ဂါဇာအပစ်ရပ် သဘောတူချက်ထဲက အငြင်းပွားနေဆဲ အဓိကအချက်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု သီတင်းပတ်အစောပိုင်းမှာ အပစ်ရပ်အစီအစဉ်တစ်ခုရဲ့ ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်တို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအဆင့်တွေအတွက် အသေးစိတ်အချက်အတော်များများကိုတော့ အချောသတ်ရေးဆွဲဖို့ ခုချိန်ထိ လိုနေသေးဆဲ ဖြစ်ပါတယ်။
လက်နက်ဖြုတ်သိမ်းရေး - ဟားမတ်တို့ဘက်က လက်နက်ဖြုတ်သိမ်းပေးဖို့နဲ့ တပ်ဖွဲ့တွေအားလုံး ဆုတ်ခွာပေးဖို့ သဘောတူမတူ ဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အရင်ကတော့ ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်မချင်း သူတို့ လက်နက်ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဟားမတ်ဘက်က ပြောထားပါတယ်။ ဟားမတ်တို့အနေနဲ့ လက်နက်ဖြုတ်သိမ်းဖို့အတွက် အလွယ်နည်း ဖြစ်ဖြစ် ခက်တဲ့နည်း ဖြစ်ဖြစ် လိုက်နိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က သောကြာနေ့တုန်းက ပြောခဲ့ပါတယ်။ ဟားမတ်တို့ လက်နက်ဖြုတ်သိမ်းဖို့ ဂါဇာဒေသဆီ အစ္စရေးတပ်ဖွဲ့တွေ ပြန်လွှတ်ဖို့ သူလုပ်မယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။
ဂါဇာဒေသ အုပ်ချုပ်ရေး - သဘောတူချက်ပါ အချက်တွေအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးပြီ ဆိုတာနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေက ဂါဇာကို အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေတန်ညာဟုက အထူးသဖြင့် အစ္စရေးပြည်သူတွေကို မိန့်ခွန်းပြောချိန်မှာတော့ ဒီအချက်ကို ကန့်ကွက်ပုံ ပြောသွားခဲ့ပါတယ်။ ဟားမတ်တို့ဘက်လည်း သွေးစည်းညီညွတ်တဲ့ ပါလက်စတိုင်း လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ ဂါဇာမှာ အနာဂတ် အခန်းကဏ္ဍတချို့မှာ သူတို့ ပါဝင်ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။
အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာရေး - ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ နောက်တစ်ချက်ကတော့ အစ္စရေးတပ်ဖွဲ့ ဆုတ်ခွာမှု အတိုင်းအတာ ဖြစ်ပါတယ်။ အစ္စရေးဘက်က သူတို့ ပထမဆုံးအသုတ် ဆုတ်ခွာအပြီးမှာ ဂါဇာဒေသရဲ့ ၅၃ ရာခိုင်နှုန်းလောက်ကိုတော့ ဆက်ထိန်းချုပ်ထားမှာ ဖြစ်တယ်လို့ ပြောနေပါတယ်။ အိမ်ဖြူတော်ရဲ့ အစီအစဉ်အရ အစ္စရေးတပ်ဖွဲ့တွေ နောက်ထပ် ဆုတ်ခွာပြီးရင် ၄၀ ရာခိုင်နှုန်း နဲ့ အဲဒီနောက် ၁၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားဖို့ ဖြစ်ပါတယ်။ အဲဒီ နောက်ဆုံးအဆင့်က ဂါဇာဟာ နောက်ထပ် အကြမ်းဖက်အန္တရာယ်ဖြစ်စေမယ့် ထကြွမှုမျိုး အသေအချာ မရှိတော့ဘူးဆိုတဲ့ လုံခြုံရေး သတ်မှတ်ချက်တစ်ခုအရ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ပါတဲ့ စာသားအချက်အလက်တွေဟာ သဲသဲကွဲကွဲ မရှိလှဘဲ အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝ ဆုတ်ခွာသွားရေးအတွက် တိကျတဲ့ အချိန်ကာလ သတ်သတ်မှတ်မှတ် ဖော်ပြထားတာမျိုးလည်း မရှိတာမို့ ဒါကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးဖို့ ဟားမတ်တို့ဘက်က လိုလားမယ့်ပုံ ရှိနေပါတယ်။
ဂါဇာအပစ်ရပ် အစီအစဉ် ဖြစ်မြောက်ဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးဆဲ

ဓာတ်ပုံ ရင်းမြစ်, Maayan Toaf/HANDOUT HANDOUT/EPA/Shutterstock
ဂျယ်ရမီ ဘိုဝမ်
နိုင်ငံတကာ ဘီဘီစီ သတင်းထောက်
ဒေါ်နယ်ထရမ့်ရဲ့ အပစ်ရပ် သဘောတူချက် အစီအစဉ်ကို ကြည့်မယ်ဆိုရင် အသေးစိတ်အချက်အလက်တွေ အနည်းအပါးပဲ ပါတာ တွေ့ရမှာပါ။
ဥပမာအားဖြင့် ဂါဇာဒေသ အုပ်ချုပ်ရေး တည်ဆောက်ပုံအကြောင်း အဆိုပြုချက်မှာ ဆိုရင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆိုတဲ့ အဖွဲ့မှာ အမေရိကန်သမ္မတက သူကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ရှိပြီး ယူကေဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ပါဝင်ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ မနေ့ညက ဟားမတ်အဖွဲ့က တခြား ပါလက်စတိုင်းအဖွဲ့ခွဲတွေနဲ့အတူ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဂါဇာကို နိုင်ငံခြားသားတွေက မအုပ်ချုပ်သင့်ဘူးလို့ ဖော်ပြထားပါတယ်။ ဒီလိုအုပ်ချုပ်တာဟာ ကိုလိုနီစနစ်ရဲ့ သင်္ကေတ နမိတ်ကို ဖော်ဆောင်နေပြီး ဂါဇာကို ပါလက်စတိုင်းတွေကသာ အုပ်ချုပ်သင့်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဒီတော့ ဂါဇာမှာ ဘယ်လို နည်းပညာပိုင်း အုပ်ချုပ်မှုမျိုး ထားသင့်သလဲဆိုတာ တကယ့်ကို မေးခွန်းထုတ်စရာကြီး ဖြစ်လာနေပါတယ်။
ဒါ့အပြင် ဟားမတ်က လက်နက်ဖြုတ်သိမ်းဖို့ ဘယ်လောက် လိုလိုလားလား ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အတော်လေး ပြောဆို ဆွေးနွေးစရာ ဖြစ်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဟားမတ်တို့အနေနဲ့ လက်နက်ဖြုတ်သိမ်းဖို့ အလွယ်လမ်း ဒါမှမဟုတ် ခက်တဲ့လမ်းကို ရွေးနိုင်တယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ သဘောကတော့ ဟားမတ်တို့ဘက်က အသာတကြည် လက်နက်မဖြုတ်သိမ်းဘူးဆိုရင် သူတို့ကို လက်နက်ဖြုတ်သိမ်းဖို့အတွက် အစ္စရေးစစ်တပ်က စစ်ပွဲ ပြန်ဆင်နွှဲမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။
ထရမ့်ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကလွဲရင် ဒီအပစ်ရပ်သဘောတူချက်ရဲ့ တည်ဆောက်ပုံက သိပ်ကို နက်နဲလွန်းပြီး အားနည်းချက်တွေ ရှိနေပါတယ်။ ဒီသဘောတူချက်က ပြည့်ပြည့်စုံစုံ ရေးသားထားတာ မဟုတ်သလို သဘောတူချက်ထဲမှာ အသေးစိပ် တိကျတဲ့ ဖွဲ့စည်းပုံကို အခြေခံထားတာလည်း မရှိပါဘူး။
နှစ်ဘက်စလုံးက သူတို့ ဘယ်လမ်း ရွေးချင်တယ် ဆိုတာကို ပြောထားပြီး ဖြစ်ပေမဲ့ အဲဒီလမ်းကို ရောက်ဖို့ ဘယ်လိုသွားရမလဲ ဆိုတာကို မပြောထားကြသေးပါဘူး။








