ဓားစာခံတွေ လွတ်လာပြီးတဲ့နောက် ဂါဇာအပစ်ရပ် အစီအစဉ်က ဘာတွေ ဆက်ဖြစ်လာမလဲ

အနက်ရောင် ဦးထုပ်တွေနဲ့ အနက်ရောင် ရှပ်အင်္ကျီတွေ ဝတ်ထားတဲ့ အမျိုးသားတွေက လက်နက်တွေ ကိုင်ထားကြတယ်။ နောက်ခံမှာ ပါလက်စတိုင်းအလံကိုလည်း မြင်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တနင်္လာနေ့က ဓားစာခံတွေ လွှဲပြောင်းမပေးခင် ပါလက်စတိုင်း လက်နက်ကိုင်တွေကို တွေ့ရစဉ်

တွမ် ဘန်းနက်

ဘီဘီစီ သတင်းထောက်၊ ဂျေရုဆလင်

ဂါဇာဆိုင်ရာ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ပထမအဆင့်ရဲ့ အစိတ်အပိုင်းအနေနဲ့ ပါလက်စတိုင်း အကျဉ်းသား၊ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးပြီးတဲ့နောက် ဟားမတ်စ်က ဂါဇာမှာ ကျန်ရှိနေတဲ့ အသက်ရှင်နေတဲ့ ဓားစာခံအားလုံးကို ပြန်လွှဲပေးခဲ့တယ်လို့ အစ္စရေး စစ်တပ်ကပြောပါတယ်။

သဘောတူထားချက်တွေအရ အပစ်အခတ်ရပ်စဲတာက သောကြာနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီမှာ စတင်ခဲ့ကြတာဖြစ်ပြီး စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကားတွေ ဂါဇာကို ပိုပြီးသွားရောက်ခဲ့ကြပါတယ်။

ပထမ အဆင့် ပြီးဆုံးသွားတဲ့အခါ နောက်ထပ် အဆင့်တွေအတွက် ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မှန်းဆနေကြတာပါ။ အခုထိ သိထားသမျှတွေက ဒီလိုပါ။

လွှတ်ပေးလိုက်တဲ့ ဓားစာခံတွေက ဘယ်သူတွေလဲ

အပစ်ရပ်ရေး သဘောတူညီချက်အရ ဟားမတ်စ်က အစ္စရေးနဲ့ နိုင်ငံခြားသား ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးရမှာပါ၊ သူတို့အားလုံးကို ထိန်းသိမ်းထားတာက စစ်ပွဲဖြစ်တဲ့ ၂ နှစ်တာ ကာလလုံးဖြစ်ပြီး အဲဒီထဲက အယောက် ၂၀ က အသက်ရှင်သေးတယ်ဆိုတာကို အတည်ပြုထားကြပါတယ်။

အဲဒီထဲက တယောက်က လွဲလို့ ကျန်တဲ့လူအားလုံးက ဟားမတ်စ်တို့ အစ္စရေးတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက် ၂၀၂၃ ခုနှစ် တိုက်ခိုက်စဉ် ဖမ်းဆီးခဲ့တဲ့ ၂၅၁ ယောက်ထဲက လူတွေပါ။ အဲဒီတိုက်ခိုက်မှုအတွင်း နောက်ထပ် လူပေါင်း ၁,၂၀၀ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအပေါ် အစ္စရေးက ဂါဇာကို စစ်ဆင်ရေးလုပ်ခဲ့ပြီး လူပေါင်း ၆၇,၀၀၀ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီစာရင်းကို ဟားမတ်စ်တို့ ဦးစီးတဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တာပါ။

တနင်္လာနေ့ မနက်က ဟားမတ်စ်တို့ဟာ အသက်ရှင်နေတဲ့ ဓားစာခံ အယောက် ၂၀ ကို ၂ သုတ်ခွဲပြီး နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross - ICRC)ကို လွှဲပေးခဲ့ပါတယ်။

ပထမအုပ်စုထဲမှာ အီတန် မို၊ ဂလီ ဘားမန်း၊ ဇစ်ဗ် ဘားမန်း၊ အိုမရီ မီရန်၊ အဲလွန် အိုဟဲလ်၊ ဂိုင်း ဂဲလ်ဘိုဝါ ဒါလယ်၊ မက်တန် အန်ဂရက်စ် တို့ ပါဝင်ကြောင်း အစ္စရေး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဒုတိယ အုပ်စုထဲမှာတော့ ဘာ ကုပါရုတိန်း၊ အီဗီယာတာ ဒေးဗစ်၊ ယိုဆက် ချယန် အိုဟာနာ၊ ဆက်ဂက် ကယ်ဖွန်၊ အဗီယန်နေတန် အော်၊ အယ်ကာနာ ဘိုဘော့၊ မက်ဇင် ဟာကင်၊ နင်ရော့ဒ် ကိုဟင်၊ မက်တန် ဇန်ဂုကာ၊ ဒေးဗစ် ကုနီယို၊ အီတန် ဟွန်၊ ရွန် ဘရက်စ်လက်စကီး၊ အေရီယယ် ကိုနီယို တို့ ပါဝင်ပါတယ်။

အစ္စရေး မီဒီယာတွေမှာ ဖော်ပြတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မိတ္တူမှာ သေဆုံးသွားပြီး ဖြစ်တဲ့ ဓားစာခံတွေအားလုံးကို တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီမှာ လွှတ်ပေးမယ့်အကြောင်း ရေးသားထားပါတယ်။ ဒါပေမဲ့ ဟားမတ်စ်နဲ့ တခြား ပါလက်စတိုင်းအဖွဲ့တွေ အနေနဲ့ ဒီအလောင်းတွေ အားလုံးကို ပေးထားတဲ့ အချိန်အတွင်းမှာ လိုက်မရှာနိုင်တဲ့ အခြေအနေကို တွေ့ရပါတယ်။

ပြန်ရောက်မလာသေးတဲ့သူတွေရဲ့ ရုပ်ကြွင်း မှန်သမျှကို နိုင်ငံတကာ အလုပ်အဖွဲ့တဖွဲ့က စပြီး ရှာဖွေတော့မယ်လို့ အစ္စရေး အရာရှိတယောက်က ပြောပါတယ်။

လွတ်မြောက်လာတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေက ဘယ်သူတွေလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဓားစာခံတွေနဲ့ အလဲအလှယ်အဖြစ် အစ္စရေးက သူတို့ထောင်တွေထဲမှာ ထောင်တသက် ပြစ်ဒဏ် ကျခံနေရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နဲ့ ဂါဇာမှာ ထိန်းသိမ်းခဲ့တဲ့ လူပေါင်း ၁,၇၁၈ ယောက်ကို လွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၅ ယောက် ပါဝင်ပါတယ်။

ဟားမတ်စ်ရဲ့ အကျဉ်းသား မီဒီယာ ရုံးက တနင်္လာနေ့ မနက်မှာ ထိန်းသိမ်းခံရသူတွေနဲ့ အကျဉ်းသား စာရင်းကို ထုတ်ပြန်ပါတယ်။

အကျဉ်းသား စာရင်းထဲမှာ အစ္စရေးက လူတွေကို သေကြေအောင်တိုက်ခိုက်ခဲ့တဲ့အတွက် ထောင် တသက် အကြိမ်ကြိမ် ပြစ်ဒဏ်ကျခံနေရတဲ့ နာမည်ကြီး ပါလက်စတိုင်းတွေဖြစ်တဲ့ မာဝန် ဘာဂေါတီ၊ အာမက် ဆာဒစ် စတဲ့ လူတွေ မပါဝင်ပါဘူး။ အဲဒီလိုလူတွေကို ဟားမတ်စ်က လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီ အကျဉ်းသား ၂၅၀ ထဲက အယောက် ၁၀၀ ကို သိမ်းပိုက်ခံ အနောက်ဘက်ကမ်း ၊ ၁၅ ယောက်ကို အရှေ့ဂျေရုဆလင် ၊ ၁၃၅ ယောက်ကို ဂါဇာ ကမ်းမြောင်နဲ့ တခြားနေရာတွေ စသဖြင့် ပြန်ပို့ပေးမယ်လို့ အစ္စရေး မီဒီယာတွေက အရင် သီတင်းပတ်အတွင်းမှာ ဖော်ပြကြပါတယ်။

ဓားစာခံ ရုပ်ကြွင်းတွေ အားလုံး ပြန်မရလာ နိုင်သေးတဲ့အပေါ် ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွတ်လာတဲ့ အချိန်တွေ နောက်ကျလာမလား ဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။

နောက်ဘာဆက်ဖြစ်လာမလဲ

ဓားစာခံတွေကို လွှတ်ပေးတဲ့ အချိန်မတိုင်မီ အစ္စရေးတပ်တွေက စည်းတားသတ်မှတ်လိုင်း တခုဆီအထိကို ဆုတ်ခွာပေးမှာပါ၊ အဲဒီ လိုင်းကလည်း ဂါဇာရဲ့ ဧရိယာ ၅၃ % ကို ထိန်းချုပ်ထားနိုင်ပါသေးတယ်။ ဒါက ထရမ့်ရဲ့ အစီအစဉ်အရ အစ္စရေးတို့ ဂါဇာက ဆုတ်ခွာမှု အဆင့် ၃ ဆင့်ထဲမှာ ပထမဆုံးအဆင့်ပါ။

အမေရိကန် စစ်တပ်က ကြီးကြပ်မယ့် နိုင်ငံစုံတပ် တပ်ဖွဲ့ဝင် ၂၀၀ က အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမယ့်အကြောင်း အမေရိကန် ထိပ်တန်း အရာရှိတယောက်က ပြောပါတယ်။ အဲဒီ နိုင်ငံစုံတပ်မှာ အီဂျစ်၊ ကာတာ၊ တူရကီနဲ့ ယူအေအီး နိုင်ငံက တပ်တွေ ပါဝင်ပါလိမ့်မယ်။

ဂါဇာ မြေပြင်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေရှိမှာ မဟုတ်ကြောင်းလည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အချက် ၂၀ ပါ အစီအစဉ်မှာ တကယ်လို့ နှစ်ဖက်လုံးက သဘောတူကြမယ်ဆိုရင် စစ်ပွဲက "ချက်ချင်း ပြီးဆုံးသွားမယ် " လို့ ဆိုထားပါတယ်။

အဲဒီအစီအစဉ်မှာ - ဂါဇာဟာ စစ်မဲ့ဇုန် ဖြစ်သွားမယ်၊ "စစ်တပ်၊ အကြမ်းဖက်မှု၊ စစ်ဆင်ရေး အခြေခံအဆောက်အအုံတွေ " အားလုံးကို ဖျက်ဆီးပစ်မယ်လို့ ရေးထားပါတယ်။

ဂါဇာကို အစပိုင်းမှာ ပါလက်စတိုင်း တတ်သိပညာရှင်တွေ ပါဝင်တဲ့ ယာယီအသွင်ကူးပြောင်းရေး ကော်မတီက ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ရဲ့ ကြီးကြပ်မှုကို ခံယူပြီး အုပ်ချုပ်မှာပါ။ အဲဒီ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကို ထရမ့်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး ဘုတ်အဖွဲ့ထဲမှာ အရင် ယူကေ ဝန်ကြီးချုပ် တိုနီဘလဲ လည်း ပါဝင်ပါလိမ့်မယ်။

ဂါဇာကမ်းမြောင်အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမှာဖြစ်ပြီး အခုလောလောဆယ်မှာ အနောက်ဖက်ကမ်းကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဆီကို တဖြည်းဖြည်း လွှဲပေးသွားမှာပါ။

၂၀၀၇ ကတည်းက ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေတဲ့ ဟားမတ်စ်တို့ အနေနဲ့ အုပ်ချုပ်ရေးမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

ဟားမတ်စ်အဖွဲ့ဝင်တွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်ပြုမူနေထိုင်မယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ရပါမယ်။ ဒါမှမဟုတ် တခြားနိုင်ငံမှာ သွားနေချင်တယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ဘေးကင်းကင်း ထွက်ခွာသွားနိုင်ပါတယ်။

ဂါဇာကနေ ထွက်ခွာသွားဖို့ ပါလက်စတိုင်းတွေကို ဖိအားပေးမှာ မဟုတ်သလို ထွက်သွားချင်တဲ့လူတွေလည်း လွတ်လပ်စွာ ပြန်လာပိုင်ခွင့်ရှိပါတယ်။

"ဂါဇာကို ပြန်တည်ဆောက်ဖို့နဲ့ စွမ်းအားမြှင့်တင်ဖို့အတွက် ထရမ့် စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ် " ကို ကျွမ်းကျင်သူများအဖွဲ့က ရေးဆွဲပါလိမ့်မယ်။

ထရမ့်ရဲ့ အစီအစဉ်အရ အစ္စရေးလ်တပ်တွေ ဂါဇာအတွင်း ဘယ်နေရာတွေကို ဆုတ်ခွာသွားမယ်ဆိုတာ ပြသထားတဲ့ မြေပုံ
ဓာတ်ပုံ ပုံစာ, ဂါဇာရဲ့ ၅၃% ကို ထိန်းချုပ်ထားနိုင်တဲ့ လိုင်းအထိ ဆုတ်ပေးထားတယ်လို့ အစ္စရေး တပ်က ပြော

အဓိက အတားအဆီးဖြစ်နေတဲ့ အချက်တွေက ဘာတွေလဲ

သဘောတူညီချက်ရဖို့ နောက်ပိုင်းအဆင့်တွေ ဆွေးနွေးကြတဲ့အခါ အချေအတင် ငြင်းခုံကြမယ့် အချက်တွေ အတော်များများ ရှိနိုင်ပါတယ်။

ဟားမတ်စ်က လက်နက်ချဖို့ အရင်တုန်းက ငြင်းဆိုထားပြီး ပါလက်စတိုင်း နိုင်ငံ ထူထောင်နိုင်ပြီးတဲ့ အချိန်ကျမှသာ သူတို့ လက်နက်ချမှာလို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အခု အစီအစဉ်နဲ့ ပတ်သက်ပြီး ကနဦးတုံ့ပြန်မှုတွေ ပေးရာမှာ ဟားမတ်စ်တို့က သူတို့ လက်နက်ဖြုတ်သိမ်းပါ့မယ်လို့ ထည့်မပြောပါဘူး၊ သဘောကတော့ သူတို့ ရပ်တည်ချက်ကို မပြောင်းသေးဘူးဆိုတာပါ။

အစ္စရေးက ထရမ့်ရဲ့ အစီအစဉ်ကို အပြည့်အဝထောက်ခံပါတယ်လို့ ဆိုပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ညာဟုက စစ်ပွဲ အလွန် ဂါဇာမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ဝင်ပတ်သက်မှာကို လက်ခံချင်ပုံမရပါဘူး။

ဟားမတ်စ်ကလည်း သူတို့အနေနဲ့ အနာဂတ်မှာ "ညီညွတ်သော ပါလက်စတိုင်း လှုပ်ရှားမှု" ရဲ့ အစိတ်အပိုင်း ဖြစ်ဖို့ မျှော်မှန်းထားကြောင်း ပြောနေပါတယ်။

နောက်ထပ် အတားအဆီးဖြစ်နေတဲ့ အချက်က အစ္စရေးစစ်တပ်က ဘယ်လောက် အတိုင်းအတာအထိ ဆုတ်ခွာသွားမလဲ ဆိုတာပါ။ အစ္စရေးက သူတို့ ပထမအဆင့် ဆုတ်ခွာမှုမှာ ဂါဇာရဲ့ ၅၃ % ကို ဆက်ပြီး ထိန်းချုပ်ထားဦးမှာပါ။ ထရမ့်ရဲ့ အစီအစဉ်က နောက်ထပ်အဆင့်မှာ ၄၀ %၊ နောက်တဆင့်မှာ ၁၅ % လို့ ညွှန်းဆိုထားပါတယ်။

နောက်ဆုံးအဆင့်က "လုံခြုံရေးအဆင့်" ပေါ်မှာ မူတည်ပြီး "ဂါဇာဟာ နောက်ထပ် အကြမ်းဖက် ခြိမ်းခြောက်မှု တွေ ထွက်ပေါ်မလာနိုင်အောင် လုံခြုံဘေးကင်းတဲ့ အခြေအနေရောက်မှသာ" လို့ ဆိုထားပါတယ်။

ဒီစကားလုံးတွေက ဝေဝေဝါးဝါး ဖြစ်နေပြီး အစ္စရေးတို့ လုံးဝ ဆုတ်ခွာမယ့် အချိန်ကို တိတိကျကျ မပြောထားပါဘူး။ ဒါတွေကို အသေအချာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဟားမတ်စ်တို့က လုပ်ချင်ကြပါလိမ့်မယ်။