၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - ထရမ့်နဲ့ ဘိုင်ဒန် စစ်တမ်းတွေမှာ ဘယ်သူသာနေလဲ

- ရေးသားသူ, ရုပ်ပုံနဲ့အချက်အလက်သတင်းအဖွဲ့
- ရာထူးတာဝန်, ဘီဘီစီ
အိမ်ဖြူတော်မှာ သမ္မတထရမ့် နောက်ထပ် လေးနှစ် ဆက်နေနိုင် မနေနိုင် ဆိုတာကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ အမေရိကန်ပြည်သူတွေ မဲပေး ဆုံးဖြတ်ပါတော့မယ်။
ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတ ထရမ့်နဲ့အပြိုင် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒန် က ဝင်အရွေးခံမှာပါ။ မစ္စတာဘိုင်ဒန်ကို ဘားရက်ခ် အိုဘားမားရဲ့ ဒုတိယသမ္မတအဖြစ် လူသိများကြပေမဲ့ သူဟာ အမေရိကန် နိုင်ငံရေးလောကထဲ ရောက်နေတာ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေ ကတည်းကပါ။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်တွေ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကလည်း မဲဆန္ဒရှင်တွေ ဘယ်သမ္မတလောင်းကို မဲပေးဖို့ ဆန္ဒရှိကြသလဲဆိုတာကို သိရဖို့ လေ့လာ စစ်တမ်း ကောက်နေကြပါတယ်။
ဒီတော့ ဒီအဖွဲ့တွေဆီကနေ ခြေရာခံပြီး စစ်တမ်းတွေက ရွေးကောက်ပွဲမှာ ဘယ်သူ နိုင်ခြေရှိသလဲဆိုတာ အတိအကျခန့်မှန်း ပေးနိုင်ကြသလားဆိုတာ ဘီဘီစီက တင်ပြသွားမှာပါ။

နိုင်ငံတဝန်းလုံးအနေနဲ့ သမ္မတလောင်းတွေရဲ့ အခြေအနေ
နိုင်ငံတဝန်း ကောက်ယူတဲ့ စစ်တမ်းတွေက သမ္မတလောင်းတစ်ဦးအပေါ် တစ်နိုင်ငံလုံးက ဘယ်လောက် ထောက်ခံသလဲဆိုတာ ကောင်းကောင်း ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ ဒီစစ်တမ်းတွေအရတော့ ရွေးကောက်ပွဲ ရလဒ်ကို ခန့်မှန်းတွက်ချက်နိုင်စွမ်းမရှိပါဘူး။
ဥပမာ ၂၀၁၆ ခုနှစ်တုန်းက လူထုစစ်တမ်းတွေမှာ ဟီလာရီ ကလင်တန်က ဦးဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်ထက် ထောက်ခံမဲ ၃ သန်းနီးပါး ပိုရခဲ့ပေမဲ့ တကယ့်ရွေးကောက်ပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတကို လူထုက တိုက်ရိုက်မရွေးချယ်ဘဲ သမ္မတရွေးချယ်ရေး အဖွဲ့ကတဆင့် ရွေးတဲ့စနစ်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လူထုမဲ အများစုရပေမဲ့ ရွေးကောက်ပွဲမှာ နိုင်ချင်မှ နိုင်လေ့ ရှိတာပါ။
ဒီအချက်ကို ခဏ ဘေးဖယ်ထားပြီး ကြည့်မယ်ဆိုရင် ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတဝန်း စစ်တမ်းတွေမှာ ဒေါ်နယ် ထရမ့်ထက် အခုနှစ် အချိန်အများစုမှာ ရှေ့က ဦးဆောင်နေခဲ့ပါတယ်။ အခု သီတင်းပတ်တွေအတွင်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းနဲ့ ဆက်ရှိနေပြီး တချို့အချိန်တွေမှာ ၁၀ မှတ် အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။

နှိုင်းယှဉ်သဘောကြည့်ရင် ၂၀၁၆ ခုနှစ်တုန်းကတော့ စစ်တမ်းတွေက ရှင်းလင်း ကွာခြားမှု သိပ်မရှိခဲ့ဘဲ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မစ္စတာထရမ့်နဲ့ သူ့ပြိုင်ဘက် ဟီလာရီ ကလင်တန် အကြား ထောက်ခံမဲ ရာခိုင်နှုန်း တစ်ခု၊ နှစ်ခုလောက်ပဲ ကွာတာမျိုး ခဏခဏ တွေ့ခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲမှာ ဘယ်ပြည်နယ်တွေက အဆုံးအဖြတ်ပေးမလဲ
၂၀၁၆ ခုနှစ်က မစ္စစ်ကလင်တန် ကြုံခဲ့ရတဲ့အတိုင်း ကိုယ်ရတဲ့ ထောက်ခံမဲ အရေအတွက်ဟာ ဘယ်ပြည်နယ် ဘယ်နေရာမှာ အနိုင်ရသလဲ ဆိုတာလောက် အရေးမပါလှပါဘူး။
ပြည်နယ်အများစုမှာ ထောက်ခံမဲပေးမှုက အရင်ပေးခဲ့တဲ့ ပုံစံအတိုင်းနီးပါး ပြန်ပေးတတ်ကြတတ်တဲ့အတွက် တကယ့်လက်တွေ့မှာ သမ္မတလောင်း နှစ်ဦးစလုံးအတွက် နိုင်ကို နိုင်ရမယ့် ပြည်နယ်က အနည်းအပါးလောက်ပဲ ရှိပါတယ်။ အဲဒီပြည်နယ်တွေကသာ ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တွေအဖြစ် သတ်မှတ်ထားကြပါတယ်။


အမေရိကန်နိုင်ငံရဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့နဲ့ ရွေးကောက်ပုံ မဲစနစ်အရ ပြည်နယ်တစ်ခုစီမှာရတဲ့ မဲအရေအတွက်ဟာ အဲဒီပြည်နယ်ရဲ့ လူဦးရေပေါ် မူတည်ပါတယ်။ တစ်နိုင်ငံလုံးအတွက် သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် မဲပေါင်း ၅၃၈ မဲ ရှိတဲ့အတွက် ထောက်ခံမဲ ၂၇၀ ရမှ သမ္မတလောင်းက အနိုင်ရမှာပါ။
အပေါ်က မြေပုံမှာ ပြထားသလို အကြိတ်အနယ် ပြိုင်ရမယ့် တချို့ပြည်နယ်တွေဟာ တခြားပြည်နယ်တွေထက် ကိုယ်စားလှယ်မဲပေးမယ့် အရေအတွက် အများကြီး ပိုများတဲ့အတွက် သမ္မတလောင်းတွေအနေနဲ့ အဲဒီပြည်နယ်တွေမှာ အချိန်အများကြီး ပိုပေးပြီး မဲဆွယ်ကြရလေ့ ရှိပါတယ်။

အဆုံးအဖြတ်ပေးမယ့်ပြည်နယ်တွေမှာ ဘယ်သူက ဦးဆောင်နေသလဲ
လောလောဆယ်မှာတော့ ဒီပြည်နယ်တွေမှာ ဂျိုးဘိုင်ဒန်က အခြေအနေ ကောင်းနေပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှေ့ဆက် လျှောက်ရဖို့ အဝေးကြီး လိုသေးပြီး အခြေအနေတွေ တမဟုတ်ချင်း ပြောင်းသွားနိုင်ပါတယ်။ အထူးသဖြင့် ဒေါ်နယ် ထရမ့်လို လူမျိုးနဲ့ ပြိုင်ရတဲ့အခါမျိုးမှာပါ။
စစ်တမ်းတွေအရတော့ ဂျိုးဘိုင်ဒန်ဟာ မစ်ရှီဂန်၊ ပန်ဆေလ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် ပြည်နယ်တွေမှာ ရှေ့က တော်တော်ပြေးနေပါတယ်။ ဒီစက်မှု အခြေခံစီးပွားရေးရှိတဲ့ ပြည်နယ် ၃ ခုဟာ ၂၀၁၆ ခုနှစ် တုန်းက သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ထရမ့်က ၁ ရာခိုင်နှုန်းနီးပါးအသာလောက်နဲ့ ပွတ်ကာသီကာ နိုင်ခဲ့တာပါ။

နောက်ဆုံး စစ်တမ်းတွေအရ အကြိတ်အနယ်ပြည်နယ်တွေမှာ သူမသာကိုယ်မသာ အခြေအနေတွေ့ရ
ဒါပေမဲ့ ၂၀၁၆ ခုနှစ်က မစ္စတာထရမ့် အပြတ်အသတ် အနိုင်ရခဲ့တဲ့ အကြိတ်အနယ် ပြည်နယ်တွေမှာ ရှုံးမှာကို သူ့ရဲ့ မဲဆွယ်အဖွဲ့ အစိုးရိမ်ဆုံး ဖြစ်ပါလိမ့်မယ်။ မစ္စတာ ထရမ့်ဟာ အိုင်အိုဝါ၊ အိုဟိုင်ယိုနဲ့ တက္ကဆက်စ် ပြည်နယ်တွေမှာ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအကြားနဲ့ အနိုင်ရခဲ့ပြီး လောလောဆယ်မှာတော့ အဲဒီပြည်နယ် ၃ ခုစလုံးမှာ မစ္စတာဘိုင်ဒန်နဲ့ သူမသာ ကိုယ်မသာ အခြေအနေ ရှိနေပါတယ်။
ဒီ စစ်တမ်းရလဒ် ထောက်ခံမဲ အရေအတွက်ကို ကြည့်ရင် ဇူလိုင်လတုန်းက သမ္မတထရမ့်က သူ့မဲဆွယ်အဖွဲ့ မန်နေဂျာနေရာမှာ နောက်တစ်ယောက်ကို ဘာ့ကြောင့် လူစားထိုး ခန့်ခဲ့တာလဲဆိုတာနဲ့ စစ်တမ်းတွေက အတုတွေလို့ သူပုံမှန်ပြောနေတာကို သိနိုင်ပါတယ်။
လောင်းကြေး ဈေးကွက်မှာတော့ ဒေါ်နယ်ထရမ့် သမ္မတ မဖြစ်လာနိုင်ဘူးလို့ မခန့်မှန်းကြသေးပါဘူး။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ မစ္စတာ ထရမ့် အနိုင်ရဖို့ လောင်းကြေး ၃ လေး ၁လေး ပေးထားဆဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထရမ့်အပေါ် ထောက်ခံမှုတွေမှာ ထိခိုက်ခဲ့သလား
အခုနှစ်အစပိုင်းကတည်းက အမေရိကန်က ခေါင်းကြီးပိုင်းသတင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကြောင်းက ကြီးစိုးနေခဲ့ပြီး သမ္မထရမ့်ရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ ပါတီနှစ်ခုရဲ့ မူဝါဒတွေအရ သဘောထားအမြင်တွေ ကွဲခဲ့ကြပါတယ်။
နိုင်ငံတဝန်း အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး ဗိုင်းရပ်စ် ကူးစက်မှု တားဆီးဖို့ ပြည်နယ်တွေအတွက် ဒေါ်လာ ဘီလျံ ၅၀ ထုတ်ပေးခဲ့တဲ့ မတ်လလယ်ပိုင်းမှာ သမ္မတထရမ့်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ အမေရိကန်ပြည်သူ ၅၅ ရာခိုင်နှုန်းကျော်က သူ့လုပ်ရပ်ကို ထောက်ခံခဲ့ကြတယ်လို့ Ipsos အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်း အချက်အလက်တွေအရ သိရပါတယ်။
ဒါပေမဲ့ အဲဒီနောက်မှာတော့ ဒီမိုကရက်တွေဆီက ရထားတဲ့ ထောက်ခံမှုတွေ ဆုံးရှုံးသွားခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေကတော့ သူတို့ရဲ့သမ္မတကို ဆက်အားပေး ထောက်ခံခဲ့ကြပါတယ်။


ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ဖြေရှင်းပုံ အများစုက မကြိုက်ကြ
ဒါပေမဲ့လည်း အခုနောက်ဆုံး လုပ်ခဲ့တဲ့ စစ်တမ်းတွေအရ နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေမှာ ဗိုင်းရပ်စ် တစ်ကျော့ပြန် ဖြစ်လာချိန်မှာ သမ္မတထရမ့်ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ သူ့ကို ထောက်ခံအားပေးသူတွေ ကိုယ်တိုင်တောင် မေးခွန်းထုတ်လာခဲ့ကြပါတယ်။ ဇူလိုင်လဆန်းပိုင်းလောက်မှာ ရီပတ်ဘလီကန်ပါတီဝင်တွေထဲကတောင် ထောက်ခံသူ ၇၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဒါ့ကြောင့်လည်း လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သမ္မတထရမ့်က အကောင်းမမြင်နိုင်သေးတာ ဖြစ်နိုင်ပါတယ်။ အခြေအနေတွေ ပြန်ကောင်းမလာခင်မှာ ပိုဆိုးလာဖို့ ရှိတယ်လို့ သူက သတိပေးထားပါတယ်။
ဒါ့အပြင် မကြာသေးခင်က သမ္မတထရမ့် ပထမဆုံး အကြိမ်အဖြစ် နှာခေါင်းစည်း တပ်ပြခဲ့ပါတယ်။ နှာခေါင်းစည်းတပ်တာက ထိရောက်မှု ရှိတယ်၊ မျိုးချစ်စိတ်ကို ပြတယ် လို့ သူက ပြောခဲ့ပြီး အမေရိကန်ပြည်သူတွေကို နှာခေါင်းစည်းတပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဝါရှင်တန်တက္ကသိုလ်က ကျွမ်းကျင်သူတွေ ထုတ်ပြန်ခဲ့တဲ့ ထိပ်တန်း လေ့လာချက်တစ်ခုထဲမှာ ရွေးကောက်ပွဲမတိုင်ခင် အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂ သိန်းခွဲ ကျော်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီစစ်တမ်းတွေကို ယုံကြည်နိုင်သလား
၂၀၁၆ ခုနှစ်တုန်းက မှားခဲ့တာပဲ ဆိုပြီး ဒီစစ်တမ်းတွေကို လွယ်လွယ်နဲ့ ပယ်ချနိုင်ပါတယ်။ သမ္မတထရမ့်ကလည်း ခဏဏ ဒီလို ပြောလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒါက လုံးဝတော့ အမှန်မဟုတ်ပါဘူး။
နိုင်ငံတဝန်း စစ်တမ်းအများစုမှာ ဟီလာရီ ကလင်တန်က ရာခိုင်နှုန်းအနည်းအပါးနဲ့ ဦးဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမဲ့ ဟီလာရီ ကလင်တန်ဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ သုံးသန်းကျော် ပိုရခဲ့တဲ့အတွက် ဒီစစ်တမ်းတွေက မှားတယ်လို့ မဆိုနိုင်ပါဘူး။
၂၀၁၆ခုနှစ်မှာတုန်းက စစ်တမ်းတွေမှာ ပြဿနာ တချို့ ရှိခဲ့ပါတယ်။ အကြိတ်အနယ် ပြိုင်ရတဲ့ပြည်နယ်တချို့မှာ မစ္စတာထရမ့် အသာရနေတာကို ရွေးကောက်ပွဲ အနားကပ်တဲ့အချိန်အထိ သတိမပြုမိခဲ့တာပါ။ ဒီတခါမှာတော့ စစ်တမ်းအဖွဲ့အများစုက ဒါကို သတိထား ပြင်ခဲ့ကြပါတယ်။
ဒါပေမဲ့ အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုံမှန်ထက် မရေမရာမှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ နိုဝင်ဘာလမှာ ဖြစ်လာမယ့် စီးပွားရေးအခြေအနေနဲ့ လူဘယ်လောက် မဲပေးမလဲ ဆိုတာပေါ်မှာလည်း မူတည်ပြီး ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။
ဒါ့ကြောင့် အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်အများကြီး လိုနေသေးတဲ့ အခုလို အချိန်မျိုးမှာ စစ်တမ်းအားလုံးကို သံသယနဲ့ စောင့်ကြည့် လေ့လာသင့်ပါတယ်။








