အရှေ့အလယ်ပိုင်းအရေး ဖြေရှင်းဖို့ အတွက် ကတိပြုခဲ့တဲ့ နှစ်နိုင်ငံ ပေါ်ထွန်းရေး မြေပုံ

Former Israeli Prime Minister Ehud Olmert holding up his proposed map of Israeli and Palestinian states, as part of a two-state solution
ဓာတ်ပုံ ပုံစာ, အရင် အစ္စရေး ဝန်ကြီးချုပ် အီဟွတ် အိုမတ်က ၂၀၀၈ မှာ နှစ် နိုင်ငံ တည်ရှိရေးကို တင်ပြခဲ့

ပေါလ် အဒမ်

သံတမန်ရေးရာ ဘီဘီစီ သတင်းထောက်

"နောင်အနှစ် ၅၀ တိုင်အောင် ကျွန်တော် အခုလို အဆိုပြုနေတာမျိုး ကမ်းလှမ်းမယ့် ဘယ်အစ္စရေးခေါင်းဆောင်ကိုမှ ခင်ဗျား ရှာတွေ့မှာ မဟုတ်ဘူး။"

"လက်မှတ်ထိုး လိုက်ပါဗျ၊ လက်မှတ်ထိုးပါ၊ သမိုင်းသစ် ရေးထိုးကြရအောင်။"

အဲဒါက ၂၀၀၈ မှာပါ။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဆောင်ယူလာနိုင်မယ်လို့ သူယုံကြည်တဲ့ အဆိုပြုချက်တခုကို အစ္စရေးဝန်ကြီးချုပ် အီဟွတ် အိုမတ်က ပါလက်စတိုင်း ခေါင်းဆောင်ကို တင်ပြခဲ့ပါတယ်။

အဲဒါက ၂ နိုင်ငံ ဆိုတဲ့ အဖြေပါ၊ အခုတော့ ဒီကာလမှာ ဒီမျှော်လင့်ချက်က မဖြစ်နိုင်တော့ဘူးလို့ မြင်နေရပါတယ်။

တကယ်လို့သာ အဲဒီတုန်းက အကောင်အထည်ဖော်လိုက်နိုင်ရင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက ဧရိယာ အကျယ်အဝန်း ၉၄% ကျော်မှာ ပါလက်စတိုင်း နိုင်ငံ ဖြစ်ထွန်းသွားမှာပါ။

အိုမတ်က ဆွဲခဲ့တဲ့ မြေပုံဟာ အခုတော့ ဒဏ္ဍာရီဖြစ်ခဲ့ပါပြီ။ သူကလည်း အဲဒီမြေပုံကို မီဒီယာကို ဘယ်တုန်းကမှထုတ် မပြခဲ့ပါဘူး။ မြေပုံက ဘယ်လို ဆိုတာ မှန်းဆချက်တွေတော့ အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မမြင်ခဲ့ရဖူးပါဘူး။

အခုတော့ ထွက်လာပါတယ်။

Ehud Olmert's map of Israeli and Palestinian states side-by-side
ဓာတ်ပုံ ပုံစာ, အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံ နှစ်ခု အတူယှဉ်တွဲ နေနိုင်မယ်လို့ အီဟွတ် အိုမတ်က ဆိုတဲ့ မြေပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီက နော်မာ ပါစီ လုပ်တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း - ၇ အောက်တိုဘာဆီသို့ လမ်း (Israel and the Palestinians: The Road to 7th October) ဆိုတဲ့ မှတ်တမ်းတင် ဗီဒီယို တနင်းလာနေ့က ထွက်လာပြီး အဲဒီထဲမှာ အိုမတ်က သူ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က ဂျေရုဆလင်မှာ လုပ်တဲ့ အစည်းအဝေးမှာ မာမွတ် အာဘတ်စ်ကို ထုတ်ပြခဲ့တယ်လို့ ဆိုတဲ့ မြေပုံကို ပြပါတယ်။

"ဒါက ကျွန်တော် ပထမဆုံးအကြိမ် မီဒီယာကို ထုတ်ပြတာပါ" လို့လည်း သူက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးသူကို ပြောပါတယ်။

အိုမတ် အဆိုပြုတဲ့ နယ်မြေက အစ္စရေးရဲ့ အနောက်ဘက်ကမ်း နယ်မြေရဲ့ ၄.၉% ကို ထည့်ပေးထားပါတယ်။

ဒါက အရင် ၁၉၉၀ နှစ်တွေ တဝိုက်တုန်းက အဆိုပြုခဲ့သလိုဖြစ်ပြီး အဲဒီနယ်တွေထဲမှာ အဓိက ဂျူးအခြေချနေရာတွေ ရှိနေပါတယ်။

အပြန်အလှန်အားဖြင့် အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကမ်းမြောင်အစွန်းတွေမှာ အဲဒီနဲ့ ညီတဲ့ နယ်မြေပမာဏာကို အစ္စရေးက လက်လွှတ်ပြီး ပါလက်စတိုင်းကို ပေးမှာပါ။

ပါလက်စတိုင်းနယ်မြေ နှစ်ခုကို မြေအောက်လှိုဏ်ဂူ လမ်းနဲ့ဖြစ်စေ၊ အဝေးပြေးလမ်းနဲ့ ဖြစ်စေ ချိတ်ဆက်မှာပါ၊ ဒါကလည်း အရင်က တင်ပြဆွေးနွေးဖူးခဲ့တဲ့ အကြောင်းအရာပါ။

ဗီဒီယိုထဲမှာ အိုမတ်က ပါလက်စတိုင်း ခေါင်းဆောင်ရဲ့ တုံ့ပြန်မှုကို ပြန်ပြောပြတာ တွေ့ရပါတယ်။

'ဝန်ကြီးချုပ် ဒါက သိပ် အလေးအနက်ထားရမယ့် အဆိုပြုချက်ပဲ၊ သိပ်ကို အလေးအနက်ရှိရမယ့်ဟာပဲ'လို့ အာဘတ်စ်က ပြန်ဖြေတဲ့အကြောင်း သူက ပြောပါတယ်။

ခက်ခဲလှတဲ့ ဂျေရုဆလင် အရေးနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်ကိုလည်း မစ္စတာ အိုမတ်ရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းထားပါတယ်။

အစ္စရေး ပါလက်စတိုင်း ၂ နိုင်ငံစလုံးက ဒီမြို့ရဲ့ အချို့နေရာတွေကို သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်နိုင်မယ်၊ မြို့ဟောင်းနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေ၊ အဲဒီနေရာတွေနဲ့ ထိစပ်နေရာတွေကို "အထွတ် အမြတ် ဧရိယာ" (holy basin) အဖြစ် သတ်မှတ်ကာ အစ္စရေး၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အမေရိကန်တို့ ပါဝင်တဲ့ ဂေါပက ကော်မီတီအဖွဲ့ရဲ့ လက်ထဲကိုထည့်ပြီး အုပ်ချုပ်စေမယ်လို့ ထည့်သွင်းထားပါတယ်။

ဒီမြေပုံက ဂျူးအခြေစိုက်အိမ်ရာတွေအပေါ် သက်ရောက်လာနိုင်ခြေက အကြီးအမားပါ။

ဒီအစီအစဉ်အတိုင်းသာ အကောင်အထည်ဖော်ရင် အနောက်ဘက်ကမ်းနဲ့ ဂျော်ဒန်မြစ်ဝှမ်းမှာရှိတဲ့ ဂျူးရပ်ရွာအသိုင်းအဝိုင်း ဒါဇင်နဲ့ ချီပြီး ပြောင်းရွှေ့ထွက်ခွာရမှာပါ။

၂၀၀၅ ခုနှစ်မှာ အရင် အစ္စရေး ဝန်ကြီးချုပ် အေရီယယ် ရှရွန်က ထောင်ဂဏန်းအနည်းငယ်ရှိတဲ့ ဂျူး အခြေချနေထိုင်သူတွေကို ဂါဇာကနေ ဖယ်ရှားခဲ့ပြီး အဲဒီအဖြစ်က အစ္စရေး လက်ယာတွေကြားမှာ အမျိုးသားရေး ဒဏ်ရာရမှုလို့ ခံယူထားပါတယ်။

အနောက်ဘက်ကမ်းက ဂျူးတွေကို ရွှေ့မယ်ဆိုရင် သောင်းနဲ့ချီတဲ့ အခြေစိုက်နေထိုင်သူတွေကို ရွှေ့ရမှာဖြစ်ပြီး ဒါက စိန်ခေါ်မှု အကြီးအမားလည်းဖြစ်ကာ အကြမ်းဖက် အတိုက်အခိုက်တွေ ထွက်ပေါ်လာနိုင်ခြေ ရှိပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ကို စမ်းကြည့်ဖို့ မစနိုင်ခဲ့ကြပါဘူး။

အစည်းအဝေးအပြီးမှာ ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အာဘတ်စ်က ဒီအစီအစဉ်ကို သဘောတူကြောင်း လက်မှတ်မထိုးရင် ဒီမြေပုံရဲ့ မိတ္တူကို မပေးနိုင်ဘူးလို့ အိုမတ်က ငြင်းပယ်ခဲ့ပါတယ်။

အာဘတ်စ်က မြေပုံကို သူ့ရဲ့ မြေပုံဆိုင်ရာကျွမ်းကျင်သူတွေကို ပြဖို့ လိုတယ်၊ ဘာကို ကမ်းလှမ်းတာလဲဆိုတာ အသေအချာဖြစ်အောင် အရင်ဆုံး လေ့လာရမယ်လို့ ပြောပြီး အစီအစဉ်ကို လက်မှတ်မထိုးပါဘူး။

နောက်နေ့မှာ မြေပုံ ကျွမ်းကျင်သူတွေနဲ့ အစည်းအဝေးလုပ်ကြဖို့ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြတယ်လို့ အိုမတ်က ပြောပါတယ်။

"ကျွန်တော်တို့ အစည်းအဝေး အဆုံးသတ်ပြီး ပြန်သွားကြတယ်၊ ငါတို့ သမိုင်းဝင် ခြေလှမ်းတခုကို လှမ်းနိုင်တော့မယ်လို့ တွေးခဲ့ကြတယ်" လို့ အိုမတ်က ပြောပါတယ်။

ဒါပေမဲ့ မြေပုံအကြောင်း တိုင်ပင်တဲ့ အစည်းအဝေးက ဖြစ်မလာခဲ့ပါဘူး၊ အဲဒီကာလက သမ္မတ အာဘတ်စ်နဲ့ အနီးကပ်ဆောင်ရွက်တဲ့ သမ္မတရုံး အရာရှိချုပ် ရာဖစ် ဟူစိန်နီက အဲဒီညက ဂျေရုဆလင်က ပြန်လာတဲ့ ကားထဲမှာ ပြောဆိုခဲ့ကြတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

"ကျွန်တော်တို့ ရယ်ပွဲဖွဲ့ခဲ့ကြတာပေါ့၊ တကယ်ပဲ" လို့ သူက မှတ်တမ်းတင် ဗီဒီယိုထဲမှာ ပြောပါတယ်။

ဒီအစီအစဉ်က နောက်ဆုံး ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ပါလက်စတိုင်းတို့က မြင်ပါတယ်။ အိုမတ်က အဲဒီအချိန်က တခြား ဒီအရေးနဲ့ မဆိုင်တဲ့ လာဘ်စားမှုတွေနဲ့ စွပ်စွဲခံနေရပြီး သူကိုယ်တိုင်ကလည်း သူ ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ်ရှိကြောင်း ကြေညာထားပါတယ်။

"အိုမတ်က ဘယ်လိုပဲ ကောင်းတဲ့လူဖြစ်စေ၊ သူက သိပ်မစွမ်းသာတဲ့လူ ဖြစ်နေပြီလေ" လို့ ဟူစိန်နီက ပြောရင်း "ဒီအစီအစဉ်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ" လို့ ဆိုပါတယ်။

ဂါဇာက အခြေအနေတွေကလည်း သိပ်ကို ရှုပ်ထွေးပါတယ်။ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ အဲဒီနယ်မြေကနေ ရော့ကက်တွေနဲ့ တိုက်ခိုက်နေတာ လတွေ ချီရှိလာတဲ့နောက်ပိုင်း အိုမတ်က စစ်ဆင်ရေးကြီး တခုကို အမိန့်ပေးလိုက်ပါတယ်။

အဲဒီနှစ် ဒီဇင်ဘာလ ကုန်မှာ စလိုက်တဲ့ အစ္စရေး စစ်ဆင်ရေး က ၃ ပတ်ကြာတဲ့ အပြင်းအထန် စစ်ပွဲ တခုကို ဖြစ်ပွားစေခဲ့ပါတယ်။

Rafiq Husseini
ဓာတ်ပုံ ပုံစာ, သမ္မတ အာဘတ်စ်ရဲ့ သမ္မတရုံး အရာရှိချုပ် ရာဖစ် ဟူစိန်နီက အိုမတ်ဟာ လက်ထဲ အာဏာမရှိတော့တဲ့ လူလို့ မြင်ခဲ့

အစ္စရေး ရွေးကောက်ပွဲက နောက်နှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပပါတယ်။ ပါလက်စတိုင်း နိုင်ငံတခုအဖြစ် ပေါ်ထွန်းရေးကို ကျယ်ကျယ်လောင်လောင် ကန့်ကွက်တဲ့ ဘင်ဂျမင် နက်တန်ညာဟုက ဝန်ကြီးချုပ်ဖြစ်လာပါတယ်၊ သူက လီကွတ် ပါတီကပါ။

အိုမတ် အစီအစဉ်နဲ့ မြေပုံဆိုတာက ပျောက်ကွယ်သွားပါပြီ။

အာဘတ်စ်ရဲ့ တုံ့ပြန်မှုကို သူ စောင့်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း အိုမတ်က ပြောပါတယ်။

ဒါပေမဲ့ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ဖို့ အရေး လွဲခဲ့ကြတဲ့ အခွင့်အလမ်း စာရင်း အရှည်ကြီးထဲမှာ အိုမတ်ရဲ့ အစီအစဉ် ပါဝင်သွားပါပြီ။

၁၉၉၃ ခုနှစ်မှာလည်း သမိုင်းဝင် အော်စလို သဘောတူညီချက်ကို ၂ ဘက် လက်မှတ်ရေးထိုး နိုင်ခဲ့ကြပါတယ်။

ရစ်ဇက် ရာဘင်နဲ့ ယာဆာ အာရာဖတ်တို့ အိမ်ဖြူတော် မြက်ခင်းပြင်မှာ လက်ဆွဲနုတ်ဆက်နိုင်တဲ့ အဖြစ်က တကယ့်ကို မျှော်လင့်ချက်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ မအောင်မြင်ခဲ့ပါဘူး။

သူတို့ ၂ ဘက်အကြား တွေ့ဆုံမှုကို ကျွန်တော့် ဘဝမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က မျက်ဝါးထင်ထင် တွေ့ခဲ့ရပါတယ်။

၂၀၀၁ ဇန်နဝါရီလအတွင်း အီဂျစ်က တာဘာ အပန်းဖြေစခန်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းသူတွေ သဘောတူညီချက် မူကြမ်းရေးဖို့ တွေ့ဆုံခဲ့ကြပါတယ်။

ပါလက်စတိုင်း ကိုယ်စားလှယ်တယောက်က မြေပုံကြမ်းတခုကို လက်သုတ်ပဝါတခုမှာ ရေးဆွဲပြီး သူတို့ ပထမဆုံး အကြိမ်အဖြစ် ပါလက်စတိုင်း မြေပုံကြမ်းတခုကို ဆွဲဖို့ လုပ်တာလို့ ကျွန်တော့်ကို ပြောပြပါတယ်။

ဒါပေမဲ့ ဆွေးနွေးမှုက အရေးမပါတော့ပါဘူး၊ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ဒုတိယ ပါလက်စတိုင်း အုံကြွမှု အင်တီဖာတာ စခဲ့ရာ အနောက်ဘက်ကမ်းနဲ့ ဂါဇာက လမ်းတွေပေါ်မှာ အကြမ်းဖက်မှုတွေက ဆွေးနွေးပွဲကို ဖုံးလွှမ်းသွားခဲ့လို့ပါ၊

အဲဒီအချိန်ကလည်း အစ္စရေးက နိုင်ငံရေး အပြောင်းအလဲ ကာလရဲ့ အလယ်မှာပါ။ ဝန်ကြီးချုပ် အီဟွတ် ဘာရက်ခ်က နုတ်ထွက်သွားပါပြီ။ အေရီရယ် ရှရွန်က နောက်သီတင်းပတ် အနည်းငယ်ကြာတော့ သူ့ကို အလွယ်တကူ အနိုင်ရခဲ့ပါတယ်။

လက်သုတ်ပဝါပေါ်မှာ ဆွဲခဲ့တဲ့ မြေပုံကလည်း လွန်ခဲ့တဲ့ ၈ နှစ်က အိုမတ်ရဲ့ မြေပုံလို ဘယ်လိုလဲဆိုတာကို မပြနိုင်တော့ပါဘူး။