'ပါလက်စတိုင်း မန်ဒဲလား' လွတ်မြောက်လာလေမလား

2003 archive picture of a young Marwan Barghouti, the leader of the Fatah movement, handcuffed and flashing the V-sign, in the West Bank, flanked by Israeli policemen as he is led to a police vehicle on 29 September 2003 on his way back to jail

ဓာတ်ပုံ ရင်းမြစ်, TAL COHEN/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဖာတာလှုပ်ရှားမှုခေါင်းဆောင် မာဝမ်း ဘက်ဂုတီ ၂၀၀၃ ခုနှစ်က အနောက်ဘက်ကမ်းမှာ အဖမ်းခံရစ်

ကက်စ်ရာ နာဂျီ

အထူး သတင်းထောက်၊ BBC News ပါရှား

အနောက်ဘက်ကမ်းမှာရှိပြီး ရာမယ်လာရဲ့ မြောက်ဘက် ၁၅ ကီလိုမီတာအဝေးမှာရှိတဲ့ ကိုဘာရွာမှာ နှစ်ရှည်လများ ထောင်ထဲရောက်နေတဲ့ မာဝန် ဘာဂူတီ လွတ်မြောက်လာရင် အောင်ပွဲခံ ဂုဏ်ပြုကြိုဆိုဖို့ သူ့လူတွေက ပြင်ဆင်ထားကြပါတယ်။ ဒီပုဂ္ဂိုလ်ကို ပေါင်းစည်းပေးနိုင်တဲ့ သြဇာရှိသူလို့ အများက မြင်ကြပြီး ပါလက်စတိုင်းတို့ရဲ့ နယ်လ်ဆင်မန်ဒဲလားလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။

အနောက်ဘက်ကမ်း(West Bank) ဟာ အစ္စရေးစစ်တပ်က သိမ်းပိုက်ထားတဲ့ သီးခြားနယ်မြေတစ်ခုဖြစ်ပါတယ်။ ရွာက ဗလီမှာ သောကြာနေ့ ဝတ်ပြုပွဲတက်အပြီး ဗလီက ထွက်လာတဲ့ သူ့ ဝမ်းကွဲညီအစ်ကို မိုဟာမက် ဘက်ဂုတီက မာဝန် မကြာခင် လွတ်လာမယ်ဆိုတာကို သူ့အနေနဲ့ "၈၀% သေချာကြောင်း" ပြောပါတယ်။ သူ့ဘေးနားက လူငယ်တွေအားလုံးကလည်း အဲဒီအတိုင်း ယုံကြည်နေကြပါတယ်။

ဒီရွာမှာ အခုလိုမျှော်လင့်ချက် မြင့်မားနေတာက အကြောင်း ၂ ချက် ရှိပါတယ်။ တစ်ခုက ဂါဇာမှာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ ဖြစ်ပေါ်နေမှု ဖြစ်ပြီး နောက်တစ်ခုကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ မကြာသေးခင်က ပြောလိုက်တဲ့ စကားပါ။

အရင် သီတင်းပတ်က ထုတ်ဝေတဲ့ တိုင်းမ် မဂ္ဂဇင်းမှာ မစ္စတာထရမ့်က ဂါဇာအုပ်ချုပ်ရေးကို ဦးဆောင်နိုင်ဖို့ အတွက် ဘာဂူတီကို လွှတ်ပေးဖို့ သူ့အနေနဲ့ အစ္စရေးကို ပြောဖို့စဥ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။

ဟားမတ်စ်တို့က အသက်ရှင်လျက်ရှိနေသေးတဲ့ အစ္စရေး ဓါးစာခံ အယောက် ၂၀ ကို လွှတ်ပေးတဲ့အခါ အစ္စရေးဘက်က ပြန်လွှတ်ပေးစေချင်တဲ့ နာမည်ကြီး အကျဥ်းသား ၇ ယောက်ရဲ့ စာရင်းမှာ ဘက်ဂုတီရဲ့ အမည် ပါဝင်ပါတယ်။ ဒါပေမဲ့ အစ္စရေးတို့က သူ့ကို လွှတ်ပေးတဲ့ အထဲမှာ မထည့်ပဲ ငြင်းဆန်ထားပါတယ်။

အာခံမှုနဲ့ ညီညွတ်မှု ပြယုဂ်

 Moghbel Barghouti, Marwan Barghouti's brother

ဓာတ်ပုံ ရင်းမြစ်, Scott Peterson/Getty Images

ဓာတ်ပုံ ပုံစာ, မာဝန် ဘာဂူတီရဲ့ ညီဖြစ်သူ မိုဘယ်ဘာဂူတီက ပါလက်စတိုင်းနဲ့ အစ္စရေး အတူနေနိုင်ဖို့ ဘာဂူတီတစ်ယောက်ကသာ လုပ်ဆောင်နိုင်မှာလို့ ဆိုပါတယ်။

မာဝန် ဘာဂူတီ မွေးဖွားရာ မိသားစုပိုင် ၂ ထပ်အိမ် တစ်လုံးရဲ့ ရှေ့မှာ သူ့ရဲ့ ပုံနဲ့ ပိုစတာကြီး တခုကို ချိတ်ဆွဲထားကြပါတယ်။ ၁၉၇၈ အတွင်း သူ ပထမဆုံး အကြိမ် ထောင်ကျခဲ့ပြီး ဒီအိမ်ကနေပဲ သူအဖမ်းခံခဲ့ရတာပါ။ ပုံမှာ အဲဒီတုန်းက သူအဖမ်းခံရပြီး ထောင်ကို ခေါ်ဆောင်တာခံရစဥ် လက်ထိပ်ခတ်ခံထားရတဲ့ သူ့လက်၂ ဖက်ကို လေထဲမှာ မြှောက်ပြီး အာခံပြနေတာကို တွေ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့ ညီ မိုဘယ် ဘာဂူတီက ဆေးလိပ်သောက်ရင်း ရေနွေးသောက်ရင်း ပါလက်စတိုင်းနဲ့ အစ္စရေး အတူနေနိုင်ဖို့ ဆောင်ကျဥ်းပေးနိုင်သူက မာဝန် တစ်ယောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

"ဘယ်သူမှ မလုပ်နိုင်တဲ့ ပါလက်စတိုင်း ညီညွတ်ရေးကို သူပဲ လုပ်ပေးနိုင်မှာ။"

မိုဘယ်က ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထဲမှာ ပါဝင်ပြီး အကျဥ်းသား ကော်မတီမှာလည်း အဖွဲ့ဝင်ပါ။ သူက နိုင်ငံရေးမှာ တက်ကြွသူပါ။

အကြိမ်ကြိမ်လုပ်ဖူးတဲ့ လူထုစစ်တမ်းတွေ အရ အသက် ၆၆ နှစ် ရှိနေပြီဖြစ်တဲ့ မာဝန်ဘာဂူတီ ဟာ ပါလက်စတိုင်း နိုင်ငံရေးသမားတွေထဲမှာ အကျော်ကြားဆုံးပါ။

သူ့အသက် ၁၅ နှစ်အရွယ်ကတည်းက နိုင်ငံရေးထဲမှာ ပါဝင်ခဲ့ပြီး အဲဒီကာလက ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ် ဦးဆောင်တဲ့ ဖာတာ လှုပ်ရှားမှုထဲ ဝင်ခဲ့ပါတယ်။

ဖာတာလှုပ်ရှားမှုက ပါလက်စတိုင်းအရေးကို နှိုးဆော်ပြီး ၂ နိုင်ငံပေါ်ထွန်းရေး အဖြေကို ပေးခဲ့ကြတာပါ။ ၂၀၀၀ ခုနှစ် အစောပိုင်းကာလ ဒုတိယ အင်တီဖာတာ (second Intifada) လှုပ်ရှားမှုရဲ့ ခေါင်းဆောင်အဖြစ် သူ ထင်ရှားလာခဲ့ပါတယ်။နောက်ပြီး အစ္စရေးထောင်တွေထဲမှာ သူ့ အချိန်တွေကို ဖြတ်သန်းနေရတာ နှစ် ၂၀ ကျော်လည်း ရှိနေပါပြီ။

၂၀၀၂ ခုနှစ်အတွင်း အစ္စရေးရဲ့ ကာကွယ်ရေး ဒိုင်းကာ စစ်ဆင်ရေး (Israeli Operation Defensive Shield) အတွင်း သူ အဖမ်းခံခဲ့ရကာ အစ္စရေးတို့က သူ့ကို အယ် အက်ဆာ အာဇာနည်များတပ်မ (al-Aqsa Martyrs Brigades) ကို တည်ထောင်သူအဖြစ် စွပ်စွဲပါတယ်။

အဲဒီ စွပ်စွဲချက်ကို သူက ငြင်းဆိုခဲ့ပါတယ်။

အယ် အက်ဆာ တပ်မအဖွဲ့က တိုက်ခိုက်မှုတွေလုပ်ပြီး အစ္စရေး စစ်သားတွေ၊ နယ်သစ်မှာ လာအခြေချနေထိုင်သူတွေ၊ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြပါတယ်။

သူ့ရဲ့ ဇနီး ပါလက်စတိုင်း ရှေ့နေ ဖက်ဝါ က ဘီဘီစီကို မနှစ်ကပြောရာမှာ သူ့ ခင်ပွန်းဟာ "သူကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ စွဲချက် အတင်ခံရတာ မဟုတ်ပါဘူး။ သူက ခေါင်းဆောင်တယောက် ဖြစ်နေလို့ အမှုလုပ်ကြတာပါ" ထည့်သွင်းပြောခဲ့ပါတယ်။

မာဝန် ဘာဂူတီ ကို အစ္စရေးတို့ စစ်ဆေးမေးမြန်းစဥ်မှာ "အယ် အက်ဆာ တပ်မတည်ထောင်မှု" နဲ့ ပတ်သက်ပြီး သူ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့လည်း ဖက်ဝါက ပြောခဲ့ပါတယ်။

ဘာဂူတီကို အစ္စရေးက ပြစ်ဒဏ်ချခဲ့ပြီးတဲ့နောက် သူ့ရဲ့ နာမည်ကို ပါလက်စတိုင်း ပြည်သူတိုင်းက သိသွားကြပါတယ်။ (အနောက်ဘက်ကမ်းက) ပါလက်စတိုင်းအစိုးရရဲ့သမ္မတမာမွတ်အာဘတ်စ်ကို ဆက်ခံမယ့်သူလို့ သူ့ကို လူအများက သတ်မှတ်ထားခဲ့ကြပါတယ်။

သူက အစ္စရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဆန္ဒရှိပြီး ၁၉၆၇ မတိုင်မီ မြေပုံအတိုင်း ၂ နိုင်ငံ ဖြစ်တည်ရေးမူ ကို ကိုင်စွဲထားသူလို့ သူ ပြောဖူးပါတယ်။

သူ့ကို လူသတ်မှု ၅ မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားတာမို့ "သူ့လက်မှာ သွေးစွန်းနေပြီးသား" လို့ ဆိုကာ အစ္စရေး အများအပြားက သူ့ကို လွှတ်ပေးမယ့် အမြင်ကို ဆန့်ကျင်ကြပေမဲ့ တခြား အစ္စရေးတွေကတော့ သူ့ကို လွှတ်ပေးရင် ပါလက်စတိုင်းက စင်ပြိုင် အုပ်စုတွေကြား ညီညွတ်မှုကို ဖြစ်လာစေနိုင်တယ်၊ ဘုံသဘောဆောင်တဲ့ သဘောတူညီမှု ရနိုင်တယ်၊ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ကမ်းလှမ်းမှုတွေ ရလာနိုင်တယ် စသဖြင့် ယူဆကြပါတယ်။

မိသားစုရဲ့ ထောက်ခံအားပေးမှု

Arab Barghouti, Marwan's son
ဓာတ်ပုံ ပုံစာ, အာရပ် ဘက်ဂုတီက သူ့ရဲ့ အဖေဟာ ပါလက်စတိုင်း နိုင်ငံရေးမှာ ကွဲပြားနေတဲ့ ခေါင်းဆောင်မှုကို စုစည်းပေးနိုင်ရေးမှာ သြဇာလွှမ်းနိုင်မယ့်သူလို့ပြော

မာဝန် ဘာဂူတီရဲ့ သားဖြစ်သူ အာရပ် ဘာဂူတီက သူ့အဖေဟာ စစ်သား တယောက် မဟုတ်ဘဲ နိုင်ငံရေးသမား တယောက်သာ ဖြစ်တဲ့အတွက် အစ္စရေးတွေကို သတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။ အသက် ၃၀ ကျော်လာပြီဖြစ်တဲ့ အာရပ်ဟာ သူ့ဖခင်အရေးအတွက် ထက်ထက်မြက်မြက် စည်းရုံးလှုံ့ဆော်ပေးနဲ့တဲ့ သူတယောက်ပါ။

အင်္ဂလိပ်စကားကို စင်းလုံးချောပြောနိုင်တဲ့ အာရပ်က ရာမယ်လာ ကဖေးဆိုင်မှာ ကျွန်တော်နဲ့ စကားပြောစဥ်မှာ မာဝန် ဟာ စက်တင်ဘာလ ၁၄ ရက်နေ့က ထောင်လုံခြုံရေး ၈ ယောက်ရဲ့ ဝိုင်းရိုက်မှု ခံရပြီး သတိမေ့မြောသွားခဲ့တယ်လို့ သတင်းကြားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

ဒီအဖြစ်နဲ့ ပတ်သက်ပြီး ဘီဘီစီက အစ္စရေး အကျဥ်းထောင်ဌာနကို ဒီလအစောပိုင်းက ဆက်သွယ်မေးမြန်းတဲ့အခါ "ဒါတွေက သတင်းတု တွေပါ။ အစ္စရေးအကျဥ်းထောင်ဌာန အနေနဲ့ ထောင်သားတွေရဲ့ ဘေးကင်း လုံခြုံရေးကို စောင့်ရှောက်ပြီး ဥပဒေနဲ့ အညီသာ ဆောင်ရွက်လုပ်ကိုင်ပါတယ်" ပြန် ဖြေကြားခဲ့ပါတယ်။

အစ္စရေး ဓါးစာခံတွေနဲ့ ပါလက်စတိုင်း အကျဥ်းသားတွေ လဲလှယ်တာတွေ ပါဝင်တဲ့ ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ မာဝန် ဘာဂူတီ တစ်ယောက် လွတ်မြောက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလနဲ့ အတူ အခု သူ ရိုက်နှက်ခံရတဲ့ သတင်းက ပျံ့နှံ့လာတာပါ။

"အစ္စရေးက လက်ယာစွန်း ဝန်ကြီးတွေက ငြိမ်းချမ်းရေးကို လုံးဝစိတ်မဝင်စားကြသလို ပါလက်စတိုင်းတွေကို လူမျိုးတုန်း ရှင်းလင်းဖို့ ပြောင်ကျကျ လူသိရှင်ကြား ပြောနေကြတာပါ" လို့ အာရပ်က ပြောပါတယ်။

"သူတို့က ကျွန်တော့်အဖေကို နိုင်ငံရေးအရ ခြိမ်းခြောက်နိုင်သူလို့ မြင်ကြတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က အဖေ့ကို လုံခြုံရေးအရ ခြိမ်းခြောက်နိုင်သူလို့တော့ သဘောမထားဘူး၊ ဘာလို့လဲဆိုတော့ အဖေက စစ်သား မဟုတ်သလို ဗိုလ်ချုပ် တစ်ယောက်လည်း မဟုတ်လို့ပါ။ သူက အမြဲတမ်း နိုင်ငံရေးသမားတယောက် အဖြစ်၊ လွှတ်တော်အမတ်တယောက်အဖြစ်၊ ဖာတာ လှုပ်ရှားမှုရဲ့ ဗဟို ကောမတီ အဖွဲ့ဝင် တယောက်အဖြစ်ပဲ ရှိနေတာပါ။"

ဝါရှင်တန်အတွက် ပါးတဲ့ သတင်းစကား

Fadwa Barghouti, the wife of jailed Fatah leader Marwan Barghuti, in April 2014 in the West Bank city of Ramallah

ဓာတ်ပုံ ရင်းမြစ်, ABBAS MOMANI/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဖက်ဝါဘာဂူတီက သမ္မထထရမ့်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ဆောင်ယူနိုင်ဖို့ သူ့ ခင်ပွန်းကို မိတ်ဖက်တယောက်အဖြစ် စဥ်းစားဖို့ တိုက်တွန်း

ဖက်ဝါဘာဂူတီက သူ့ခင်ပွန်းဟာ သမ္မတ ထရမ့် ရည်မှန်းချက်ဖြစ်တဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အကူအညီပေးမယ့်သူ ဖြစ်တယ်လို့ သတင်းစကား ပါးပါတယ်။

"သမ္မတကြီး ရှင့်၊ စစ်မှန်တဲ့ မိတ်ဖက် တစ်ယောက်က သင့်ကို စောင့်ကြိုနေပါတယ်၊ ကျွန်မတို့တွေ ဒေသတွင်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အိပ်မက်ကို မက်နိုင်အောင် သူက ကူညီမှာပါ" လို့ အရင်သီတင်းပတ်တွင်းက တိုင်းမ် မဂ္ဂဇင်းကို ပို့တဲ့ သူ့ရဲ့ သဘောထားမှာ ထည့်ရေးထားပါတယ်။

"ပါလက်စတိုင်း ပြည်သူတွေ လွတ်လပ်ရေး၊ နောက်မျိုးဆက်သစ်တွေအားလုံး ငြိမ်းချမ်းရေးအတွက် မာဝန် ဘာဂူတီ လွတ်မြောက်ရေးကို အကူအညီပေးပါ။"

ကျိုးကြေနေတဲ့ ပါလက်စတိုင်း နိုင်ငံရေး မြင်ကွင်းကို သူ့ဖခင်က စုစည်းပေးနိုင်မယ်လို့ အာရပ်ကလည်း ယုံကြည်ပါတယ်။

"ပါလက်စတိုင်းညီညွတ်ရေးက ဒေသတည်ငြိမ်ရေးကို ဖြစ်စေပါလိမ့်မယ်။ ကျွန်တော့်ဖခင်ဆီမှာ နိုင်ငံရေးအရ အဖြေတွေ ရှိတယ်။ အတူယှဥ်တွဲနေထိုင်ကြဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို သူ လှုံ့ဆော် စည်းရုံးလာတာ ၁၉၉၀ နှစ်တွေ ကတည်းကပါ။"

အနောက်ဘက်ကမ်းမှာ ဟိုးအရင်က မခံစားခဲ့ဖူးကြတဲ့ အကောင်းဘက်ကို မျှော်လင့်ခြင်းက လွှမ်းမိုးနေပါတယ်။ ဂါဇာမှာ အခက်အခဲအမျိုးမျိုးကြားက အပစ်အခတ် ရပ်စဲခဲ့ကြတာ၊ အမေရိကန်အနေနဲ့ ဂါဇာ ငြိမ်းချမ်းရေးအတွက် တကျော့ပြန် အားထုတ်လာတာ စတာတွေကြောင့် ဒေသတွင်းမှာ အရင်က မမျှော်လင့်ခဲ့ကြတာတွေကို မျှော်လင့်နေကြပါတယ်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတို့ကို တိုက်ခိုက်လိုက်ပြီးချိန်ကတည်းက အနောက်ဘက်ကမ်းမှာ စစ်ပွဲက ဖြစ်နေခဲ့တာပါ။ ဂါဇာက အဖြစ်တွေကြောင့်သာ ဒါတွေက ငုပ်လျှိုးနေခဲ့တာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး အောင်ပွဲ ရနိုင်ရေးက နှစ်ဖက်စလုံးမှာ အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေ ရှိဖို့ လိုအပ်ပါတယ်။

မာဝန် ဘာဂူတီ ထောင်ထဲက လွတ်လာပြီး ဂါဇာက ငြိမ်းချမ်းရေးအတွက် ကူညီတယ်ထားဦး အစ္စရေးဘက်မှာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်မယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲတဲ့ ခေါင်းဆောင်တစ်ယောက် ရှိဖို့ ဒီဒေသအနေနဲ့ လိုအပ်နေပါတယ်။

အာရပ်ဘာဂူတီကတော့ အကောင်းဘက်ကို မျှော်လင့်ထားပါတယ်။

"ဒေသအရေးနဲ့ ပတ်သက်ပြီး၊ ပါလက်စတိုင်းအရေးနဲ့ ပတ်သက်ပြီး အတွေးအမြင်သစ် တခုကို ဒီအချိန်မှာ စတင်ကြရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လွတ်မြောက်တော့မယ်၊ အမှီအခို ကင်းတော့မယ်၊ ဂုဏ်သိက္ခာနဲ့ နေထိုင်ရှင်သန်နိုင်မယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေ ငြိမ်းငြိမ်းချမ်းချမ်းနေရမယ့် အခြေအနေကို ရောက်လာတော့မယ်လို့ ကျွန်တော် တကယ့်ကိုပဲ မျှော်လင့်နေပါတယ်။