
ဓာတ်ပုံ ရင်းမြစ်, USDP
ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီရဲ့ ရန်ကုန်ခရီးစဥ်ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီကနေရာအများစုအနိုင်ရထားပြီဖြစ်ပေမဲ့သမ္မတ လုပ်ဖို့တော့ မျှော်မှန်းထားတာမရှိသေးကြောင်းကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲတွေမှာအနိုင်ရပါတီဟာ အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ဖြစ်ကြတာများတာကြောင့် အဲဒီအတွက် မျှော်မှန်းပြင်ဆင်နေပြီလား၊အဲဒီအတွက် တပ်နဲ့ရော ညှိနှိုင်းထားပြီလား ဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းချက်ကို သူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဒီလိုတော့မျှော်မှန်းထားတာမရှိပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့စနစ်ကလည်း အဲဒီလို မဟုတ်ဘူးလေ။ ကျွန်တော်တို့နိုင်ငံက အနိုင်ရလို့ရှိရင် ပထမ လွှတ်တော်တွေ စဖွဲ့စည်းမယ်။ လွှတ် တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေရွေးမယ်။ပြီးတော့မှ သမ္မတ ရွေးချယ်ရေးအဖွဲ့တွေရှိတယ်လေ။ပြည်သူ့လွှတ်တော်ဘက်က၊ အမျိုးသားလွှတ်တော်ဘက်က ၊ တပ်မတော်ဘက်က အဲဒီအစုအဖွဲ့သုံးခုက ရွေးတာပေါ့။ ကျွန်တော်တို့နဲ့တပ်မတော်နဲ့ညှိနှိုင်းတာ ဘာမှမရှိပါဘူး။ ရွေးချယ်ရေးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်းသွားမှာပဲ”
လို့ သူကပြောပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ဘယ်လာရုစ် နိုင်ငံက ဘယ်လာယာရပ်စ်ပါတီတို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုရန်ကုန်မှာ ဇန်နဝါရီ ၂၂ ရက် ကျင်းပခဲ့ပြီးအဲဒီအခမ်းအနားအပြီးမှာဘီဘီစီက မေးမြန်းခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲနှစ်ပိုင်းအပြီးမှာ ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း အမတ်အရေအတွက် ၂၂၉ ဦးရရှိထားပြီးဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ အပိုင်း၃ ကျင်းပဖို့ရှိပြီး အဲဒီမှာလည်း အနိုင်ရတဲ့သူရှိရင် ဒီအရေအတွက်ထက် ထပ်တိုးလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အနိုင်ရပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေက သမ္မတ ဖြစ်ပြီး အစိုးရအဖွဲ့ ကို ဦးဆောင်ဖွဲ့နိုင်ခဲ့ပါတယ်။
လက်ရှိမှာကြံ့ခိုင်ရေးပါတီက နေရာအများစုကို နိုင်ထားပေမဲ့သမ္မတ လုပ်ဖို့ ကိစ္စကိုတော့ ပါတီဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ဦးခင်ရီက တိတိကျကျ ပြောမသွားပါဘူး။