ဂါဇာအပစ်ရပ်သဘောတူညီမှု 'ပထမအဆင့်' မှာ ဘာတွေ ပါလဲ

ထရမ့်နဲ့ နေတန်ညာဟု

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    • ရေးသားသူ, တွမ် ဘန်းနက်
    • ရာထူးတာဝန်, ဂျေရုဆလမ်

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ဂါဇာငြိမ်းချမ်းရေးအစီအစဥ် 'ပထမအဆင့်' ကို သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဂါဇာစစ်ပွဲ အပြီးတိုင် အဆုံးသတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့က ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးထဲ ဝင်တိုက်ပြီးနောက် ၂ နှစ်နဲ့ ၂ ရက်ကြာပြီးနောက် သဘောတူညီမှု ရတာပါ။ အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုမှာ လူ ၁၂၀၀ လောက်သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက် အစ္စရေးက ဂါဇာကို အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဂါဇာမှာ လူ ၆၇,၁၀၀ သေဆုံးတယ်လို့ ဟားမတ်စ်အုပ်ချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီသဘောတူညီမှုမှာ ဘယ်အချက်တွေ ပါဝင်ပါသလဲ။ အချက်အလက်တချို့က မရှင်းလင်းသေးပေမဲ့ သိရသလောက် ဖော်ပြပေးပါမယ်။

ဘယ်လို ထုတ်ပြန်ကြေညာခဲ့လဲ

အီဂျစ်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား တစ်ဆင့်ခံ ဆွေးနွေးပွဲတွေ ၃ ရက်လုပ်ပြီးနောက် အစ္စရေးနဲ့ ဟားမတ်စ်တို့ "ငြိမ်းချမ်းရေးအစီအစဥ်ရဲ့ ပထမအဆင့်ကို သဘောတူအတည်ပြု" လိုက်ကြပြီလို့ သမ္မတထရမ့်က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

"ဒါက ဘာအဓိပ္ပာယ်ဆောင်သလဲဆိုတော့ ဓားစာခံအားလုံး မကြာခင် လွတ်လာတော့မယ်။ အစ္စရေးက သူ့ရဲ့တပ်တွေကို သဘောတူထားတဲ့ နေရာတစ်ခုဆီ ပြန်ရုပ်သိမ်းမယ်။ ဒါက ခိုင်မာတဲ့၊ ရေရှည်ခံတဲ့၊ ထာဝရတည်မြဲမယ့် ငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့ ပထမခြေလှမ်း ဖြစ်တယ်" လို့ သမ္မတထရမ့်က ပြောပါတယ်။ "သက်ဆိုင်သူအားလုံးအတွက် မျှမျှတတ ဖြစ်စေရမယ်။"

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီနေ့ဟာ "အစ္စရေးအတွက် ကြီးမြတ်တဲ့နေ့တစ်နေ့ " လို့ ပြောပါတယ်။ ဒီသဘောတူညီချက်ကို အတည်ပြုဖို့ ကြာသပတေးနေ့မှာ သူ့အစိုးရအတွင်း တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပါတယ်။ နောက်ပြီး "ကျွန်တော်တို့ရဲ့ ချစ်ခင်ရတဲ့ ဓားစာခံအားလုံးကို အိမ်ပြန်ခေါ်လာမယ်" လို့ သူက ပြောပါတယ်။ ဂါဇာမှာ ဓားစာခံ ၄၈ ဦး ရှိနေသေးတယ်လို့ အစ္စရေးက ပြောပါတယ်။ အဲဒီထဲမှာ အယောက် ၂၀ ကတော့ အသက်ရှင်နေသေးတယ်လို့ ပြောပါတယ်။

အမေရိကန်ဘက်က ကြေညာပြီးနောက် ဟားမတ်စ်ဘက်ကလည်း "ဂါဇာစစ်ပွဲကို အဆုံးသတ်မယ်"လို့ ပြောပါတယ်။ နောက်ပြီး အစ္စရေးတပ်တွေ "လုံးဝ ရုပ်သိမ်းရေးကို လုပ်ဆောင်မယ်"၊ လူသားချင်းစာနာမှုအကူအညီတွေကို ဝင်ခွင့်ပေးမယ်၊အစ္စရေးထောင်တွေထဲက ပါလက်စတိုင်းတွေနဲ့ ဓားစာခံလဲလှယ်ရေး လုပ်ဆောင်မယ်လို့ ဟားမတ်စ်က ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် ညှိနှိုင်းရေးမှူးတွေဟာ တိုက်ရိုက်ပြောတာမရှိဘဲ သူတို့ကြားမှာ အမေရိကန်ရဲ့ အရှေ့အလယ်အပိုင်းအထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ်၊ ထရမ့်ရဲ့ သားမက် ဂျရက် ကူရှ်နာ၊ အီဂျစ်နဲ့ ကာတာက အဆင့်မြင့်အရာရှိတွေ၊ နောက်ပြီး တူရကီတို့က ကြားဝင်ညှိနှိုင်းပေးရတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, သမ္မတထရမ့်က ဆွေးနွေးပွဲတစ်ခုလုပ်နေစဥ် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သမ္မတဆီ စာတိုလေးတစ်စောင်ပေးခဲ့သလို နားနားကပ်ပြီး တိုးတိုးလာပြောပြီးနောက် အရှေ့အလယ်ပိုင်းသဘောတူညီမှုရဖို့ အလွန် နီးစပ်နေပြီဖြစ်ကြောင်း သမ္မတထရမ့်က ကြေညာခဲ့ပါတယ်။

ဘာတွေ သဘောတူထားလဲ

အစ္စရေးအစိုးရတွင်းမှာ ဒီသဘောတူညီမှုနဲ့ပတ်သက်လို့ ကြာသပတေးနေ့မှာ မဲခွဲကြဖို့ရှိပါတယ်။

တကယ်လို့ ဝန်ကြီးတွေက တရားဝင် သဘောတူခဲ့ရင် အစ္စရေးဟာ ဂါဇာထဲက သူ့ရဲ့တပ်တွေကို သတ်မှတ်ထားတဲ့ နေရာဆီကို ဆုတ်ခွာပေးရမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်အဆင်မြင့်အရာရှိတစ်ဦးက ဘီဘီစီရဲ့ မီဒီယာလုပ်ငန်းဖက် BCS News သတင်းဌာနကို ပြောပါတယ်။ တပ်ရုပ်သိမ်းမှုက ၂၄ နာရီအတွင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲဒါပြီးရင် ၇၂ နာရီအတွင်း ဟားမတ်စ်ဘက်က အသက်ရှင်ကျန်နေသေးတဲ့ ဓားစာခံတွေကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဓားစာခံလွှတ်ပေးတာက တနင်္လာနေ့မှာ ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော်အရာရှိက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဓားစာခံ ၂၈ ဦးရဲ့ အလောင်းတွေ၊ ရုပ်ကြွင်းတွေကိုလည်း ထုတ်ပေးဖို့ သဘောတူညီမှုနောက်ပိုင်းအဆင့်တွေထဲမှာ ပါလာဖို့ ရှိပါတယ်။

အစ္စရေးဘက်ကလည်း အစ္စရေးထောင်တွေထဲက ထောင်ဒဏ် တစ်သက် ကျနေတဲ့ ပါလက်စတိုင်းအကျဥ်းသား ၂၅၀ နဲ့ ဂါဇာထဲမှာ ဖမ်းဆီးထားသူ ၁၇၀၀ ကို လွှတ်ပေးရဖို့ ရှိပါတယ်။

သဘောတူညီမှုအပေါ် ဘယ်လို တုံ့ပြန်ကြလဲ

သဘောတူညီချက် ပထမအဆင့် သတင်းကြားတဲ့အခိုက် အစ္စရေးဓားစာခံ မာတန် ဇန်ဂေါ်ကာရဲ့ မိခင် အီနက်ဗ် ဇန်ဂေါ်ကာရဲ့ တုံ့ပြန်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သဘောတူညီချက် သတင်းကြားတဲ့အခိုက် အစ္စရေးဓားစာခံ မာတန် ဇန်ဂေါ်ကာရဲ့ မိခင် အီနက်ဗ် ဇန်ဂေါ်ကာရဲ့ တုံ့ပြန်မှု

ဒီပဋိပက္ခရဲ့ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတဲ့ အယ်လီ ရှာရာဘီက "အလွန် ဝမ်းသာတယ်။ အားလုံးကို အိမ်မှာတွေ့ချင်နေပြီ" လို့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ ဟားမတ်စ်တိုက်ခိုက်မှုအတွင်း အယ်လီရဲ့ ဇနီးနဲ့ ကလေးတွေ အသတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ညီ ယိုဆီရဲ့ အလောင်းကိုလည်း ဟားမတ်စ်ဘက်က ပြန်မပေးသေးပါဘူး။

ဓားစာခံ နင်းမ်ရော့ဒ် ကိုဝင်ရဲ့ မိခင်ကလည်း "ကျွန်မရဲ့ ကလေးလေး အိမ်ပြန်လာတော့မယ်"လို့ ရေးခဲ့ပါတယ်။

ဂါဇာထဲမှာလည်း ဒီအပစ်ရပ်သဘောတူ ကြေညာချက်အပေါ် အောင်ပွဲခံကြိုဆိုခဲ့ကြပါတယ်။

"အပစ်ရပ်ရေးအတွက်၊ သွေးမြေကျမှုတွေ၊ သတ်ဖြတ်မှုတွေ အဆုံးသတ်ရေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" လို့ ဂါဇာတောင်ပိုင်း ဟန်းယူနစ်မြို့က အဗ္ဗဒူ မာဂျိ အာဘက် ရက်ဘိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"ကျွန်တော်တစ်ယောက်တည်း ပျော်တာမဟုတ်ဘူး။ဂါဇာတစ်ခုလုံး ပျော်နေကြတယ်။ အာရပ်အားလုံး ပျော်နေကြတယ်။ အပစ်ရပ်ဖို့၊ သွေးထွက်သံယိုမှုတွေ အဆုံးသတ်မှာမို့ တစ်ကမ္ဘာလုံးက ပျော်နေကြတယ်" လို့ သူက ပြောပါတယ်။

ဟန်းယူနစ်မှာ အောင်ပွဲခံကြိုဆိုနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဟန်းယူနစ်မှာ အောင်ပွဲခံကြိုဆိုနေကြတဲ့ ပါလက်စတိုင်းတွေ

ကမ္ဘာ့ခေါင်းဆောင်တွေလည်း ကြိုဆို

ကမ္ဘာ့ခေါင်းဆောင်တွေလည်း ဒီအပစ်ရပ်သဘောတူညီမှု ကြေညာချက်ကို ကြိုဆိုခဲ့ကြပြီး သဘောတူညီချက်အတိုင်း သက်ဆိုင်သူအားလုံး လိုက်ပါလုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။

"ဆင်းရဲဒုက္ခတွေ အဆုံးသတ်ရပါတော့မယ်" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။ ကုလသမဂ္ဂအနေနဲ့လည်း ဂါဇာပြန်လည်တည်ဆောက်ရေးနဲ့ စာနာမှုအကူအညီပေးရေးတွေမှာ ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောပါတယ်။

ယူကေဝန်ကြီးချုပ် ဆာ ကီယာ စတာမာကလည်း "ဒီအချိန်ဟာ ကမ္ဘာတစ်ဝန်းမှာ စိတ်အတော်သက်သာရာ ရစေတဲ့ အခိုက်အတန့်ပဲ" လို့ ပြောပါတယ်။ အထူးသဖြင့် ဓားစာခံမိသားစုဝင်တွေနဲ့ ဂါဇာက အရပ်သားတွေအတွက် အဲဒီလို ခံစားရစေတယ်လို့ ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကလည်း ငြိမ်းချမ်းရေးအတွက် အလွန်လိုအပ်နေတဲ့ ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုခဲ့ပါတယ်။

အမေရိကန်က ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ဆီးနိတ်အမတ်တွေလည်း ကြိုဆိုခဲ့ကြပြီး နောက်တက်လာမယ့်အဆင့် အသေးစိတ်အခြအနေတွေ သိရဖို့ စောင့်မျှော်နေကြတယ်လို့ ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဂျိမ်းစ် ရစ်စ်က ပြောပါတယ်။