မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု

မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြုတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကျွန်းလှမြို့အနောက်ခြမ်းက ရွှေမျှောလုပ်ကွက်နေရာတွေ ၃ ရက်ဆက် လေကြောင်းဗုံးကြဲခံရ
  • ကနေဒါဝန်ကြီးချုပ် မာ့ကာနေးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင် ဘေဂျင်းမှာ တွေ့ဆုံနေပြီး ကုန်သွယ်ရေးဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်
  • ရွေးကောက်ပွဲ အပိုင်း ၃ မှာပါမယ့် ပဲခူးတိုင်းထဲက ၈ မြို့နယ်မှာ နယ်မြေဒေသလုံခြုံ‌ရေးဆိုင်ရာ စီမံ‌ဆောင်ရွက်ထားတယ်လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)တိုင်းမှူးပြော
  • အဆိုတော်အပါအဝင် လူ ၂ ဦး မူဆယ်မှာ ပြန်ပေးဆွဲခံရပြီး သိန်း ၇,၀၀၀ ကျော် ငွေညှစ်ခံရ
  • ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်း ၉၉ ဖွဲ့ ရှုတ်ချ
  • ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုက ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုတံဆိပ်ကို သမ္မတဒေါ်နယ့်ထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံစဉ် ပေးအပ်
  • မြန်မာကို အမေရိကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်‌တော်(ကွန်ဂရက်)က အတည်ပြု
  • UEC က ကြေညာတဲ့ ရွေးကောက်ပွဲအပိုင်း ၂ အတွက် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၂ နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ထိုင်ခုံအများဆုံးရထား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာ၊ ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ကတိုက်ပွဲနဲ့ ARSA ၅၃ ဦး ကို ဘင်္ဂလား‌ဒေ့ရှ်တရားစွဲဆိုမှု

    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    မြန်မာဘက်ကပစ်လိုက်တဲ့ သေနတ်ကျည်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦးဒဏ်ရာရခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကော်မရှင် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။

    တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဟာ အာရက္ခတပ်တော်(အေအေ)နဲ့ လည်း တွေ့ဆုံခဲ့တဲ့အကြောင်း အေအေနဲ့ နီးစပ်သူတွေဘက်က အတည်ပြုသတင်းတွေရှိခဲ့ပါတယ်။တချိန်တည်းမှာပဲ မြန်မာဘက်တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အာရကန်ရိုဟင်ဂျာ - ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။

    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနဲ့ဂမ်ဘီယာ ကြားနာပွဲရှိနေချိန်မှာ ထွက်ပေါ်လာတဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေကြောင့် သံတမန်တွေတွေ့ပြီးဖြေရှင်းကြတဲ့အထိဖြစ်လာတာပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ကျွန်းလှမြို့အနောက်ခြမ်းက ရွှေမျှောလုပ်ကွက်တွေ ၃ ရက်ဆက် လေကြောင်းဗုံးကြဲခံရ

    ဇန်နဝါရီ ၁၅ ရက်က ‌ရွှေမျှောလုပ်ကွက်နေရာ လေကြောင်းတိုက်ခံရပြီး မီးလောင်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၅ ရက်က ‌ရွှေမျှောလုပ်ကွက်နေရာ လေကြောင်းတိုက်ခံရပြီး မီးလောင်နေတဲ့မြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့အနောက်ခြမ်းက ရွှေမျှောလုပ်ကွက်နေရာတွေကို စစ်တပ်က ဇန်နဝါရီ ၁၄ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၁၆ ရက်အထိ ၃ ရက်ဆက် လေကြောင်းဗုံးကြဲနေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့နေ့လယ်ပိုင်းအထိ စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ တိုက်လေယာဉ် ၂ စီးတက်လာပြီး ၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ထိခိုက်ဒဏ်ရာရတဲ့သူတချို့ရှိပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

    ဇန်နဝါရီ ၁၄ ရက်နေ့က ‌တိုက်ခိုက်မှုမှာတော့ ‌ရွှေမျှောလုပ်ကွက်ထဲမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ၂ ဦးသေဆုံးပြီး နောက်ထပ် ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကအတည်ပြုပါတယ်။

    “၂ ဦးကတော့ ဒီနေ့အထိ ဆေးရုံတင်ထားရတုန်းပဲ” လို့ သူက ဖြည့်ပြောပါတယ်။

    ဇန်နဝါရီ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီး စစ်တပ်က ၁၂ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    လေကြောင်းဗုံးကြဲခံရတဲ့ ရွှေမျှောလုပ်ကွက်နေရာတွေဟာ ကောလင်းနယ်အနောက်ခြမ်း နဲ့ ကျွန်းလှမြို့အနောက်ခြမ်းအစပ်နေရာက ဒေသအခေါ် သဖန်းဆိပ်ဆည်ပြင်အစပ်နေရာတွေဖြစ်ပါတယ်။

  4. ကနေဒါဝန်ကြီးချုပ်ရဲ့ တရုတ်ခရီးစဥ်

    ကနေဒါဝန်ကြီးချုပ် မာ့ကာနေးနဲ့အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ကနေဒါဝန်ကြီးချုပ် မာ့ကာနေးနဲ့အဖွဲ့

    ကနေဒါဝန်ကြီးချုပ် မာ့ကာနေးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင် ဘေဂျင်းမှာ တွေ့ဆုံနေပြီး ကုန်သွယ်ရေးဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်နေကြပါတယ်။

    ကနေဒါနဲ့ တရုတ်တို့ကြား ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် ကာနေးရဲ့ခရီးစဉ်ရှိလာခဲ့တာဖြစ်ပါတယ်။

    အရင်နှစ် နိုဝင်ဘာထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် တရုတ်နဲ့ ကနေဒါတို့ကြား ဆက်ဆံရေးမှာ အကောင်းဘက်ဦးလှည့်လာတယ်လို့တရုတ်သမ္မတရှီကပြောပါတယ်။

    ဟွာဝေးကုမ္ပဏီအကြီးအကဲတစ်ဦးကို ကနေဒါက ဖမ်းဆီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကနေဒါနဲ့တရုတ်ကြား ဆက်ဆံရေး အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။

    အခုအချိန်မှာတော့ ထူးခြားတဲ့ခြေလှမ်းသစ်တစ်ခုကိုစတင်နိုင်ပြီး အခုခရီးစဉ်ဟာ အကျိုးကျေးဇူးကြီးမားသလို သမိုင်းလည်းတွင်တယ်လို့ အစိုးရအရာရှိတွေကပြောပါတယ်။ ကာနေးဟာ တရုတ်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့မှာတော့ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

    တရုတ်ခရီးစဉ်ဟာ ကနေဒါအတွက် ဆက်ဆံရေးပြန်လည်တည်ဆောက်မှုဖြစ်ပြီး အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်အပေါ် မှီခိုမှုလျှော့ချနိုင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် စီးပွားရေးဆိုင်ရာအခွင့်အလမ်းသစ်တွေ ရှာဖွေမှုလည်းဖြစ်ပါတယ်။

    တရုတ်ဟာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအများဆုံးထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဝေစုအတော်များများရနေပြီဖြစ်ပါတယ်။

    ၂၀၂၄ခုနှစ်မှာ ကနေဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့အတူ တရုတ်လျှပ်စစ်ကားတွေအပေါ် အခွန်၁၀၀ ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် တရုတ်မကျေမနပ်ဖြစ်ပြီး ကနေဒါဟာ ကုန်သွယ်ရေးစည်းမျဉ်းတွေ ချိုးဖောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ အရင်နှစ်မှာ တရုတ်ဟာ ကနေဒါက တင်ပို့တဲ့ မုန်ညင်းစေ့၊ ဝက်သားနဲ့ ပင်လယ်စာတွေကို အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

    အခုနှစ်နိုင်ငံခေါင်းဆောင်တွေကြား သဘောတူညီမှုအရ တရုတ်ဟာ ကနေဒါမုန်ညင်းစေ့တွေအပေါ် အခွန်လျှော့ချကောက်ခံပြီး ကနေဒါကလည်း တရုတ်လုပ်လျှပ်စစ်ကား ၄၉၀၀၀ ကိုဈေးကွက်သွင်းခွင့်ပြုမှာဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာမျက်နှာသာအပေးခံရဆုံးနိုင်ငံတွေကိုပေးတဲ့ အခွန်၆ ဒသမ ၁ ရာခိုင်နှုန်းသာ ကောက်ခံမှာဖြစ်ပါတယ်။

    ကနေဒါဟာ စွမ်းအင်ဆိုင်ရာလုပ်နိုင်စွမ်းကို နှစ်ဆတိုးပြီး သန့်ရှင်းစွမ်းအင်ဘက်ကို ဦးစားပေးမှာဖြစ်လို့ ကနေဒါရဲ့ အဲ့ဒီနယ်ပယ်တွေမှာ တရုတ်က လာရောက်ရင်းနှီးမြှုပ်နှံမှာကို ကနေဒါဝန်ကြီးချုပ်က လိုလားနေပါတယ်။

  5. ရွေးကောက်ပွဲ အပိုင်း ၃ လုပ်မယ့် ပဲခူးက မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေရှိနေ

    ဇန်နဝါရီ ၉ ရက်မနက်ပိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်းတနေရာက တိုက်ပွဲဖြစ်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Khit Thit

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၉ ရက်မနက်ပိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်းတနေရာက တိုက်ပွဲဖြစ်နေတဲ့မြင်ကွင်း

    ဇန်နဝါရီ ၂၅ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာပါမယ့် ပဲခူးတိုင်းထဲက ၈ မြို့နယ်မှာ နယ်မြေဒေသလုံခြုံ‌ရေးဆိုင်ရာ စီမံ‌ဆောင်ရွက်ထားတယ်လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)တိုင်းမှူးက ပြောတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာနေက ထုတ်ပြန်ပါတယ်။

    ရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်အောင်ကျင်းပနိုင်ဖို့ မနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ တိုင်းမှူးက အခုလိုပြောလိုက်တာပါ။

    တိုင်းဝန်ကြီးချုပ်ကတော့ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ အပိုင်း ၂ က အတွေ့အကြုံတွေအရ မဲလာပေးမယ့်သူတွေ လုံခြုံစွာမဲပေးနိုင်အောင် စီစဉ်ဖို့ မှာကြားထားပါတယ်။

    ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ပဲခူးတိုင်းထဲက ရွေးကောက်ပွဲကျင်းပတဲ့ ထန်းတပင်၊ ဖြူးနဲ့ ပေါင်းတည် စတဲ့ မြို့နယ် ၃ ခုကို ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပဲခူးတိုင်းစစ်ဌာနက‌နေ ကြေညာခဲ့ပါတယ်။

    ထန်းတပင်မြို့နယ်ထွေအုပ်ရုံးကို တိုက်ခိုက်မှုမှာ ခရိုင်အဆင့် လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးခဲ့ပါတယ်။

    ရွေးကောက်ပွဲအပိုင်း ၃ ကို ပဲခူးတိုင်းထဲက ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်း၊ ကြို့ပင်ကောက်၊ ဝေါနဲ့ အုတ်ဖို စတဲ့ မြို့နယ်တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

    ဇန်နဝါရီပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး နဲ့ အုတ်တွင်းစတဲ့ မြို့နယ်တွေမှာတော့ ထိတွေ့တိုက်ပွဲတချို့ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    သဲကုန်း၊ ဝေါ၊ ကြို့ပင်ကောက်နဲ့ အုတ်ဖို စတဲ့ မြို့နယ်တွေမှာတော့ စစ်တပ်ထိန်းချုပ်ထားတဲ့ ကာကင်းစခန်းတွေကို တိုက်ပွဲဖော်တာ‌ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရှိခဲ့သလို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို တိုက်ခိုက်တာမျိုးလည်း ရှိတယ်လို့ သတင်းရင်းမြစ် ၂ ဦးဆီကနေ သိရပါတယ်။

  6. မူဆယ်မှာ အဆိုတော်အပါအဝင် လူ ၂ ဦး ပြန်ပေးဆွဲခံရပြီး သိန်း ၇,၀၀၀ ငွေညှစ်

    ကျားဖြန့်ဂိုဏ်းဆီပြန်ပေးဆွဲခံခဲ့ရတဲ့ အဆိုတော်ရှင်မင်းမြတ်

    ဓာတ်ပုံ ရင်းမြစ်, Shin Min Myat

    ဓာတ်ပုံ ပုံစာ, ကျားဖြန့်ဂိုဏ်းဆီပြန်ပေးဆွဲခံခဲ့ရတဲ့ အဆိုတော်ရှင်မင်းမြတ်

    ရန်ကုန်မြို့မှာနေထိုင်တဲ့ အဆိုတော် ရှင်မင်းမြတ်ဟာ မင်္ဂလာပွဲတစ်ခုအတွက် လိမ်လည်အလုပ်ကမ်းလှမ်းခံရပြီး မူဆယ်မြို့မှာ ပြန်ပေးဆွဲငွေညှစ်ခံလိုက်ရတဲ့ဖြစ်စဉ်ကို မနေ့ ညပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ အသိပေးကြေညာပါတယ်။

    ကျပ် သိန်း ၇,၀၀၀ ကျော်ပေးဖို့ ငွေညှစ်ခံခဲ့ရပြီး ငွေမပေးနိုင်တာကြောင့် ပြန်ပေးဆွဲခံရချိန် ညှင်းပန်းရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်လို့ အဆိုတော် ရှင်မင်းမြတ်က ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

    စစ်ကော်မရှင်ရဲ့ မှုခင်းရဲတပ်ဖွဲ့ထံ ဖြစ်စဉ်အသေးစိတ်ရေးသားထားတဲ့ တိုင်ကြားစာကို သူက လူမှုကွန်ရက်ကနေ ဖော်ပြလာတာဖြစ်ပါတယ်။

    အလုပ်ကမ်းလှမ်းတဲ့သူတွေဟာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အဆိုတော်ရှင်မင်းမြတ်ကို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မူဆယ်အထိ ခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်တွေ ကြိုစီစဉ်ပေးခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

    ဇန်နဝါရီ ၅ ရက်နေ့မှာ မူဆယ်မြို့က ဟော်ရှင်းဟိုတယ်ကို ရောက်ရှိတည်းခိုခဲ့ပြီး အဲဒီကနေမှ အလုပ်အပ်တဲ့သူဘက်က လူ ၄ ဦးနဲ့ ပွဲလုပ်မယ့်နေရာကို ကြည့်ရှုဖို့ဆိုတဲ့အချက်နဲ့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲခဲ့တာလို့ သိရပါတယ်။

    အဆိုတော်ရှင်မင်းမြတ်ဟာ ကျားဖြန့်လိမ်လည်နေတဲ့ ဂိုဏ်းစခန်းတစ်ခုကို မျက်လုံးတွေဖုံးအုပ်၊ လက်ထိပ်ခတ်ခံထားရတဲ့အနေအထားနဲ့ ခေါ်ဆောင်ခံခဲ့ရတယ်လို့ သူကဆိုပါတယ်။

    ကနဦးအနေနဲ့ ကျပ်သိန်း ၇,၀၀၀ ငွေညှစ်တောင်းဆိုခဲ့ပြီး တစ်ညတည်းငွေမစုဆောင်းပေးနိုင်တာကြောင့် ပြန်ပေးဂိုဏ်းအဖွဲ့ရဲ့ ရိုက်နှက်တာ၊ ခြေထောက်နဲ့ကန်တာ၊ သေနတ်နဲ့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ အဆိုတော်ရှင်မင်းမြတ်က တိုင်ကြားစာမှာ ရေးသားထားပါတယ်။

    နောက်ပိုင်း ငွေညှစ်တဲ့ ပမာဏာကို ကျပ်သိန်း ၆,၀၀၀ အထိလျှော့ချပြီး သိန်း ၆,၀၀၀ ရှာမပေးနိုင်တာကြောင့် ကျပ် သိန်း ၃,၀၀၀ ရှာပေးနိုင်ရင် ပြန်လွှတ်ပေးမယ်လို့ ညှိနှိုင်းခဲ့တယ်လို့ စာထဲမှာဖော်ပြပါတယ်။

    ကျပ်သိန်း ၃,၀၀၀ ရှာမပေးနိုင်ရင်တော့ သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်လို့ တိုင်ကြားစာအရ နားလည်ရပါတယ်။

    ဇန်နဝါရီ ၅ ရက်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက်မှာမှ ကျပ်သိန်း ၃,၀၀၀ ကျော်ပေးလိုက်တာကြောင့် မူဆယ်မြို့ရဲ့ လူပြတ်တဲ့လမ်းကြားတစ်ခုမှာ ပြန်လွှတ်ပေးခဲ့တာလို့ အဆိုတော်ရှင်မင်းမြတ်က ရေးသားထားပါတယ်။

    ပြန်လွတ်လာတဲ့အချိန် ပြန်ပေးဂိုဏ်းက ကျပ် ၁၀ သိန်းနဲ့ မှတ်ပုံတင်ကတ်သာ ပြန်ပေးခဲ့ပြီး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့နဲ့ အိတ်အထုတ်တွေအားလုံးကိုတော့ ပြန်ပေးဂိုဏ်းကပဲ သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

    ပြန်မလွတ်လာခင်ညမှာလည်း ပြန်ပေးဂိုဏ်းက အဆိုတော်ရှင်မင်းမြတ်နဲ့ သူ့ရဲ့မိတ်ဆွေတစ်ဦးကို အတွင်းခံမပါဘဲ “ငွေကျပ်သိန်း ၃,၀၀၀ ချေးယူထားတယ်” ဆိုတဲ့စကားတွေကို လိမ်လည်ပြောဆိုခဲ့ပြီး ပြောဆိုနေတာတွေကို ရုပ်သံရိုက်ကူးထားခဲ့တယ်လို့ တိုင်ကြားစာမှာဖော်ပြပါတယ်။

    ရဲတိုင်ရင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေကို အွန်လိုင်းကနေ ဖြန့်ဝေမယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်လို့ တိုင်ကြားစာက ဆိုပါတယ်။

    အဆိုတော် ရှင်မင်းမြတ်ပြန်ပေးဆွဲမခံရခင် ပြန်ပေးဂိုဏ်းဘက်က စီစဉ်ပေးလို့ တည်းခိုခဲ့တဲ့ ဟော်ရှင်းဟိုတယ်ဟာ တရုတ်-မူဆယ်နယ်စပ်၊ ကောင်းမူးတုံရပ်ကွက်မှာရှိပါတယ်။

    ဟိုတယ်ထဲမှာလည်း ကာရာအိုကေခန်းအပြင် မူးယစ်ဆေးဝါးတွေပါ သုံးစွဲလို့ရတဲ့ဟိုင်းခန်းတွေလည်းရှိတယ်လို့ မူဆယ်မြို့ခံတချို့က ပြောပါတယ်။

  7. မြန်မာစစ်တပ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ထိတွေ့ဆက်ဆံရေးကို အရပ်ဘက်အဖွဲ့အစည်းတွေ ရှုတ်ချ

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, x လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

    ဇန်နဝါရီ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက ရှုတ်ချလိုက်ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေးဆိုင်ရာအထူးသံတမန်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

    မြန်မာနဲ့ ဖိလစ်ပိုင်က အရပ်ဘက်အဖွဲ့အစည်း ၉၉ ဖွဲ့က ပူးတွဲလက်မှတ်ရေးထိုးပြီး ရှုတ်ချတဲ့အကြောင်း ထုတ်ပြန်လာတာပါ။

    စစ်ခေါင်းဆောင်ကို ဒီလိုလာရောက်တွေ့ဆုံတာဟာ မှားယွင်းတဲ့ တရားဝင်မှုကို ပေးအပ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အလားတူ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန် စစ်တပ်လုပ်တဲ့ ‌ရွေးကောက်ပွဲအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြပါတယ်။

    လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ထောက်ခံတာ ဒါမှမဟုတ် ပါဝင်ဆောင်ရွက်တာတွေဟာ အာဆီယံရဲ့ တည်တံ့မှုနဲ့ ယုံကြည်စိတ်ချရမှုအခြေအနေတွေကို ထိခိုက်စေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

    ဒါ့အပြင် တရုတ်နဲ့ ရုရှားအပေါ် မှီခိုနေရတဲ့ စစ်ကော်မရှင်ကို ပုံမှန်အတိုင်းထိတွေ့ဆက်ဆံနေမှုတွေဟာ အာဆီယံရဲ့ စုပေါင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုပြီးအားနည်းစေနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြပါတယ်။

    ဖိလစ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေပေယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလူမျိုးတွေအပြင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ကိုတော့ ပျက်ကွက်နေတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီအချက်တွေကြောင့် ဖိလစ်ပိုင်အစိုးရအနေနဲ့ စစ်တပ်ကို အသိအမှတ်မပြုဘဲ ဘယ်လိုအဆင့်မြင့်ထိတွေ့ဆက်ဆံမှုကိုမှ မလုပ်ဖို့ အရပ်ဘက်အဖွဲ့တွေကတောင်းဆိုထားပါတယ်။

    စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲရလဒ်တွေကို လူသိရှင်ကြားငြင်းပယ်ပြီး အကြမ်းဖက်မှုကို လျှော့ချတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။

    တစ်ဖက်မှာလည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့အရေးဖြေရှင်းတဲ့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံတွေ့ဆုံရေးအစည်းအဝေး(SEM)ဆိုတာကို လာမယ့် သီတင်းပတ်မှာ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဘီဘီစီရဲ့သံတမန်သတင်းရင်းမြစ်ဆီက သိရပါတယ်။

    ဘယ်အဖွဲ့တွေနဲ့ တွေ့ဆုံပြီးအစည်းအဝေးလုပ်သွားမယ်ဆိုတာကိုတော့ ဘီဘီစီက မသိရသေးပါဘူး။

    ဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ဇန်နဝါရီလ ၁၉ နဲ့ ၂၀ ရက်မှာ ပြုလုပ်မှာလို့ ဘီဘီစီကရရှိတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားစာမှာပါရှိပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုကတော့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ရှေ့တိုး အထမြောက်ဖို့အတွက် အရင်က အာဆီယံအထူးသံတွေ လုပ်ဆောင်ထားတာတွေကို ဆက်ပြီး လက်ဆင့်ကမ်း လုပ်ဆောင်ချက် တစ်ရပ်အနေနဲ့ အခုဆွေးနွေးပွဲကို ဖိတ်ကြားရတာလို့ ပြောထားပါတယ်။

  8. ဗင်နီဇွဲလားနိုဘယ်ဆုရှင် ထရမ့်ကို ဆုတံဆိပ်ပေး

    မာရီယာ ကော်ရီနာ မာချာဒိုက ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုတံဆိပ်ကို သမ္မတဒေါ်နယ့်ထရမ့်ကို ပေးအပ်

    ဓာတ်ပုံ ရင်းမြစ်, Reuters/ White House

    ဓာတ်ပုံ ပုံစာ, မာရီယာ ကော်ရီနာ မာချာဒိုက ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုတံဆိပ်ကို သမ္မတဒေါ်နယ့်ထရမ့်ကို ပေးအပ်

    ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုက သူရထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုတံဆိပ်ကို သမ္မတဒေါ်နယ့်ထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံစဉ် ပေးအပ်ခဲ့ပါတယ်။

    “ဒီနေ့ဟာ ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် သမိုင်းတွင်တဲ့နေ့လို့ထင်ပါတယ်” လို့ သူက ထရမ့်နဲ့တွေ့ဆုံပြီးနောက်ပြောပါတယ်။ သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။

    အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက ကာရာကက်စ်မြို့မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုကို ဝင်ရောက်စီးနင်းဖမ်းဆီးပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်ကာ မူးယစ်မှောင်ခိုမှုတွေနဲ့ တရားစွဲဆိုပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ အခုလိုတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    “မာချာဒိုရဲ့လုပ်ဆောင်ချက်ဟာ အပြန်အလှန်လေးစားမှုအတွက် ထူးခြားတဲ့လုပ်ဆောင်ချက်ပဲ” လို့ ထရမ့်က လူမှုကွန်ရက်မှာ တင်ပြီး ကျေးဇူးတင်စကားပြောပါတယ်။

    မာချာဒိုရဲ့ပါတီဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ အမေရိကန်သမ္မတကတော့ သူ့ကို ဗင်နီဇွဲလားခေါင်းဆောင်သစ်အဖြစ် ပြောတာမျိုးမလုပ်ခဲ့ပါဘူး။

    ထရမ့်ဟာ မာဒူရိုရဲ့ ဒုတိယသမ္မတဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ ယာယီနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ဒယ်စီ ရိုဒရီဂတ်စ်နဲ့ပဲ ဆက်ဆံနေပါတယ်။

    အိမ်ဖြူတော်ကထွက်ခွာပြီးနောက် ဝင်ပေါက်တံခါးဝမှာ မာချာဒိုဟာ ထောက်ခံသူတွေကို စပိန်လိုပြောခဲ့ပြီး အေပီသတင်းဌာနရဲ့တင်ပြချက်အရတော့ “သမ္မတထရမ့်ကို တို့တွေ ယုံကြည်လို့ရတယ်” လို့ ဆိုလိုပါတယ်။

    ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုကို မျှော်လင့်ခဲ့တဲ့ ထရမ့်ဟာ မာချာဒို ဆုရရှိကြောင်း သိရတဲ့အခါ မကျေနပ်ကြောင်းပြောဖူးပါတယ်။

    မာချာဒိုကတော့ နိုဘယ်ဆုကို ထရမ့်နဲ့ ပူးတွဲလက်ခံမယ်လို့ ပြောခဲ့ပေမဲ့ နိုဘယ်ဆုကော်မတီကတော့ နိုဘယ်ဆုကို လွှဲပြောင်းပေးလို့မရဘူးလို့ ရှင်းလင်းထားပါတယ်။

    “ဆုတစ်ဆုဟာ ပိုင်ရှင်လက်ပြောင်းလို့ရပေမဲ့ ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုရှင်ကိုတော့ ပြောင်းလဲလို့မရပါဘူး” လို့ နိုဘယ်ငြိမ်းချမ်းရေးဗဟိုဌာနက ကြာသပတေးနေ့ အိမ်ဖြူတော်တွေ့ဆုံပွဲမတိုင်မီ အိပ်စ်မှာ ရေးသားခဲ့ပါတယ်။

    အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ မာကီး ဒီ လာဖေယက်ဟာ ဂျော့ဝါရှင်တန်ပုံတူပါဝင်တဲ့ ဆုတံဆိပ်ကို ခေတ်သစ်ဗင်နီဇွဲလားရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဘိုလီဗာကို ပေးအပ်ခဲ့ဖူးတဲ့အကြောင်း မာချာဒိုက ပြောပါတယ်။

    အဲဒီလက်ဆောင်ဟာ လွတ်လပ်ရေးအတွက် အနိုင်ကျင့်သူကို တိုက်ခိုက်မှုမှာ သူ့နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြားက “ညီနောင်သားချင်းဖြစ်မှုသင်္ကေတဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

  9. မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု

    ကွန်ကရက်လွှတ်တော် မှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကွန်ကရက်လွှတ်တော် မှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် (ပုံဟောင်း)

    မြန်မာကို အမေရိကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်‌တော်(ကွန်ဂရက်)က အတည်ပြုလိုက်တယ်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ပြောပါတယ်။

    ၂၀၂၆ ခုနှစ် ဘဏ္ဍာရေး ခွဲဝေချထားမှု ဥပဒေအရ ခွဲ‌ဝေထားတဲ့ အမေရိကန်ရဲ့ ရန်ပုံငွေထဲကနေ မြန်မာကို အကူအညီပေးဖို့ ကွန်ဂရက်မှာ ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲနဲ့ ဇန်နဝါရီ ၁၄ ရက်က အတည်ပြုလိုက်တာလို့ ဆိုပါတယ်။

    အမေရိကန်နိုင်ငံ ရဲ့ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ရေးဆွဲထားတဲ့ ဥပဒေကြမ်း (H.R. 11) မှာ အခုလို မြန်မာနိုင်ငံအတွက် ပေးအပ်ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်။

    ဒီအမေရိကန်ဒေါ်လာ ၁၂၁ သန်းဟာ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုတွေအပါအဝင် မြန်မာအတွက် လိုအပ်တဲ့ တခြားအကူအညီတွေလည်းပေးသွားမယ်လို့ သိရပါတယ်။

    ဒါ့အပြင် လူသေစေနိုင်တဲ့ လက်နက်ထောက်ပံ့တဲ့ အကူအညီတွေ မဟုတ်ဘဲ စစ်တပ်နဲ့ မဟာမိတ်တပ်တွေကနေ ဘက်ပြောင်းခိုလှုံလာတဲ့ သူတွေကို ကူညီနိုင်ရေးအပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး စတဲ့ ကိစ္စရပ်တွေ မှာ အသုံးပြုရမှာဖြစ်တယ်လို့ ကနဦးအဆိုပြုချက်တွေအရ သိရပါတယ်။

    မြန်မာရမယ့် ဒီအကူအညီအတွက် အထက်လွှတ်တော်(ဆီးနိတ်)မှာ သဘောတူညီဖို့ကျန်နေသေးပြီး သမ္မတက လက်မှတ်ထိုး အတည်ပြုပြီး‌နောက်မှ အသက်ဝင်မှာဖြစ်တယ်လို့ ဦးဂျိမ်းရွှေက ပြောပါတယ်။

    ၂၀၂၅ ခုနှစ်ကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုခေါင်းစဉ်အောက်ကနေ ကန်ဒေါ်လာသန်း ၅၀ ပေးအပ်ခဲ့ပြီး ဒီတစ်ခေါက်ကတော့ ၂ ဆ ကျော်ပိုများတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။

  10. သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ

    ပြည်ထောင်စုလွှတ်တော်အမတ် ၂၉၅ ဦးက မဲပေးတင်မြှောက်သူက သမ္မတဖြစ်လာမှာပါ

    ဓာတ်ပုံ ရင်းမြစ်, ဒီဇိုင်း ဘီဘီစီ

    ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်အမတ် ၂၉၅ ဦးက မဲပေးတင်မြှောက်သူက သမ္မတဖြစ်လာမှာပါ

    ၂၉၅ ဆိုတဲ့ မဲရလဒ်တစ်ခုကို အခြေပြုပြီး အာဏာသိမ်းကာလအလွန် အကြီးဆုံးအာဏာလွန်ဆွဲပွဲတစ်ခုကို မကြာခင်တွေ့ကြရဖို့ရှိပါတယ်။

    ဟန်ပြလို့အပြောခံရတဲ့ရွေးကောက်ပွဲအလွန် သမ္မတရွေးပွဲမှာ အနည်းဆုံး ပြည်ထောင်စုလွှတ်တော်အမတ် ၂၉၅ ဦးက မဲပေးတင်မြှောက်သူက သမ္မတဖြစ်လာမှာပါ။

    ဒါကြောင့် အမတ်ထိုင်ခုံ ၂၆၅ ခုအထိရှိနေတဲ့ ပြည်သူ့လွှတ်တော်က အဓိကအဆုံးအဖြတ် ဖြစ်လာမှာပါ။

    ပြည်သူ့လွှတ်တော်အမတ်နေရာ ၃၃၀ ရှိပေမယ့် မကျင်းပဖြစ်တဲ့နေရာတွေကြောင့် အခုရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်အမတ် ၂၆၅ ယောက်အထိပဲ လွှတ်တော်ထဲကို ရောက်လာကြမှာဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်မှာက ၁၅၇ အထိရောက်လာမှာဖြစ်ပြီး တပ်က မလျော့တန်း ရထားမယ့်အရေအတွက် ၁၆၆ ဦးနဲ့ ပြည်ထောင်စုလွှတ်တော်မှာစောင့်နေမှာပါ။

    ဒါကြောင့် စုစုပေါင်း အမတ်ထိုင်ခုံ ၅၈၈ ခုံရှိမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်ဝက်ကျော်အရေအတွက် ၂၉၅ မဲရသူ သမ္မတဖြစ်လာမှာပါ။

    သင်္ချာနည်းအရပြောရရင် ပြည်သူ့လွှတ်တော်ကတင်တဲ့ ဒုသမ္မတဟာ သမ္မတဖြစ်ဖို့ နောက်ထပ်မဲ ၃၀ ပဲရှာဖွေရမှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ လွှတ်တော်အတွင်း မဟာမိတ်စုဖွဲ့မှုတွေနဲ့ တပ်က ဘယ်သူ့ကိုသမ္မတတင်ချင်လဲဆိုတဲ့အချက်တွေက အရေးကြီးပြန်ပါတယ်။

    ဆိုတော့ ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. PDF ဖမ်းမိတဲ့ ဦးစိန်လွင် အကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ဘာပြောလဲ

    မြင်းခြံက အမျိုးသမီးပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်

    ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

    ဓာတ်ပုံ ပုံစာ, မြင်းခြံက အမျိုးသမီးပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်

    နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက ခြေမြန်တပ်ရင်း ခမရ ၁၅ အခြေစိုက်တဲ့ မြင်းခြံမြို့မှာ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ကို ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက မှတ်တမ်းပုံတွေနဲ့ ထုတ်ပြလိုက်ပါတယ်။

    ဒေါ်သီတာယုမွန်ဟာ မြင်းခြံသာမက တောင်သာ၊ နွားထိုးကြီးနယ်တကြောမှာ ပြည်သူ့စစ်တွေအပေါ် သြဇာလွှမ်းတဲ့ အမျိုးသမီးခေါင်းဆောင်အဖြစ် စစ်တပ်ထောက်ခံသူတွေက ပုံဖော်ထားပါတယ်။

    တဖက် တော်လှန်ရေးတပ်တွေဘက်က ဒေါ်သီတာယုမွန်ကို ဖမ်းမိနိုင်ရေးလိုလားနေချိန်မှာ ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ဆိုသူ ဒု-ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းမိလိုက်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။

    ခင်ပွန်းဆိုသူ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဒေါ် သီတာယုမွန်ဘက်က ဘယ်လိုတုံ့ပြန်ထားလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက''မြင်းခြံခရိုင်အထူးစစ်ဆင်ရေး'' ဆိုတဲ့ အမည်နဲ့ ထိုးစစ်ဆင်ခဲ့တဲ့အထိ စစ်ရေးဗျူဟာမှာ အရေးပါတဲ့ အဲဒီနယ်က စစ်ရေးအခြေအနေက ဘယ်လိုဆက်ရှိနေလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ထိုင်ခုံ ၁၄၆ နေရာအထိရှိလာ

    ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲပေးစက်နဲ့မဲပေးနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ရွေးကောက်ပွဲအပိုင်း ၂ အတွက် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၂ နေရာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်အရေအတွက် ၄၄ ဦးအထိ ရွေးကောက်ခံထားရတယ်လို့ ကြေညာပါတယ်။ရွေးကောက်ပွဲပထမပိုင်းအပြီး ကော်မရှင်ထုတ်ပြန်ချက်အရ USDP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦးအထိ နေရာရထားတာကြောင့် စုစုပေါင်း ၁၄၆ နေရာအထိ အနိုင်ရထားတာဖြစ်ပါတယ်။

    အပိုင်း ၂ အတွက်ကြေညာချက်မှာ တိုင်းရင်းသားပါတီတချို့ရဲ့ ကိုယ်စားလှယ် ၈ ဦးလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရပါတယ်။

    ကချင်နဲ့ ကယားပြည်နယ်တို့မှာ USDP ရဲ့ ကိုယ်စားလှယ်တွေပဲ အနိုင်ရခဲ့သလို စစ်ကိုင်းတိုင်းမှာလည်း USDP ပါတီက ကိုယ်စားလှယ် ၇ ဦးနဲ့ ရွေးကောက်ခံထားရပါတယ်။

    မွန်ပြည်နယ်မှာတော့ USDP ပါတီက ကိုယ်စားလှယ် ၁ ဦးသာ ရွေးကောက်ခံရပြီး မွန်ညီညွတ်ရေးပါတီက ၄ ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်။ ‌

    ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုရဲ့ ပြည်သူ့ကိုယ်စားလှယ်နေရာတွေကို UEC က ကြေညာတာဖြစ်ပေမယ့် ရန်ကုန်တိုင်း၊ရှမ်းနဲ့ ဧရာဝတီ ရလဒ်တွေကိုတော့ ထည့်သွင်းကြေညာတာမရှိသေးပါဘူး။

  13. မင်္ဂလာပါ။ ဇန်နဝါရီ ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။