အကြမ်းဖက်သမားနှိမ်နင်းရေးစစ် ပြီးသွားပြီလား

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဖရန့် ဂတ်ဒ်နာ
- ရာထူးတာဝန်, ဘီဘီစီ လုံခြုံရေးဆိုင်ရာသတင်းထောက်
လူအများကို ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားအောင် အကြမ်းဖက်တဲ့သူတွေအပေါ် စစ်ဆင်တိုက်ခိုက်တယ်ဆိုတဲ့ စစ်ပွဲ (War on Terror) ကို အမေရိကန်သမ္မတ ဂျော့ ဘုရှ်က ၂၀၀၁ ခုနှစ်မှာ ကြေညာပြီး နိုင်ငံစုံက ပါဝင်တိုက်ခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ ဒေသစံတော်ချိန်ညဦးပိုင်းတင် လန်ဒန်ရဲ့ အနောက်ဘက်ကျတဲ့ ရက်ဒင်းမြို့က ပန်းခြံတခုအတွင်း လူတွေသေခဲ့ရတဲ့ အကြမ်းဖက်ဓားထိုးတိုက်ခိုက်မှု တခုဖြစ်ခဲ့ပါသေးတယ်။
တကယ်လို့ အကြမ်းဖက်ဝါဒချေမှုန်းရေးစစ်ပွဲက မပြီးသေးဘူးဆိုရင် အဲဒီစစ်က အောင်ပွဲကိုရှေ့ရှုနေသလား ဒါမှမဟုတ် ငွေတွေ အမြောက်အမြား အဟောသိကံ အလဟဿ ဖြစ်သွားပြီလား။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်တိုက်ခိုက်ခံခဲ့ရချိန်ကနေ ၁၉ နှစ်နီးပါး ကြာလာတဲ့အထိ အာဖဂန်နစ္စတန်၊ အီရတ်၊ ပင်လယ်ကွေ့ နဲ့ အာဖရိကဦးချိုဒေသက နိုင်ငံတွေမှာ အမေရိကန် စစ်တပ်တွေ ထောင်ပေါင်းများစွာ နေရာချထားရတုန်းပါ။
ကမ္ဘာတဝန်းက ခေါင်သီဝေးလံလှတဲ့အရပ်တွေမှာ အကြမ်းဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေလို့ သံသယရှိသူတွေကို ပစ်မှတ်ထားတဲ့ ဒရုမ်းတိုက်ခိုက်မှုတွေ လုပ်နေရတာနဲ့အတူ ပိုတိုးလာနေတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ဆိုပြီး ကမ္ဘာတလွှား ထပ်ထပ်တိုးနေရတဲ့ အကြမ်းဖက်မှုနှိမ်နင်ရေး ဘတ်ဂျက်တွေကလည်း အနန္တပါ။
သေနင်္ဂဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုများဆိုင်ရာ အင်စတီကျု (Institute for Strategic Dialogue) က အလုပ်အမှုဆောင်အရာရှိချုပ် ဆာရှာ ဟားဗလစ်ချက်ဟာ ဒီ စစ်ပွဲ ကနဦးအစ ကတည်းက ဖြစ်လာတာတွေ၊ နောက်ထပ် ဆက်ပြီး ဖြစ်လာတာတွေကို တစ်လျှောက်လုံးလေ့လာနေသူ အမျိုးသမီးပါ။ သူက စကားချည်းသက်သက်ပြောနေတာ ဆိုတာနဲ့ တကယ်ဖြစ်နေတာတွေကို ခွဲခြားပြနိုင်ပါတယ်။
" သမ္မတ (ဘားရက်) အိုဘားမား အာဏာရပြီး (၂၀၀၉ မှာပါ) မိနစ်ပိုင်းအတွင်းမှာ ဒီစစ်အဆုံးသတ်တော့မယ် ဆိုတဲ့ စကားသံတွေ အတော်ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အကြမ်းဖက်ဝါဒနှိမ်နင်းရေး စစ်ဗျူဟာတွေ ပြီးဆုံးသွားမယ့်အစား ပိုပိုပြီး ဆက်တိုက်သုံးလာရတာ တွေ့ရပါတယ်။
အိုဘာမား အစိုးရကာလအတွင်း ဒရုမ်းတိုက်ခိုက်မှုတွေ အများအပြားကို တက်လာခဲ့ပါတယ်။
ဥပမာ ပြရရင် အာဖဂန်နဲ့ ပါကစ္စတန်မှာပေါ့။
အခုတော့ အမေရိကန်သည်သာ ပထမ ဆိုတာပါ။
ဒီတော့ လူတွေကထင်ကြတယ် ဒီလိုစစ်တွေ အရှိန်လျှော့လိုက်မယ်ပေါ့။
တကယ် ကျွန်မတို့တွေ့ရတာက အမေရိကန်ရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ပွဲတွေပါ"
'တိုက်ရမယ့် ရန်သူအုပ်စု'
အကြမ်းဖက်ဝါဒနှိမ်နင်းရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား ညှိနှိုင်းဆောင်ရွက်သူအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က ခန့်အပ်ထားတဲ့သူ သံအမတ် နေသန်ဆားလက်စ်က အဲဒီလိုကို သေသေချာချာ သတ်မှတ်ထားပါတယ်။
သူ့ကို ကျွန်တော်မေးဖူးပါတယ်။ ဘုရှ် အစိုးရလက်ထက်က စခဲ့တဲ့ အဲဒီ စစ်ပွဲက ပြီးသွားပြီလား ဆိုတဲ့အမေးပါ။
"မပြီးသေးဘူး၊ တိုက်ခိုက်တာတွေ အများကြီးဆက်လုပ်ရဦးမယ်။
ဒီပွဲမှာ ကျွန်တော်တို့နိုင်မှာပါ။
ဒါပေမဲ့ ဒီ သေချာတဲ့ ရန်သူအဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် ပြောရရင် ရန်သူအဖွဲ့တွေကို ဆက်တိုက်ရဦးမှာပါ" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စလာမ်မစ်နိုင်ငံ (IS) ကို ဥပမာပြပြီး မနှစ်က ဆီးရီးယားက ဘာဂုဇ်မှာ နောက်ဆုံးကျန်နေတဲ့ ဂျီဟတ်ဒ် ဝါဒီတွေရဲ့ ကာလီဖိတ် နိုင်ငံတော်ကို သူ့ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘက်ဒါဒီနဲ့တကွ နိုင်ငံစုံ ညွန့်ပေါင်းတပ်က အောင်အောင်မြင်မြင်ချေမှုန်းလိုက်နိုင်ပြီလို့ သူက ထောက်ပြပါတယ်။
ဒါပေမဲ့လည်း အိုင်အက်စ် နဲ့ ပေါင်းစည်းထားသူတွေ၊ ကွန်ရက်အဖွဲ့တွေ ရှိနေသေးကြောင်းနဲ့ သူတို့က ကမ္ဘာတလွှားမှာ တက်ကြွစွာ လှုပ်ရှားနေကြဆဲဆိုတာကို သူ ဝန်ခံပါတယ်။
ဗုဒ္ဓဟူးနေ့ က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်ဝါဒ ချေမှုန်းရေး နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပါတယ်။
ဝါရှင်တန်က တချို့ အဖို့ ဒီအစီရင်ခံစာကိုကြည့်ပြီး အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု ဖြစ်ပြီး နောက်မကြာခင်လေးမှာဖြစ်နေတာမျိုးနဲ့ ဆင်တူနေတာကို တွေးမိမှာပါ။
အဲဒီကာလက လူအများကို ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားအောင် အကြမ်းဖက်တဲ့သူတွေအပေါ် တိုက်မယ့် စစ်ပွဲ (War on Terror) စပြီလို့ သမ္မတ ဘုရှ်က ကြေညာတာနဲ့ အတူ ခင်ဗျားက "ငါတို့ဘက်မှာလား ဒါမှမဟုတ် ငါ့တို့ကို ဆန့်ကျင်တဲ့ဘက်မှာလား" လို့ မေးခဲ့တာပါ။
ကြားနေဆိုတာ မရှိပါဘူး၊ အရှေ့အလယ်ပိုင်းနဲ့ပတ်သက်လို့ မဟာမိတ်ဖြစ်လိုက်၊ ဆန့်ကျင်သူဖြစ်လိုက် စသဖြင့် ဖြစ်လာနေခဲ့တဲ့ သိမ်မွေ့တဲ့ ကွဲလွဲချက်တွေအတွက် နေရာပေးမထားပါဘူး။
၂၀၀၃ မှာ အမေရိကန်နဲ့ ဗြိတိန်တို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့ အီရတ်မှာ အဲဒီအမြင်ကြောင့် မဟာမိတ်ဖြစ်နိုင်ခြေရှိသူတွေကနေ ရန်သူဖြစ်သွားတာတွေနဲ့ အတူ ဒီနေ့ ကမ္ဘာတလွှားမှာဖြစ်နေတဲ့ ဂျီဟတ်ဒ် လှုပ်ရှားမှုအတွက်လည်း အခြေခံအုတ်မြစ်ချပေးခဲ့တာပါ။
မီနာ အယ်လ် အဲရဘီဟာ အာရပ်စော်ဘွားများနိုင်ငံက နေရှင်နယ် (The National ) သတင်းစာ ရဲ့ (အမျိုးသမီး) အယ်ဒီတာပါ။ မြိုတွင်းက လမ်းတွေထဲမှာ ရောက်နေတဲ့ အိုင်အက်စ်တွေကို တိုက်ထုတ်ရတဲ့ စစ်ပွဲကြောင့် ပျက်ယွင်းသွားတဲ့ အီရတ် ဒုတိယမြို့တော် မိုဆူးလ်ကနေ သူထွက်လာခဲ့တာပါ။
"အီရတ်မှာ အစိုးရကို အမေရိကန်ပြည်ထောင်စုက ဖျက်ဆီးပစ်လိုက်တဲ့ ရှင်းရှင်းလင်းလင်း ဥပမာတွေ အများကြီးပါ၊ ၂၀၀၃ မှာ ဝင်တိုက်တဲ့ဆုံးဖြတ်ချက်က အဲဒီက ရဲတပ်ဖွဲ့ နဲ့ စစ်တပ်ကို သူတို့ဖြိုပစ်ဖို့၊ သိန်း ဂဏန်းမရှိဘူးဆိုရင်တောင် သောင်းနဲ့ ချီတဲ့ လူငယ်တွေ အလုပ်ပြုတ်သွားဖို့၊ နိုင်ငံကနေ ထွက်သွားရဖို့ ဖြစ်စေခဲ့တယ်၊ အဲဒီတော့ အယ်ခိုင်းဒါးတို့အတွက် အီရတ်မှာ အမြုတေတည်ဆောက်လို့ ရသွားတယ်၊ နောက်ပိုင်းမှာတော့ အိုင်အက်စ်တွေ စတည်ဆောက်လာနိုင်တာပေါ့" လို့ သူက ပြောပါတယ်။
'အဆုံးသတ်နိုင်ဖို့က အဝေးကြီး'
စစ်ပွဲနဲ့အတူ ချခဲ့တဲ့ မူဝါဒတချို့ကြောင့်လည်း (ဒီမူဝါဒတွေကို နောက်ပိုင်းမှာ သမ္မတ အိုဘားမား အစိုးရက ပြောင်းလဲပေးခဲ့) ဒီနေ့အထိ ဆိုးကျိုးတွေက ဆက်ရှိလာနေဆဲပါ။
အကြမ်းဖက်သမားလို့ သံသယရှိသူတွေ ရာပေါင်းများစွာကို ဘယ် တရားခွင်မှ မတင်ဘဲ ဂွမ်တာနာမို ပင်လယ်အော်က အကျဉ်းစခန်းမှာ ချုပ်နှောင်ထားတာ၊ အဲဒီသူတွေကို တစ်နိုင်ငံမှာ ဒီနည်းနဲ့ စစ်လို့ ခွင့်မပြုထားရင် လုပ်လို့ရတဲ့ နောက်တခြားနိုင်ငံကိုရွှေ့စစ်တာ စတဲ့ လုပ်နည်းတွေကို သုံးခဲ့ကြတာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက သံအမတ် ဆာလက်စ်က "ကမ္ဘာကြီးအနေနဲ့ သင်ခန်းစာတွေ အများကြီးလေ့လာနိုင်ခဲ့ပြီး ဘာက အလုပ်ဖြစ်တယ်၊ ဘာက အလုပ်မဖြစ်ဘူးဆိုတာကို သိလာတယ်၊ ကျွန်တော်တို့အနေနဲ့ အဲဒီ သင်ခန်းစာတွေကို ပေါင်းစပ်ပြီး အခု လက်ရှိ ချဉ်းကပ်ဆောင်ရွက်မှုတွေကို ချမှတ်ထားတာ" လို့ ပြောပါတယ်။
ဆီးရီးယားနဲ့ အီရတ်က စခန်းတွေမှာ သူတို့နိုင်ငံသား အကျဉ်းသားတွေကို ပြန်မခေါ်ဘဲ အဆက်ဖြတ်စွန့်လွှတ်လိုက်တဲ့ မဟာမိတ်အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ဂွမ်တာနာမိုပင်လယ်အော်အကျဉ်းစခန်းနဲ့ ပတ်သက်လို့ ဝေဖန်တာကို သူ အတော်မသက်မသာ ဖြစ်တဲ့ပုံပါ၊ သူက အဲဒီအကျဉ်းစခန်းက လူတွေကို ဆိုင်ရာနိုင်ငံတွေက ပြန်ခေါ်သင့်တယ်လို့ ပြောပါတယ်။
အကြမ်းဖက်သမားတွေကို တိုက်တဲ့စစ် အတွက် ဘယ်လောက်ကုန်ကျခဲ့ပြီလဲဆိုတာ အတိအကျပြောဖို့တော့ခက်ပေမဲ့ အမေရိကန် ဒေါ်လာ ၁ ထရီလျံ ကျော် ကုန်ကျနေပြီလို့ အများက မှန်းဆပါတယ်။
အဲဒီထဲက အများစုက စစ်ရေးလှုပ်ရှားမှုတွေ၊ ထောက်လှမ်းရေး သတင်းစုဆောင်းတာ၊ ဒရုမ်းတိုက်ခိုက်မှုတွေ အတွက် သုံးရတာပါ။ အစွန်းရောက်လမ်းတွေဆီ လူတွေ ရောက်မသွားစေဖို့ ကာကွယ်တဲ့အပိုင်းမှာ သုံးစွဲတဲ့ငွေက နည်းနည်းသာပါ။ လန်ဒန်မှာရှိတဲ့ ကင်း ကောလိပ်ရဲ့ အစွန်းရောက်သွားမှု လေ့လာရေးဌာနက ရှီရဇ်မက်ဟာက ဒီစစ်ပွဲဟာ ဒီနေ့ကာလ လူမှုအသိုင်းအဝိုင်းက ပြဿနာ အများအပြားကို ပေါက်ပွားစေခဲ့တယ်လို့ ယုံကြည်ပါတယ်။
"အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)၊ ဆီးရီးယား၊ အီရတ် တို့မှာ ဖြစ်ခဲ့တာတွေထက် ထပ်တိုးပြီး ကြည့်မယ်ဆိုရင် ဒီစစ်ပွဲက ဥရောပမှာ လူမျိုးခြားကို ကြောက်တဲ့စိတ်တွေ ပိုတိုးကုန်တယ်။
မွတ်ဆလင်တွေ အပေါ် သံသယတွေတိုးလာစေတာ၊ ရန်လိုစိတ်များလာတာ တွေဖြစ်စေတယ်။
ဆီးရီးယားစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်အကျပ်အတည်းနဲ့ ဒုက္ခသည်တွေ အပေါ်မှာ မလိုမုန်းထားလာစေတဲ့ အထိတောင်ဖြစ်နေတာပါ။
ဆိုတော့ ဖြစ်လာတဲ့ ဆိုးကျိုးဆက်တွေက အများကြီးပါ။ ဒီတော့ ဘက်ပေါင်းစုံကကြည့်ရင် အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ စစ်ပွဲ 'War on Terror' ပြီးဖို့ဆိုတာ အဝေးကြီး ရှိပါသေးတယ်"
ဒီတော့ မသေချာမရေရာတဲ့ ဒီ စစ်ပွဲကြီး ဘယ်တော့ အဆုံးသတ်မှာပါလဲ။ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ စစ်ပွဲ (War on Terror) ကို အပြီးသတ်နိုင်ဖို့ အဆုံးအဖြတ်တိုက်ပွဲ ဆိုတာက ရှိလာမှာလေလား။
ဒါမျိုးက တကယ့်ကို မဖြစ်နိုင်ပါဘူး။
ရာဇဝတ်မှု လိုမျိုးပဲ ကြောက်ရွံ့ ထိတ်လန့်စေအောင်လုပ်တဲ့ အကြမ်းဖက်ဝါဒ (terrorism) ဟာ ထိန်းသိမ်းချုပ်ကိုင်ဖို့ လွယ်မယ့် အဆင့်မျိုးထိပဲ ရောက်အောင်လုပ်နိုင်မှာပါ။ နောက်ပြီး ဒီနေ့ကမ္ဘာမှာ အသစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှု - လက်ယာစွန်း အစွန်းရောက်ဝါဒကလည်း ပေါ်လာတော့ ဒီစစ်ပွဲဟာ အဆုံးမရှိတဲ့ စစ်ပွဲ အဖြစ်လည်း ရောက်ရှိသွားနိုင်ပါတယ်။








