စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်အရေးပါတဲ့ ဥကရစ်ထစခန်းကို KNU/PDF ဘယ်လိုသိမ်းခဲ့လဲ

ထိုင်းဘက်ခြမ်းထွက်ပြေးတဲ့ မြန်မာစစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AEC NEWS

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်ခြမ်းထွက်ပြေးတဲ့ မြန်မာစစ်တပ်စစ်သားတွေ

သက်ရှိစည်းရိုး အမည်နဲ့ စစ်ကောင်စီက တပ်မတော်နေ့ အထိမ်းအမှတ် ဝါဒဖြန့်ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဥကရစ်ထပင်မထောက်ပို့ စစ်စခန်းကို ၂၀၂၅ ဇူလိုင် ၁၂ ရက် မှာ KNU (ကရင်အမျိုးအသားအစည်းအရုံး) လက်အောက် က KNLA/KNDO/PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဝေါလေ- မြဝတီလမ်းပိုင်းက အဲဒီထောက်ပို့ စစ်စခန်းကို ၁၉၉၀ နှောင်းပိုင်းကတည်းက စစ်တပ်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခု ၃၅ နှစ်အကြာမှာ KNU လက်ထဲပြန်ရောက်ခဲ့တာပါ။

အဲဒီစခန်းကို ဇွန်လကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဇူလိုင် ၃ ရက်မှာတော့ ဥကရစ်ထစစ်စခန်းနဲ့ ဝေါလေစစ်ဗျူဟာစခန်းတို့ကို KNLAနဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ KNU နဲ့ နီးစပ်သူကပြောပါတယ်။

ထိုင်းသတင်းမီဒီယာတွေမှာလည်း အဲဒီစခန်းကနေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်ကစစ်ဆေးခေါ်ယူထားတဲ့ သတင်းတွေကိုဖော်ပြနေကြပါတယ်။

မြေပြင်ရင်းမြစ်ရဲ့ အချက်အလက်အရ ၂၄ ယောက်တစ်ကြိမ်၊ ၆၄ ယောက် တစ်ကြိမ် စုစုပေါင်း နှစ်သုတ်ခွဲပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတာလို့ဆိုပါတယ်။

'' စုစုပေါင်း ၈၈ ယောက်ထွက်ပြေးတယ်လို့ သိရတယ်။ သူတို့ လက်နက်တွေ မြန်မာဘက်က ပြောင်းခင်းထဲ ပစ်ချထားခဲ့တယ်'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဒါအပြင် KNLA တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒရုန်းဗုံးစမှန်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ရှိပြီး ဒဏ်ရာပြင်းထန်တဲ့ ၂ ဦးကို မဲဆောက်မြို့ ဖုတ်ဖရ ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။

'' ဒရုန်းဒဏ် မခံနိုင်လို့ စခန်းစွန့်ထွက်ပြေးကြတာ။စခန်းတစ်ခုလုံးမွစာကြဲ ပျက်စီးနေပြီ'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဥကရစ်ထစခန်းဟာ စုကလိမြို့သစ်နဲ့ ဝေါလေဘက်ကို ထောက်ပို့တဲ့ ပင်မ စခန်းဖြစ်သလို ရိက္ခာ၊ ခဲယမ်း တို့ တစ်ဆင့်ဖြန်တဲ့ စခန်းဖြစ်တာကြောင့် စစ်တပ်အတွက် အရေးကြီးတဲ့ ဗျူဟာမြောက်စခန်းဖြစ်ပါတယ်။

မြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ ထိုင်းစစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AEC NEWS

ဓာတ်ပုံ ပုံစာ, မြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ ထိုင်းစစ်သားတွေ

သောင်ရင်းမြစ်တလျှောက်က နယ်ခြားမဆုတ်တမ်းခြေကုပ်စခန်းတွေဖြစ်တဲ့ လေးကေ့ကော်၊ သေ့သောဘိုး၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဝေါလေ၊ ဘုရင့်နောင်ကုန်း စခန်းတွေကို သိမ်းပိုက်ခဲ့ပြီးနောက်မှာ ဥကရစ်ထကို ထိုးစစ်ဆင်ခဲ့တာပါ။

ဥကရစ်ထစစ်စခန်းကို တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတပ်ဖွဲ့တွေက ဝေဟင်ကနေ ဒရုန်းအားပြုသုံး တိုက်ခိုက်သလို မြေပြင်စစ်ကြောင်းကလည်း ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်သားတွေစခန်းစွန့်ထွက်ပြေးတာလို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်က လုံခြုံရေးအရ စစ်ဆေးခြင်း၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်အတိုင်း လက်ခံထားတယ်လို့ ထိုင်းအခြေစိုက် AEC သတင်းကဖော်ပြပါတယ်။

မြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ ထိုင်းစစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AEC NEWS

ဓာတ်ပုံ ပုံစာ, မြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ ထိုင်းစစ်သားတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၅ ဇွန်လကစလို့ ဥကရစ်ထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက တကျော့ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း KNLA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ ကရင်စစ်ရေးခွင်ထဲမှာ အရေးပါတဲ့ အဲဒီစခန်းကို တစ်ကြိမ်ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။

၂၀၂၅ တကျော့ပြန်ထိုးစစ်ဆင်ချိန် ၃ နှစ်အကြာမှာတော့ ဒီစခန်းကိုပြန်သိမ်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထိုးစစ်တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၆ နယ်မြေ ဝေါလေဒေသထဲက တပ်စခန်းတချို့ကို KNU က သိမ်းနိုင်ခဲ့ပေမယ့် ဥကရစ်ထစခန်းကိုတော့ စစ်တပ်က လက်မလွှတ်ရဖို့ လေကြောင်းကနေ ပြင်းပြင်းထန်ထန်ခုခံခဲ့တာကြောင့် ဆုတ်ခွာခဲ့ကြပါတယ်။

KNLAနဲ့ ပူးပေါင်းတပ်တွေက KNU ရဲ့ တပ်မဟာ ၇ နယ်မြေထဲက တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် တပ်မဟာ ၆ နယ်မြေထဲက နယ်ခြားမဆုတ်တမ်းခံစစ်စခန်းတွေကို ဆက်ပြီးထိုးစစ်ဆင်တဲ့အထဲမှာ ဥကရစ်ထစခန်းပါဝင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ဝေါ်လေ ဗျူဟာအတွက် ထောက်ပို့လမ်းကြောင်း အရေးပါတာကြောင့် ရှိသမျှ ရင်းမြစ်စုပြုံသုံးပြီး စစ်တပ်က ခုခံကာကွယ်ခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဥကရစ်ထစခန်းဟာ လေးကေကော်ဒေသနဲ့ ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးပေါ်မှာရှိပါတယ်။ အဲဒီစခန်းကို လက်လွှတ်ရတဲ့အတွက် ဝေါ်လေဒေသအတွက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ရာမှာ မြေပြင်လမ်းကြောင်းကို အသုံးမပြုနိုင်ဖြစ်သွားပြီလို့ နားလည်ရပါတယ်။

အဲဒီစခန်းမှာ ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ ကွင်းငယ်တခုရှိပြီး ရှည်လျားတဲ့ ကတုတ်ကျင်းလမ်းကြောင်းတွေလည်းရှိတာကို ၂၀၂၂ ခုနှစ်က ကော်ဘရာ စစ်ကြောင်းက ဝေဟင်ကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။

စစ်ကောင်စီကတော့ ထိုင်း-မြန်မာနယ်စပ်က တပ်စခန်းတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၁၂ ရက် ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

၂၀၂၂ ခုနှစ်တုန်းက ဥကရစ်ထခြေကုပ်စခန်းကို ခုခံကာကွယ်ခဲ့တယ်လို့ မြန်မာစစ်တပ်ထုတ်ပြန်ထားတဲ့ပုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်တုန်းက ဥကရစ်ထခြေကုပ်စခန်းကို ခုခံကာကွယ်ခဲ့တယ်လို့ မြန်မာစစ်တပ်ထုတ်ပြန်ထားတဲ့ပုံ (ပုံဟောင်း)

KNU ရဲ့ ဝေါလေစခန်းကို ၁၉၉၀ လောက်ကတည်းက မြန်မာစစ်တပ်က သိမ်းခဲ့ပြီးတဲ့နောက် ဥကရစ်ထကုန်းအပါအဝင် တချို့ ကုန်းနေရာတွေမှာ စစ်တပ်က အခြေစိုက်ခဲ့တာဖြစ်ပါတယ်။

နယ်စပ်နဲ့နီးတဲ့ အဲဒီဗျူဟာကုန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ရာနဲ့ချီချထားပါတယ်။ အဲဒီစခန်းအနီးမှာ အမြောက်ကုန်းရှိတယ်လို့ KNU နဲ့ နီးစပ်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။

"မြဝတီကနေ တောင်ဘက် ဝေါလေအကြား နယ်စပ်တကြောမှာရှိတဲ့ စစ်ကောင်စီ အထိုင်ချ စခန်းတွေနဲ့ စိုးမိုးထားရာ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေး"လို့ သူက ဆိုပါတယ်။

ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကနေ မြဝတီဘက်ခြမ်း ဝေါလေရွာဘက်ကို မိနစ် ၂၀ ခန့် ကားမောင်းသွားရင်ရောက်ပါတယ်။ အရင် KNU ရဲ့ ဝေါလေ စခန်းရှိစဉ်က အဲဒီလမ်းကြောင်းဟာ မြန်မာနဲ့ထိုင်း ကုန်သွယ်ရေးဂိတ်စခန်းကြီး တခုလည်းဖြစ်ခဲ့ပါတယ်။

ဥကရစ်ထစခန်းကို သိမ်းပိုက်ပြီးတဲ့နောက် KNLA မဟာမိတ်တပ်တွေက ဝေါလေ စစ်ဗျူဟာစခန်းကို ဆက်ပြီးထိုးစစ်ဆင်မယ်လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။