နယ်စပ်လမ်းက ထိုင်းကုန်တွေကို စစ်ကော်မရှင် တားမြစ်ပိတ်ပင်မှုနဲ့ လူထုအကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, EPA
ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး ပိုများနေတယ်လို့ စစ်ကော်မရှင်ဘက်က ပြောဆိုချက်တွေထွက်လာတဲ့နောက် မြန်မာပြည်တွင်းမှာ အဓိက အားထားသုံးနေကြတဲ့ ထိုင်းကုန်စည်တွေ တင်သွင်းမှုကို ကန့်သတ်ပိတ်ပင်မှုတွေ ရှိလာပါတယ်။
အထူးသဖြင့် ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ လေကြောင်းကနေ ထိုင်းကုန်ပစ္စည်းတင်ပို့လုပ်ငန်း (Air Cargo)နဲ့ တင်သွင်းတဲ့လမ်းကြောင်း နှစ်ကြောင်းမှာ ပိတ်ပင်ကန့်သတ်လိုက်တာဖြစ်ပါတယ်။
ဒီပိတ်ပင်မှုကြောင့် ပြည်တွင်းမှာ ထိုင်းလူသုံးကုန်နဲ့ စားသောက်ကုန်တွေ ဈေးအဆမတန် မြင့်တက်လာသလို ရှားပါးမှုတွေ စဖြစ်လာပါတယ်။
ဒါအပြင် ဒီလုပ်ငန်းတွေကို အမှီပြုနေတဲ့သွင်းကုန်လုပ်ငန်းရှင်၊ ကုန်သည်၊ ယာဥ်မောင်းနဲ့ ပို့ဆောင်ရေးလုပ်ငန်း၊ လက်ကား၊ လက်လီလုပ်ငန်းတွေနဲ့ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းတွေအထိ သက်ရောက်မှုတွေ ရှိလာပါတယ်။
ထိုင်း - မြန်မာကုန်သွယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ သွင်းကုန်လုပ်ငန်းရှင် ၃ ဦးထက်မနည်းနဲ့ ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
စစ်ကော်မရှင်အနေနဲ့ နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်ဖို့နဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တချို့ကို လက်လွှတ်ထားရတဲ့ စစ်တပ်က တော်လှန်ရေးတပ်တွေရဲ့ ကုန်သွယ်မှုဝင်ငွေကို ပိတ်ဆို့ဖို့အတွက် ဒီလိုလုပ်ဆောင်လိုက်တာလို့ သူတို့သိရှိထားရတဲ့အချက်တွေကို ကိုးကားပြီးပြောပါတယ်။
သွင်းကုန်တွေကို ဘာကြောင့်တင်းကျပ်ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်နက်ကိုင်တပ်တွေအနေနဲ့ နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ပြီး တရားမဝင်ကုန်သွယ်မှုတွေကနေ အခွန်ကောက်ပြီး အင်အားကြီးထွားလာနိုင်တာကြောင့် နယ်စပ်က တရားမဝင်ကုန်သွယ်မှုတွေကို ဖမ်းဆီးဖို့ ဩဂုတ် ၁၂ ရက် နေပြည်တော်အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ထွက်အပြီးမှာပဲ ထိုင်း -မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြန်မာဘက်ခြမ်းက အမှတ် ၂ တံတားကို ထိုင်းအာဏာပိုင်တွေကို အသိမပေးဘဲ စစ်ကော်မရှင်က ရုတ်တရက်ပိတ် လိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"နေပြည်တော်ကနေ အမိန့်ထုတ်လို့ ပိတ်ပစ်လိုက်တာလို့ သိရတယ်။ ဘယ်နေ့ ပြန်ဖွင့်ပေးမလဲ မသိရဘူး" လို့ မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောပါတယ်။
နယ်စပ်က တံတားပိတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ထိုင်းဘက်ကလည်း နှစ်ဖက်အာဏာပိုင်ချင်း ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တာ့ခ်ခရိုင်ရဲ့သယ်ယူပို့ဆောင်ရေးအသင်းက ထိုင်းသတင်းဌာနတွေကို ဖြေကြားထားပါတယ်။
တစ်ဖက်မှာလည်း ကရင်ပြည်နယ်၊ မြဝတီမြို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပေမဲ့ ကရင် ပြည်နယ်ထဲက အာရှလမ်းမကြီးနဲ့ ကုန်သွယ်ရေးလမ်းပိုင်းတချို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပူးပေါင်းတပ်တွေအပါအဝင် တခြားကရင်လက်နက်ကိုင်တပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားတာပါ။
အထူးသဖြင့် ကရင်လက်နက်ကိုင်ပေါင်းစုံရဲ့ သူတို့ရဲ့ နယ်မြေအလိုက်ထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးဂိတ်တွေမှာ ကုန်တင်သွင်း၊ တင်ပို့တာနဲ့ အကောက်ခွန် စတာတွေကိုလည်း ကရင်လက်နက်ကိုင်တပ်တွေကပဲ ထိန်းချုပ်စီမံနေတာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ထီးခီးကုန်သွယ်ရေးစခန်းကိုလည်း စစ်တပ်က ၂၀၂၅ ခုနှစ် မေလမှာ လက်လွှတ်လိုက်ရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းတပ်တွေက ထီးခီးကုန်သွယ်ရေးစခန်းကို ထိန်းချုပ်ပြီး လည်ပတ်နေတယ်လို့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလုပ်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဇူလိုင်လမှာတော့ KNU ထိန်းချုပ်ထားတဲ့ ထီးခီးကုန်သွယ်စခန်းကနေ ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့တာတွေ ခွင့်ပြုလိုက်တဲ့အကြောင်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရဲ့ နယ်စပ်ကွပ်ကဲမှုဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရဲ့ ပင်မလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို စစ်တပ်က အပြည့်အဝ မထိန်းချုပ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းကတော့ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းက အပိုင်းတချို့ ကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပြီး မြဝတီ-ကော့ကရိတ် ကုန်သွယ်လမ်းကြောင်းပြန်ဖွင့်နိုင်ဖို့အတွက်ကြိုးပမ်းနေပါတယ်။
သြဂုတ်လနောက်ဆုံးပတ်အထိ မြဝတီ-ကော့ကရိတ် လမ်းပိုင်းတကြောမှာ စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် KNU/ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေချိန်မှာ ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ချင်လို့ စစ်တပ်က တံတားကို ပိတ်လိုက်တာလို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်တဲ့ ကုန်သည် ၃ ဦး ထက်မနည်းက ပြောပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းထဲ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းတာကို တင်းကျပ်လိုက်တာက ထိုင်းဘက်ခြမ်းက ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ပို့ကုန်ရငွေတွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းသတင်းဌာန The Nation မှာတော့ မြန်မာဘက်က ဒီလိုရုတ်တရက်ပိတ်လိုက်တာက ထိုင်းရဲ့ ပို့ကုန်တန်ဖိုး ဘတ်ငွေ ဘီလျံ ၁၃၀ ချီရှိတဲ့ နယ်စပ်ကုန်သွယ်မှုကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းထဲ ထိုင်းကုန်စည်တွေ ဘယ်လိုတင်သွင်းရလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကော်မရှင်ရဲ့ ပိတ်ဆို့မှုတွေနောက်မှာ မြဝတီမြို့ တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းကုန်စည်တွေ ပြည်တွင်းထဲ တင်သွင်းနိုင်ဖို့ ရေလမ်းကြောင်း ၂ ခုကို သုံးနေရတယ်လို့ ကုန်သည်တချို့က ဘီဘီစီကို ပြောပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ ကို ပိတ်ထားပေမယ့် အမှတ် ၁ တံတားကိုတော့ ပုံမှန်အတိုင်း စစ်ကော်မရှင်က ဖွင့်ပေးထားပါတယ်။
ဒါပေမဲ့ အမှတ် ၁ တံတားဟာ နယ်စပ်ဖြတ်ကျော်တာတွေနဲ့ အသေးစား ကုန်တင်ပို့တာတွေအတွက်ပဲ အသုံးပြုကြတယ်လို့ မြဝတီမြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။
ဘီဘီစီရဲ့ မေးမြန်းချက်အရ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ မြန်မာဘက် တနင်္သာရီ၊ ကော့သောင်းမြို့အထိ ရေလမ်းသုံးပြီး ထိုင်းကုန်စည်တွေ တင်သွင်းနေပါတယ်။ ကရင်ဘက်မှာတော့ ထိုင်း - မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတလျှောက် ကရင်လက်နက်ကိုင်တပ်ရဲ့ ဂိတ်တွေကတဆင့်တင်သွင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
နယ်စပ်ကုန်သည်တချို့ကတော့ ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကနေ ကော့သောင်းမြို့ဘက်ကို တရားဝင်ရေလမ်းကြောင်းကနေ ကွန်တိန်နာတွေနဲ့ ကုန်ပစ္စည်းတွေကို အသုတ်လိုက်ခွဲပြီး တင်သွင်းနေတယ်လို့ ပြောပါတယ်။
"ဒါကလည်း လက်ကြီးသမား ကုန်ဒိုင်တွေပဲ ပို့နိုင်တာ၊ ကုန်ပစ္စည်းတန်ဖိုးနဲ့ ကုန်အလေးချိန်အလိုက် သိန်းရာနဲ့ချီ ကျတယ်" လို့ နယ်စပ်ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။
မြဝတီမြို့က ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ၂ ဦးကတော့ ထိုင်းစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတချို့ကို ကရင်နယ်ခြားစောင့်တပ်(BGF/ KNA) ထိန်းချုပ်ထားတဲ့ သောင်ရင်းမြစ်ကူး လှေဂိတ်တွေကနေ ပြည်တွင်းထဲ နေ့စဉ်ကုန်သွယ်နေတယ်လို့ အတည်ပြုပြောပါတယ်။
ထိုင်းကလာတဲ့ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းတွေကို BGF ထိန်းချုပ်ထားတဲ့ "၁၃ ဂိတ်၊ ရေပူဘောတွဲဂိတ်၊ ၁၇ ဂိတ်၊ ၁၅ ဂိတ်နဲ့ ၁၀ ဂိတ်တို့ကနေ သွင်းနေတယ်" လို့ ကုန်သည်ဆိုပါတယ်။
ကုန်သည်တွေအနေနဲ့ သောင်ရင်းမြစ်တလျှောက်က ကုန်ကူးတဲ့ဂိတ်တွေကိုပဲ သုံးနေရတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
"မြဝတီ အမှတ် ၂ တံတားကနေ ကုန်သွယ်တာထက် လက်နက်ကိုင်တွေကို ရေလမ်းကြောင်းလမ်းပိုင်းမှာ ပေးရတဲ့အခွန်ကြေးတွေနဲ့ စရိတ်က ပိုများတယ်။ ဖြတ်သန်းတဲ့ လမ်းတလျှောက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့က စစ်ဆေးဖမ်းဆီးပြီး မထင်ရင်မထင်သလို ကုန်တွေသိမ်းလိုက်တာရှိတယ်"လို့ သူက ဖွင့်ပြောပါတယ်။
သောင်ရင်းမြစ်တလျှောက်မှာ လက်နက်ကိုင်တပ်တွေရဲ့ ကုန်ကူးတဲ့ ဂိတ်ပေါင်း ၄၀ ထက်မနည်းရှိနေပြီး အရင်နှစ်တွေတုန်းကလည်းက နှစ်နိုင်ငံ ကူးလူးဆက်ဆံနေတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
"စက်လှေထဲ ကုန်တင်ပြီး မဲဆောက်ကနေ မြဝတီဘက်ကို ကူးလို့ရတယ်။ ဘောတံတားဂိတ်တွေကနေဆိုရင် ကုန်ကားအကြီးတွေနဲ့ပါ ကူးနေကြတယ်" လို့ သူက ဆက်ရှင်းပြပါတယ်။
BGF/KNA ထိန်းချုပ်ထားတဲ့ ကုန်ကူးဂိတ်တွေကနေ ပြည်တွင်းထဲ ထိုင်းကုန်စည်တင်သွင်းနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကုန်းလမ်းနဲ့ ပို့တဲ့ မြဝတီ အမှတ် ၂ တံတားအပြင် လေကြောင်း (အဲကာဂို) ကနေ တင်သွင်းတာကိုပါ စစ်ကော်မရှင်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ အဲကာဂိုလုပ်ငန်းလုပ်ကိုင်တဲ့ အေးဂျင့်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လေကြောင်းကနေ"ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး ပြည်တွင်းထဲ တင်သွင်းတာကို ရပ်ဆိုင်းထားတယ်"လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ လေကြောင်းကနေ ကုန်တင်သွင်းမှု ကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ တရား ဝင်ထုတ်ပြောတာမရှိပါဘူး။
ဒါပေမဲ့ လေကြောင်းကနေ ပြည်တွင်းထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀ (ပြင်ပငွေလဲနှုန်းပေါက်ဈေး ကျပ် ၂၃၀,၀၀၀ ဝန်းကျင်) အထိ အခွန်ကင်းလွတ်ခွင့်နဲ့ ထုတ်ယူခွင့်ပြုထားတယ်လို့ အေးဂျင့်က ဆိုပါတယ်။
သွင်းကုန်လိုင်စင်မရှိဘဲ စီးပွားဖြစ် ကုန်အများအပြားတင်သွင်းနေတာကို စိစစ်ချင်တာကြောင့် လေကြောင်းကနေ တင်သွင်းနေတာကို တင်းကျပ်လိုက်တာလို့ လေဆိပ်အကောက်ခွန်ဌာနနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
" လိုင်စင်မရှိဘဲ အွန်လိုင်းအရောင်းအဝယ်လုပ်သူတွေက ပြည်ပနိုင်ငံတွေကနေ ပစ္စည်းတွေ တရားမဝင်တင်သွင်းတာတွေ ပိုများလာလို့ တကိုယ်ရေစာအတွက် သယ်တာတွေပဲ ခွင့်ပြုထားတယ်" လို့ သူက ဆိုပါတယ်။
လေဆိပ်မှာ ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာတာကြောင့် လိုင်စင်မရှိတဲ့ အဲကာဂိုလုပ်ငန်းတချို့ကလည်း ပစ္စည်းတင်သွင်းတာကို ရပ်လိုက်ကြတာလို့ သူက ထောက်ပြပါတယ်။
"ကုန်အလေးချိန် ကီလိုနည်းတာတွေက ပုံမှန်အတိုင်းပို့နေတယ်။ လုံးဝပိတ်လိုက်တာ မဟုတ်ပါဘူး။ စစ်ဆေးမှု တင်းကျပ်နေတာလည်းမှန်ပါတယ်။ လိုင်စင်မလိုတဲ့ ကုန်တွေဆိုရင် ကီလိုများရင် အခွန်ဆောင်ပြီးပို့လို့ရတယ်" လို့ သူက ရှင်းပြပါတယ်။
သွင်းကုန်တွေ တင်းကျပ်လိုက်တဲ့ နောက်ဆက်တွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သွင်းကုန်တင်သွင်းမှုတွေကိုတင်းကျပ်ကန့်သတ်လိုက်တာကြောင့် သွင်းကုန်လုပ်ငန်းလုပ်တဲ့ ကုန်သည်တွေ အနေနဲ့ နိုင်ငံခြားသုံးငွေဝယ်စရာမလိုတော့ပါဘူး။
အထူးသဖြင့် စစ်ကော်မရှင်ရဲ့ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှုနောက် ထိုင်းဘတ်နဲ့ ဒေါ်လာ ငွေလဲနှုန်းတွေ ကျဆင်ပြီး မြန်မာကျပ်ငွေတန်ဖိုး မာလာပါတယ်။
ဒါပေမဲ့ ဒါဟာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးအနေနဲ့ ခြုံကြည့်ရင် ကုန်စည်စီးဆင်းမှု အားလုံးရပ်သွားတဲ့ အနေအထားဖြစ်ပြီး လူထုအပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်သွားတယ်လို့ ပြည်တွင်းလုပ်ငန်းတွေကို အကြံပေးအဖြစ်လုပ်နေတဲ့ စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။
သွင်းကုန်အားလုံးနီးပါး တင်သွင်းမှုကို ကန့်သတ်ထားတာ အချိန်ကြာလာတာနဲ့အမျှ သက်ရောက်လာရှိလာမယ်လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။
'' ဒါက ရွေးကောက်ပွဲ မတိုင်ခင် ဖြတ် လေးဖြတ် စတဲ့သဘောပေါ့။ မဆလ ခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။ ဘာလေးပဲ ပို့ပို့ ထောက်ခံစာလိုမယ်။ ဆေးဝါးပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေပြတ်လပ် မှုနဲ့တော့ ကြုံမှာပဲ။ စျေးတွေလည်း တက်လာမှာပဲ။ ရွေးကောက်ပွဲပြီးရင်တော့တစုံတရာ ပြောင်းလဲလာမယ့် သဘောပဲ။ မရောက်ခင်ထိတော့ တောင့်ခံထားရမှာပဲ'' လို့ လုပ်ငန်းရှင်က သုံးသပ်ပြောပါတယ်။
စစ်ကော်မရှင်က မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမပိတ်ခင် ပြည်ပကလာတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန် ၃၅ မျိုးကို တင်သွင်းခွင့်ပိတ်ပင်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
သွားတိုက်ဆေးနဲ့ဆပ်ပြာတွေပါ ပါတဲ့ အဲဲဒီကုန်ပစ္စည်း ၃၅ မျိုးကို ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်ထိ ပိတ်ထားတုန်းပဲလို့ လုပ်ငန်းရှင်တစ်ဦးက အတည်ပြုပြောထားပါတယ်။
ဒါကြောင့် တရားဝင် ကုန်လမ်းကနေ ထိုင်းကုန်စည်တင်သွင်းခွင့်တွေ ပိတ်ထားချိန် တစ်ပတ်အကျော်မှာတော့ ပြည်တွင်းထဲမှာ ထိုင်းကလာတဲ့ သွင်းကုန်တွေ ဈေးတက်နေတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
ပြည်တွင်းမှာ အသုံးများတဲ့ ထိုင်းနိုင်ငံထုတ် သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးမြင့်တက်နေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း ကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး အခုလိုနယ်စပ်ကနေ တရားဝင်ကုန်သွယ်လမ်ကြောင်းကို ပိတ်လိုက်တာကြောင့် ထိုင်း ကုန်ပစ္စည်းတွေ ဈေးပိုတက်လာမှာကို စိုးရိမ်နေကြပါတယ်။
ပြည်တွင်းထဲမှာလည်း ထိုင်းကုန်စည်တွေသိုလှောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က ထုတ်မရောင်းဘဲ ပစ္စည်းပြတ်တယ်လို့ အကြောင်းပြပြီး အကျိုးစီးပွားအတွက် ဈေးတင်ရောင်းတာတွေ ရှိနေတယ်လို့ လက်လီရောင်းချသူတွေက ပြောပါတယ်။
ဒါတင်မကဘဲ တရားဝင် ကုန်သွယ်လမ်းကြောင်းကို ပိတ်လိုက်တာကြောင့် တရားမဝင်မှောင်ခိုဈေးကွက်တွေ ပိုပြီးအင်အားကြီးထွားလာမယ်လို့ သူက ထောက်ပြပါတယ်။
လုပ်ငန်းရှင်တချို့ကတော့ တရားမဝင်လမ်းကြောင်းသုံးပြီး ကုန်သွယ်ရတာကြောင့် လမ်းခရီးကုန်ကျစရိတ်တွေ ပိုများလာတာ၊ တရားမဝင်တောင်းခံမှုတွေနဲ့ တောင်းသလောက်ပေးရတာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ကုန်သည်တွေဆီက တဆင့်ပြန်ရောင်းရတဲ့ အသေးစားလုပ်ငန်းတွေလည်း ပျောက်ကွယ်သွားနိုင်တယ်" လို့ ထိုင်းစားသောက်ကုန်ရောင်းတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းထဲ ကုန်ပစ္စည်းတွေ မှောင်ခိုတင်သွင်းတာ အရင်ကတည်းက ရှိပေမယ့်"သွင်းကုန်ဘီလျံနဲ့ချီရှိတန်ဖိုးရှိတဲ့ တရားဝင် ကုန်သွယ်လမ်းကြောင်းကို ပိတ်လိုက်တာက မှောင်ခိုတင်သွင်းတဲ့ လမ်းကြောင်းတွေထဲ မရောက်ရောက်အောင် တွန်းပို့နေတယ်" လို့ ထိုင်းအခြေစိုက်၊ မြန်မာ့စီးပွားရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။











