လို့ သမ္မတထရမ့်က ပြန်ဖြေပါတယ်။

ပြီးတော့ နှစ်နိုင်ငံရပ်တည်မှု အသက်သွင်းရေးဟာ အမေရိကန်ရဲ့ထောက်ပံ့မှုမရှိရင်၊ အောင်မြင် နိုင်ရေးဆိုတာလည်း မရေမရာပဲ ဖြစ်နေလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။

အခုသတင်းကို ဘီဘီစီ အာရဗီဌာနက လီနာ ရှိုင်ခူနီ၊ မာတင် အက်ဆာ၊ လာမီးစ် အတက်လ်ဘီနဲ့ ပေါလ် ကုဆစ်ယိတို့လည်း ပါဝင်ရေးသားထားပါတယ်။