ဟစ်ဇ်ဘိုလာခေါင်းဆောင် အသတ်ခံရမှုက အီရန်အပေါ် ဘယ်လို သက်ရောက်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျီယာ ဂိုလ်
- ရာထူးတာဝန်, ဘီဘီစီ ပါရှန်ဌာန
အစ္စရေးကို ဆန့်ကျင်တဲ့ တော်လှန်ရေးဝင်ရိုးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဖော်ညွှန်းထားတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာဆာရာလာရဲ့ ပုံပါ ဆိုင်းဘုတ်တွေကို တီဟီရန်မြို့မှာ စည်ပင်သာယာအဖွဲ့က နေရာအနှံ့ ချိတ်ဆွဲထားခဲ့ပါတယ်။ ဘေရွတ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့စဉ်အတွင်း ဟာဆန် နာဆာရာလာ သေဆုံးခဲ့တယ်ဆိုတာကို ဟစ်ဇ်ဘိုလာအဖွဲ့က အတည်မပြုခင် နာရီပိုင်းကတည်းက အီရန်အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ကြိုသိနေခဲ့ပုံရပါတယ်။
သူသေဆုံးတာကို ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုခဲ့ချိန်မှာ အီရန် ရုပ်မြင်သံကြားတွေပေါ်မှာ တော်လှန်ရေး အာဇာနည်ကြီး တစ်ဦးအဖြစ် သူ့ပုံတွေ ပြည့်နှက်သွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး ဒုတပ်မှူး အဘာ့စ် နီလ်ဖိုရူရှန်လည်း သေဆုံးခဲ့တယ်လို့ အီရန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာတို့ အရေးပါပုံကို အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံက အီရန်ပြည်သူတွေရှေ့မှာ ပုံကြီးချဲ့ ပုံဖော်ပြလာခဲ့တာ နှစ်နဲ့ချီနေပြီဖြစ်ပါတယ်။ အီရန်ရဲ့ နယ်စပ် တဘက်ခြမ်းက ရန်သူတွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့တပ်ဖွဲ့အဖြစ် ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးတွေက ဖော်ညွှန်းပြောလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ယီမင်၊ အီရတ်၊ ဆီးရီးယားမှာရှိတဲ့တခြား ရှီယာ လက်နက်ကိုင်တွေ ဖွဲ့စည်းဖို့၊ လက်နက်တပ်ဆင်ဖို့နဲ့ ငွေကြေးထောက်ပံ့ဖို့ အီရန်အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အီရန်ပြည်သူအတော်များများရဲ့ မျက်စိရှေ့မှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
၉ ရက်တာ ကာလအတွင်းမှာတင် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်နဲ့ ထိပ်တန်းအဆင့် တပ်မှူးအားလုံးနီးပါးလောက်ကို အစ္စရေးက အောင်မြင်စွာ သုတ်သင် ချေမှုန်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပေ့ဂျာတွေနဲ့ ဝေါ်ကီတော်ကီ ဆက်သွယ်ရေးပစ္စည်းတွေကနေတဆင့် ဆက်သွယ်စကားပြောမှုတွေကို ကြားဖြတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့မှုတွေကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အလယ်အလတ်အဆင့် အဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့ကြပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့မှာ လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ် မိုဂျ်တာဘာ အမာနီဟာ ဘေရွတ်မြို့ သံရုံးမှာ သူ့ရဲ့ ပေ့ဂျာ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီတချိန်တည်းမှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ အသုံးပြုတဲ့ပေ့ဂျာ အများအပြား ဖောက်ခွဲခံခဲ့ရပါတယ်။
နောက်တစ်နေ့မှာတော့ ဟစ်ဇ်ဘိုလာအဖွဲ့ ပိုင်တဲ့ ဝေါ်ကီတော်ကီ(စကားပြောစက်) ဆက်သွယ်ရေးစက်ပစ္စည်းတွေ ဖောက်ခွဲခံခဲ့ရပြန်ပါတယ်။
သီးခြားစီဖြစ်ပွားခဲ့တဲ့အဲဒီဖောက်ခွဲတိုက်ခိုက်မှုနှစ်ခုအတွင်း လူ ၃၉ ဦး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေး ထောက်လှမ်းရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟစ်ဇ်ဘိုလာ တပ်မှူးတွေလို ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ မိုဘိုင်း ဆက်သွယ်ရေး စက်ပစ္စည်းတွေကို ပစ်မှတ်ထားရာမှာ အစ္စရေးလေတပ်အနေနဲ့ သူတို့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိစေမယ့် တိကျသေချာတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ လိုအပ်ပါတယ်။ ဒါဟာ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဖော်ပြနေတာဖြစ်ပြီး အီရန်အစိုးရအရာရှိတွေအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
စနေနေ့တုန်းက အီရန် ဘာသာရေးခေါင်းဆောင်ကို ပိုလုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဆီ ရွှေ့ပြောင်း နေရာချထားတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အီရန်နျူကလီးယားနဲ့ ဒုံးကျည်သိပ္ပံပညာရှင် ဒါဇင်နဲ့ချီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နည်းဗျူဟာအရ အရေးပါတဲ့နေရာတွေကိုလည်း ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အီရန် အစိုးရအရာရှိဟောင်း အတော်များများက သူတို့ရဲ့ စနစ်တွေထဲ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် ထဲထဲဝင်ဝင် ထိုးဖောက် ဝင်ရောက်နေတာကို စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်မှာ အီရန်ထောက်လှမ်းရေးဌာန ဝန်ကြီးဟောင်း အလီယူနက်ဆီက အစ္စရေးထောက်လှမ်း ရေးအဖွဲ့ဟာ အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ စနစ်တွေထဲ ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအတွက် အီရန်ခေါင်းဆောင်ပိုင်းက အဖွဲ့ဝင်အယောက်တိုင်းအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်သင့်တာကို ဖော်ပြနေပါတယ်။
အီရန် ခေါင်းဆောင်ပိုင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
သောကြာနေ့က ဘေရွတ်မြို့ လေကြောင်းတိုက်ခိုက်ခံခဲ့မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတပ်မှူး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အီရန်ခေါင်းဆောင်ပိုင်းအနေနဲ့ ဒီအကြမ်းဖက် ပဋိပက္ခထဲ ထပ်ပါလာရပုံ ရှိနေပါတယ်။
ဒါပေမဲ့ လောလောဆယ် အစ္စရေးအပေါ် လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်ပြောဆိုတာမျိုးကို တရားဝင် ထုတ်ပြောတာမျိုး မလုပ်သေးပါဘူး။ ဒါပေမဲ့ ဧပြီလတုန်းက ဒမာ့စကပ်စ်မြို့က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းအဆင့် တပ်မှူး ၈ ဦး သေဆုံးခဲ့ရစဉ်တုန်းကတော့ အီရန်အစိုးရက အစ္စရေးနိုင်ငံကို မောင်းသူမဲ့ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေ ရာနဲ့ချီ ပစ်လွှတ်ပြီး ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။
အခု ဒီတစ်ခေါက်မှာတော့ အီရန် သံအမတ်ကြီး ဒဏ်ရာရသွားခဲ့တာတောင်မှ အီရန်ခေါင်းဆောင်တွေက အစ္စရေးကို တိုက်ရိုက် ခြိမ်းခြောက်တာမျိုး မရှိဘဲ မလုပ်စဖူး ထိန်းထိန်းသိမ်းသိမ်း နှုတ်ဆိတ်နေတာ တွေ့ရပါတယ်။
အယာတိုလာ အလီ ခါမေနီရဲ့ တုံ့ပြန်ချက်
စနေနေ့တုန်းက အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ က ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အင်အားတောင့်တင်းမှုအကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ဒီပဋိပက္ခထဲ ဝင်ပါမယ်၊ မပါဘူးဆိုတာကိုတော့ ဘာမှ အရိပ်အမြွက် မပြောသွားခဲ့ပါဘူး။ အဲဒီအစား အစ္စလာမ္မစ်နိုင်ငံတွေ စုပေါင်းပြီး အစ္စရေးကို ဆန့်ကျင်ကြဖို့ကိုသာ သူက တိုက်တွန်းပြောသွားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာကို တက်တက်ကြွကြွ ထောက်ခံအားပေးဖို့ အီရန်က ပျက်ကွက်ခဲ့တာဟာ ဒီလိုပဋိပက္ခကာလအတွင်းမှာ အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံအနေနဲ့ တခြားသူတွေထက် သူ့ရဲ့ ကိုယ်ပိုင် ရှင်သန်နိုင်ရေးကို ပိုဦးစားပေးနေဖွယ်ရှိတယ်ဆိုတာကို ပြနေတာဖြစ်ပါတယ်။









